“၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်မှည့် ကောက်စို့ကွယ်၊ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်လိမ့်မယ်၊ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်”ဆိုတဲ့ ကဗျာလေးကို ကျွန်တော်တို့ ကလေးတုန်းက ကျောင်းမှာ ဆရာမနဲ့အတူ ဆိုခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ "ခရား"လို့ အသံထွက်ဆိုတော့ ရေနွေးခရားအိုးကိုပဲ မျက်စိထဲ မြင်မိတယ်။ ခရာဆိုတာကို အရွယ်ရောက်လာမှ အရွက်က ပြာလဲ့လဲ့လေးနဲ့ အပွင့်ဝါ၀ါလေးတွေ ပွင့်တဲ့ဆူးပင်ဆိုတာ သိတယ်။ ပြောချင်တာလေးက သပြေသီးမှည့်အကြောင်းပါ။ သပြေသီးမှည့်ဆိုတော့ သပြေပန်းအကြောင်းကလည်း ချန်ထားလို့မရပြန်ဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အိမ်တိုင်းမှာ ဘုရားစင်ဆိုတာကို အမြတ်တနိုးထားတတ်ကြပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရည်စူးပြီး ဆွမ်း၊ရေချမ်း၊ ပန်း၊ဆီမီး အစရှိသည်တို့ကို ဆက်ကပ် လှူဒါန်း ပူဇော်ကြသည်။ ဘုရားပန်း မှာလည်း အမျိုးမျိုး အထွေထွေ စုံလင်လှသည်။ အဲ့ဒီပန်းတွေထဲမှာ သပြေပန်း ကလည်း တစ်မျိုးအပါအ၀င်ဗျ။
သပြေသီးတွေ အခိုင်လိုက်ပဲ ချိုလိုက်မည့်ဖြစ်ချင်းဗျာ:):):)(photo from google) |
ကျွန်တော်တို့ အညာမှာတော့ သပြေပန်းကို ဘုရားတင်ပန်းအဖြစ်သုံးကြတယ်။ တပ်မတော်သားတွေ စစ်ချီရာက ပြန်လာလို့ ဆီးကြိုပြီး ကမ်းတဲ့သပြေပန်းကို ကျတော့ အောင်သပြေပန်းလို့ခေါ်သလို၊ အညာက မင်္ဂလာဆောင်မှာ သပြေညွှန့်ရယ် မြေဇာမြက်လေးရယ် အစည်းလေးစည်းပြီး မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေကို ကမ်းတဲ့ သပြေပန်းကိုလည်း မင်္ဂလာအောင်ပန်းဆိုပြီးခေါ်တယ်။ အညာမှာတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပွဲတွေမှာဆိုရင် သပြေပန်းက မပါရင် မပြီးသလောက်ပါပဲ။ နောက်ပြီး ကျွန်းကြီးလေးကျွန်းရှိတဲ့ အထဲမှာ ကျွန်တော်တို့တစ်တွေ တည်ရှိတဲ့ ကျွန်းကိုလည်း ဇမ္ဗူ့သပြေပင် ပေါက်ရာကျွန်းဆိုပြီး ခေါ်ဆိုကြတယ်လို့ မှတ်သားရပါတယ်။
သပြေညို(photo from google) |
