အမေ့အိမ်နဲ့ဝေးရာဆီကိုရောက်နေတဲ့ အညာသားတယောက်ပါ။ စိတ်အပန်းဖြေစရာနေရာလေးတခုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Wednesday, November 5, 2025
စံပယ်တအိုး ပျိုးထားတယ်
Thursday, October 30, 2025
သီးရွက်စုံ အချဉ်ရည်ဟင်း
အချဉ်ရည်ဟင်းချက်ဖို့ လယ်ကန်စွန်း၊ မုံလာဥဖြူ၊ ခရမ်းချဉ်သီး၊ ပဲစောင်းလျားသီး၊ နံနံပင်နဲ့ မန်ကျည်းရွက်
အညာသား ချက်စားဖြစ်တဲ့ဟင်းထဲမှာ အသီးအရွက်စုံချဉ်ရည်သောက်ဟင်းက အများဆုံးပါပဲ။ အသီးအရွက်က ဝယ်ရတာအဆင်ပြေတော့ မကြာခဏချက်ဖြစ်တဲ့ဟင်းပေါ့။ အချဉ်ဟင်း ငရုတ်သီးထောင်း သို့မဟုတ် ငါးခြောက်ကြော် ဆိုရင် ကျန်တာမပါလည်း ထမင်းမြိန်တဲ့ ဟင်းစပ်လေးပေါ့။ ဒီမှာက သူတို့ကန်စွန်းရွက်ကို အချဉ်ရည်ဟင်းလိုသိပ်မချက်ကြဘူး။ တခါတရံ ပုစွန်နဲ့သူတို့ထိုင်းရိုးရာအချဉ်ဟင်းအနှစ်နဲ့ ရောချက်တာမျိုးတေရှိိတယ်။ ကန်စွန်းရွက်ကြော်ကတော့ စားကြတယ်။ လယ်ကန်စွန်းရိုးနီကိုတော့ အညွှန့်လေးပါတဲ့ အရိုးနုနုအပေါ်ပိုင်းကိုဖြတ်ပြီး သင်္ဘောသီးထောင်းနဲ့ တွဲစားဖို့ ရောင်းကြတယ်။ ပုံထဲကဟာကတော့ အရွက်လေးတွေပါ ပါလို့ အချဉ်ဟင်းချက်ဖို့အဆင်ပြေတာနဲ့ ဝယ်လာခဲ့တာ။ တယောက်တည်းဆိုတော့ တမျိုး ၁၀ ဘတ်ဖိုးဆို စားလို့ဖြစ်တယ်။ မုံလာဥကတော့ အရင်ကဝယ်ထားတဲ့ထဲက တပိုင်းဖြတ်ထည့်၊ ပဲစောင်းလျားသီး၊ မန်ကျည်းရွက်၊ နံနံပင် နဲ့ ပေါက်ပန်းဖြူပွင့်၊ မျှစ်လည်းပါသေးတယ်။ ပေါက်ပန်းဖြူပွင့်ကတော့ မထည့်လည်းဖြစ်တယ်၊ ကိုယ်ကကြိုက်တော့ ထည့်ချက်လိုက်တာ။
အညာသားအမြဲတမ်းချက်စားဖြစ်တဲ့ အချဉ်ရည်သောက်ဟင်းတခွက်ပါ
အချဉ်ဟင်းနဲ့တွဲစားဖို့ ငါးခြောက်ကို ငရုတ်သီးမှုန့်နဲ့ကြော်ထားတာ။ သူတို့ငါးခြောက်အများစုက ဆားသိပ်မငန်ဘူး။ ဆားငန်တဲ့ငါးပုတ်ခြောက်လိုမျိုး ငါးခြောက်ကျတော့လည်းဆားခဲကိုဝါးရတဲ့အတိုင်းကိုငန်တာ။ တခါတုန်းက အရမ်းစားချင်စိတ်ဖြစ်လို့ အထာမသိဘဲ အဲဒီငါးဆားနယ်တပိုင်းကိုဝယ်ပြီးကြော်မိတာ အနံ့က ဒယ်အိုးကို အဝတ်ရေဆွတ်ပြီး အဖုံးအုပ်ကြော်တာကို တဆောင်လုံးဖုံးဖိလို့မရဘူး။ ဘေးအခန်းတွေက အဆောင်ပိုင်ရှင်ကို အသိပေးတဲ့အထိ အနံ့ထွက်သွားလို့ အဲဒီငါးခြောက်ဆို နောက်လုံးဝမဝယ်ရဲတော့ဘူး။
