Pages

Tuesday, November 3, 2026

အညာပြောင်းဖူးဟင်းချို

 


အညာသားကိုယ်တိုင်လုပ်ထားတဲ့ မျှစ်ဆတ်နဲ့ချက်ထားတဲ့ပြောင်းဖူးဟင်းချိုပါ

ဒီဟင်းက ကျုပ်တို့အညာဘက်မှာ မိုးတွင်းကာလ ပြောင်းဖူးပေါ်ချိန်ဆိုရင် အိမ်တိုင်းချက်စားလေ့ရှိတဲ့ ဟင်းချိုတခွက်ပေါ့။ အညာကပြောင်းဖူးတွေကအသားအနှစ်ပါတဲ့ချိုချိုစေးစေး ပြောင်းဖူးမျိုးတွေမို့ နို့ရည်မခမ်းခင်မှာ ဟင်းချိုချက်စားစား၊ ပါးပါးလှီးငရုတ်ဆုံနဲ့ညက်အောင်ထောင်းပြီး ပြောင်းဖူးကြော်ကြော်၊ ပြောင်းဖူးမနှဲထိုးစားစား အလွန်အရသာရှိတယ်။ ဒီပြောင်းဖူးဟင်းချိုကတော့ ချက်ရတာအလွယ်ဆုံးပေါ့။ အရင်ဆုံး မီးဖိုပေါ်မှာ ဟင်းရည်အိုးကိုဆား၊ ငါးပိ ကြက်သွန်နီထည့် ဆီလေးတပေါက်နှစ်ပေါက်လောက်အစက်ချပြီး၊ မျှစ်ရေစိမ်ကျလေး ထွန်သွားတိုနဲ့ခပ်ဆတ်ဆတ်လေးထု ရေဆေးထည့်ပြီး ရေကျနေအောင်တည်ထား၊ နို့ရည်မခမ်းသေးတဲ့ပြောင်းဖူးအနေတော် သုံးဖူးလောက်ကို အခွံနွှာအမွေးတွေပြောင်အောင်ဖယ်ပြီး ဓားနဲ့ပါးပါးလှီးငရုတ်ဆုံနဲ့ထောင်း တချို့လည်း ငရုတ်ဆုံက ငရုတ်သီးစပ်တတ်လို့ နို့ဆီဗူးထဲထည့်ထောင်းကြတယ်။ ဖရုံညွှန့်ခေါင်ချထားတာလေးတွေကို သင်ထား၊ အိမ်ကယာထွန်သွားတဲ့သူတွေ ထွန်ဖြုတ်ပြန်လာချိန်လောက်ကျမှ ဟင်းရည်အိုးထဲ ထောင်းထားတဲ့ပြောင်းဖူးထည့် ဖရုံရွက် ရုံးပတီသီး ပီလောစတဲ့ အသီးအရွက်လေးတွေပါရောထည့်မွှေပြီး ခဏနေတော့ မီးဖိုပေါ်မှချပြီးဘေးနားမှာ ကပ်ထား။ ထွန်းရှဉ်းဖြုတ်လို့ ခဏနားပြီး နေ့လယ်စာ စားမယ်ဆိုမှ ပူပူနွေးနွေး ပြောင်းဖူးဟင်းချိုလေးရယ်၊ မန်ကျည်းသီးစိမ်းငရုတ်သီးစပ်ထောင်းလေးရယ် ငါးပိကောင်ကြော်လေးရယ်နဲ့ဆို ချက်သမျှ ထမင်းရော ဟင်းရော အကုန်ပြောင်တာပဲ။ ပြောင်းဖူးဟင်းချို ချက်ရင် မန်ကျည်းသီး ထောင်းကမပါမဖြစ် အလိုက်ဖက်ဆုံးဟင်းစပ်လေးပေါ့။ ငါးပိကောင်ကတော့ တောရပ်ရွာမို့ ဆယ်ခါ့တခါပါခဲတယ်။ ကိုယ်ကာယခွန်အားကိုနွားနဲ့အတူဖက်ပြီးလှုပ်ရှားရုန်းကန်ရတော့လယ်ထွန်ယာထွန်ချိန်ဆိုရင် အသားငါးဟင်း မပါပေမဲ့ ရာသီစာဟင်းစပ်လေးတွေနဲ့တင် ထမင်းစားလို့အရမ်းကောင်းတာ။ 

