ပန်းဝတ်မှုံစုနေတဲ့ ပျားကလေး(photo from google) |
ပန်းပွင့်တို့ကြားမှာ ပျံသန်းပြေးလွှား အလုပ်များနေကြတဲ့ ပျားကောင်လေးများဟာ အကောင်သေးပေမဲ့ လူသားတို့ကို များစွာအထောက် အကူပြုပါတယ်။ ယာခင်းကိုင်းခင်းထဲမှာ သီးနှံတွေဖူးပွင့်ချိန်ဆိုရင် ပျားကောင်လေးများကို မြင်တွေ့နိုင်ပါတယ်။ အများအားဖြင့် နေကြာခင်းများ လှိုင်လှိုင်ပွင့်ချိန်မှာ ပျားကောင်တွေ အများကြီး တွေ့ရတတ်တယ်။ မိမိ နေကြာခင်းထဲမှာ ပျားကောင်တွေ အများကြီး ကျတယ်ဆိုရင် ၀မ်းသာရတယ်။ ဘာလို့လဲဆိုတော့ ပျားတွေ နေကြာတစ်ပွင့်မှ တစ်ပွင့် ကူလူးပျံသန်းပြီး ၀တ်မှုံစုရာက နေကြာပန်းတွေ ၀တ်မှုံကူးပြီး မျိုးအောင်ကြသောကြောင့်ပါ။
ဝတ်မှုံတွေကြားထဲမှာ အလုပ်များနေတယ်(photo from google) |
ဒါတင်မကသေးပါဘူး။ ပျားကောင်လေးတွေဟာ သူတို့စုဆောင်းလို့ရလာတဲ့ ပန်းဝတ်မှုံနဲ့ ပန်းဝတ်ရည်တွေကို ပျားအုံမှာ ပြန်ပြီးစုဆောင်းလို့ ပျားရည်၊ ပျားချေးစတာတွေ ထုတ်လုပ်ပေးပါတယ်။ အဲ့ဒီလို ပျားလေးတွေ ပန်းပွင့်တစ်ပွင့်ချင်းစီရဲ့ ၀တ်မှုံနဲ့ဝတ်ရည်တွေကို စုဆောင်းရာမှ ဖြစ်လာတဲ့ ပျားရည်ကတော့ လူသားတို့ ကျန်းမာရေးအတွက် အရေးပါတဲ့ ဆေးတစ်လက်အဖြစ် အသုံးဝင်ပါတယ်။ ပျားလေးတွေ ပန်းမျိုးစုံကြားမှာ ခက်ခက်ခဲခဲ လိုက်လံစုဆောင်းထားတဲ့ ပျားရည်ကို "ပန်းပေါင်းတစ်ထောင်" လို့ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ ပျားရည်ကိုတော့ ဆေးချက်ရာမှာဖြစ်စေ၊ ဒီအတိုင်းဖြစ်စေ စားသုံးလို့ အဆင်ပြေပါတယ်။ ပျားရည်ကို ထမင်းစားပြီး အနည်းငယ် စားပေးရင် အစာကြေပြီး ရင်ချောင်စေပါတယ်။ အများကြီး စားရင်တော့ ရင်ပူတတ်ပါတယ်။
ပျားအုံ(photo from google) |
ကျွန်တော်တို့ ရွာဘက်တွေမှာတော့ ပျားရည်ရဖို့ရာ သိပ်ပြီးတော့ မခက်ခဲလှပါဘူး။ မိုးရာသီမှာ ကျန်တဲ့အချိန်တွေထက် ပိုပြီးတော့ တွေ့ရတတ်တယ်။ မိုးရာသီမှာ တောပန်းတောင်ပန်းတွေ ဖူးပွင့်တဲ့အချိန်၊ တောင်သူလယ်သမားတွေ စိုက်ပျိုးတဲ့ သီးနှံခင်းတွေ ဖူးပွင့်ချိန်မျိုး ဆိုရင်တော့ ပျားအုံတွေကို တွေ့ဖို့အလွယ် ဆုံးပါပဲ။ မိုးရာသီ တောထဲသွားရင် သစ်ပင်ချုံနွယ် အုပ်အုပ်ဆိုင်းဆိုင်း