ကျနော်တို့ငယ်ငယ်က နည်းပညာဖွံ့ဖြိုးမှုတွေ အခုခေတ်လောက် မမြန်သေးတော့ တော်တော်များများက ကိုယ့်နီးစပ်ရာပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေနဲ့ပဲ ရင်းနီးကျွမ်းဝင်ခဲ့ကြရတယ်။ အချိန်ကာလကလည်း ၁၉၉၀-၂၀၀၀ ကြားကာလ စစ်အာဏာရှင်လက်အောက်မှာဆိုတော့ အရာအားလုံးဟာ မျက်စိပိတ်နားပိတ်နဲ့နေခဲ့ကြရတာပေါ့။ကျေးလက်တောရွာတွေမှာတော့ နည်းပညာဆိုတာက ဘာမှန်းကိုမသိလောက်အောင် နိမ့်ကျခဲ့ကြတယ်။ ခုခေတ်လို ဖုန်းတို့ စလောင်းတို့ ဆိုင်ကယ်တို့၊ ကားတို့ဆိုတာ ဝေလာဝေး၊ ရွာကိုဆည်မြောင်းကအဖွဲ့တွေ ဆည်တုပ်ဖို့လာကြည့်တဲ့ ထွန်စက်နဲ့ထွေလာကို ရွာဘုန်းကြီးကျောင်းမှာ တိုးဝှေ့ပြီးကြည့်ခဲ့ကြရတယ်။ တရွာလုံးမှာမှ အဖြူအမည်းရုပ်မြင်သံကြားစက် ၁ လုံးနဲ့ ဓာတ်ခဲထည့်ဖွင့်ရတဲ့ရေဒီယို၊ ကက်ဆက် ပိုင်တဲ့အိမ်က သုံးလေးအိမ်လောက်ပဲရှိတာ။ သူတို့တွေကလည်း သဘောကောင်းကြပါတယ် အနီးအနားအိမ်တွေတတ်နိုင်သမျှကြားရအောင် အသံကိုဂိတ်ဆုံး တင်ပြီးဖွင့် ပေးကြတယ်။ အဲဒီတုန်းက ကျနော်တို့လည်း မူလတန်းကျောင်းသားအရွယ် ညညဆို ကက်ဆက်နဲ့ဇာတ်လမ်းဖွင့်တဲ့ အိမ်ဘေး ခြံစည်းရိုးနားမှာ သွားထိုင်ပြီး အသံဇာတ်လမ်းတွေ နားထောင်ရတယ်။ တီဗွီရှိတဲ့အိမ်ကတော့ အိမ်အောက်ထပ်မှာ ထရံကာပြီး ပိုက်ဆံနဲ့ပြတာမို့ ကိုယ်တွေက ပိုက်ဆံမပေးနိုင်တော့ တီဗွီဆိုတာ ကြ့ရခဲတယ်ပေါ့။ အဲဒီတော့ အသံသွင်းဇာတ်လမ်းဖွင့်တဲ့ ကက်ဆက်ရှိတဲ့အိမ်ခြံစည်းရိုးဟာ ကိုယ်တွေအတွက် အပန်းဖြေရာနေရာလိုဖြစ်ခဲ့တယ်။ ဇာတ်လမ်းထဲ အသံသရုပ်ဆောင်သူတွေ ပြောတဲ့ဟာတွေကို နားထောင်ပြီး စိတ်ကူးနဲ့ပုံဖော်ကြည့်ရတာလည်း အရသာတခုပဲ။