ဒီပုံထဲက အရွက်နှစ်မျိုးကလည်း တွေ့တိုင်းဝယ်စားတဲ့အရွက် နှစ်မျိုးပါပဲ။ တမျိုးက မြန်မာပြည်မှာတေ့ ကြက်သဟင်းရွက်လို့ ခေါ်ကြတယ် ပြောတယ်။ ကျနော်တို့ရွာဘက်မှာတော့ မရှိဘူး။ ဒီရောက်မှ စားဖူးတာပဲ။ သူတို့ကတော့ လာအိုဟင်းလို့ခေါ်တဲ့ မှို၊ မျှစ်၊ ဆူးပုတ်၊ ဆန်းလှော်မှုန့်နဲ့ ချက်တဲ့ဟင်းထဲမှာထည့်ချက်တာစားဖူးတယ်။ ကျနော်ကတော့ ပဲဝါလေးနဲ့ဟင်းချိုချက်တဲ့အခါ ချက်တယ်၊ ကြက်ဥနဲ့ကြော် စားတာကိုလည်း ကြိုက်တယ်။ ကြက်ဥနဲ့ကြော်စားရင်း တော်တော်လေးကို နူးညံ့တယ်။ ပဲဟင်းချိုထဲထည့်ချက်ရင်လည်း အရမ်းစားလို့ကောင်းတယ်။
ကြက်သဟင်းနဲ့ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ထားတာပါ
Tuesday, October 28, 2025
My mini garden (2)
ဝယ်ပြီးကတည်းက ၂ လတကြိမ်လောက်ပုံမှန်ပွင့်တဲ့ သစ်ခွပင်ပါ
ဒါကတော့ လက်ရှိပွင့်နေတဲ့ ၂ ခိုင်ပါ။ သူတို့အရင် အကြီးတခိုင်နဲ့ အသေးတခိုင်ပွင့်ထားတာက ကြွေပြီး သူတို့ အသစ်ပွင့်တာ။ တကယ်ကို ပန်းနဲ့မပြတ်တဲ့အပင်လေးပါ၊ ကျနော်ကတော့ မနက်အိပ်ရာထ အခန်းတံခါးဖွင့်လိုက်တာနဲ့သူ့တို့ကိုကြည့်ပြီး တနေ့တာအတွက်ခွန်အားယူတယ်။
Friday, October 24, 2025
အညာသားလက်ရာ ကြက်သားဗူးသီး
အညာသားလက်ရာ ပင်စိမ်းနံ့သင်းသင်း ကြက်သားဗူးသီးဟင်းနဲ့ ဆီးဖြူသီးသနပ်
ဒီတပတ်ပိတ်ရက်မှာ ကိုယ်နေတဲ့နားက ကုန်တိုက်မှာ ဗူးသီးဝယ်ရလို့ ကြက်သားဗူးသီးသောက်ဆမ်း အညာချက်လေး ချက်စားဖြစ်တယ်ဗျ။ အညာချက်ကို လွယ်လွယ်မျက်စေ့ထဲမြင်နိုင်အောင်ပြောရရင် ကိုယ်ထည့်ချင်တာ အစုံပလုံတခါတည်းထည့်ပြီးလုံး၊ ပြီးမှ ကိုယ်လိုချင်သလောက်ရေစွက်ပြီးချက်တာမျိုးပါ။ တချို့ဟင်းတွေကိုတော့ ဆီသတ်ချက်ကြတာမျိုးလည်းရှိတယ်။ ပုံမှန်ကတော့ လုံးချက် ရေစွက်ချက်တာများတယ်။ ကြက်သားကို သန့်စင်ပြီး ဆား၊ နနွင်း၊ ငါးပိအနည်းငယ်၊ ကြက်သွန်ဖြူချင်းထောင်းနဲ့ ရောနယ် လက်ဆေးရေလေးထည့်ပြီးအရင်လုံးပါတယ်။ ကြက်သားဟင်းချက်တဲ့အခါ အသားစားကြက်တွေမို့ ကြက်အရေခွံပါရင် ဆီမထည့်လည်း အဆင်ပြေပါတယ်။ ဗမာကြက်တွေကတော့ အသားစားကြက်လောက် အရေခွံမထူးတော့ အဆီပါတာနည်းလို့ ဆီနည်းနည်း