Pages

Wednesday, January 14, 2026

အညာသားလက်ရာ တို့ဟူးသုပ်


မုံလာထုပ်ပါးပါးလှီးထားတာ နည်းနည်းရောပြီးသုပ်စားဖြစ်တယ်

ကျနော်တို့ ရွာဘက်မှာတို့ဟူးသုပ်ကို နံနက်စာထမင်းကြမ်းနဲ့စားကြတာများပါတယ်။ အိမ်မိုး၊ ပေါင်းနှုတ်၊ ငရုတ်စိုက်၊ သက်ကယ်ပျစ်စတဲ့ လူစုပြီးလုပ်ရတဲ့ အလုပ်တွေမှာလည်း တို့ဟူးသုပ်ရေနွေးကြမ်းနဲ့ဧည့်ခံလေ့ရှိတယ်။ အဲဒီလိုလူအများနဲ့လုပ်တဲ့အခါဆိုရင်တော့ ကျောက်ပန်းတောင်းက ပဲမှုန့်အစိမ်းဝယ်ပြီး ကိုယ်တိုင်တို့ဟူးကျိုကြတယ်။ ကျနော်တို့ရွာတွေက ကုလားပဲလည်းစိုက်ပျိုးကြတော့ ပဲပေါတယ်လို့ပြောနိုင်တယ်။ ကိုယ့်လယ်ထွက် ကုလားပဲကို အခြမ်းခွဲပြီး ရေစိမ် ကြိတ်ဆုံနဲ့ကြိတ်လို့ရတဲ့ ပဲနှစ်ရည်ကို တို့ဟူးဖြစ်အောင် ပြန်ကျိုရတာ။ အဲဒီနည်းက အချိန်ကုန် လက်ဝင်ပေမဲ့ စားရတာ အရသာပိုရှိတယ်။ အခုနောက်ပိုင်းတော့ မြို့ပေါ်မှာစက်နဲ့ကြိတ်ထားတဲ့ကုလားပဲမှုန့်ကိုပဲ ဝယ်ပြီး တို့ဟူးကျိုကြတော့တယ်။ ပဲမှုန့်အစိမ်း ၅၀ ကျပ်သားတထုပ်ကိုကျိုရင် တို့ဟူး ၁ ပိဿာခွဲ ၂ ပိဿာလောက် ရတော့ မိသားစုဝဝလင်လင်စားနိုင်တယ်။ အမေကဈေးရောင်းတဲ့ဝါသနာပါတော့ တခါတလေ ရွာထဲမှာတို့ဟူးသုပ် လည်းရောင်းတတ်တယ်။ အိမ်မှာတို့ အမေတို့ဟူးကျိုတဲ့အခါ ကူညီလုပ်ပေးရင်းနဲ့ တို့ဟူးကျိုနည်း အချိုးအဆကို မှတ်မိနေတော့ ပဲမှုန့်သာရရင် တို့ဟူးကျိုဖို့အတွက်က အခက်အခဲမရှိလှဘူး။ တလောတုန်းကတော့ အိန္ဒိယကလာ တဲ့ပဲမှုန့်ကို တို့ဟူးကျိုကြည့်တာ တခြားရောထားလို့လား ကုလားပဲအမျိုးအစားပဲမတူလို့လားမသိဘူး မြန်မာပဲမှုန့်နဲ့ကျိုတာလောက်စားလို့မကောင်းဘူး။ တို့ဟူးတော့ဖြစ်တယ် တို့ဟူးသားက ကျစ်ကျစ်လေးမာမနေဘူး။ အအေးခံပြီး သိပ်မကြာခင်မှာပဲ ပျော့သွားတယ်။ အဲဒါကြောင့် မြန်မာက လာတဲ့ပဲမှုန့်ရတဲ့အခါမှပဲ တို့ဟူးကျိုစားဖြစ်တော့တယ်။