မြင်လို့ကတော့ သွားကြည့်လိုက် ကံကောင်းရင် ပျားအုံတွေ့တယ်ဗျ။ အမြဲတမ်းတော့ ဘယ်ဟုတ်မလဲနော့။ တချို့ပျားအုံကျတော့လည်း မြင်သာထင်သာတဲ့ နေရာမှပဲ စွဲကြတယ်။ တချို့ကျတော့လည်း လူမမြင်လောက်တဲ့ နေရာမှာ ပုန်းပြီးတော့ စွဲတယ်။ လူဆိုတာကတော့ မမြင်တာကို တွေ့အောင်လိုက်ရှာပြီး ပျားဖွတ်သလို၊ မြင်သာတဲ့ပျားအုံလဲ အလွတ်မပေးပါဘူး။ ပျားမုဆိုးဆိုတာတောင် ရှိသေးတယ်။ ဆယ်နှစ်ရာသီ ပျားအုံလိုက်ရှာပြီး ဖွတ်နေတဲ့ သူကိုခေါ်တာပေါ့။ သူတို့များကျတော့လည်း ပျားနဲ့ပတ်သက်ရင် ကျွမ်းသဗျာ။ နွေရာသီမှာဆို ရေအိုင်စပ် ရေလာသောက်တဲ့ ပျားကောင်ပျံသန်းရာကို ကြည့်ပြီးတော့ ပျားအုံရှိရာ နေရာကို လိုက်တတ်တယ်။ ပျားကောင်လေးတွေအတွက်က နွေရာသီဆိုရင် ၀တ်ရည်စုတ်စရာ သိပ်မပေါဘူးလေ။ နွေရာသီမှာ ပွင့်တဲ့ ပန်းပင်ကလည်း မိုးရာသီထက် နည်းတော့ ရေပါကူရတာပေါ့။
ပန်းကို နမ်းနေတဲ့ ကိုရွှေပျား (photo from google) |
ကျွန်တော်တို့အညာမှာတော့ ပျားအုံအမျိုးအစား သုံးမျိုးရှိတယ်။ ရိုးရိုး သစ်ပင်ချုံနွယ်တွေမှာ စွဲတဲ့ပျားရယ်၊ ခေါင်းပျားနဲ့ မြေပျားဆိုပြီးတော့ပါ။ ရိုးရိုးပျားကိုတော့ ပန်းပွင့်ရှိရာမှာ အများဆုံးတွေ့နိုင်ပြီး သစ်ပင်၊ ချုံနွယ်တို့မှာပဲ အုံဖွဲ့ပြီး နေထိုင်ကြတယ်။ လူနဲ့နီးတယ်လို့ ပြောရမှာပေါ့ဗျာ။ ခေါင်းပျားဆိုတာကတော့ သစ်ပင်၊သစ်ခေါင်းထဲမှာ အုံဖွဲ့ပြီး နေကြတယ်။ သူတို့ကတော့ လူတွေရဲ့ ရန်ကို ကြောက်လို့ဖြစ်ဟန်တူပါရဲ့။ သစ်ခေါင်းတွေထဲမှာ အုံဖွဲ့တာမို့ တွေဖို့ရာ မလွယ်လှပါဘူး။ မြေပျားကတော့ မြေကြီးထဲမှာ တွင်းအောင်းပြီး အုံဖွဲ့နေထိုင်တာပါ။ ပျားကောင်လေးတွေကို ကြည့်ပြီးတော့ ရိုးရိုးပျားလား၊ ခေါင်းပျားလား၊ မြေပျားလား ဆိုတာကို ခွဲလို့ရပါတယ်။
ဒီလိုမျိုး အထပ်ထပ်ပျားအုံလဲ ရှိသေးတယ် (photo from google) |
