Pages

Wednesday, November 5, 2025

စံပယ်တအိုး ပျိုးထားတယ်

 


အညာသားက စံပယ်ပန်းကိုသဘောကျတယ်။ ရေနွေးသောက်တဲ့ လဘက်ခြောက်ကိုတောင် စံပယ်ပန်းနံ့ပါတဲ့ လဘက်ခြောက်ပဲဝယ်သောက်တာ။ အရင်တုန်းက လဘက်ခြောက် ရိုးရိုးပဲ ဘာအနံ့မှမထည့်ဘဲ သောက်တာ၊ စံပယ်ပန်း လဘက်ခြောက် သောက်ဖူးသွားတော့ သူ့ရဲ့အနံ့ကို သဘောကျတာနဲ့ စံပယ်ပန်းလဘက်ခြောက်ရေနွေးကို စွဲသောက်ဖြစ်သွားတာ နှစ်အတော်ကြာခဲ့ပြီ။ ဒီအပင်လေးကတော့ ပြီးခဲ့တဲ့ ၈ လပိုင်း ကျောင်းထဲမှာလုပ်တဲ့ စိုက်ပျိုးရေးဈေးပွဲတော်က ဝယ်စိုက်ထားတဲ့ အပင်က ပထမဆုံးအပွင့် ပွင့်လာတာပါ။ အပင်ချစ်သူမို့ ပွဲဈေးမှာမြင်သမျှအပင်တွေအကုန်လိုချင်တာ စိတ်ကိုမနည်းထိန်းခဲ့ရတယ်။ စိတ်ထိန်းတဲ့ကြားကပဲ အိုးနဲ့ထည့်စိုက်လို့ရပြီး နေရာသိပ်မယူတဲ့အပင်လေးတွေ စိတ်အဆာပြေဝယ်ဖြစ်တယ်။ ဒီပုံထဲကအပင်ကိုတော့ အညာသားတို့ရွာဘက်မှာ ကြက်ရုံးပင်လို့ ခေါ်ကြတယ်။ သူ့အပွင့်လွှာကပါးတယ်။ ပွဲဈေးမှာပဲ စံပယ်ပင်လည်းတွေ့လို့ တပင်ဝယ်စိုက်ထားသေးတယ်။ သူကတော့ ဝယ်တုန်းကပါလာတဲ့ အဖူးလေးကပွင့်ပြီး နောက်ထပ် အသစ်မပွင့်သေးဘူး။ အဲဒီစံပယ်ပန်းက ပွင့်လွှာတွေများပြီး အပွင့်လည်းကြီးတယ်။ အနံ့ကလည်း ကျနော်တို့ခေါ်တဲ့ ကြက်ရုံးပန်းရနံ့နဲ့ မတူဘူး မွှေးတာကတော့ မွှေးပါတယ် အနံ့ချင်းနည်းနည်းကွာတာလေးပဲ။ အပွင့်ကတော့ ပွင့်လွှာထူထူနဲ့မို့ တော်တော်လေးလှတယ်။ သစ်ခွပန်းကတော့ အနံ့မရပေမဲ့ အပင်မှာပွင့်နေတဲ့ သူ့အလှနဲ့ ကြည့်သူကို ပျော်ရွှင်စေတာပေါ့။ စံပယ်ပန်းကတော့ အလှရော ရနံ့ပါပေးပြီး ကြည့်သူကို ပျော်ရွှင်စေတယ်။ ညနေပိုင်းမှာပွင့်တာမို့ ညပိုင်းဘုရားဝေယျာဝစ္စပြုချိန် သောက်တော်ရေကပ်၊ ဘုရားပန်းရေလဲပြီဆို စံပယ်နံ့လေးရတာနဲ့ ‌ဪ စံပယ်ပန်းပွင့်နေပြီ ဘုရားလှူအုံးမှပဲဆိုတဲ့ စိတ်ကချက်ချင်းဖြစ်တယ်။ ဒီတခါတော့ သိပ်လှပြီး မွှေးတဲ့စံပယ်ပန်းလေးတွေကို မခူးရက်လို့ ပန်းအိုးလိုက် ဘုရားကျောင်းဆောင်ပေါ်တင်ပြီး လှူလိုက်တယ်။ ကိုယ်တိုင်စိုက်တဲ့ပန်းကို မြတ်စွာဘုရားရှင်အားရည်မှန်းပြီးလှူဒါန်းရတဲ့အခါ ဖြစ်ရတဲ့ ပျော်ရွှင်မှုပီတိက ဘုရားရှိခိုးရင်း ကျောထဲကိုစိမ့်နေတာပဲ။ တညလုံး ဘုရားကျောင်းဆောင်မှာလှူထားတော့ သူ့ရဲ့ ရနံ့က အခန်းထဲမှာမွှေးနေတယ်။ အိပ်ရာပေါ်မှာ အိပ်ရင်းနဲ့ စံပယ်ပန်းရနံ့လေးပါရနေတာ။ အခန်းမှာ စိုက်ထားတဲ့ ပန်းပင်လေးတွေထဲက ဒီနှစ်မှ ဝယ်စိုက်တဲ့ နှင်းဆီပင်ကလည်း ဝယ်တုန်းကပါတဲ့ အရွက်တွေကြွေပြီး အခုအသစ်ထွက်တဲ့အရွက်တွေမှာ အဖူးလေ‌းတွေပါ ပါလာတယ်။ သူလည်းမကြာခင်ပွင့်တော့ မယ်ထင်တယ်။ ပန်းပွင့်တတ်တဲ့ အပင်ကိုစိုက်ပြီးရင် ပန်းပွင့်ချိန်ကိုမျှော်ရတာလည်း ရင်ခုန်စရာကောင်းတယ်။ ဒီနှစ်မှစိုက်တဲ့ သစ်ခွပင်လေးတွေ ကတော့ အပင်အသစ်ထွက်ပြီး ပွင့်ဖို့အားယူနေကြတုန်း။ နံနက်အိပ်ရာထလို့ နောက်ဖေးတံခါးဖွင့် လိုက်ချိန်မှာ စံပယ်နံ့လေးလည်းရ အပင်မှာပွင့်လက်စ သစ်ခွပန်းလေးကလည်းလှနဲ့ နံနက်ခင်းတိုင်းမှာမြင်ရတဲ့ မြင်ကွင်းက ကြည်နူးစရာပါ။ 

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အညာသားတင်တဲ့ ပို့စ်လေးတွေကြည့်ပြီး ခဏတာပဲဖြစ်ဖြစ် စိတ်ကြည်နူးမှုရကြပါစေ။ လာရောက် လည်ပတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်၊ ဗုဒ္ဓဟူးနေ့။

No comments:

Post a Comment