နံနံပင်အဆင်သင့်မရှိလို့ စိုက်ထားတဲ့ ရှမ်းနံနံရွက်ခူးပြီးထည့်သုပ်ထားတယ်

ဒီတခါတော့ မြန်မာဆိုင်ဘက်သွားတဲ့လူကြုံရှိတာနဲ့ ပဲမှုန့်မှာလိုက်လို့ မစားရတာကြာတဲ့ တို့ဟူးကျိုပြီး တို့ဟူးသုပ် သုပ်စားဖြစ်တယ်။ သုပ်ရတာကလည်း အရမ်းလွယ်ကူပါတယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ အရသာမှုန့်၊ မန်ကျည်းချဉ်ရည်၊ ငရုတ်သီးမှုန့်ပဲလိုတယ်။ တခြားအရောအနှောကတော့ ကိုယ့်စိတ်ကြိုက် ထည့်သုပ်နိုင်တယ်။ မုံလာထုပ်ပါးပါးလှီးထားတာ၊ နံနံပင်ကြိုက်ရင်တော့ နံနံပင်နဲ့ ကြက်သွန်မြိတ်ထည့်ပြီးသုပ်လို့ရတယ်။ လုပ်ရတာ လွယ်ကူသလောက် အရသာရှိတဲ့ ဟင်းတခွက်ပါ။ ကျနော်တို့ ရွာဘက်မှာတော့ တို့ဟူးကို ဟင်းချက်စားကြတာမျိုးလည်းရှိတယ်။ တို့ဟူးကို တလက်မအရွယ် လေးထောင့်အတုံးထူထူလေးတွေတုံးပြီး မန်ကျည်းမှည့်အနှစ်နဲ့ ချက်စားရင် ထမင်းမြိန်လှတယ်။ တို့ဟူးကြော်ကတော့ ဇာတ်ပွဲရှိတဲ့အခါရောင်းတဲ့ အကြော်ဆိုင်တွေမှာပဲတွေ့ရတယ်။

အမေက တို့ဟူးသုပ် အမြဲတမ်းရောင်းတာမဟုတ်တော့ တခြားရွာက တို့ဟူးသုပ်သည်တွေလည်း ရွာကိုလာရောင်းကြတယ်။ တောင်ဘက်ရွာ အသည်ကတော့ ရွာချင်းသိပ်မဝေးတော့ နံနက်စာအမီ ရွာကိုရောက်အောင်လာပြီးရောင်းတတ်တယ်။ မြောက်ဘက်ရွာက တယောက်ကတော့ ရွားချင်းနည်းနည်းဝေးလို့ သူက တို့ဟူးသုပ်အတွက် လိုအပ်တာအစုံယူပြီးတော့  ရွာမှာတညလာအိပ်တယ်။ သူတည်းတဲ့အိမ်မှာပဲ တို့ဟူးကျို တို့ဟူးသုပ်အတွက်လိုအပ်တာတွေ ပြင်ပြီး နံနက်စာအမီ ရွာထဲကိုလည်ရောင်းတယ်။ သူဈေးရောင်းတဲ့ပုံစံက တခြားရွာတွေမှာလည်း အဲဒီလိုမျိုးပဲ တညကြိုသွားပြီး နောက်နေ့နံနက်စာအတွက်ရောင်းလေ့ရှိတယ်။ အမေကြီးတို့ခေတ်တုန်းကတေ့ တို့ဟူးကို "ရှင်စော်ကား" လို့ခေါ် ကြတယ်တဲ့။ သူတို့လူကြီးချင်းပြောရင် တို့ဟူးကို "ရှင်စော်ကား" လို့ပြောကြတာကို မှတ်မိနေသေးတယ်။ ဘာကြောင့် အဲဒီလိုခေါ်တယ်ဆိုတာကိုတော့ သေချာမမေးမိဘူး။ ကျောက်ပန်းတောင်းနားက အတာရွာမှထွက်တဲ့ တို့ဟူးက နာမည်ကြီးတယ်တဲ့။ ဘာလို့လဲဆိုတော့ တပတ်လောက်အထားခံတယ်လို့ ပြောတယ်။ တချို့ကလည်း ကြာရှည်အထားခံ‌အောင် တို့ဟူးကျိုတဲ့အထဲကို ကျောက်ချဉ်ထည့်ပြီးကျိုတယ်လို့ ပြောကြတယ်။ အဲဒီအတာရွာက တို့ဟူးသုပ်သည်တွေလာရောင်းတဲ့အခါ အမေကြီးဝယ်ကျွေးလို့စားဖူးတာတေ့ တို့ဟူး ချည်း စားရင် နည်းနည်းအချဉ်အရသာလေးပါတယ်။ 


ထမင်းပူပူလေးနဲ့တွဲစားလို့ အလွန်ကောင်းတဲ့ အညာသားလက်ရာ တို့ဟူးသုပ်ပါ

မြို့ပေါ်မှာကျောင်းတက်တော့ မြို့ကတို့ဟူးအသားက ကြည်ကြည်လေး မသိရင် ကျောက်ကျောလေးလိုပဲ။ အဆောင်နားကို နံနက်အစော လာရောင်းတဲ့ အဖွားကိုမေးကြည့်တော့ သူက စစ်တို့ဟူးလို့ပြောတယ်၊ ပဲမှုန့်ကို ရေဖျော် ပိတ်နဲ့စစ်ပြီးရလာတဲ့အရည်ကိုကျိုတာမို့ ကြည်ကြည်လေးဖြစ်နေတာတဲ့။ စစ်လို့ကျန်တဲ့အနှစ်ကိုတော့ အချဉ်ဖောက်ပြီး တို့ဟူးသုပ်တဲ့အခါ နည်းနည်းစီထည့်သုပ်ပေးတယ်။ တက္ကသိုလ်ကျောင်းသားဘဝ အဆောင်က ထမင်းချက်ပေးတော့ နံနက်ကျောင်းမသွားခင် တို့ဟူးသုပ်ဝယ်ပြီး ထမင်းပူပူနဲ့ နံနက်စာစားခဲ့ရတာကို သတိရမိတယ်။ ကျောင်းထဲက ကန်တင်းမှာရောင်းတဲ့ တို့ဟူးကြော်ကလည်း စားလို့တော်တော်ကောင်းတယ်။ သူတို့ဆိုင်က အချဉ်ရည်က မန်ကျည်းမှည့်ချဉ်ရည်မဟုတ်ဘဲ ခရမ်ချဉ်သီးကို ငရုတ်သီးနံနံပင်တို့နဲ့ထောင်းထားတာ တို့ဟူးကြော်နဲ့ လိုက်ဖက်တယ်။ ကျတော်တို့အဖွဲ့ ကန်တင်းမှာထိုင်ရင် တို့ဟူးကြော်ဆို ၃ ပွဲလောက်မှာရတယ်။ သူတို့က ရှမ်းတို့ဟူးကြော်လို့ပြောတယ်။ တို့ဟူးကိုအရင်ကြော်ထားပြီး ရေခဲသေတ္တာထဲမှာထားတာ စားသုံးသူမှာတော့မှ မှာသလောက်ကို ဆီပူပူလေးမှာ ပြန်ကြော်ပြီး ခရမ်းချဉ်သီးထောင်းနဲ့တို့စားရတာ။ တက္ကသိုလ်တက်ခဲ့တဲ့ တလျှောက်တော့ ကန်တင်းက တို့ဟူးကြော်နဲ့ မတုတ်ကြီး အသုပ်စုံ၊ အာပူလျှာပူက အမြဲတမ်းစားဖြစ်တဲ့ အစားအစာပါပဲ။

ခုတော့ အချိန်တွေလည်း လွန်ခဲ့ပြီမို့ အတိတ်တွေဟာ ပြန်တမ်းတပြီး စိတ်ကူးနဲ့လွမ်းလို့ရတဲ့ အရာတွေသာဖြစ် နေတော့တယ်။ တက္ကသိုလ်မြေနဲ့ဝေးခဲ့တာလည်း နှစ်တွေကြာပြီ အခြေအနေ အချိန်အခါပေးလို့ ပြန်ရောက်ဖြစ် ခဲ့ရင်တောင် လူတွေ စိတ်တွေ အခင်းအကျင်းတွေဟာ အရင်တုန်းကလိုမျိုး နုပျိုသစ်လွင်နေမှာ မဟုတ်တော့တာ သေချာတယ်။ ဒီဘဝ အမိမြေမှာ ရှင်သန်ခွင့်ကျန်သေးတယ်ဆိုတော့ အရင်တုန်းကကျင်လည်ခဲ့တဲ့ နေရာတွေမှာ ခြေရာပြန်နင်းရင်းထိတွေ့ချင်မိသေးတယ်။ လက်ရှိမှာတော့ ပျော်ရာမဟုတ်တဲ့ တော်ရာမှာနေရင်းပဲ အကြောင်းတိုက်ဆိုင်တဲ့အခါ အတိတ်စာမျက်နှာလေးတွေ ပြန်လှန်ကြည့်ရင်း လွမ်းနေမိတယ်။ 

(၇) ရက် သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ ဘေးရန်ဒုက္ခအပေါင်းမှ ကင်းဝေးကြပါစေ။ အညာသားဆီကို လာလည်ရင်းနဲ့ တခဏတာလေးပဲဖြစ်ဖြစ် စိတ်ကြည်လင်မှုရတယ်ဆိုရင် ဝမ်းသာပါတယ်။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။


လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ် ပြာသိုလ်လပြည့်ကျော် (၁၂) ရက်၊

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့။

No comments:

Post a Comment