Pages

Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Saturday, April 20, 2013

အွန်လိုင်းသင်္ကြန်နဲ့နှစ်သစ်ဆုတောင်း....


သင်္ကြန်ပွဲလည်းပြီးသွားပြီ...စာမေးပွဲလည်းပြီးသွားပြီ။ မနှစ်တုန်းကတော့ မိတ္ထီလာမှာ
သင်္ကြန်ကျခဲ့တယ်။သုံးနှစ်တာမျှသင်္ကြန်နဲ့ခွဲခွာခဲ့ရတာမို့မနှစ်တုန်းကသင်္ကြန်မှာပျော်
ရွှင်ခဲ့တယ်။ဒီနှစ်တော့တိုက်တိုက်ဆိုင်ဆိုင်စာမေးပွဲရက်နဲ့ကွက်တိဖြစ်နေလို့စာအုပ်
တဖက်နဲ့skynet ကလွှင့်တဲ့Up to Date channel ကိုကြည့်ရင်းသင်္ကြန်ကျလိုက်
ရတယ်။သူများတွေပျော်ရွှင်နေတာကိုမြင်တော့လည်းစိတ်ချမ်းသာမိတယ်။
ကိုယ်တိုင်လွတ်လွတ်လပ်လပ်မပျော်ရတာကိုတော့ရင်ထဲမှာတစ်မျိုးကြီးပေါ့ဗျာ။ 
ကျောင်းဝန်းထဲမှာပိတောက်ပန်းတွေပွင့်နေတာလည်းတွေ့ရတယ်။ဒါပေမဲ့ပိတောက်
ပင်အောက်ကိုမရောက်ဖြစ်လိုက်ပါဘူး။

စာကြည့်ရင်းနဲ့ခေါင်းပူလာရင် up to Date ဆီကိုရောက်သွားလိုက်။စာပြန်ကြည့်လိုက်နဲ့
တစ်ယောက်ထဲအဆင်ကိုပြေနေတာပါပဲ။ဒီကြားထဲသင်္ကြန်သီချင်းလေးဖွင့်ပြီးလိုက်ဟဲ
လိုက်သေးတယ်။နှစ်ဆန်းတစ်ရက်နေ့ကတော့စာမေးပွဲနောက်ဆုံးနေ့မို့စောစောအိပ်ယာ
ကထပြီးဘုရားရှိခိုး၊ပဌာန်းရွတ်စတဲ့ကုသိုလ်ကောင်းမှုလေးတွေပြုပြီးကျောင်းကိုသွား
တယ်။ကျောင်းမှာရှစ်နာရီလောက်နေပြီးတော့ညနေပိုင်းမှာအိမ်ပြန်ရောက်တယ်။ 
လေအေးပေးခန်းထဲမှာတစ်နေ့လုံးနေလာခဲ့ရတော့ခေါင်းတွေကိုက်ပြီးဆေးသောက်လိုက်
ရသေးတယ်။ ညပိုင်းဘုရားရှိခိုး၊ပဌာန်းရွတ်ပြီးတော့အဖေနဲ့အမေ့ဆီကိုဖုန်းဆက်တယ်။
အဲ့လိုနဲ့ဒီနှစ်သင်္ကြန်ကတော့အွန်လိုင်းကနေပဲသူများတွေနဲ့အတူစိတ်ကူးနဲ့ရေပက်လိုက်ရတယ်။
နေပြည်တော်၊မန္တလေး နဲ့ရန်ကုန်သင်္ကြန်တွေကိုရေမစိုပဲလည်လိုက်ရတာလေးကတော့ 
အမှတ်တရပေါ့။

နှစ်သစ်ကာလမှာ ဘေးရန်ကင်းကွာပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။လုပ်ဆောင်ဖွယ်ရာ
ကိစ္စအ၀၀ကိုအဆင်ပြေချောမွေ့စွာနဲ့ဆောင်ရွက်ရင်းတိုတောင်းလှတဲ့လူ့ဘ၀လေးမှာ
သံသရာအတွက်အထောက်အပံ့ဖြစ်စေမည့်ဒါန၊သီလ၊ဘာဝနာတရားတွေကိုလည်းတဖက်
တစ်လမ်းကနေအားထုတ်ကျင့်ကြံပွားများနိုင်ကြပါစေကြောင်းကျုပ်ရွှေညာသားလေးက
နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ...။

အားလုံးသောညီအစ်ကိုမောင်နှမများနှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေ...။
မျိုးခန့်(စကားဝါမြေ)

Sunday, January 1, 2012

နှစ်သစ်ဆုတောင်း

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးလိုက်ပါတယ်။ 2012 ခုနှစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ ဘ၀များကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ကြပါစေ...။ ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ...။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။

Sunday, April 17, 2011

နှစ်သစ်ဆုတောင်း

ဒီနေ့ဆို မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ခူးလဆန်း(၁၄)ရက် နှစ်ဆန်းတစ်ရက်နေ့ ရောက်ပါပြီ။ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ရမည့် ဘ၀ခရီးလမ်းကို အေးချမ်းပျော်ရွှင်ပြီး သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းများ တောင်းပေးပါတယ်။

ပြီးခဲ့နှစ်ဟောင်းမှာ ကျွန်တော်ရေးသားသမျှလေးတွေကို လာရောက်အားပေးကြတဲ့ အွန်လိုင်းက ကျွန်တော့်မိတ်ဆွေ ညီအစ်ကို မောင်နှမ တစ်တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နှစ်သစ်မှာလည်း ဆက်လက်ပြီး လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

အမျိုးမျိုးသော အကြောင်း ကြောင်းတွေကြောင့် အမိမြန်မာပြည်နဲ့ခွဲပြီး အဝေးတစ်မြေမှာ ရောက်နေကြရတဲ့ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ ရောက်ရာဒေသမှာ ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေ ချောမွေ့ကြပါစေ။ ပညာသင်ကြား နေကြတဲ့ ညီအစ်ကိုမောင်နှမတွေလည်း ပညာရေးမှာ အခက်အခဲ အတားအဆီးမရှိ လွယ်ကူချောမွေ့စွာနဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနိုင်ကြပါစေ။ ဖြေဆိုရမည့်စာမေးပွဲများကိုလည်း အမြင့်ဆုံးအဆင့်မှ အောင်မြင်နိုင်ကြပါစေ။

အားလုံးထဲမှာမှ အဓိကကျတဲ့ ကျန်းမာရေး ကောင်းမွန်ပြီး စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ အဝေးရောက် ချစ်သူစုံတွဲများလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေ။ လူပျိုကြီးအစ်ကိုများ၊ အပျိုကြီးမမများလည်း နှစ်သစ်မှာ ဖူးစာရှင်ရှာတွေ့နိုင်ပါစေဗျာ။။။။ အခုလို ဆုပေးရသော အကျိုးအားကြောင့် ကျွန်တော်ရွှေညာသားလေးလည်း လူပျိုကြီးဘ၀မှ အမြန်လွတ်မြောက်ရပါစေ……:):):):)