ရိုးရိုးပျားနဲ့ မြေပျားက အကောင်ချင်းတူတယ်။ မြေပျားက အကောင်နဲနဲကြီးတယ်။ ခေါင်းပျားကတော့ အကောင်လေးတွေက သေးသေးလေးတွေဗျ။ သူတို့က လူကို အဆိပ်စူးနဲ့ အထိုးဘူး။ ပါးစပ်နဲ့ကိုက်တာ။ ရိုးရိုးပျားနဲ့ မြေပျားကတော့ အဆိပ်ဆူးနဲ့ လူကိုတုတ်တာ။ မြေပျားကတော့ အဆိပ်အပြင်းဆုံးပါပဲ။ ရိုးရိုးပျားကတော့ နေရာမရွေးပါဘူး။ ရွာထဲက မန်ကျည်းပင်မှာလည်း စွဲတယ်။ တခါတခါ အိမ်ခေါင်းမိုး၊ ထုပ်၊ ယောက် စတာတွေမှာလည်း စွဲတတ်ပါတယ်။ အိမ်ကို ပျားစွဲရင်လည်း အယူတွေက အမျိုးမျိုးပါပဲဗျာ။ ကျွန်တော်တို့ ဆီမှာတော့ အိမ်ကို ပျားလာစွဲရင် ရွှေရည်ငွေရည် ပက်ဖျန်းပြီးတော့ ကောင်းတဲ့ အတိတ်နိမိတ်ယူကြတယ်။ အုံမစွဲသေးရင်တော့ ရွှေရည်ငွေရည်နဲ့ ပက်ဖျန်းပြီးတော့ မောင်းလွှတ်တယ်။ အုံစွဲပြီးသွားရင်တော့ အကောင်ရင့်လို့ ပျံသည်အထိ ဒီအတိုင်းပဲ ထားပါတယ်။ အိမ်မှာ ပျားအုံးရှိရင်တော့ သောက်ရေအိုးမှာ ပျားကောင်အလွန်သီးပါတယ်။ သူတို့လည်း ရေဆာတော့ လာသောက်တာပေါ့။ လူကိုတော့ အန္တရာယ်မပေးပါဘူး။ တောထဲမှာ တွေ့တဲ့ပျားကတော့ အုံကိုသွားဖွတ်ရင် လိုက်တုတ်ပါတယ်။ တိရစ္ဆာန်ဆိုပေမဲ့ သူ့အိုးအိမ်ကို ဖျက်တော့လည်း ဘယ်လက်ပိုက်ကြည့်နေမလဲနော့။ နောက်ပြီးတော့ သူတို့အုံမှာက ပျားရည်တင် မဟုတ်ဘူး။ သူတို့ သားသမီးတွေလည်း ပါတယ်လေ။
ဒီလောက်များနေပြီ တော်သေးဘူးလား (photo from google) |
ပျားရည်ကတော့ ဘယ်ပျားပဲဖြစ်ဖြစ် ဆေးဘက်ဝင်ပါတယ်။ ကျွန်တော်တို့ဆီမှာကျတော့ ခေါင်းပျားကို ဆေးအဖြစ်ပိုပြီး သုံးတယ်။ သူက တွေ့ရတာလည်း ခက်တယ်။ တွေ့ပြီဆိုလည်း လွယ်လွယ်မရဘူး။ သူတို့ရှိတဲ့ သစ်ပင်ကို ပုဆိန်တို့၊ ရဲတင်းတို့နဲ့ ပေါက်ခွဲပြီးတော့ ယူရတာ။ နောက်ပြီး ရိုးရိုးပျားအုံးက ပျားရည်များများပါတယ်။ ခေါင်းပျားက ကျတော့ ပျားရည်နဲတယ်။ ပျားချေးက အများကြီးပဲ။ အဲ့ဒီပျားချေးကိုပဲ ပုလင်းဗူးထဲ ထည့်ပြီးတော့ ဆေးအဖြစ်သုံးကြတယ်။ ခေါင်းပျားအုံက ရတဲ့ ပျားချေးက အတော်လေးခါးတယ်။ တချို့နေရာကျတော့လည်း ချဉ်တယ်။ တစ်အုံထဲက ရတာကိုပဲ ပျားချေးအရသာက မတူဘူးဗျ။ ချဉ်တဲ့နေရာက ချဉ်၊ ခါးတဲ့နေရာက ခါး အဲ့ဒီလို။ ရိုးရိုးပျားအုံးကတော့ ပျားလပို့နဲ့ ပျားသလက် ဆက်တဲ့ကြားထဲမှာ ပျားချေးရှိပါတယ်။ များများတော့ မပါတတ်ပါဘူး။ ပန်းပွင့်ပေါတဲ့ရာသီဆိုရင်တော့ ပျားချေးများများ တွေ့ရတတ်တယ်။ ပျားချေးဆိုတာလည်း တကယ်တော့ ပျားကောင်လေးတွေ ပန်းပွင့်တွေက စုဆောင်းထားတဲ့ ပန်းဝတ်မှုံလေးတွေကို သူတို့သဘာဝ စုပြီးတော့ ပျားအုံမှာထည့်ထားတာကို ခေါ်တာပါ။
