၂၀၁၆ ခုနှစ် ရွာပြန်တုန်းက အညာသားကိုယ်တိုင် ကင်မရာတလုံးနဲ့ တောလည်ပြီး မှတ်တမ်းတင်ခဲ့တဲ့
အညာနွေဦးရှုခင်းပုံလေးတွေပါ
ဒီနေ့တော့ နေ့လယ်ပိုင်း ထမင်းစားချိန် အဖေနဲ့အမေဆီကို ဖုန်းဆက်ဖြစ်တယ်။ ပုံမှန်ဆို ညနေပိုင်း အိမ်မှာရှိတတ် တဲ့အချိန်ကို ရွေးဆက်တာများတယ်။ ဒီတခါတော့ မနေ့ညနေတုန်းက အမေ့ဆီကို မျှော် နေမှာစိုးလို့ ဖုန်းခဏခေါ်ပြီး အခုဖုန်းဘေလ် နည်းနေလို့ မနက်မှ ပြန်ခေါ် လိုက်မယ်ဆိုပြီးဖုန်းချိန်းလိုက်တာ။ တပတ်ကို တခါလောက် ပုံမှန် ဖုန်းဆက်နေကျမို့ အမေက ကျနော့် ဆီကဖုန်းကိုမျှော် နေတတ်တယ်။ ခေတ်ကာလကောင်းချိန်တုန်းကတော့ အဖေက မက်ဆင်ဂျာလေးဘာလေးသုံးလို့ ဗွီဒီယိုကောနဲ့ သူတို့လည်း ကိုယ်မြင်ရ ကိုယ့်လည်းသူတို့မြင်ရလို့ အဆင်ပြေတယ်။ ခေတ်မကောင်းတော့တဲ့နောက်ပိုင်း အဖေလည်းအင်တာနက်သုံးတာကို ဖြတ်လိုက်လို့ ဖုန်းကတဆင့်ပဲ ဆက်သွယ်နိုင်တော့တယ်။ အမေမှာလည်း ဖုန်းတလုံးရှိတယ် အမေကတော့ အင်တာနက်မသုံးတတ်လို့ သားတွေက ဖုန်းခေါ်ရင် ပြောဖို့နဲ့ တရားနာဖို့အတွက်ပဲသုံးတာ။ အဖေ့ဖုန်းကိုခေါ် ရင်တော့ အဖေနဲ့ အရင်ပြောပြီးမှ အမေ့ဆီကိုပေးတယ်။ ဖုန်းဆက်တိုင်းလည်း အဖေနဲ့ကသိပ်အကြာကြီး မပြောရပါဘူး အမေနဲ့ပဲ ဘေလ်ကုန်သည် အထိပြောတာ။ တခါတလေ ဖုန်းဘေလ်ကုန်သွားလို့ အမေစကားမပြတ်သေးရင် ဖုန်ဘေလ်ထပ်ထည့်ပြန်ခေါ်ပြီး အမေပြောချင်တာပြီးအောင် နားထောင်ပေးတယ်။ ဒီနေ့တော့ အဖေနဲ့တော်တော် ကြာလေးပြောဖြစ် တယ်။ ညပိုင်းသိပ်အိပ်မပျော်ဘူး ပြောလို့ အဖေမအိပ်ခင်လုပ်တဲ့အလေ့အထလေးတွေ မေးပြီးတော့ အဲဒါလေးတွေ အစီအစဉ်ပြောင်းဖို့ ပြောဖြစ်တယ်။ ကိုယ်တိုင် ညအိပ်ရာမဝင်ခင် ပြုဖြစ်တဲ့ ကုသိုလ်လေးတွေအကြောင်းပါ အဖေနဲ့တော်တော် ကြာအောင် ပြောဖြစ်တယ်။ အဖေ့ကိုလည်း အဲဒါလေးတွေကို လုပ်ကြည့်ဖို့ အကြံပေးဖြစ်တယ်။ အဖေနဲ့ပြောပြီးလို့ အမေကိုမေးတော့ မင်းအမေက ယာတောမှာ ဇီးပင်လေးတွေမှည့် နေလို့ ဆီးသီးကောက်သွားတယ်လို့ပြောတယ်။ ထမင်းလည်းထုပ်သွားတယ် ဖုန်းလည်းယူသွားတယ်ဆိုတာနဲ့ အဖေနဲ့ ဖုန်းပြောတာပြီးတော့ အမေ့ဆီကို ဖုန်းဆက်လိုက်တယ်။