ဇမ္ဗူ့သပြေပန်းကိုတော့ မမြင်ဖူးပါဘူး။ ကျွန်တော်တို့ အညာမှာတော့ သပြေညို၊ သပြေဖြူ၊ ကုန်းသပြေ ဆိုပြီးတော့ သပြေပန်းရဲ့ အရောင်ကိုကြည့်ပြီးတော့ပဲ ခေါ်ကြတယ်။ မြို့ပေါ်မှာတော့ စိုက်ပျိုးရေးသပြေပန်းတွေ ဆယ့်နှစ်ရာသီ ရနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ စိုက်စရာမလိုပါဘူး။ ချောင်းတွေ၊ ရိုးတွေ၊ တောတောင်ထဲ မှာ သပြေပင်တွေ ပေါပါတယ်။ အထူးသဖြင့် ရေနားနီးတဲ့ နေရာတွေမှာဆိုရင် သပြေပင်ကို အတွေ့ရများတယ်။ ကျွန်တော်တို့ ရွာအရှေ့ဘက်က ချောင်းခုံမှာဆိုရင် သပြေပင်တွေ အတော်ပေါတာ။ တောဖွဲ့ပြီးကို ပေါက်နေတာ။ အပင်ကြီးတွေကလည်း အကြီးကြီးတွေပဲ။ ရွာမှာတုန်းက သပြေသီးမှည့်ချိန်ဆိုရင် အဲ့ဒီချောင်းခုံကို သွားပြီး သပြေသီးကောက်နေကျပေါ့ဗျာ။
ကုန်းသပြေက ဒီလိုရဲရဲလေးတွေဗျ(photo from google) |
အမေက ဘုရားပန်းလဲရအောင် သပြေပန်းတစ်အိုးတင်လောက် သွားချိုးခိုင်းရင်လည်း အဲ့ဒီချောင်းခုံကို ပြေးချိုးပေးလိုက်တာပဲ။ အဲ့ဒီမှာပေါက်တာက ရွာအခေါ် သပြေဖြူပင်တွေ ပေါက်တာများတယ်။ ပေါတာကတော့ တော်တော်လေးကို ပေါပါတယ်။ သပြေဖြူဆိုလို့ အဖြူရောင်ကို ပြောတာ မဟုတ်ပါဘူးနော်။ သစ်ရွက်အနီရောင် မဟုတ်တာကို ပြောချင်းဖြစ်ပါတယ်။ ရွာနားက ချောင်းရိုးတစ်လျှောက် ပေါက်တဲ့အပင်တွေထဲမှာ သပြေပင်တွေက အများဆုံး ပါပဲ။ ရွာအနောက်ဘက်က ချောင်းထဲမှာကျတော့ သပြေညိုပင်တွေ ပေါတယ်။ သပြေညိုနဲ့ သပြေဖြူမှာ သပြေဖြူက ဘုရားတင်ရင် အကြာကြီး ခံတယ်။ သပြေညိုကတော့ ညတင်ရင် မနက်ဆို ညှိုးပြီ။ ကုန်းသပြေဆိုတာကတော့ ရေနဲ့ဝေးတဲ့ နေရာမှာ ပေါက်လို့ ကုန်းသပြေလို့ ခေါ်တာပါ။ သူကတော့ တောထဲ တောင်ထဲမှာ အများဆုံး ပေါက်ပြီး ဘုရားတင်ရင် တော်တော်နဲ့ မညှိုးတော့ဘူး။ ကုန်းသပြေကို ပုပ္ပားတောင်နားက တောတွေထဲမှာ ပေါများစွာတွေ့နိုင်တယ်။ ပုပ္ပားတောင်ကလပ် ရောက်ဖူးရင် တွေ့မှာပါ အညွှန့်လေးတွေ ရဲရဲနီနေတဲ့ သပြေငုတ်လေးတွေ ရောင်းနေတာလေ။ အဲ့ဒါကို ကျွန်တော်တို့ဆီမှာ ကုန်းသပြေလို့ ခေါ်တာ။
ဒါကတော့ စိုက်ပျိုးရေးခြံထွက် သပြေပင်လေးတွေ(photo from google) |