ပျားအုံမှာ အလုပ်ရှုပ်နေကြတယ် (photo from google) |
မြေပျားကျတော့ မြေကြီးထဲမှာ တွင်းနဲ့အုံဖွဲ့နေတာ။ သူကလည်း တွေ့ဖို့ခဲယဉ်းပါတယ်။ တွေ့ရင်လည်း ဖွတ်ဖို့က မလွယ်ဘူး။ အတော်ကို တုတ်တဲ့ပျားမျိုးဗျာ။ သူကတော့ မြေကြီးထဲမှာ ပျားသလက်တို့၊ ပျားလပို့တို့ကို တခုတည်း မဟုတ်ဘဲ နှစ်ခုသုံးခု ထပ်ပြီးတော့ လုပ်တတ်ပါတယ်။ အကောင်က ရိုးရိုးပျားထက် နဲနဲပိုကြီးပြီး အဆိပ်ပြင်းပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ရိုးရိုးပျားကိုပဲ အများဆုံး တွေ့ရပါတယ်။ ခေါင်းပျားနဲ့ မြေပျားကိုတော့ ပေါပေါများများ မတွေ့ရဘူး။ ရှိတော့ရှိပါတယ်။ သူတို့က ရှာဖွေရတာ မလွယ်ကူလို့ပါ။ ရိုးရိုးပျားကတော့ ပန်းပွင့်တဲ့အပင်တွေနား၊ နွေရာသီဆိုရင် ရေအိုင်စပ်က သစ်ပင်တွေမှာ လွယ်လွယ်ကူကူ တွေ့နိုင်ပါတယ်။
မွေးမြူရေးပျားအိမ် (photo from google) |
ပျားဖွတ်တာကလည်း နည်းအမျိုးမျိုးရှိသေးတယ်။ တချို့ကျတော့ ဆေးလိပ်မီးခိုးနဲ့ မှုတ်ပြီးတော့ ဖွတ်တယ်။ တချို့ကျတော့လည်း ပုဆိုးကို ခေါင်းမြီးခြုံပြီးတော့ ဓားကိုင်တဲ့ လက်ကလေးပဲ အပြင်ကိုထုတ်ပြီး ဖွတ်တယ်။ မျက်စိနား ပုဆိုးစကိုတော့ နဲနဲလေး ဟထားရတာပေါ့။ ရိုးရိုးပျားကတော့ လူကို တုတ်တဲ့ပျားရှိသလို မတုတ်တဲ့ပျားလည်း ရှိတယ်။ ပျားမှ ဖွတ်တယ်ဆိုရင်တော့ အနည်းနဲ့အများ အတုတ်ခံရတာပါပဲလေ။ ကျွန်တော်ဆို ပျားတုတ်မှာ အတော်ကြောက်တယ်။ တောထဲသွားလို့ ပျားအုံတွေ့ရင် နေရာမှတ်ထားပြီးတော့ အိမ်ရောက်မှ ညီတွေကို သွားဖွတ်ခိုင်းတာပဲ။ ကိုယ်တိုင်ကတော့ ဖွတ်ရဲဘူး။ ဒါတောင်မှ သူများဖွတ်ရာ လိုက်သွားရင် ဘေးက အချောင်ပျားတုတ်ခံရသေးတယ်။
သူကလည်း ကြိုးကြိုးစားစား (photo from google) |