ထည့်ချက်လို့ရတယ်။ ကြက်သားလုံးတာ ၁၀ မိနစ်လောက်ရှိရင် ကိုယ်လိုချင်တဲ့ ရေစွက်ပြီး ဆူပွက်အောင်တည်၊ အခွံနွှာပြီးအနေတော်တုံးထားတဲ့ ဗူးသီးထည့်ကျက်အောင်ချက် နောက်ဆုံးမှာ ပင်စိမ်းရွက်လေးအုပ်လိုက်ရင် အရသာရှိတဲ့ ကြက်သားဗူးသီးဟင်းတခွက်ရပါပြီ။ အစမ်းကြိုက်ရင် ငရုတ်သီးစိမ်း ၃ တောင့်လောက် ထက်ဝက်ချိုးထည့်ရင် ငရုတ်သီးနံ့လေးမွှေးပါတယ်။ အညာသားကတော့ ဆီးဖြူသနပ်၊ ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းနဲ့တွဲပြီးစားလိုက်တယ်။ အရမ်းကိုစားလို့ကောင်းပါတယ်။ ဘေးတလမ်းကျော်က အဆောင်မှာ နေတဲ့မြန်မာအသိကိုလည်း ဟင်းတခွက်မျှစားလိုက်တယ်။
စားချင်စဖွယ် အညာဟင်းတခွက်
အညာသားကိုယ်တိုင်လုပ်ထားတဲ့ ဆီးဖြူသီးသနပ်
ဒီလိုဟင်းလေးတွေချက်တိုင်း အိမ်ကအဖေနဲ့အမေကို အရမ်းသတိရတယ်။ ကိုယ်တိုင်ချက်တာလေးတွေကို အဖေနဲ့အမေကို ကျွေးချင်တယ်။ အခွင့်မသာသေးတော့ ကုသိုလ်ရအောင် မြတ်စွာဘုရားရှင်နဲ့ သံဃာတော်အရှင်မြတ်တို့အား ရည်မှန်းပြီး နေ့စဉ်ဆွမ်းကပ်လှူဖြစ်တယ်။ အမေကလည်းဟင်းချက်ကောင်းတယ်၊ အမေ့လက်ရာမမီပေမဲ့ ကိုယ်တိုင်ချက်တာကိုစားစေချင်တယ်။ ကိုယ့်လက်ရာစားဖူးပြီး အိမ်ကိုအလည်ရောက်ဖူးတဲ့ သူငယ်ချင်းက အမေဟင်းချက်ကောင်းလို့ အညာသားလည်းဟင်းချက်ကောင်းတာဆိုပြီး ပြောတာမှတ်မိသေးတယ်။ တကယ်လည်းဟုတ်ပါတယ်။ ထမင်းဟင်းချက်တာကို အမေပဲသင်ပေးခဲ့တာ။ သူမွေးထားတဲ့အထဲမှာ သမီးမိန်းခလေးတယောက်မှမပါတော့ ငါ့သားတွေ ထမင်းဟင်းချက်တတ်မှဖြစ်မယ်ဆိုပြီး ငယ်ငယ်လေးကတည်းက သင်ပေးထားတာ။ ညီအစ်ကို ၆ ယောက်မှာ အကြီး ၄ ယောက်က ထမင်းဟင်းချက်တတ်ကြတယ်။ အမေ့ကျေးဇူးကြောင့်ပဲ ရောက်တဲ့နေရာမှာ အစားအစာအတွက်စိတ်မပူရဘူး။ အမေလည်း ကျန်းမာရေးအတွက် သာစိတ်ပူတယ်၊ အစားအသောက်အတွက်တော့ သူ့သားကို ရာနှုန်းပြည့်စိတ်ချတယ်။ ထော်ကိုင်းတွေ ကိုယ်ချက်တဲ့လက်ရာစားပြီး သဘောကျကြတယ်ပြောလို့ ဝမ်းသာနေတယ်။ အဝေးမှအတတ်နိုင်ဆုံး ပြုစုထောက်ပံ့ နေပေမဲ့၊ အဖေနဲ့အမေ သက်ရှိထင်ရှားရှိနေတုန်း အနီးကပ်နေပြီး ကိုယ်ထိလက်ရောက်ပြုစုကျေးဇူးဆပ်ခွင့်ရပါရလို၏လို့ ဆွမ်းကပ်ပြီးတိုင်း ဘုရားမှာဆုတောင်းတယ်။