ဒီဟင်းကတော့ ထိုင်းမှာပထမဆုံးချက်စားဖြစ်တဲ့ ပြောင်းဖူးဟင်းချိုပါ။ ရွာကိုသတိရတဲ့အခါ ငယ်ဘဝကို ပြန်အောက်မေ့မိတဲ့အခါမျိုးမှာ အကြောင်းတိုက်ဆိုက်လို့ အသီးအရွက်လေးတွေလည်း အဆင်သင့်ရရင် ချက်စား ဖြစ်တယ်။ မျှစ်ကိုလည်း အစိမ်းတွေ့ရင်ဝယ်ပြီး ကိုယ်တိုင် ၂ ညလောက် ဆန်ဆေးရည်နဲ့စိမ်ထားပြီး မျှစ်ဆတ် လုပ်၊ ပြောင်းဖူးကတော့ ဒီမှာ ထိုင်ဝမ်ပြောင်းဖူးပဲရတာများတယ်၊ တခါတရံတော့ ချိတ်ကြားပြောင်းဖူးလေးတွေ ရောင်းကြတယ်။ အဲဒီအခါကျတော့ အမယ်မစုံလို့ မချက်ဖြစ်။ ဒီဟင်းထဲက အရွက်စိမ်းစိမ်းကတော့ ကင်ပုံရွက်ပါ သူတို့က ကင်းပုံသီးမရောင်းပေမဲ့ ကင်းပုံရွက်တော့ ဟင်းချိုချက်တဲ့အထဲထည့်လို့ အရွက်ကိုအညွှန့်လေးတွေပါ တတောင်လောက်ဖြတ်ပြီးရောင်းတယ်။ ကိုယ်ကလည်း ဖရုံရွက်ရှာမရတော့ ကင်းပုံရွက်တွေ့တာနဲ့ ပြောင်းဖူး ဟင်းချိုထဲ ထည့်ချက်လိုက်တယ်။ အညာပြောင်းဖူးကိုမမီပေမဲ့ အညာအလွမ်းပြေလေးတော့ ဖြစ်ပါတယ်။ စားနေရင်းနဲ့ ငယ်ငယ်တုန်းက အိမ်မှာ အဖေအမေရယ်၊ ညီအစ်ကိုတတွေရယ်နဲ့ ပျော်ပေျာ်ပါးပါး ထမင်းလက်ဆုံစားခဲ့ရတာကို သတိရမိတယ်။ ခုတော့လည်း အားလုံးဟာ ငှက်များလိုပဲ အတောင်အလက်စုံလို့ အသိုက်အမြုံကိုစွန့်ခွာကြသလို ကျုပ်တို့တွေလည်း အဖေနဲ့အမေရဲ့ အသိုက်မြုံလေးကို ခွဲခွာပြီး တယောက်တနေရာစီရောက်ကုန်ကြပြီ။ ငယ်စဉ်တုန်းကလို စားပွဲဝိုင်းမှာအားလုံးစုံစုံညီညီနဲ့ထိုင်ပြီး အသားဟင်းတွေ ဆီပြန်ချက်တွေမဟုတ်ပေမဲ့ သူတဇွန်း ငါတဇွန်းနဲ့ ခပ်ယူပြီး ထမင်းမြိန်မြိိန်စားခဲ့ရချိန်တွေ ပြန်လိုချင်မိတယ်။ အထူးသဖြင့် ကျုပ်က အဖေအမေရဲ့ အသိုက်အမြုံနဲ့အဝေးဆုံးကို ရောက်နေရတာမို့ အဲဒီငယ်ဘဝအတွေ့အကြုံတွေကို အတမ်းတမိဆုံးပါပဲ။ ဘဝမှာဖြစ်ချင်တာတွေအကုန်မဖြစ်သေးပေမဲ့ ဖြစ်သင့်တာကိုလုပ်နေရင်းတဖြေးဖြေးဝေးလာခဲ့လိုက်တာ ဆယ်တန်းအောင်ပြီးကတည်းကပါပဲလေ။ အခုအချိန်တော့ အသက်အရွယ်လည်းရလာ လုပ်နေရတာတွေဟာလည်း မျက်စိ နှစ်လုံးမပိတ်ခင်လေး ဒီလောကကြီးထဲမှမထွက်ခွာခင်အချိန်လေးအတွက်ပဲလို့ တွေးမိလာတဲ့အခါ ကိုယ့်ဘဝ ပေါက်ဖွားခဲ့ရာအသိုက်အမြုံလေးဆီကို ပြန်လည်ခိုနားခွင့်ရရေးသာ ဦးစားပေးတွေးဖြစ်တော့တယ်။ 

ကိုယ့်ဘဝကံတရားရဲ့ ပြဌာန်းချက်မာတိကာကို ကိုယ်မမြင်နိုင်ပေမဲ့ အဖေနဲ့အမေ့ရင်ခွင်ကိုတော့ သူတို့တွေရှိတုန်းမှာ ပြန်လည်နားခိုခွင့်ရှိမည့် မာတိကာခေါင်းစဉ်လေးတခုတော့ ကျန်လောက်ကောင်းပါသေးရဲ့လို့ မျှော် လင့်ရင်း......။ 

၇ ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ မင်းဆိုးမင်းညစ်ဘေးမှလည်း အမြန်ဆုံး လွတ်မြောက်ကြပါစေ။ ကျုပ်ဆီကို လာလည်ရင်း ခဏတာပဲဖြစ်ဖြစ် စိတ်ကြည်လင်မှုရရှိပါစေ။

လေးစားမှုဖြင့်

ရွှေညာသား

၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈) ရက်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ အင်္ဂါနေ့။

No comments:

Post a Comment