တခါကတော့ ရွာကိုလာလည်တဲ့ ဦးလေးနဲ့ သူတို့ဆီမှာ စိုက်ဖို့ဆိုပြီး အရိပ်မထွက်ပင်ဥ သွားတူးကြတာ။ တောထဲရောက်တော့ ပျားနတောင်းအုံ လေးတွေက မကြာမကြာတွေ့ပါလေရော။ ဦးလေးကလည်း ရှေ့ကနေ ပျားအုံရှိတဲ့ သစ်ကိုင်းလေးကိုလှုပ် ပျားကောင်တွေပျံသွားရင် ပျားရည်ရှိတဲ့ နေရာလေးကိုပဲ လက်နဲ့ဖဲ့ပြီးတော့ ကျွန်တော်ကိုပေးတယ်။ သူလည်းစားတယ်။ ကျွန်တော်ကလည်း ပျားသာ မဖွတ်ရဲတာ ပျားရည်ကျ ကြိုက်မှကြိုက်ပဲ။ အဲ့လိုနဲ့ တူအရီး နှစ်ယောက်သား အရိပ်မထွက်ပင်ဥတူးလိုက် ပျားအုံတွေ့ရင် ပျားလပို့ဖဲ့စားလိုက်နဲ့ ပျားအုံလေး တစ်အုံထပ်တွေ့ တော့ဦးလေးက အရင်လိုပဲ ပျားလပို့ကို ဖဲ့ပြီးကျွန်တော်ကို ပေးတယ်။ ကျွန်တော်ကလည်း ပေးသမျှ သေချာမကြည့်ဘဲ ပါးစပ်ထဲ တမ်းထည့်လိုက်တာ အဲ့ဒီမှာ ပါလာတဲ့ ပျားကောင်က လျှာကို တုတ်ထဲ့လိုက်ပါရောဗျာ။ ဆိုးလိုက်တာ မပြောပါနဲ့။ ပျားဆိပ်တက်ပြီးတော့ လျှာကြီးယောင်လာတာ ပါးစပ်ကြီးနဲ့ အပြည့်ပဲ။ စကားကို ပီအောင်မပြောနိုင်တော့ဘူး။ တော်သေးတယ် နောက်မှ အယောင်ကျသွားလို့ စကားကောင်းကောင်း ပြန်ပြောနိုင်တယ်။ ဒါတောင် နှစ်ရက်လောက် ထမင်းစားရတာ အရသာကိုပျောက်နေတယ်။ သူများ အသိုက်အအုံ ကို သွားစားတော့လည်း ဒီလောက်တော့ ခံရပေမပေါ့နော့။ ပျားဆိုတဲ့ အသံကို ကြားရင် အဲ့ဒီအဖြစ်လေးကိုလည်း မေ့ကိုမမေ့ဘူးဗျာ။
ပျားရည် (photo from google) |
ကျွန်တော့်အဒေါ်နှစ်ယောက်ကျတော့ ပျားရည်မစားရဘဲ လူက ချောက်ထဲပြုတ်ကျတာ ကံကောင်းလို့ မသေတယ်။ ညီအစ်မနှစ်ယောက် တောထဲကို နွားစာသစ်ရွက် သွားခူးရင်း ပျားအုံတွေ့ပါရော။ အဒေါ်အကြီးက ပျားအုံကို မြင်တော့ အားရ၀မ်းသာနဲ့ ညီမဖြစ်သူကို ငါတို့တော့ စားရကံကြုံလို့ မုတ်ဆိတ် ပျားစွဲတာပဲအေ ဆိုပြီးတော့ ပျားအုံဆီကိုသွားတာပေါ့။ ပျားအုံက ကမ်းပါးအစပ်က သစ်ပင်ပေါ်မှာစွဲနေတာ အဒေါ်ကလဲ ပျားဖွတ်ချင်ဇောနဲ့ အောက်က ခြေထောက်ကို သေချာနေရာကျအောင် မချဘဲ ပျားအုံရှိတဲ့ သစ်ကိုင်းကို ဓားနဲ့ လှမ်းခုတ်တာ ခြေချော်ပြီး ချောက်ထဲကျသွားပါတယ်။ ချောက်က အရမ်းမနက်လို့ တော်သေးတာပေါ့။ ညီမဖြစ်တဲ့ အဒေါ်ကပြန်ပြောပြလို့ ရယ်ရသေးတယ်။ ချောက်ထဲကနေ မျက်နှာကြီး ရှုံ့မဲ့ပြီး ပြန်တက်လာတာတဲ့လေ။ ပါးစပ်ကလည်း မုတ်ဆိတ်တော့ ပျားစွဲပါရဲ့ စားရကံမကြုံဘူး ထင်ပါ့အေ ဆိုပြီး ပြောလိုက်သေးတယ်တဲ့။
အားကုန်ရင် ပျားအုံကို တုတ်နဲ့ထိုးပါ (photo from google) |
