ရူဘယ်တစ်ရာတန် |
ဒီနေ့ကျောင်းကအပြန် ဘူတာရုံထဲမှာ ဒုက္ခရောက်နေသူကို ကိုယ်တတ်နိုင်သရွေ့လေး ကူညီခဲ့တယ်။ အခါတိုင်းနေ့တွေလည်း သက်ကြီးရွယ်အိုတွေ ပိုက်ဆံတောင်းနေတာ တွေ့ရင် ကိုယ်တတ်နိုင်သလောက် ထည့်နေကျပါ။ “အများပေါင်းတော့ တောင်းလှ” ဆိုသလို ကိုယ်တစ်ယောက်ထဲက များများ မထည့်နိုင်သော်လည်း နဲနဲချင်းစီ ထည့်သွားတော့ ထည့်ပါများလာတဲ့ အခါ ထိုက်သင့်တဲ့ ပမာဏလေးတော့ ဖြစ်သွားတာပေါ့။
ကျွန်တော်တို့ဗုဒ္ဓဘာသာတိုင်းဟာ ပေးကမ်းစွန့်ကျဲရတာကို ၀န်မလေးတတ်ကြပါဘူး။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စေတနာရှေ့ထားပြီး လှူတန်းကြတဲ့ လူမျိုးတွေပါ။ ဒုက္ခရောက်သူ မျက်စိရှေ့မှာ မြင်တွေ့နေရရင် မကူညီနိုင်ရင်တောင် အနည်းဆုံး ဂရုဏာစိတ်လေးတော့ ဖြစ်တတ်ပါတယ်။
လူပေါင်းထောင်းသောင်းမက သွားလာနေတဲ့ မြေအောက်ဘူတာရုံထဲမှာ အကူအညီရလိုရငြား “ကူညီကြပါ အမေသေသွားလို့” အဓိပ္ပာယ်ရတဲ့ စာတမ်းလေးကိုင်ပြီး ရပ်နေတဲ့ ညီငယ်လေးတစ်ယောက်ကို လူကြားထဲကနေ မြင်လိုက်ရတယ်။ စာတမ်းလေးကို လှမ်းဖတ်ကြည့်ပြီးတော့ သူ့အစား စိတ်ထဲမှာ ၀မ်းနည်းသွားမိတယ်။ ငါ့ညီလေးများဒီလိုဖြစ်ရင် ဆိုတဲ့အတွေးက ချက်ချင်းဆိုသလို စိတ်ထဲရောက်လာပါတယ်။ တတ်နိုင်သလောက် ကူညီအုံးမှ ဆိုတဲ့ အသိနဲ့ များစွာသော လူတွေကို ရှောင်ကွင်းပြီးတော့ သူ့အနားရောက်အောင်သွားပြီး သူ့အိတ်လေးထဲကို ပိုက်ဆံတစ်ရာ ထည့်ပေးလိုက်ပါတယ်။ ကျွန်တော်လှူတာလေးက များများစားစား မဟုတ်ပေမဲ့ အမေသေလို့ ဒုက္ခရောက်နေတဲ့ အဲ့ဒီညီလေး အတွက် အနည်းငယ်တော့ အထောက်အကူဖြစ်မှာပါ။ ပေါင်မုန့်စားတဲ့ သူတို့နိုင်ငံမှာ ပေါင်မုန့်ငါးလုံးစာအတွက်တော့ လုံလောက်ပါတယ်။
ပိုက်ဆံထည့်ပေးတော့ မျက်နှာငယ်လေးနဲ့ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောရှာတယ်။ အိတ်ထဲမှာလည်း အကြွေလေးတွေရော တစ်ဆယ်တန်၊ ငါးဆယ်တန် စသဖြင့် ကိုယ်တတ်နိုင်သလောက် ထည့်သွားကြတာလေး တွေက တော်တော်လေးများနေပြီ။ ကျွန်တော်လည်း ပိုက်ဆံထည့်ပြီးတော့ ကိုယ့်ခရီးကိုယ် ဆက်လာခဲ့တယ်။ စိတ်ထဲမှာတော့ အဲ့ဒီညီလေးအကြောင်းကိုပဲ အမျိုးမျိုးတွေးနေမိတယ်။ သူ့မှာ တခြားညီအစ်ကို မောင်နှမတွေ ရှိသေးလေမလား၊ အမေမရှိတော့ အဖေကျန်နေသေးလား စသဖြင့်ပေါ့။ သူ့အတွက် စိတ်မကောင်း ဖြစ်မိသလို ကိုယ့်တတ်နိုင်သလောက် ကူညီခဲ့တာလေးအတွက်လဲ စိတ်ထဲမှာ ပီတိဖြစ်နေမိတယ်။ အရင်အခါတွေတုန်းက အခုလိုမျိုး စိတ်ထဲမှာ နှစ်နှစ်ကာကာ ပီတိဖြစ်တာ မခံစားဖူးဘူး။ ဒီနေ့တော့ ထူးထူးခြားခြား သတိထားမိလို့လား မသိဘူး စိတ်ထဲမှာ အတော်လေးကို ကြည့်နူးမှု့လေး ခံစားလိုက်ရတယ်။ ကိုယ်ကူညီခဲ့တာလေးက မပြောပလောက်ပေမဲ့ စိတ်ထဲမှာပြန်စဉ်စားလိုက်တိုင်း အဖိုးမဖြတ်နိုင်တဲ့ ပီတိလေးကတော့ ဖြစ်တည်ကျန်ရစ် နေခဲ့တယ်။
အမေဆုံးသွားတယ်ဆိုတဲ့ အဲ့ဒီညီလေးလည်း ရှေ့ဆက်ရမယ့် သူ့ဘ၀ခရီးမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ပါစေလို့ စိတ်ထဲကနေ ဆုတွေတောင်းပေးနေမိတယ်။ ဒုက္ခရောက်နေသူကို တတ်အားသရွေ့ ကူညီပေးခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ ပီတိလေးကတော့ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်းဖိုးကြီးလှပါတယ်။
ကျွန်တော့်မိတ်ဆွေများလည်း ပီတိပွားနိုင်ကြပါစေ...
2 comments:
သာဓု သာဓု သာဓု ပါ ကိုမျိုးခန့် ရေ အခုလို ပီတိလေးကို မျှဝေးပေးလို့ လည်းကျေးဇူးပါ
သာဓု သာဓု သာဓု ပါဗျာ။ တကယ် မွန်မြတ်တဲ့ အလုပ်ပါပဲလေ။ လေးစားပါတယ်ဗျာ။
Post a Comment