သူကတော့ ဘုရားတင်ဖို့အတွက် အဆင်ပြေတာပေါ့။ အညွှန့်လေးတွေချည်းပဲ ဆိုတော့ ပိုပြီးလှတယ်။ ကျန်တဲ့ သပြေညိုနဲ့ သပြေဖြူကတော့ အရွက်နုချိန်မှာသာ အညွှန့်လေးတွေ မြင်ရတာ။ သူတို့က အပင်ကြီးတွေ ဖြစ်လို့ အသီးလည်း သီးပါတယ်။ သပြေက အမျိုးအစားတော်တော်လေး များမယ်ထင်တယ်။ ဘယ်လိုခွဲလဲတော့ ကျွန်တော်သေချာမသိဘူး။ အသီးသီးတဲ့အခါ တစ်ချို့ကျတော့လည်း အလုံးကြီးတယ်။ တချို့ကျတော့ အလုံးက သေးသေးလေး။ ကလေးတုန်းကတော့ အလုံးကြီးတယ်ငယ်တယ်ကို မရွေးပါဘူး။ သပြေပင်အောက် ရောက်လို့ အမှည့်တွေ ကြွေကျနေတာတွေ့ရင် ကောက်စားပစ်လိုက်တာပဲ။ သူငယ်ချင်းတွေနဲ့ အတူသွားရင်တော့ အပင်ပေါ်တက်နိုင်တဲ့သူက ခြွေချပေးမှ စားရတယ်။ အပင်ကြီးတွေကမြင့်တော့ ကိုယ်တိုင်လည်း တက်ပြီးမခူးနိုင်ဘူးလေ။ နဲနဲလေး အရွယ်ရောက်လာတော့ ကိုယ်တိုင်တက်ပြီးခူးစားတယ်။
အရွက်ကြားထဲမှာ မှည့်နေတဲ့ သပြေသီးလေးတွေ(photo from google) |
ရွာမှာခေါ်တဲ့ သပြေဖြူဆိုတာ ဒီအတိုင်းပါပဲ (photo from google) |
သစ်ပင်တက်ဆိုလို့ မှတ်မှတ်ရရ သင်္ကြန်နှစ်ဆန်း တစ်ရက်နေ့မှာ အမေက ပရိတ်ပန်းအတွက် သပြေပန်း သွားချိုးခိုင်းတာ။ ကျွန်တော်တို့ဆီမှာက နှစ်ဆန်း တစ်ရက်ဆိုရင် အပင်အမြင့်တွေပေါ်ကို မတက်ရဘူးဆိုတဲ့ အယူလေးတွေကလည်း ရှိသဗျ။ အမေကလည်း အပင်ပေါ်ကို တက်မချိုးဖို့ သေချာမှာလိုက်တယ်။ အပင်နိမ့်လေးတွေကပဲ တစ်အိုးတင်စာ ချိုးခဲ့ခိုင်းတာ။ မိဘစကားကို နားမထောင်တာတော့ မဟုတ်ပါဘူး။ အဲ့ဒီနေ့မှ အခါတိုင်း ချိုးနေကျ သပြေပင်ပေါ်မှာက သပြေပန်းတွေ လှနေတာကိုမြင်တော့ လူက အပင်ပေါ်ကို တက်ချင်စိတ်တွေ တဖွားဖွားကို ပေါ်လာတယ်။ နောက်ဆုံးတော့ တက်ဖြစ်အောင်ကို တက်လိုက်ပါတယ်။ ကျဖြစ်အောင်လည်း ကျပါတယ်ဗျာ။ အပင်ကတက်နေကျအပင်မို့ သိပ်ပြီး မမြင့်တာရယ်၊ ကျတဲ့နေရာကလည်း အောက်ကသဲခုံဖြစ်နေတာရယ်ကြောင့် ဒီစာကိုရေးနိုင်နေတာပါ။ အပင်အောက်ကို ကျတာကလည်း မှောက်လျက်သား ရင်ဘတ်တော့ တော်တော်လေး အောင့်သွားတာ အသက်ကို ချက်ချင်း မရှုနိုင်ဘူးဗျာ။ တစ်ယောက်ထဲဆိုတော့ ထူပေးမဲ့သူလည်း မရှိ။ နာရီဝက်လောက် ကြာမှ သပြေပင် အောက်ကထပြီး အိမ်ကို ပြန်နိုင်တယ်။ ဒါတောင် ပန်းထုပ်ကတဖက်၊ လက်တဖက် ဗိုက်ကိုနှိပ်ရင်း အိမ်ပြန်သွားရတာ။ အိမ်ရောက်တော့ အမေက ဆီးပြီးမေးတယ်။ လူလေး ကြာလိုက်တာ ဘာများဖြစ်ခဲ့လဲတဲ့လေ။ အဲ့ဒီတော့လည်း ဘာမှမဖြစ်သလိုမျက်နှာနဲ့ လိမ်ရသေးတာပေါ့။ အမှန်မှာတော့ ဗိုက်ကအောင့်နေတာ(ဟဲ..