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၄) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ သောကြာနေ့။
Wednesday, October 22, 2025
My mini garden
ဒီသစ်ခွပင်လေးကတော့ မကြာခဏပွင့်တယ်။ အခုလက်ရှိလည်း ပုံထဲကအတိုင်းပွင့်နေတာ အရမ်းလှတယ်။ ဒီအပင်လေးကိုစိုက်တုန်းကလည်း အုန်းသီးနုကို အုန်းရည်ဖောက်သောက်ပြီး ကျန်တဲ့ အုန်းသီးခွံထဲ ထည့်စိုက်ထားတာ။ အဲဒါကို ထော်ကိုင်းတွေမြင်ပြီး အမြင်ရှိလိုက်တာနော် အမှိုက်ကိုလည်း အသုံးချနိုင်တာပဲတဲ့။
ဒီဗွီဒီယိုကတော့ သစ်ခွပင်လေးကိုနေရာရွှေ့ပြီး သဘောကျလို့ ရိုက်ထားတာ။ အပင်စိုက်သူတယောက်ရဲ့ ပျော်ရွှင်မှုဟာ သူစိုက်ထားတဲ့အပင်လေးတွေ ရှင်သန်ဖြစ်ထွန်းပြီး ဖူးပွင့်ဝေဆာနေတဲ့အချိန်ပါပဲ။ အဲဒီအချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှလဲလိုမရဘူး။
ဒီအပင်လေးကတော့ အသက်အကြီးဆုံးလို့ပြောလို့ရတယ် ၂၀၁၈ ခုနှစ်မှာစိုက်ထားတာ ဌာနက အညာသားထိုင်တဲ့စားပွဲမှာ တင်ထားတာမို့ တခန်းလုံးမှာ ကိုယ့်နေရာတခုပဲအပင်ရှိတော့ ပြည်တွင်းပြည်ပ လေ့လာရေးခရီးလာကြတဲ့ ပါမောက္ခတွေ ဧည့်သည်တွေရဲ့ စိတ်ဝင်စားကြတဲ့ နေရာတခုပေါ့
ဒီအပင်ကတော့ အညာသားရဲ့ co-adviser ပင်စင်ယူသွားပြီးနောက်ပိုင်း သူ့အခန်းရှင်းတော့ အပင်လေးတွေ တွေ့လို့ ဆရာမယူလာပေးတာ။ ညှိုးခြောက်ပြီး အရွက်နွမ်းလေး နှစ်ရွက်ပဲပါတောတယ်။ ဆရာမက ရှင်လိုရှင်ငြားမင်းပြုစုလိုက်အုံးဆိုတာနဲ့ အရွက်ခြောက်တွေဖယ်၊ မြေဆွေးထပ်ဖြည့်ရေလောင်းပေးလိုက်တာ ၂ ပတ်လောက်အတွင်း အရွက်သစ်တွေထွက်ပြီး ဝေဝေဆာဆာဖြစ်လာတာပဲ။
ဒီအပင်ကလည်း အညာသားရဲ့ co-adviser ပင်စင်ယူသွားပြီးနောက်ပိုင်း သူ့အခန်းရှင်းတုန်းကရလာတဲ့ အပင်ပါပဲ။ အရွက်တေွ နွမ်းခြောက်နေလို့ အိုးလဲမြေဖြည့်ပြီး ပြုစုထားတာ အပင်အသစ်လေးတွေပြန်ထွက်လာပြီ။
သူကတော့ ပြီးခဲ့တဲ့နှစ် ကျောင်းစိုက်ပျိုးရေးဈေးပွဲတော်က ဝယ်စိုက်ထားတာ။ ဝယ်တုန်းက အရွက်သေးလေး ၃ ရွက်ပဲပါတယ်။ အရင်က အခန်းထဲက အညာသားထိုင်တဲ့စားပွဲမှာထားတာ၊ အပြင်ကိုထုတ်လိုက်တော့ အရွက်တွေပိုထွက်လာတယ်။