အဲဒီတုန်းက လသာတဲ့ညတွေဟာ ကျနော်တို့အတွက်တော့ အဓိပ္ပာယ်ရှိတဲ့ ညတွေပဲ။ လသာညများဆို ရွာလယ်က ဦးကြီးတို့အိမ်တလင်းမှာ ကလေးတွေစုပြီးတော့ ထုပ်ဆီးတိုးတမ်းဆော့ကြတယ်။ တခါတလေလည်း ပုံတမ်း ဝှက်တမ်း ကစားကြတယ်။ သန်းခေါင်ကြက်တွန်တဲ့အချိန်လောက်ထိကို ဇွဲရှိရှိနဲ့ဆော့ကြတာ။ ဆော့နေရင်းနဲ့ ကက်ဆက်သံကြားပြီ ဆိုရင်တော့ အဲဒီအိမ်ရဲ့ ခြံစည်းရိုးဘေးမှာ အစုလိုက်သွားထိုင်ပြီး ဇာတ်လမ်းနားထောင်ကြတယ်။ နိုင်ငံရေး ဆိုတာလည်းနားမည် နည်းပညာဆိုတာလည်းမသိ ကလေးဘဝ ကျောင်းသွားဆို ကျောင်းသွားမယ် အိမ်ပြန်ရောက်ရင် ကစားမယ်၊ စားမယ် အိပ်မယ် ဒီလောက်ပဲပေါ့။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ငယ်ဘဝတွေဟာ နည်းပညာလွှမ်းမိုးမှုမှ ရာနှုန်းပြည့်မဟုတ်တောင် ၉၇ ရာခိုင်နှုန်းလောက်တော့ လွတ်ကင်းခဲ့တယ်လို့ ဆိုနိုင်တယ်။ သစ်ရွက်တွေကြွေပြီးတဲ့ နွေဦးကာလဆို ရွာအစွန်အိမ်တွေကနေ လှမ်းမျှော် ကြည့်ရင် မြင်ရတဲ့ ကျောက်ပန်းတောင်းမိတ္ထီလာ ကားလမ်းတလျှောက် တခါတခါ ဖြတ်သွားတတ်တဲ့ ကားတွေကို မြင်ရရင်ကို မျက်စိမြင်ကွင်းကပျောက်တဲ့အထိကြည့်တတ်တာမျိုး။ အမြင့်ပေ ထောင်သောင်းကျော်မှာ ပျံသန်းနေတဲ့ လေယာဉ်ပျံသံကြားရင် လေယာဉ်ပျံကို ခေါင်းမော့ပြီး ဇက်ညောင်းအောင် လိုက်ရှာကြည့်ခဲ့ကြရတယ်ဆိုရင် ခုခေတ်လူငယ်တွေကတော့ ရယ်ကြမှာပဲ။ ကျေးလက်မှာကြီးပြင်းခဲ့ရတဲ့ ကျနော်တို့ မျိုးဆက်ဟာ အဲဒီလိုကာလတွေကို ဖြတ်သန်းခဲ့ကြရတာတော့ အမှန်ပါပဲ။
ရွာမှာ လွယ်လွယ်ကူကူ စီးစရာဆိုလို့ နွားလှည်းသာရှိတယ်။ မြို့ကိုသွားချင်ရင် ကားလမ်းရှိတဲ့ဆီကို နာရီဝက် ၄၅ မိနစ်လောက် ခြေလျင်လျှောက်ကြရတာ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ် ဖြစ်လို့ လူနာက လှည်းတင်လို့မရရင် စောင်ကိုပုခက်လုပ်ပြီး လူနာတင် ယောကျာ်းသားတွေ ရှေ့နောက် တလှည့်စီဝိုင်းထမ်းပြီး ကားလမ်းရှိရာကိုသွားကြရတာ၊ တခါတလေလည်း တိုက်နယ်ဆေးရုံရှိတဲ့ဆီအရောက်ထမ်းကြတာပေါ့။ အချိန်မမီလို့ လမ်းမှာတင် အသက်ပျောက်ကြရတဲ့ လူနာတွေလည်း မနည်းပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက ခုခေတ်လောက် ရောဂါလည်း သိပ်ပြီးထူပြောဟန်မတူပါဘူး။ သာမန် နှာစေး ချောင်းဆိုး ဖျားတာလောက်တော့ ဆေးမြီးတိုလောက်နဲ့ပဲ သက်သာပျောက်ကင်းသွားကြတာများတယ်။ တောသူတောင်သားတွေမို့ စိုက်ပျိုးချိန်ဆို လယ်ထဲယာထဲဆင်း ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းချိန်ဆို ခူးဆွတ်ရိတ်သိမ်းနဲ့ ဆယ်နှစ်ရာသီပတ်လုံး အေးအေးလူလူ နားရတယ်မရှိ လှုပ်ရှားနေကြရလို့ ရောဂါကင်းတာလည်းဖြစ်နိုင်တယ်။
အစားအစာဆိုလည်း တကယ့်ကိုယ့်လယ်ယာထွက်အသီးအရွက်ပဲဒိုင်ခံပြီး စားကြရတာ။ အသားငါးဆိုတာ တခါတလေ အလှူအတန်းရှိမှ၊ ဧည့်သည်လာတဲ့အခါမှသာ လျှာပေါ်တင်ခွင့်ရကြတာ။ ကြက်ဥတို့ ငါးပိကောင် (ငါးခြောက်) တို့တောင် ထမင်းနပ်တိုင်းမပါဘူး။ ချဉ်ပေါင်ရွက်ပေါ်ချိန်ကစလိုက်တာ နောက်ဆုံး ချဉ်ပေါင်သီးခြောက်အထိ၊ ဖရုံရွက်ဆိုလည်း မသီးခင်အရွက် အဖူးအပွင့်ဟင်း သီးပြန်တော့ ဖရုံသီးဟင်း၊ ရာသီအလိုက် ပေ်တဲ့ မန်ကျည်းရွက် မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ သရက်သီးဆိုလည်း အစိမ်း၊ အမှည့်၊ သရက်ချဉ်၊ သရက်သီးခြောက် အဲလိုမျိုထိမုန်းအောင်စားကြရတာ။ မိုးရာသီကတော့ အသီးအရွက်အပေါဆုံးပေါ့။ သဘာဝက ပေးတဲ့ မှိုတို့ မျှစ်တို့လည်း စားရတယ်။ အဲဒီ မှိုတို့မျှစ်တို့ကိုတောင် နွေနဲ့ဆောင်းစာအတွက် အချဉ်တည် အခြောက်လှန်းပြီး သိုလှောင် ကြရသေးတယ်။ ဆိုတော့ အစားအစာဆိုလည်း မိရိုဖလာအစဉ်အလာအတိုင်းပဲ စားသောက်ခဲ့ကြရတာမို့ အရွယ်ရောက်လို့ မြို့ဆီကို တောင်ပံဖြန့်တဲ့အခါ မြို့နေလူတန်းစားတွေရဲ့ အပြုအမူ အသုံးအဆောင် အစားအသောက်တွေက ကျေးလက်တောသားတွေအတွက်တော့ အထူးအဆန်းတွေချည်းပဲပေါ့။ ဒါကြောင့်လည်း "တောသားမြို့ရောက်" ဆိုတဲ့စကားရှိခဲ့တာထင်ပါရဲ့။