ဟဲ)။ နောက်တစ်ခါ မယ်ဇလီဖူး တက်ခူးရင်း မယ်ဇလီပင်က တစ်ခါကျသေးတယ်။ အဲ့ဒီနောက်တော့ သစ်ပင်တက်တာ နဲနဲလေး ဆင်ခြင်သွားတယ်။ အရင်ကတော့ သစ်ပင်တက်ဆိုရင် မျောက်ရှုံးတဲ့ ရွှေညာသားနော်။
ဒါလေးကတော့ သပြေပွင့်ပေါ့ သပြေပန်းက အရွက်ကိုခေါ်တာမို့လေ ကြိုက်သလိုခေါ်ပါ |
သပြေသီး မှည့်ချိန်မှာ ကိုယ်တိုင် အပင်တက်နိုင်ရင်တော့ ကြိုက်ရာအလုံး ခူးပြီးတော့ ပါးစပ်ထဲထည့်ယုံပေါ့။ စားလို့ ၀မှ အပင်ပေါ်ကဆင်းယုံပဲ အဆင်ပြေမှပြေပေါ့ဗျာ။ သပြေသီးအရသာကလည်း တစ်မျိုးလေးပဲ ချိုဖန်ဖန်လေးနဲ့ဗျ။ အရမ်းမှည့်ရင်တော့ ချိုတယ်။စားပြီးရင်တော့ လျှာမှာ အရောင်တွေစွဲကျန်နေတယ်။ အပြာရောင်လိုလို၊ ခရမ်းရောင်လိုလိုနဲ့ ကြည့်ရလို့တော့ အတော်ဆိုးတယ်။ ပါးစပ်ဟလိုက်ရင် လျှာကို ကြည့်လိုက်တာနဲ့ သပြေသီးစားထားတယ်ဆိုတာ သိသာတယ်။ သပြေသီးအစားများရင်တော့ လျှာကြီးက ထူပြီး ထမင်းစားလို့မကောင်းဘူး။
ဒါလည်း သပြေခြံထင်တာပဲ သိဘူး:):):) |
မိုးတွေဖြိုင်ဖြိုင်ကျလို့ ၀ါဆိုဝါခေါင်ဆိုရင်တော့ သပြေသီးတွေ လှိုင်လှိုင်ပေါပြီပေါ့ဗျာ။ ၀ါဆိုပန်းခူးရင်း သပြေသီးမှည့်တွေကောက်စားခဲ့ရတာကို မြင်ယောင်မိပါရဲ့။ ဘုရားပန်းညှိုးရင် မနေတတ်တဲ့ အမေ့ကို သပြေပန်းတွေ သွားသွားချိုးပေးရတာကိုရော သတိရမိတယ်။ သပြေတွေနုချိန်ဆို အမေနဲ့ သားအမိနှစ်ယောက် သပြေပန်းတွေချိုး၊ တောထဲမှာတင် တစ်ခါထဲ အစည်းလေးတွေစည်း ရေဆွတ်ပြီး ပုဆိုးနဲ့လေလုံအောင်ထုပ် အိမ်ရောက်ရင် အင်တုံကြီးကြီးထဲမှာ အရိုးတွေဘက်ကနေ ရေစိမ်၊ နောက်နေ့မနက်မှာ ရွာနားက ငါးရက်တပတ်ခင်းတဲ့ ဈေးကို အမေနဲ့ သပြေပန်းလိုက်ရောင်းခဲ့ရတာလေးကိုရော လွမ်းမိတယ်ဗျာ။ အဲ့ဒီတုန်းကတော့ အခုလိုမျိုး စာရေးဖို့ဆိုတာ တွေးကိုမတွေးမိခဲ့ပါဘူး။ အမေနဲ့အတူ ကျောင်းပိတ်ရက်မှာ မိသားစု ၀မ်းရေးအတွက် ကူညီရုန်းကန်နေခဲ့ရတာမို့ နောက်တပတ် ဈေးဘယ်နေ့ပြန်ကျမလဲဆိုတာရယ်၊ ဘယ်ချောင်းရိုးသွားပြီး သပြေပန်းချိုးရမလဲ ဆိုတာကိုပဲ ခေါင်းထဲမှာ ရှိခဲ့တယ်။