ပျားနတောင်းအုံဆိုတာက ပျားအုံလေးတွေက သိပ်ပြီး မကြီးဘူး။ အရွယ်အစားက လက်တဆုပ်သာသာ လေးပဲရှိတာ။ ငယ်လို့ နတောင်းနဲ့ ဥပမာ နှိုင်းပြီးခေါ်တယ်လို့ ထင်တာပါပဲ။ သူတို့လေးတွေကလည်း မိုးတွင်းဆိုရင်တော့ အရွယ်ငယ်ပေမဲ့ ပျားရည်တွေ အတော်ပေါတယ်။ ကျွန်တော်တို့ဆီမှာတော့ တောထဲက ပျားရလာရင် ပုလင်းသန့်သန့်လေးနဲ့ ထည့်ပြီးတော့ သိမ်းထားတတ်ကြတယ်။ လေလုံအောင် ပိတ်ထားရင် သုံးလေးနှစ်ထားလည်း ဘာမှမဖြစ်ဘူးလေ။ မြို့မှာရောင်းတာတွေကတော့ သကာရည်တွေ ရောတယ်လို့ ကြားဖူးတာပဲ။ အဲ့ဒီပျားရည်ကို ကြာကြာထားရင် ပုလင်းထဲမှာ သကြားတွေ ပေါက်လာတယ်တဲ့။ သကာရည်အိုး တွေကလည်း အဲ့လိုပဲ ကြာကြာထားရင် အိုးထဲမှ သကြားတွေပေါက်လာတယ်။ ကျွန်တော်တို့ဆီကတော့ ကိုယ်တိုင်ဖွတ်ပြီး ရတဲ့ ပျားရည်မို့ စိတ်ချရတယ်။ တချို့မြို့က လူတွေက တောကပျားရည်ကို ဈေးကြီးကြီးပေးပြီး ၀ယ်ကြတယ်။ အခုနောက်ပိုင်းတော့ မွေးမြူရေးပျား ဆိုတာတွေလည်း ပေါလာပါပြီဗျာ။ ကျွန်တော်တို့ တောဘက်တွေမှာတော့ ပျားကောင်တွေ သူ့သဘာဝအတိုင်း ပြုလုပ်လို့ ရတဲ့ သဘာဝပျားရည် စစ်စစ်ကိုပဲ သုံးကြပါတယ်။
ဒီလောက်ဆို ပျားအကြောင်း အနည်းငယ် ဗဟုသုတရမည်ထင်ပါတယ်။ မွေးမြူရေး ပျားအကြောင်းကိုတော့ ကျွန်တော်ကောင်းကောင်းမသိလို့ ထည့်မရေးတာပါ။ အခုကျွန်တော်ရေးတာလေးတွေက ကျွန်တော်တို့ တောမှာတွေ့ရတဲ့ သဘာဝ ပျားအုံလေးတွေ အကြောင်းကို ဗဟုသုတအဖြစ် မျှဝေခြင်းပါ။ ကျွန်တော်ရေးတာလေး ဖတ်ရလို့ စာဖတ်သူအတွက် အနည်းငယ်မျှသော ဗဟုသုတလေး ဖြစ်တယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်။
လိုအပ်တာလေးတွေရှိရင်လည်း ရင်ထဲကလာတဲ့အတိုင်း စကားလေးတွေ ချန်ထားခဲ့ပါဗျာ။
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ…
2 comments:
ဒီ post လေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်အကို
ကူးယူခွင့်ပေးပါနော် ....စာရေးသူ မျိုးခန့် ပုပ္ပား ...ကိုလည်း created
ပေးပါမယ်လို့ ကတိပေးပါတယ်.....
ဘလော့ခ်လိပ်စာပဲဖြစ်ဖြစ်ရေးသူပဲဖြစ်ဖြစ်ဖော်ပြပြီး
လွတ်လပ်စွာကူးယူနိုင်ပါတယ်ဗျာ။
လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
Post a Comment