အမေ့ကို အရိပ်ရောရှိရဲ့လားမေးတော့ ဇီးပင်ရိပ်က နေတောင်မထိုးဘူးတဲ့လေ ဒီထဲက ဇီးပင်တွေကတော့ အဲဒီအချိန်တုန်းက ငယ်ငယ်လေးတွေပဲရှိသေးတယ်....။
ဖုန်းခေါ်လိုက်တော့ ရွာထဲမှာဆို ကြားရလားခဏခဏမေးရတဲ့ဖုန်းက တောထဲမှာမို့ အသံကပိုကြည်လင်နေတယ်။ ဘာတွေလုပ်နေလဲလို့ မေးတော့ ဇီးပင်အောက် ချုံရှင်းရင်း ဇီးသီးကောက်နေတာတဲ့။ အမေ ရောက်နေတဲ့ ယာတောက အဖေ့ဘက်က အမွေရတဲ့ ကုန်းခင်ယာလေးတွေမို့ ဇီးပင်လည်းရှိတယ်။ ကျနော်ရွာမှာတုန်းကလည်း အဲဒီယာတောဘက်ကို ခဏခဏရောက်ဖူးတော့ အမေနဲ့ဖုန်းပြောရင်း မျက်စိထဲမှာ ယာတောကို မြင်ယောင်နေမိတယ်။ ရွာမှာတုန်းကလည်း အမေနဲ့အတူယာတောသွားရင် သားအမိနှစ်ယောက်စကားပြောရင်းနဲ့ ပေါင်းနှုတ်မြက်ရိတ်ကြတာ။ အခုတော့ အမေတယောက်တည်းပေါ့။ တိုင်းရေးပြည်ရေး အခြေအနေ မကောင်းလို့ အမေသိပ်ဝါသနာပါတဲ့ ဈေးရောင်းတဲ့အလုပ်ကိုပစ်ထားခဲ့ရတာ အခုဆို ၅ နှစ်ပြည့်ခါနီးပြီ။ အဖေနဲ့အမေ အသက်ကြီးတဲ့အခါ အေးအေးလူလူနေနိုင်ဖို့ ကိုယ်တတ်နိုင်သလောက်လေး စီစဉ်ပေးထားတာက အခြေကျခါနီးမှ တိုင်းပြည်နေမကောင်းလို့ အဖေနဲ့အမေလည်း ဘေးကင်းရာမွေးရပ်မြေဆီကို ပြန်ရောက်နေကြတာ။ ရွာဘက် ဆိုတော့ တောင်သူအလုပ်ကိုပဲ အားထားရတာမို့ အဖိုးအဖွားဘက်က အမွေရထားတဲ့ ယာကွက်လေးတွေမှာ သီးနှံစိုက်ချိန်ဆို လူငှားနဲ့ မျိုးကြဲ ပေါင်းနှုတ်ချိန်လည်း လူငှားနဲ့ပဲခိုင်းရတာ။ တောရွာတို့ထုံးစံအတိုင်း ဘာမှမလုပ်ဘဲမနေတတ်ကြတော့ ကျန်းမာရေးမှကောင်းနေတယ်ဆိုရင် တောထဲတောင်ထဲ ယာထဲကိုင်းထဲကိုပဲ သွားနေကြတတ်တာ။ အမေကတော့ ယာတောကိုလာရင် ထမင်းထုပ် ထုပ်လာပြီး ညနေပိုင်းမှ ပြန်တယ်တဲ့။ အဖေကတော့ မနက်ပိုင်းသွားပြီး ထမင်းစားချိန်ဆိုပြန်လာတယ်လို့ပြောတယ်။ အိမ်မှာပဲ အေးအေးဆေးဆေး နေရမည့်အချိန်မှာ အခုလိုမျိုးကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ အမေနဲ့ဖုန်းပြောနေရင်း ဝမ်းနည်းမိတယ်။ အမေကတော့ ထုံးစံအတိုင်း သူပြောချင်တာ သူ့စိတ်ထဲရှိတာအကုန်ပြောတာပါပဲ။ အမေပြောတာနားထောင်ရင်း ကိုယ်တိုင်လည်း ဇီးပင်အောက်ရောက်နေသလိုမျိုး ခံစားရတယ်။ ရွာဘက်မှာလည်း အခြေအနေက တခါတလေ စိတ်မချရလို့ သူများတွေတော့ ညဆို