ဘုရားလှူလိုက်ရရင် ကုသိုလ်တွေရမှာနော်(photo from google) |
တစ်ခါက မှတ်မိသေးတယ်။ အမေနဲ့အတူ သားအမိနှစ်ယောက် သပြေပန်းချိုးသွားကြတာ။ ရွာနဲ့တော်တော်လေး ဝေးတဲ့ ရေရိုးတစ်ခုကို ရောက်သွားတယ်။ သပြေပင်တွေကလည်း ပေါလိုက်တာ။ ပန်းတွေကလည်း ဝေနေတာပဲ။ ပန်းချိုးရောင်းတဲ့သူတွေ ရောက်ဟန်မတူပါဘူး။ တချို့အပင်တွေကျတော့ ခါချဉ်ကောင်တွေ ရှိလို့ မချိုးကြတာလည်း ဖြစ်ဟန်တူတယ်။ သားအမိနှစ်ယောက် အပင်နိမ့်လေးတွေက သပြေပန်းလေးတွေကို ချိုးရင်းနဲ့ အရွက်နုတွေဝေနေတဲ့ သပြေပင်ကြီး တစ်ပင်အောက်ကို ရောက်သွားပါတယ်။ သပြေပန်းတွေကလည်း တစ်ပင်လုံးကို ဝေနေတာပဲ။ သပြေပင် ပင်စည်က လူတစ်ဖက်စာလောက်ရှိပြီး တခြားကိုင်းဖြာနေတာ မရှိတော့ အပေါ်ကို တက်ဖို့က သိပ်ပြီးတော့ မလွယ်လှဘူး။ အရင်လူတွေလည်း အောက်ကနေ ကြည့်ပြီးတော့ပဲ အားလျှော့ သွားကြတာဖြစ်လောက်တယ်။ ပန်းတွေလှသော်လည်း တက်ပြီးချိုးဖို့က တော်ယုံနဲ့မလွယ်ဘူးလေ။ ကျွန်တော်လည်း ရလိုရငြား ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ ကျွန်တော်သပြေပင်အောက် ရောက်တော့ အမေက သူတက်စမ်းကြည့်မယ်ဆိုပြီး သပြေပင်ပေါ်ကို တက်သွားတယ်။ သာမာန်ယောကျာ်းသားတွေတောင် တော်ယုံတက်ဖို့မလွယ်တဲ့ သပြေပင်ကြီး ပေါ်ကို ကျွန်တော့်အမေ ရအောင်တက်သွားနိုင်တယ်ဗျာ။
သပြေပင်ပေါ်ရောက်တော့ အမေက ပြောသေးတယ်။ ငါ့သားတို့အပေါ်မှာ အမေဘယ်လောက်အထိ အဆင်းရဲအပင်ပမ်းခံပြီး ရှာဖွေကျွေးမွေး တယ်ဆိုတာကို လူလေးမှတ်ထားပေါ့တဲ့။ သူ့စိတ်ထဲမှာတော့ သပြေပင် ပင်စည်ကြီးကို ဘယ်လိုတက်မယ်ဆိုတာထက် သူ့သားသမီးတွေ စားရဖို့ဆိုတဲ့ မေတ္တာစေတနာစိတ်ကပိုပြီး ထက်သန်နေဟန်တူပါတယ်။ အဲ့ဒီအချိန်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပေမဲ့ စဉ်းစားရင် အဲ့ဒီတုန်းက အမေ့လုပ်ရပ်ကို ချက်ချင်းမျက်စိထဲမှာ ပေါ်လာတယ်။ ပန်းတွေကလည်း ရလိုက်တာ မပြောပါနဲ့။ အဲ့ဒီသပြေပင်ကြီးကနေ ရှေ့ဆက်သွားစရာကို မလိုတော့ဘူး။ ပန်းတွေစည်းပြီးတော့ ပန်းထုပ်ကြီးတွေရွက်ပြီး သားအမိနှစ်ယောက် အပြုံးကိုယ်စီနဲ့ အိမ်ပြန်လာခဲ့တယ်။ ပန်းတွေကလှတော့ နောက်နေ့ဈေးမှာ ရောင်းမကုန်မှာ ပူစရာမလိုတော့ဘူးလေ။ အဲ့လိုလေးတွေလည်း ရွှေညာသားလေး ဘ၀ကို ဖြတ်သန်းခဲ့ဖူးတယ်ဗျ။ ပန်းဆက်သမားကိုဗျတ္တတော့ မဟုတ်ပါဘူး။ ပန်းရောင်းသမား ကိုရွှေညာသားပေါ့ဗျာ။