ဒီရှားစောင်းလက်ပတ်ပင်ကလည်း အိုးကြီးထဲက လက်သန်းလောက်အရွယ်အပင်လေးကို ခွဲယူပြီး စိုက်ထားတာ အခုတော့ပွားလာလိုက်တာ အိုးပြည့်နေပြီ။
ဒီအပင်ကလည်း ဆရာပေးတဲ့အပင်ကနေ ပြန်ခွဲပြီးစိုက်ထားတာ၊ နောက် တအိုးရှိသေးတယ်။
အပေါ်က အပင်က ဒီထဲကခွဲပြီးစိုက်ထားတာ။ သူကတော့ အရွက်နည်းနည်းကျနေလို့ မြေထပ်ဖြည့်ထားတယ်။
ဒီအပင်ကိုတော့ ညပွင့်မနက်ကြွေဆိုပြီး နာမည်ပေးထားတယ်။ အဖြူ၊ ခရမ်းနဲ့ ပန်းရောင် သုံးမျိုးရှိတယ်။ အဆောင်မှာတော့ အဖြူနဲ့ခရမ်းရောင်ရှိတယ်။ တချိန်လုံးကိုပွင့်နေတာပဲ။ ဒါပေမဲ့ သူ့အပွင့်က ညနေပိုင်းပွင့်ပြီး မနက်ဆိုရင်ကြွေသွားပြီ။ လှပေမဲ့ ကြာကြာမခံဘူး၊ သူ့ကိုကြည့်ပြီး မတည်မြဲခြင်းတရားကို ဆင်ခြင်လို့အလွန်ကောင်းတယ်။
အရင်တခါ မိုးကြီးလေးကြမ်းလို့ အပင်တွေတင်ထားတဲ့ စင်လေးကျွမ်းပြန်သွားတာ အပင်အိုးတွေ အကုန်နီးပါး ကျိုးကျေကုန်လို့ ရင်ကွဲမတမ်းခံစားလိုက်ရတယ်။ ဒီတခါတော့ အခင်းမကောင်းလို့ ပစ်ထားတဲ့သံထောက်တိုင်ပါစားပွဲဟောင်းကို အခင်းဟောင်းတွေခွာပြီး ပစ်ထားတဲ့မှန်ချပ်ခင်းပြီး အပင်တင်ထားတာ။ ထော်ကိုင်းတွေက ပစ္စည်းတခုကို ဘယ်လိုပြန်အသုံးချရမလဲဆိုတာကောင်းကောင်းနားလည်လို့ ချီးကျူးနေကြလေရဲ့။
ဒါကတော့ ရှိသမျှအပင်အားလုံးပေါ့၊ တချို့အပင်တွေကအိုးလဲပေးရတော့မယ်။ ဒီနေရာလေးက ဓာတ်ခွဲခန်းအပြင်ဘက် တခြားအဆောင်ကိုကူးတဲ့ ဝရံတာမှာဆိုတော့ လေကောင်းလေသန့်လည်းရ၊ အလင်းရောင်လည်းကောင်းကောင်းရ မိုးရွာရင် မိုးပက်တော့ မိုးရေလည်းရတော့ အပင်လေးတွေအတွက် အဆင်ပြေတယ်။ ကိုယ့်အတွက်ကတော့ အပန်းဖြေတဲ့နေရာပေါ့၊ ဓာတ်ခွဲခန်းထဲကထွက်လို့ပင်ပမ်းရင် သူတို့နားသွားပြီး သူတို့ကိုကြည့် စိတ်ခွန်အားယူရင်း အပန်းဖြေရတာပဲ။ တပင်ချင်းစီရဲ့ ရှင်သန်မှုအခြေအနေကို အမြဲတမ်း အကဲခတ်ပြီး လိုအပ်တာလေးတွေဖြည့်ပေး ရေလောင်းပေါင်းသင်လုပ်ပေးရတာ အရမ်းပျော်ဖို့ကောင်းတယ်။
လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများလည်း အညာသားစိုက်ပျိုးထားတဲ့ အပင်လေးတွေကြည့်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ။ အဆောင်မှာစိုက်ထားတဲ့အပင်လေးတွေကိုတော့ နောက်တခါမှတင်ပေးတော့မယ်ဗျ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၂) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလာ (၂၂) ရက်၊ ဗုဒ္ဓဟူးနေ့။
Friday, October 17, 2025
အညာသားလက်ရာ မုန့်ဟင်းခါး

Tuesday, October 14, 2025
အညာသားနဲ့ Carolina Reaper ငရုတ်သီး
Monday, September 29, 2025
ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း (၂)
Friday, September 26, 2025
ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း
Tuesday, September 23, 2025
အပြည့်အဝ မပျော်နိုင်ခဲ့တဲ့နေ့
Saturday, February 15, 2025
အညာသားလက်ရာ ငါးသလောက်ပေါင်း
ညနေပိုင်းကျောင်းကပြန်ရောက်တော့ ရေနွေးအိုးတည် ငါးမြုပ်အောင် ရေနွေးထပ်ထည့်ပြီး မီးအေးအေးနဲ့ ၂ ရေခမ်းအောင်ချက်တယ်။ ည ၉ နာရီခွဲပြီး ငါးရိုးအခြေအနေကိုစစ်ကြည့်တော့ လက်နဲ့ဖဲ့လိုရတဲ့ အခြေအနေဖြစ်နေပြီ။ အဲဒီနောက် ကြက်သွန်နီအခွံခွာပြီးသား အလုံးလိုက်၊ ကြက်သွန်ဖြူအမွှာ၊ ခရမ်းချဉ်သီးလေးစိပ်ထိုးထည့် ရေနွေးထပ်ထည့်ပြီး ထပ်ချက်တယ်။ ရေခမ်းခါနီးတော့ ငါးခေါင်းပိုင်းက အရိုးကို မြည်းကြည့်တာ နူးနေပြီ။ အဲဒီမှာ ငါးသလောက်အရိုးနူးအောင် ငါချက်တတ်ပြီ ဆိုပြီးထအော်တာပဲ။ အလုပ်တခု ကိုယ်တိုင်အစအဆုံး လုပ်လိုက်လို့ အဆင်ပြေသွားတဲ့အခါ ခံစားရတဲ့ ပီတိက ပြောမပြတတ်အောင်ပဲ။ ပီအိတ်ချ်ဒီလုပ်တဲ့ ကာလတလျှောက်မှာ အကြိမ်များစွာ မှားလိုက် ပြင်လိုက်နဲ့ နောက်ဆုံးအောင်မြင်သွားတိုင်း ခံစားရတဲ့ ခံစားမှုနဲ့အတူတူပဲ။ အဲဒီညက ကိုယ်ချက်တဲ့ ငါးဟင်းအိုးကို ကြည့်ပြီး ပျော်နေလိုက်တာများလေ။ နောက်နေ့က တပိုတွဲလပြည့်နေ့ဆိုတော့ နံနက်ပိုင်း ဘုရားဆွမ်းကပ်ဖို့အတွက် ဆွမ်းချက်ရင်း ငါးဟင်းအိုးကိုပါ နည်းနည်းထပ်နွှေးလိုက်တယ်။ မုံညှင်းရွက်နဲ့ပန်းမုံလာကို အမြန်လေးကြော်တယ်။ အားလုံးပြင်ဆင်ပြီးတော့ မြတ်စွာဘုရားရှင်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ရည်မှန်း၍ ငါးသလောက်ဟင်းနဲ့ ဆွမ်းကပ်လှူ၊ ဘုရားရှိခိုးပြီး ကျေးဇူးရှင်မိဘနှစ်ပါးနဲ့အတူ၊ (၇) ရက်သားသမီး၊ ၃၁ ဘုံ၊ အရပ်ဆယ်မျက်နှာ၊ အနန္တစကြာဝဠာ၌ ရှိကြကုန်သော ဝေနေယျများစွာ သတ္တဝါအားလုံးတို့အား နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန်၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြစေရန် မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်ကို အမျှဝေတယ်။ ကိုဗစ်ကာလ ၂၀၂၀ ဇွန်လမှာ အခန်းတွင်း ၁၄ ရက် ကွာရန်တင်းဝင်ရကတည်းက နံနက်တိုင်း ဆွမ်းကပ်လှူခဲ့တာ ယနေ့ထိ မပျက်သေးဘူး။ အဆိုးထဲက အကောင်းလို့ ဆိုရမည့် အလေ့အကျင့်လေးတခု ရလာခဲ့တာပေါ့။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စလုပ်စရာရှိပါစေ ဆွမ်းကပ်တာကိုတော့ မပျက်မကွက်လုပ်ပါတယ်။ ဘဝရဲ့အစိတ်အပိုင်းတခုလိုဖြစ်လာတော့ နံနက်မိုးလင်း အိပ်ရာထတာနဲ့ ဆွမ်းချက်၊ ဆွမ်းကပ်ဖို့လုပ်ရင်းနဲ့ နံနက်ပိုင်းကုသိုလ်ပြုရတာ အလေ့အကျင့်ဖြစ်လာတယ်။
Tuesday, January 28, 2025
ထီပေါက်ခြင်းနဲ့စတဲ့ ၂၀၂၅
Wednesday, January 15, 2025
အညာဆောင်းနဲ့ မီးဖို
Photo credit: New Light Myanmar Real Estate Facebook page
အခုရက်ပိုင်း အမေနဲ့ဖုန်းပြောတော့ အမေက ရွာဘက်မှာ အေးနေပြီတဲ့။ လူလေးတို့ဆီမှာရော ရာသီဥတုအေးလားလို့မေးတယ်။ အမေရေ ဒီမှာတော့ အခုထိ မိုးရွာတုန်းဆိုတော့ အမေကအံ့ဩလို့။ ကိုယ်နေတဲ့နေရာက မြန်မာနဲ့အိမ်နီးချင်းဆိုပေမဲ့ ပင်လယ်နဲ့နီးတဲ့ဘက်မို့ အနွေးထည်ဝတ်ရတဲ့ ဆောင်းတွင်းဆိုတာကမရှိသလောက်ပါပဲ။ နှစ်စဉ် ဖေဖော်ဝါရီလလောက်အထိ မိုးရွာတော့ မိုးကုန်တာနဲ့ မတ်လ ဧပြီလ ဆို နွေရာသီရောက်တော့တာ။ နွေရာသီကတော့ ပူတာမှ ခြစ်ခြစ်တောက်။ အမေက ရွာမှာအေးနေပြီ ပြောလို့ မီးမဖိုကြဘူးလားမေးတော့ လူလေးရေ အခုရွာကမင်းငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးတဲ့။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကရွာမှာဆောင်းဝင်ပြီဆိုတာနဲ့ တောထဲက သစ်တုံးခြောက်၊ သစ်ငုတ်ခြောက် ကြီးကြီးတတုံးအိမ်ကိုသယ်ပြီးအိမ်တလင်းသာမှာမီးဖိုထားကြတာ။ ညဆိုရင် နီးစပ်ရာသူ့အိမ်မီးဖိုဘေး စကားပြောရင်း ပြောင်းဖူးစေ့ခြွေ၊ ပဲနွှာရင်း ထန်းပြေမျှစ်မီးဖုတ်စားပြီး နွေးသောက်ရင်းနဲ့ သန်းခေါင်ကြက်တွန်မှ မီးဖိုဘေးက လူစုခွဲကြတာလေ။ ကိုယ်တွေက တောင်ဘက်အရီးမိသေးတို့ အိမ်ဝိုင်းထဲက မီးဖိုမှာသွားလှုံကြတာ။ အညာဆောင်းက ညဉ့်နက်လေအေးလေ မီးဖိုဘေးကမခွာချင်လေပဲ။ အမေကညီငယ်ကိုရင်ခွင်မှာပွေ့ပြီးမီးလှုံ ကိုယ်တွေက အမေ့ဘေးနားကပ်ပြီး အမေ့ကိုယ်ငွေ့ကို ရသလောက်ယူရင်း မီးလှုံတာ။ လူကြီးတွေပြောတဲ့စကားထဲ ကိုယ်လည်းနာလည်တာမဟုတ်ဘဲ သူတို့ရယ်ရင်လိုက်ရယ်နဲ့ ညလုံးပေါက်ထိုင်လည်း မအိပ်ချင်ဘူး။ တခါတလေ မီးဖိုရှင် အရီမိသေးက ထောပတ်ပဲပြုတ်ပူပူလေးကို ဆီးဆမ်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံသေးတာ။ အဲဒီအချိန်တုန်းကတော့ အခုခေတ်လို ဖုန်းတွေဘာတွေဆိုတာ ဘယ်နားနေမှန်းကိုမသိသေးတော့ တောသဘာဝပဲ တယောက်သိတာ တယောက် ဆောင်းတွင်းမီးဖိုဘေးမှာ မျှဝေကြရင်း အပမ်းဖြေကြတာကိုး။ တခါတလေများ ကြက်တွန်လို့သာ လူစုခွဲရတယ် ပြောစရာ စကားတွေက မကုန်သေးဘူး။ မီးဖိုဘေးကခွာလို့ အိမ်ကိုမရောက်သေးဘူး ချမ်းတာခိုက်ခိုက်တုန်လို့။ အိမ်ရောက်တော့ စောင်ပုံထဲဝင်ခွေတာပဲ။ ညီအစ်ကိုတတွေ အမေ့ဘေးမှာ တန်းစီပြီး အိပ်ကြရတာ ကိုယ်ငွေ့ရှိတဲ့သူက အနွေးဓာတ်ရတော့ သူ့ဘေးကိုအတင်းကပ်ပြီး ကွေးအိပ်ရတာ သတိရမိတယ်။ ကိုယ်တို့အိမ်မှာက အနွေးစောင်တို့ ဂွမ်းစောင်တို့ များများမရှိဘူး၊ အမေ့လက်ဖြစ် အညာစောင်ကြမ်း ၅ စပ်စောင် ၃ ထည်လောက်ဖြန့်ထပ်ပြီး ညီအစ်ကိုတတွေကို ခြုံပေးတာ။ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်နဲ့ ညီအစ် ကိုတတွေစောင်လုရတာလည်း အမော။ ကိုယ်ကတော့ အမေ့ဘေးနားကပ်အိပ်ရတာကို သဘောကျတယ်။ အမေ့ကိုယ်ငွေ့နွေးနွေးလေးက စောင်ခြုံတာထက်ပိုနွေးတယ်လို့ခံစားရတယ်။ ဒါပေမဲ့ အငယ်တွေရှိတော့ ကြာကြာကပ်ချင်ပေမဲ့ ကပ်လို့မရပါဘူး အငယ်တွေကိုပဲ ဦးစားပေးရတာများတယ်။ မနက်ဆိုလည်း မိုးလင်အောင် မအိပ်နိုင်ဘူး။ အိပ်ရာထပြီးတာနဲ့ မီးဖိုဘေးရောက်ပြီ။ မနက်ပိုင်းဆိုရင်တော့ ကိုယ့်အိမ်က မီးဖိုမှာပဲ အနွေးဓာတ်ရအောင် မီးလှုံ ထမင်းကြမ်းစားပြီး လုပ်ငန်းခွင် သွားဖို့ပြင်ဆင်ရတာ။ ဆောင်းတွင်းဆိုငရုတ်သီးဆွတ်၊ ပဲကြီးကောက်၊ နွားစာရိတ် ကုလားပဲပေါင်းနှုတ် စတဲ့အလုပ်တွေပေါ့။ ကိုယ်တွေကတော့ လေတန်းအောင်ပြီး ကျောင်းဆက်တက်တော့ ဆောင်းတွင်းနံနက်အစောