ဝယ်ပြီးကတည်းက ၂ လတကြိမ်လောက်ပုံမှန်ပွင့်တဲ့ သစ်ခွပင်ပါ
အပင်လေးတွေနဲ့နေထိုင်ရခြင်းဟာ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ အထူးသဖြင့် ကျနော်တို့လို့ အဝေးမှာရောက်နေကြရသူတွေအတွက် ကိုယ်နေတဲ့နေရာမှာ အပင်လေးတွေစိုက်ပျိုးခြင်းဟာ အပန်းလည်းပြေသလို အလွမ်းလည်းဖြေလို့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးမယ်ဆိုရင်တော့ သူတို့ရဲ့အသံ၊ အညစ်အကြေး ကျန်းမာရေး အစားအစာ စသဖြင့် မျိုးစုံအောင်ဂရုစိုက်ပေးဖို့လိုတယ်။ အပင်လေးတွေကတော့ စိုက်ထားပြီးရင် ရေပုံမှန်လောင်း စိုက်တဲ့အပင်ပေါ်မူတည်ပြီး အလင်းရောင်လိုအပ်ရင် အလင်းရောင်ရတဲ့နေရာလေးရွှေ့ပေး တပတ်တကြိမ်လောက် မြေဆွ အရွက်နွမ်းလေးတွေခြွေပေးပြီး သူတို့ရဲ့ ရှင်သန်ဖြစ်ထွန်းမှုကိုကြည့်ရင်း စိတ်အပန်းဖြေရတာ အလွန်ပျော်စရာကောင်းပါတယ်။ အဲဒီလို သတိထားကြည့်နေရင်းက အဖူးအပွင့် အသီးလေးတွေ ဖြစ်ထွန်းလာပြီဆိုရင် ပိုပြီးပျော်ရတယ်။
ဒါကတော့ အခန်းနောက်ဖေးဝရံတာက အပင်လေးတွေပါ အဝတ်လှန်းဖို့ လုပ်ပေးထားတဲ့ စင်က အပင်ထားဖို့ဖြစ်နေတာ
မှတ်မှတ်ရရ ကိုဗစ်ကပ်ဘေးတုန်းက နောက်ပိုင်း နည်းနည်းအားပျော့လာတဲ့ မျိုးကွဲတခုမှာ ကိုဗစ်ကူးလို့ အခန်းမှာပဲ ၂ ပတ်နေရတယ်။ သိပ်ပြီးအားမပြင်းတဲ့အဆင့်မို့ အိပ်ရာထဲလှဲစရာလည်းမဆို ပုံမှန်ဆေးသောက် အစာစား တရားနာ၊ အင်တာနက်ကြည့်၊ စာဖတ် စသဖြင့်နေရတာ တပတ်မပြည့်ခင်မှာပဲ လူကအပြင်ကိုအရမ်းထွက်ချင်တယ်။ ၁၄ ရက်ပြည့်အောင် ဘယ်လိုများနေရပါ့မလဲ တွေးနေတုန်း အခန်းနောက်ဖေးက ဝရံတာမှာ ကိုယ်စိုက်ထားတဲ့အပင်လေးတွေနား စာရေးခုံလေးချပြီး ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ဆိုတဲ့စာအုပ်ကို ကွန်ပျူတာနဲ့ဖတ်ဖြစ်တယ်။ စာဖတ်လို့ မျက်စေ့ညောင်းလာတဲ့အခါ အပင်လေးတွေကြည့်လိုက် သူတို့ကို ရေလောင်းလိုက် မြေဆွပေးလိုက်နဲ့ စာဖတ်လိုက်နဲ့ ၁၄ ရက်ပြည့်သွားတာ သိပ်မကြာလိုက်သလိုပဲ။ အဲဒီစာအုပ်လည်း အရင်ကကြားဖူးနေတာ အမြည်းလောက်ပဲဖတ်ပြီး ရပ်ရပ်ထားတာက နောက်ဆုံး ကိုဗစ်နဲ့တွေ့မှပဲ အပြီးထိဖတ်ဖြစ်လိုက်တယ်။ ပုံမှန်လည်း စာဖတ်ပေမဲ့ စိတ်ခွန်အားပေးစာအုပ်များနဲ့ ဘာသာရပ်ဆိုင်ရာစာတွေပဲပိုဖတ်ဖြစ်လို့ အနားယူရတဲ့အချိန်မှာ အဲဒီစာအုပ်ဖတ်ရတာ တော်တော်လေးကို အရသာရှိလှတယ်။
သူပွင့်တဲ့အခါတိုင်း အသေးတခိုင် အကြီးတခိုင် ထွက်ပြီးပွင့်တယ် ကိုယ်စိုက်ထားတဲ့ အပင်ကနေမခူးရက်ပေမဲ့လည်း ကုသိုလ်ပြုတာမို့ အရင်တခါတုန်းကတော့ တခိုင်ခူးပြီး ဘုရားပန်းလှူဖြစ်တယ် 😊
စိတ်တွေညစ်ညူးလာတဲ့အခါ အညာသားရဲ့ အပန်းဖြေတဲ့နေရာဟာ မီးဖိုချောင်နဲ့ ကိုယ်စိတ်ထားတဲ့အပင်လေးတွေထားတဲ့နေရာပါပဲ။ တကယ်ကို စိတ်ချမ်းသာမှုပေးတဲ့ နေရာလေးတွေပေါ့။ သူများတွေကို အပြင်ထွက် လျှောက်လည် ဆိုင်ထိုင်တာမျိုးမလုပ်ဘူး။ ကိုယ့်အခန်းမှာပဲ ကိုယ်စားချင်တာကို စိတ်ကြိုက်ချက်စားပြီး အပင်လေးတွေနားနေ လိုအပ်တာလေးတွေပြင် နေရာပြန်ပြောင်းနဲ့ လုပ်လိုက်ရင် စိတ်ညစ်စရာတွေပြေပျောက်သွား ရော။
ဘယ်ဘက်က နှစ်ပင်က ရွက်လှနဲ့ ဇီဇဝါပင်၊ အရွက်စိမ်းဝါကြားက ဘိုးတော်ဖြူ ဂမုန်းဆိုလား ဂူဂယ်မှာတွေ့ထာပဲ ဝယ်တုန်းက အရွက်သေးသေးလေး ၂ ရွက်ပဲပါတာ၊ ကိုယ့်ဆီရောက်တော့ အိုးပြောင်း မြေဆွေးထပ်ဖြည့် စိုက်လို့ အရွက်တွေကြီးလာတာ နောက်ပိုင်း နေရာကြပ်တာနဲ့ အဆောင်ပိုင်ရှင်ကို လက်ဆောင်ပေးလိုက်တယ်။
ရွက်လှပင်ကလည်း လူတရပ်လောက်မြင့်လာလို့ အဆောင်ပိုင်ရှင်ကို ပေးလိုက်တာ။
ဒါကတော့ အိပ်ရာဘေးမှာထားတဲ့အပင်လေးတွေပါ၊ အရင်က စာအုပ်တွေထားတာ နောက်တော့ စိတ်ပြောင်းပြီး အပင်လေးတွေထားလိုက်တာ။ မွေ့ယာကိုပြောင်းပြန်ထားအိပ်ရတာက နောက်ကျောအောင့်ပြီး မအိပ်နိုင် လမ်းမလျှောက်နိုင်ဖြစ်လို့ ဆရာဝန်သွားပြတော့ မွေ့ယာအပျော့ပေါ်ကြာကြာအိပ်ရင် ကျောရိုးအနေအထား မမှန်လို့ဖြစ်တာ အောက်ခံအမာပေါ်မှာ အိပ်ဆိုလို့ မွေ့ယာအောက်က အထပ်သားပြားကို အပေါ်တင်ပြီး အိပ်မှအဆင်ပြေသွားတာ။ အညာသားပီသချက်က ကြမ်းပေါ်မှာပဲ အိပ်လာခဲ့ရဖူးတော့ သူဌေးအိပ်ရာနဲ့ အဆင်မပြေဘူးလို့ အမေ့နဲ့ဖုန်းပြောရင်း စနေသေးတယ်။ နောက်ကျောအောင့်တာ ခါးကြီးကုန်းပြီး ထိုင်ပြီးရင်ထဖို့ခက် ထပြီးရင်ထိုင်ဖို့ခက်နဲ့ ငုတ်တုတ်အိပ်ရတာ သုံးလေးည၊ ဆရာဝန်နဲ့သွားပြပြီး သူအကြံပြုတဲ့အတိုင် လုပ်လိုက်မှ အဆင်ပြေသွားတာ။ အပင်လေးတွေက ရွက်လှဂမုန်းလေးတွေပါပဲ၊ ကျောက်စိမ်းဂမုန်းကတော့ မာစတာကျောင်းသူလေး ကျောင်းပြီးသွားတော့ လက်ဆောင်ပေးခဲ့တာ သူပေးခဲ့တုန်းက တကိုင်းပဲပါတာ ကိုယ့်ဆီရောက် အိုးအသစ်လဲပေးလိုက်တော့ ပုံထဲကလိုအရွက်တွေအများကြီးထွက်လာလို့ အလုပ်မှာထားရင်းက အခန်းကို သယ်လာခဲ့တာ။
ဒါကတော့ လက်ရှိပွင့်နေတဲ့ ၂ ခိုင်ပါ။ သူတို့အရင် အကြီးတခိုင်နဲ့ အသေးတခိုင်ပွင့်ထားတာက ကြွေပြီး သူတို့ အသစ်ပွင့်တာ။ တကယ်ကို ပန်းနဲ့မပြတ်တဲ့အပင်လေးပါ၊ ကျနော်ကတော့ မနက်အိပ်ရာထ အခန်းတံခါးဖွင့်လိုက်တာနဲ့သူ့တို့ကိုကြည့်ပြီး တနေ့တာအတွက်ခွန်အားယူတယ်။
ဒီနှစ် စိုက်ပျိုးရေးဈေးပွဲတော် တုန်းက အရောင်မတူတာ ၃ ပင်ဝယ်ထားသေးတယ်။ ကြက်ရုံးပင်နစံပယ်ပင်လည်း စိုက်ထားသေးတယ်၊ ကြက်ရုံးပင်ကတော့ အဖူးတေွ အခု အဖူးတေွဖူးနေပြီ ပွင့်မှပို့စ်တင်အုံးမယ်။ နှင်းဆီတစ်အိုးလည်းစိုက်ထားသေးတယ်။လိုင်းပေါ်မှာ ကြောင်လေးတွေ ခွေးလေးတွေမွေးတဲ့သူတွေကြည့်ပြီးတော့ ငါလိုသာ အပင်တွေမြင်တိုင်းဝယ်ရင်သူတို့ ကြောင်စာဖိုး ခွေးစာဖိုးနဲ့ကို မလွယ်လောက်ဘူးလို့တွေးရင်း ပြုံးမိသေးတယ်။ ခွေးနဲ့ကြောင်ဆိုရင်တော့ ခွေးကိုပိုချစ်တယ်။ ကျန်တဲ့ပ္စည်းတွေကိုသာ စိတ်မဝင်စားရင်နေမယ် အပင်ရောင်းတဲ့ဆိုင်မြင်လို့ကတော့ မဝယ်လည်း ဝင်ကြည့်လိုက်ရမှစိတ်ကကျေနပ်တယ်။ ရေစက်ကဆုံချင်တော့ ပါရဂူဘွဲ့ကျမ်းကြီးကြပ်သူ ဆရာမကလည်း ကိုယ်လိုပဲ အပင်စိုက်တာဝါသနာပါတယ်၊ သူကတော့ ဈေးကြီးပေးရတဲ့ အပင်တွေကို ဝယ်ပြီးသေချာစိုက်တာ။ ကိုယ်ကတော့ အပင်စုံစိုက်တာပဲ၊ ဟင်းခတ်အမွှေးအကြိုင်ရော စားလို့ရတဲ့အပင်ရော အလှဆင်တဲ့အပင်ရော။ တခါတလေများ ခြံအကျယ်ကြီးတခြံလောက်ဝယ်ပြီး အပင်တွေစုံအောင်စိုက် ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးပြီး ချက်ချင်း ချက်ပေးတဲ့ ဝန်ဆောင်မှုလေးပါတဲ့ထမင်းဆိုင်လေးပါဖွင့် စာဖတ်ချင်သူတွေ စာဖတ်လို့ရအောင် စာကြည့်တိုက်လေးလည်းထား၊ စိတ်အေးလက်အေးနဲ့ အသီးအရွက်ကြိုက်တဲ့ အပမ်းဖြေချင်သူတွေအတွက် နေရာလေးတခုပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ။ တက္ကသိုလ်တုန်းက ရုက္ခဗေဒမေဂျာယူခဲ့မိရင် တော်တော် အဆင်ပြေမှာလို့တွေးမိသေးတယ်။ အဲဒါဆို ကိုယ့်ဝါသနာနဲ့ ရာနှုန်းပြည့် အံဝင်ခွင်ကျဖြစ်မှာ။ ဓာတုဗဒေဘာသာရပ်ကိုလည်း စူးစမ်းခွင့်ရလို့သဘောကျပါတယ်။ ဝါသနာအရဆိုရင်တော့ ရုက္ခဗေဒဘာသာတွဲက ပိုပြီးတော့ လိုက်ဖက်တာပေါ့။ ကိုယ့်ဆရာမနဲ့ ကိုယ်က ဓာတုဗေဒသမားတွေဖြစ်ပြီး ပင်စိုက်တာကို ဝါသနာလာတူနေကြတာ။ ဆရာမ သားကျတော့ အဖေက ရူပဗေဒ၊ အမေကဓာတုဗေဒ၊ သားကျတော့ သတ္တဗေဒ အကောင်လေးတွေကို အရမ်းချစ်တဲ့သူဖြစ်နေ ပြန်ရော။
အညာသားစိုက်ထားတဲ့ အပင်လေးတွေနဲ သစ်ခွပန်းအလှကို ကြည့်ရှုခံစားရင်း အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ အင်္ဂါနေ့။


No comments:
Post a Comment