သပြေပန်းကို ဘုရားတင်ဖို့အတွက် သုံးတာကြောင့် ရွာမှာ အိမ်အသုံးအဆောင်အတွက်ဆိုရင် သပြေသားကို မသုံးကြဘူး။ သပြေပန်းကိုတော့ ယနေ့တိုင် ဘုရားစင်မှာ ဘုရားပန်းအဖြစ်တင်ပါတယ်။ သပြေပန်းကလည်း ကိုင်းထက် သပြေငုတ်လေးများဆိုရင် တစ်လကိုးသတင်း အသစ်လဲစရာကို မလိုတော့ဘူး။ ရေလေး ညနေတိုင်း လဲပေးနေရင် သူ့ဘာသာ အညွှန့်လေးတွေ ပြန်ထွက်ပြီး အကြာကြီး ခံတယ်ဗျ။ ကျွန်တော်တို့ ရွာမှာသုံးတဲ့ ဘုရားပန်းအိုးကလည်း မြေနဲ့လုပ်တဲ့ မြေဘုရားပန်းအိုးလေးတွေနဲ့ တင်ကြတာဆိုတော့ ရေထည့်လိုက်ရင် အမြဲတမ်းအေးစိမ့်နေတာကြောင့် သပြေပန်းအတွက်က အအေးဓာတ် အမြဲတမ်းရနေတယ်။ နောက်ပြီး သပြေပင်ပေါက်ကလေးများ ဘုရားတင်လို့ရတဲ့အရွယ်လောက်ဆိုလည်း နှုတ်ပြီးတော့ ဘုရားတင်ရင် အကြာကြီးခံတယ်။ အဲ့လိုနှုတ်တာကတော့ ရှားပါတယ်။ အပင်ကြီးမှ သုံးရင် နောင်လာနောင်သားတွေအတွက် အများကြီးသုံးလို့ရနိုင်အောင်လို့ပါ။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ကင်းတဲ့ အညာသူအညာသားတွေရဲ့ စိတ်ဓာတ်လးတွေပေါ့။
အခွင့်သင့်ရင် အညာက ပန်းလေးတွေအကြောင်းကို ရေးပေးပါအုံမယ်။ ဗဟုသုတပေါ့နော့။ သပြေပင် အကြောင်းကနေ ကိုယ်တွေ့လေးတွေပါ ပါသွားလို့ ဖတ်ရတာ အဆင်မပြေရင် နားလည်ပေးပါလို့ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ဘ၀ အမှတ်တရလေးမို့ အခွင့်သင့်တုန်းမှာ ထည့်ရေးလိုက်တာပါ။ အဲ့ဒီလို ပင်ပမ်းဆင်းရဲခံပြီး ကျွေးမွေးပြုစု ပညာသင်ပေးခဲ့တဲ့ ကျေးဇူးရှင် အမေ့ကိုလည်း ဒီစာစုလေးနဲ့ ကန်တော့ပါတယ်။ သပြေသီးမှည့်တွေ သွားသွားပြီးကောက်စားခဲ့တဲ့ ရွာက သပြေပင်တွေပေါတဲ့ ချောင်းခုံတွေရယ်၊ အမေနဲ့အတူ သပြေပန်းချိုးသွားခဲ့တဲ့ နေရာလေးတွေရယ်၊ လူသားတို့ရဲ့ လိုအပ်ချက်တွေကို တဖက်တစ်လမ်းက အထောက်အကူပြုပေးနေတဲ့ အညာက သဘာဝပေါက်ပင်တွေရယ်ကို အတော်လွမ်းမိပါတယ်။ ဒီနှစ် ၀ါဆိုဝါခေါင် ရေတွေဖောင်ရင်တော့ ရွာက သပြေတောဆီကို ရောက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရင်း….