အပြင်ထွက်အိပ်ကြတယ်လို့ပြောတယ်။ အမေကတော့ ဘာမှမသိဘူး အဲဒီလို ပုန်းဖို့ကို စိတ်မကူးမိဘူးတဲ့။ ညလည်းအိပ်လို့ပျော်တယ်။ ကိုယ်ပုံမှန်ပြုနေကျ ဘုရားရှိခိုး ပဌာန်းရွတ် မေတ္တာပို့ အမျှဝေပြီးရင် စိတ်ချလက်ချအိပ်တာပဲတဲ့။ မနက်ကျမှ သူများတွေက ဘယ်ဝိုင်းကတော့ ညတုန်းက ဘယ်လို ဘယ်ညာပြောမှ ဟုတ်လား ငါဖြင့် ဘာမှမသိဘူးလို့ပဲပြောလိုက်တယ်တဲ့။ အမေ ဘုရားရှိခိုး ပဌာန်းရွတ်တာကို မပျက်စေနဲ့လို့ အားပေးလိုက်တယ်။ မပျက်ဘူး စိတ်ချလူလေးတဲ့ အမေက လူနာစောင့်လိုက်ရရင်တောင် ဆေးခန်းက သူနာပြုဆရာမကို ကျုပ်က ပဌာန်းမရွတ်ရရင် အိပ်လို့မပျော်ဘူး ပဌာန်းစာအုပ်လေးငှားပါ ဘုရားခန်းမှာ ဘုရားရှိခိုးပြီး ပဌာန်းရွတ်ချင်လို့ လို့ပြောပြီး မပျက်ရအောင် ရွတ်တာတဲ့။ အရင်တခါတုန်းကတော့ ကိုယ်နားလည်သလောက် ပဌာန်းရဲ့အဓိပ္ပာယ်လေးတွေ အမေမှတ်မိအောင် ပြောပြထားဖူးတယ်။ ကျနော်တို့ ငယ်ငယ် ကတည်းက ညတိုင်း အမေဘုရားရှိခိုးတာကို မှတ်မိတယ်။ အမေ့အကျင့်လေးတွေပဲ ကျနော်တို့ဆီလည်း ပါလာတယ်ထင်ပါရဲ့ ကျနော်ကိုယ်တိုင်လည်း ညဆိုရင် ဘုရားမရှိခိုး သောက်တော်ရေ မကပ်ဘဲ အိပ်လို့မရဘူး။ တခါတလေ ပင်ပမ်းပြီး အဆောင်ပြန်ရောက်တာနဲ့ အိပ်ယာထဲလှဲလို့ အိပ်ပျော်သွားတာက ဘုရားရှိခိုးဖို့ မေ့သွားတဲ့အခါ အဲဒီည ကောင်းကောင်းကို မအိပ်ရတော့ဘူး။
ဟိုးနောက်မှာ ခပ်ရေးရေးမြင်နေရတာက ပုပ္ပားတောင်မကြီးပါ ကျနော်တို့ ရွာဘက်မှကြည့်ရင် ယက်ကန်းစင်က လက်ခတ်ပုံစံရှိတယ်
အဖေကိုတော့ အိပ်မပျော်ဘူးဆိုလို့ ဘုရားရှိမခိုးခင် သတင်းကြည့်ဖို့ အိပ်ခါနီး ဘုရားရှိခိုး ပုတီးစိပ် တရားမှတ်ပြီး အိပ်ဖို့ပြောဖြစ်တယ်။ သူက သတင်းမလာခင် ဘုရားရှိခိုး ပုတီးစိပ် တရားမှတ်ပြီး သတင်းလာတဲ့အချိန် သတင်းနားထောင်ပြီးမှ အိပ်တာတဲ့။ ည သန်းခေါင်ကျော်လောက်ဆို အိပ်လို့မပျော်တော့ဘူးလို့ ပြောတယ်။ အဖေပုံမှန် အစီအစဉ်လေးကို ရှေ့နောက်ပြောင်းလိုက်ပါလို့ အကြံပြုလိုက်တယ်။ အမေကတော့ ဇီးသီးဈေးက ၁ တင်းကို ၆ ထောင်လောက်ပဲရှိတယ်လို့ပြောတယ်။ အငယ်ဆုံးကောင်ရဲ့ မင်္ဂလာဆောင်ဖိတ်စာအတွက်လည်း စီစဉ်ဖို့ပြောတယ်။ သားဦးဇင်းအကြောင်းလည်းပါတယ်။ တီဗွီသတင်းကြည့်ရင်း ထိုင်းမှာ မြန်မာတွေနဲ့ထိုင်းတွေ ပြဿနာ ဖြစ်တဲ့အကြောင်းလည်း တွေ့လို့ မေးပြီး စိတ်ပူတယ်ပြောသေးတယ်။ ကိုယ်နေတဲ့ နေရာဘက်မှာ ပုံမှန်ပဲမို့ စိတ်မပူဖို့ပြောရသေးတယ်။ အမေကတော့ မိန်းမသားပီပီ ရွာမှာ သူကြုံရ ကြားရ သိရတာတွေကို ပြန်ပြောပြတယ်။ ကိုယ်နဲ့ဖုန်းဆက်တိုင်း မိသားစုအရေးရော ဆွေမျိုးသားချင်းအရေး အဖိုးဆုံးသွားတော့ ကျန်ခဲ့တဲ့အဖွားအကြောင်း လည်းပါတယ်။ သားသမီးတွေက အနားမှာ တယောက်မှမရှိတော့ ကိုယ်ဖုန်းဆက်တဲ့အခါတိုင်း သူ့မှာ ရင်ဖွင့်စရာရတယ်လို့ထင်ပုံရတယ်။ ကိုယ့်မှာလည်း အမေ့အသံ အဖေ့အသံ ကြားရရင် ဖုန်းဆက်ပြီးတဲ့အခါတိုင်း အားအင်ပြည့်နေသလိုမျိုး ခံစားရတယ်။ ဘာတွေပဲဖြစ်နေဖြစ်နေ အဖေနဲ့အမေ့အသံကို ဖုန်းထဲက ကြားလိုက်ပြီးတာနဲ့ စိတ်ထဲမှာပေါ့ပါးပြီး အားအင်ပြည့်နေတာ။ အဲဒါကြောင့် ဖုန်းဆက်တဲ့အခါတိုင်း နာရီဝက် လေးဆယ့်ငါးမိနစ်တော့ အချိန်ပေးနားထောင်တယ်။ ဒီနေ့လည်း အမေက ဇီးပင်အောက်မှာထိုင်ရင်း ကိုယ်က အလုပ်ကဝရံတာမှာထိုင်ရင်း သားအမိနှစ်ယောက် စကားပြောဖြစ်ကြတယ်။ လူက ဝရံတာမှာဆိုပေမဲ့ စိတ်ကတော့ အမေနဲ့အတူ ဇီးသီးကောက်ရင်း ပြောနေတာလို့ ခံစားရတယ်။ အမေ ပြောချင်တာအားလုံးနားထောင် ပြီးတော့ ဖုန်းဘေလ်လည်း အချက်ပြတာမို့ အမေနဲ့စကားလက်စဖြတ်ပြီး ဖုန်းချလိုက်တယ်။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကလိုပဲ အမေနဲ့ ယာတောကိုအတူသွားခဲ့ဖူးတာကို သတိရနေမိတယ်။
ပဲစင်းငုံရိုးကျွတ်ခင်းနဲ့ တောင်တန်းတွေ တချို့အပင်တွေက အရွက်သစ်ထွက်နေကြပြီ ဒီပုံလေးတွေ မြင်ရတော့ အညာကိုပိုလွမ်းသလို ရွာကိုပြန်ချင်စိတ်လည်း ပိုဖြစ်မိတယ်။ တနေ့တော့ ဒီမြေဒီရေမှာ ခြေပြန်ချခွင် ရချင်ပါတမိပါတယ်။
(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။ အညာသားဆီကို လာရောက် လည်ပတ်ရင်းနဲ့ ခဏတာ စိတ်အပန်းပြေပြီး ကြည်နူးချမ်းမြေ့ကြပါစေ။ လာရောလည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တပိုတွဲလဆန်း (၇) ရက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ စနေနေ့။
No comments:
Post a Comment