မှတ်မှတ်ရရ ကျနော်တို့ ငယ်ငယ်တုန်းကဆို ရွာမှာ မုန့်ဟင်းခါးကို အမြဲတမ်းမစားရဘူး။ တခါတလေ တခြားရွာကလာရောင်းမှ ဝယ်စားရတာ။ ရွာထဲမှာမုန့်ဟင်းခါးလုပ်ရောင်းတဲ့ တအိမ်ရှိတယ်၊ သူကလည်းအမြဲတမ်းတဟုတ်ဘူး။ အဆင်ပြေတဲ့အခါ လုပ်ရောင်းတာဆိုတော့ ဘေးရွာကလာရောင်းတဲ့ မုန့်ဟင်းခါးသည်ဆီမှာပဲ ဝယ်စားကြရတယ်။ တောမုန့်ဟင်းခါးဆိုတော့ မြို့မှာဆို အဆာပလာစုံအောင်မပါဘူးပေါ့။ ကုလားပဲပေါတဲ့ဒေသမို့ ကုလားပဲမှုန့်ကို မပျစ်မကျဲ အရည်ကျိုထားတာ။ သူ့မုန့်ဟင်းခါးထမ်းထောင်းထဲကြည့်လိုက်ရင် တဖက်မှာ ပဲမှုန့် ဟင်းရည်အိုး၊ တဖက်မှာ မုန့်ဖတ်၊ ဆီချက်၊ ငံပြာရည်ပုလင်း၊ အပိတ်မှာအပေါက်လေး သေးသေးဖောက်ထားတဲ့ ဟင်းချိုမှုန့်ပုလင်းသေးသေး၊ ငရုတ်သီးမှုန့် ဒီလောက်ပဲ။ ရွာထဲဝင်တာနဲ့ သူထိုင်နေကျ အိမ်ကိုပဲသွားတာ၊ တရွာလုံးမှ ၄ အိမ်လောက်ပဲ ထိုင်တာနဲ့ သူ့မုန့်ဟင်းခါးက တရွာလုံးနှံ့တယ်ပေါ့။ မုန့်ဟင်းခါးသည်လာတယ်ဆိုတာနဲ့ အိမ်ရှင်က အသံပြုလိုက်ရင် အနီးအနားက မုန့်ဝယ်ချင်တဲ့သူက မုန့်ထည့်ဖို့ ပန်းကန်ယူလာပြီး မုန့်ဟင်းခါးသည်ဘယ်လောက်ဖိုး တပွဲပေးပါဆို မုန့်ဖတ်ကို လက်နဲ့ချိန်ဆထည့် အပေါက်ပါတဲ့ ဝါးဆစ်ကို ပုလင်းပေါက်နဲ့ အနေတော် ဖြစ်အောင်ဖြတ်ပြီး ပိတ်ထားတဲ့ ငံပြာရည်ပုလင်းကို ၃ ချက်လောက်လှုပ်ချလိုက်ရင် တပွဲစာအတွက် ငံပြာရည်ကအသင့်ပဲ၊ ဟင်းချိုမှုန့်ဘူးကိုလည်း လှုပ်ချလိုက်ရင် အပေါက်သေးသေးလေးက နည်းနည်းထွက်ကျ အဲဒါကလည်း တချို့စားတဲ့သူမှထည့်ပေးတာ အများစုက ဟင်းချိုမှုန့်မစားကြဘူး။ အဲဒီနောက်မှာမှ အိမ်မှာ အစောထချက်လာတဲ့ ဟင်းရည်အိုးက ရောင်းတဲ့ဆီရောက်တော့ အေးနေပြီ။ ဟင်းရည်အိုးကို ဇွန်းကြီးနဲ့ မွှေခပ်ပြီး မုန့်ဖတ်နဲ့ငံပြာရည်ဆမ်းထားတဲ့အပေါ်လောင်းထည့် နောက်ဆုံးမှ ကြက်သွန်ဖြူဆီချက်အိုးထဲက ဇွန်းကိုမပြီး ဟင်းရည်ပေါ်မှ ဆီချက်လေးချပေးတာ။ အဲဒါ ကိုယ်မြင်နေကျ တောမုန့်ဟင်းခါးသည်ရဲ့ မုန့်ဟင်းခါး ပြင်နည်းပါပဲ။ အဲဒီပဲမှုန့်ဟင်းရည်နဲ့ပဲ မုန့်ဟင်းခါးကို စားခဲ့ဖူးတဲ့ ကျနော်တို့လျှာဟာ မြို့ကအဆာပလာစုံတဲ့ မုန့်ဟင်းခါးကို စပြီးစားရတုန်းက ထူးဆန်းနေခဲ့တာပါပဲ။ ကိုယ်နဲ့ရင်းနီးကျွမ်းဝင်နေတဲ့ အပြင်အဆင်နဲ့ အရသာ မဟုတ်ဘူးလေ။ အဲဒီလိုမုန့်ဟင်းခါတပွဲဝယ်ပြီးရင် ကျနော်တို့မှာက မိသားစုဝင်များတော့ တယောက်တပွဲ ဝယ်မကျွေးနိုင်ဘူး။ မုန့်ဟင်းခါး တပွဲဝယ် အိမ်ရောက်ရင် အမေက ညကကျန်တဲ့ ထမင်းကြမ်းနဲ့ရောမွှေပြီး ညီအစ်ကို တတွေကို ခွဲဝေကျွေးတာ။ အဲဒီအချိန်တုန်းကတော့ မုန့်ဟင်းခါးနဲ့ထမင်းကြမ်းရောနယ်ထားတဲ့ နံနက်စာဟာ အရသာ အရှိဆုံးပါပဲ။ မြို့ပေါ်ကို ရောက်လို့ အဆာပလာအစုံနဲ့ မြို့ကမုန့်ဟင်းခါးတွေစားရတဲ့အခါ ပဲမှုန့်ဟင်းရည်ကျဲကျဲနဲ့ ငံပြာရည် ဆီချက်ပါလေကာနဲ့ မုန့်ဟင်းခါးကို ထမင်းကြမ်းနဲ့ရောနယ်စားဖူးတဲ့ ကျနော်တို့ လျှာဟာ မြို့မုန့်ဟင်းခါးရဲ့ အထိအတွေ့နုနုရွရွကို ချက်ချင်းအရသာမခံတတ်တာ သိပ်တော့ မထူးဆန်းပါဘူးလေ။ အခုတော့ နှစ်တွေလည်းကြာခဲ့ပြီ....မုန့်ဟင်းခါးတွေလည်း အမည်အမျိုးမျိူး တံဆိပ်အမျိုးမျိုးနဲ့ ပေါချင်းသောချင်း စားလို့ရနေပါပြီ။ ဒါပေမဲ့လေ ကျနော်ကတော့ ငယ်ငယ်တုန်းက အမေ့အိမ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးနဲ့ထမင်းကြမ်း နံနက်စာကို လွမ်းနေတုန်း သတိရနေတုန်းပါပဲ။
မူလတန်းကျောင်းသားဘဝတုန်းကဆိုလည်း ကျောင်းမုန့်ဆိုင်မရှိသလို မုန့်ဖိုးရယ်လို့လည်း ရဖူးတာမရှိဘူး။ တောင်ဘက်ရွာက တပတ်တခါလာရောင်းတဲ့ မုန့်သည် ကြီးမိညိုဆီကပဲ ဝယ်စားကြတယ်။ သူကလည်း မုန့်ဟင်းခါးသည်လိုပဲ တရွာလုံးမှ ၄ နေရာလောက်ပဲထိုင်တာ။ ဝယ်တဲ့သူက အချိန်ကိုကြည့်ပြီး ကြီးမိညို ဘယ်အိမ်ရောက်နေပြီဆိုတာကို ခန့်မှန်းသွားဝယ်လို့ရတယ်။ ကျနော် မှတ်မိသလောက်တော့ ငါးပြားဆယ်ပြားခေတ် ကတည်းက ရောင်းခဲ့တယ်လို့ပြောတာပဲ၊ ကျနော်တို့ သူ့ဆီမှာဝယ်စားတော့ အနည်းဆုံးက ငါးမူး တကျပ်ပေးရပြီ၊ သူက ကျောက်ပန်းတောင်းမြို့ပေါ်ကိုတက်ပြီး ဈေးဝယ်၊ သူ့ရွာမှာပြန်ရောင်းပြီး ကျနော်တို့ရွာကို လာရောင်းတာ။ သူ့ထမ်းတောင်းကလည်း တဖက်မှာ ကလေးကြိုက် မုန့်ပဲသွားရည်စာ၊ တဖက်မှာတော့ လူကြီးကြိုက် လဘက်ပဲကြော်၊ ချင်းပေါက်၊ ငါးပိ၊ ကြက်သွန်ဖြူ တခါသုံးထုပ်ထားတာလေးတွေ။ တောင်းပေါ်မှာ ဆန်ကောတင် အဲဒီဆန်ကောထဲကို ရောင်းမည့်မုန့်ပဲသွားရည်စာထည့် အောက်ကတောင်းထဲမှာတော အပိုတွေ ထားတာပေါ့။ ဆန်ကောထဲကကုန်ရင် ဆန်ကောကိုမပြီး တောင်းထဲကအပိုထားတဲ့ဟာ ဆန်ကောပေါ် ပြန်တင် အဲဒီလိုမျိုး ရောင်းတာ။ သူက ထိုင်နေကျအိမ်ရောက်တာနဲ့ ထမ်းတောင်းချပြီး အိမ်ရှင်နဲ့ စကားပြောတော့တာပဲ။ သူ့ဈေးတောင်းထဲက လဘက်နဲ့ပဲကြော် ချင်းပေါက်ကို နည်းနည်းစီနှိုက်ပြီး အမြည်းထည့်တဲ့ ဘက်ခြုပ်ထဲထည့်တာက တော့ စတည်းချတဲ့အိမ်တိုင်းမှာလုပ်တဲ့ သူ့အကျင့်ပေါ့။ ဈေးတောင်းချပြီးတာ ဝယ်တဲ့သူက ကိုယ်ကြိုက်တာယူ ပိုက်ဆံပေးမှ သူ့ဆီပေးရုံပဲ။ ရောင်းသူနဲ့ဝယ်သူယုံကြည်မှုနဲ့ဆက်ဆံကြတာဆိုတော့ ဘယ်နှစ်ခုယူတယ်တောင် သိပ်ပြီးစစ်မနေဘူးရယ်။ ဘယ်လောက်ပြန်အမ်းရမယ်ဆို သူ့ပိုက်ဆံထည့်တဲ့ နို့မှန့်ဘူးခွံလေးဖွင့်ပြီး ပြန်အမ်းလိုက်တာပဲ။ ဝယ်တဲ့သူကလည်း ပိုမယူလို လိုပြီးလည်းမပေဘူး။ သူကတော့ မြို့ပေါ်လည်း မကြာခဏရောက်တော့ သူဆီကပဲ မြို့ကသတင်းလည်းကြားရတာများတယ်။ ရွာအတွက်တော့ သူကမုန့်ဈေးသည်တင်မဟုတ်ဘူး သတင်းသည်လည်းဖြစ်တယ်။ ခုကာလလို တယ်လီဖုန်းခေတ် ဖေ့စ်ဘွတ်ခေတ် မဟုတ်တော့ သူ့ရွာကိုလူကြုံပါးချင်ရင်လည်းသူနဲ့မှာလိုက် ကိုယ့်ရွာကို မှာချင်တယ်ဆိုလည်း သူနဲ့တဆင့်မှာလိုက်နဲ့ ကြီးမိညိုဟာ စာပို့စာယူသမားလည်း ဖြစ်ပြန်တယ်။ အလာတုန်းက တထမ်းအပြည့်ပါလာတာလည်း ညနေစောင်းလို့ နေဝင်ခါနီး ရွာကပြန်ထွက်ရင် တောင်းခွံပဲကျန်တယ်။ တရွာနဲ့တရွာသိပ်မဝေးတော့ သူက ညနေ နေဝင်ခါနီးမှ သူ့ရွာကိုပြန်တာ။ သူပြန်ပြီဆို ကျနော်တို့က ညနေပိုင်း ရွာတောင်ဘက်ချောင်းမှာ ရေခပ်ဆင်းတဲ့အချိန်ပေါ့၊ ထမီကို ဒူးထိအောင်ဝတ်ထမ်းတောင်းကိုထမ်းပြီး သုတ်သုတ်ပြာပြာနဲ့ ရေခပ်လမ်းမှာမြင်နေကျ သူအိမ်ကိုပြန်တဲ့ပုံစံကို အခုဒီပို့စ်ရေးတဲ့အထိတောင် မျက်စိထဲမှာ မြင်ယောင်မိနေတယ်။ အဲဒီအချိန်တုန်းက ကြီးမိညိုလို့ဆိုလိုက်ရင် ကလေးကစ အဖိုးအဖွားအထိ အကုန်သိတယ်။ သူ့မှာသား တယောက်ရှိတယ်၊ စားနိုင်သောက်နိုင်ထဲကပေါ့။ ဒါပေမဲ့ သူကဈေးရောင်းတာကို ဝါသနာပါလို့ကို ရောင်းတယ်လို့ပြောကြတယ်။
မြို့ပေါ်က ကလေး စားစရာ သွားရည်စာမုန့်ဆိုတာလေးတွေဟာ ကြီးမိညိုကြောင့်သာ ကျတော်တို့ တောကကလေးတွေနဲ့ ထိတွေ့ခွင့်ရကြတာ။ ကျနော် မှတ်မိသလောက် သူ့ဈေးတောင်းကို ပြန်မြင်ယောင်ကြည့်တဲ့တော့ အဲဒီတုန်းက မုန့်ပဲသွားရည်စာလေးတွေဖြစ်တဲ့ မုန့်ကြိုးလိမ်၊ ဇီးပေါင်းထုပ်၊ သွားရေကွင်းပါတဲ့ ချိုချဉ်လေးတွေ၊ မင်းသားမင်းသမီးရုပ်ပါတဲ့ ဇီးပြား၊ စားလေးခွေ၊ အုန်းကပ်စေး၊ ရောင်စုံဂျယ်လီ၊ သကြားနဲ့နို့ခရင်ရောသုတ်ထားတဲ့ ပေါင်မုန့် (ချန်ပီယံကိတ်မုန့်လို့ ခေါ်ကြတယ်)၊ ကိတ်မုန့်လေးတွေ၊ သဇင် ဘီစကစ် (သဇင်ပန်းပုံလေးနဲ့) က မပါမဖြစ်၊ အဲဒီအချိန်က လူမမာစာလိုကိုဖြစ်နေတာ။ လူကြီးကြိုက်တွေထဲမှာတော့ လဘက်၊ ပဲကြော်၊ မြေပဲကြော်၊ ချင်းပေါက်၊ လဘက်ချဉ်၊ ကြက်သွန်ဖြူဥသေး ၃ ဥလောက်ကို အိတ်လေးတွေနဲ့ ထည့်ထုပ်ပြီးတွဲထားတာ၊ ငါးပိကောင်ကိုလည်း အကောင်သေးသေးလေးတွေ လေးငါးကောင်လောက် တထုပ်ထုပ်ပြီး တွဲထားတာ။ နောက်တခု မှတ်မိတာက သူ့ရဲ့ အလေးတောင်းလေးနဲ့ ချိန်ခွင်ပေါ့။ အလေးတောင်းမှာက ဟင်္သာရုပ်အလေးလေးတွေ နေရှင်နယ်တဆိပ်ဓာတ်ခဲဟောင်လေးတွေ တိုင်ကပ်နာရီထဲ ထည့်တဲ့ဓာတ်ခဲဟောင်းလေးတွေပါတယ်။ ပစ္စည်းအပြည့်နဲ့ဆို သူ့ဈေးထမ်းတောင်းက တော်တော်လေးတယ်။ ယောကျာ်းမိန်းမ ပခုံးနဲ့ထမ်းပြီးသယ်ရတာကို အကျင့်ရနေကြတော့ တော်ရုံလေးတာလောက်ကို စားမဖွဲ့ကြတော့ဘူးပေါ့။ ကျနော်တို့ဆိုလည်း ချောင်းထဲမှရေ အိမ်ကိုပခုံးနဲ့ထမ်းပြီး သယ်ရတော့ ပခုံးတွေက အကျင့်ရနေတာမနာဘူး။ ဒါပေမဲ့ မြို့သွားကျောင်းတက် ကျောင်းပိတ်ပြီး ရွာပြန်ရောက်လို့ ရေထမ်းရင် ထမ်းပိုနဲ့ ၆ လလောက် ကင်းကွာနေတဲ့ ပခုံးတွေက စပြီးထမ်းတဲ့ရက်ကနေ သုံးလေးရက်လောက်ထိ နီရဲပြီးနာနေတတ်တယ်။ မြို့မှာ နေတဲ့အချိန် အသားရောင်လေး နည်းနည်းလတ်ပြီးနုနေတာက ရွာပြန်ရောက်လို့ ထမ်းပိုးကြမ်းနဲ့တွေ့တဲ့အခါ နီရဲလာတာပေါ့။ ခုတော့လည်း ပခုံးနဲ့ ရေထမ်းပုံးထမ်းပိုး ကင်းကွာနေတာ ဆယ်စုနှစ် ၂ ခုလောက်ကြာခဲ့ပါပြီ။ ရွာကလူတွေလည်း အမြင်တွေကျယ်ပြီး ရွာမြောက်ဘက် သဘာဝရေထွက်မှ ရေကို ရွာဦးဘုန်းကြီးကျောင်းအရောက် ပိုက်နဲ့သွယ်ထားလို့ အိမ်တိုင်းမှာ ရေပိုက်ကိုယ်စီနဲ့မို့ ချောင်းထဲဆင်းပြီးရေထမ်းသူတောင် သိပ်မရှိကြတော့ဘူးလို့ အမေကပြောတယ်။ ရွာကိုပြန်ရောက်မယ်ဆိုရင်တော့ ငယ်ဘဝအလွမ်းပြေ ငယ်ငယ်ကဖြတ်သန်းခဲ့ရတဲ့အတိုင်း တချို့အရာတွေကို ပြန်လုပ်ကြည့်ချင်သေးတယ်။
ရေးမယ်ဆိုရင်တော့ အများကြီးပါပဲ။ အစဖော် လိုက်တော့ အကြောင်းအရာတွေက အစီအရီပေါ်လာတာ ရေးရင်းနဲ့ ရွာကိုပြန်ချင်စိတ်က တဖွားဖွားဖြစ်နေတာပဲ။ ကျန်တာတွေကိုတော့ နောက်ပို့စ်မှပဲ ဆက်ရေးတော့မယ်ဗျာ။
ဒီပုံကတော့ ငယ်ဘဝကိုသတိရလို့ မုန့်ဟင်းခါဟင်းရည်နဲ့ထမင်းကို ရောနယ်ပြီးစားထားတာပါ အရသာက စားလို့ကောင်းပေမဲ့ တယောက်တည်းဆိုတော့ ငယ်ငယ်က အမေ့အိမ်မှာ ညီအစ်ကိုတတွေနဲ့စားခဲ့ရတာလောက်တော့ မမြိန်ဘူးပေါ့....။
(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ အညာသားဆီ လာလည်ရင်း အညာသား တင်တဲ့ပို့စ်လေးတွေမှ ခဏတာပဲဖြစ်ဖြစ် စိတ်ငြိမ်းချမ်းပျော်ရွှင်မှုရကြပါစေ။
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၅) ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ တနင်္ဂနွေနေ့

No comments:
Post a Comment