အားလုံးသော ကျွန်တော်ညီအစ်ကိုမောင်နှမ တစ်တွေ ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာကြပါစေ...
6 comments:
နက်မရာတာနဲ့ ရောက်တောင် မရောက်ဖြစ်ဘူး... သပြေပင်အကြောင်းနဲ့
ဘ၀ တစ်စိတ် တစ်ပိုင်း သိခွင့်ရလိုက်ပါတယ်...။ မိဘဆိုတာ သား၊သမီး
တွေ အပေါ်မှာ ဒီလိုကြည့်ပါပဲလေ...။ သား၊ သမီးတွေက မိဘတွေကို သိ
တတ်ရင် သိပ်ကောင်းတာပေါ့...။ ပြောရင်း အမေ့ကိုတောင် သတိရသွားပြီ.....
:(
သပြေပန်းဆိုလို့ ပြီးခဲ့တဲ့ သုံးရက်လောက်ကပါပဲ ဘုန်းဘုန်းဂျိုဟိုးမြို့၊ လီမာခဒိုင်မှာ ကျိန်းစက်အနားယူတုန်းက အလုပ်ကပြန်လာတဲ့ မြန်မာမိန်းခလေးအချို့ လမ်းဘေးမှာအလှစိုက်ထားတဲ့ သပြေပန်းလေးတွေကို ဘုရားပန်းတင်ဖို့ဆိုပြီး ခူးနေတာကိုမြင်တော့ မလေးနိုင်ငံသားတွေက လှမ်းအော်တော့ မသိချင်ဟန်ဆောင်ခဲ့ရတဲ့အဖြစ်အနစ်ကို ပြန်သတိရမိတယ်။ ပန်းတွေဈေးကြီးလို့ မ၀ယ်ဖြစ်ဘူးတဲ့လေ။ ကျန်းမာပျော်ရွှင်ပါစေ...
သပြေခက်တွေကတော့ အဲလိုနယ်ဘက်မှာသိပ်ပေါတယ်နော်။ သိပ်သဘောကျတယ်။
အိုင်အိုရာ
khinmoe
ကိုရွှေညာသားဆီကို လာလည်ရင် ကျမတို့ရွာနဲ့ အိမ်ကိုသတိယတယ်။
ရွာကိုလွမ်းတာတွေ ပြေသွားတယ်။
လာလည်ရတာ ဗဟုသုတ ရလိုက်တာ။
ကိုရာဇာ>>>နတ်တွေက အစည်းအဝေးသွားနေလို့လား:):):)
ဘုန်းဘုန်းတောက်ပကြယ်စင်>>> မလေးရှားမှာ သပြေပင်ရှိလို့ တော်သေးတာပေါ့....အလွမ်းပြေကြည့်စရာရှိသေးနော့....:):):)
ဒီမှာတော့ မြန်မာပြည်က အပင်မျိုးတွေ သိပ်မတွေ့ရဘူး...
အိုင်အိုရာ>>>> လာလည်တဲ့အတွက်ကျေးဇူးပါနော်....
Khin>>> ရွာကိုအလွမ်းပြေတယ်ဆိုလို့ ၀မ်းသာမိပါတယ်။ Khin ကလည်း ရွာကပေါ့နော်... နောက်လည်း လာလည်ပါအုံး... ရွာအကြောင်းလေးတွေ အလွမ်းပြေ ရေးစရာတွေအများကြီး ရှိသေးတယ်...
ခနွဲ>>> လာလည်တဲ့အတွက် ကျေးကျေးပါဗျာ...:):):)
Post a Comment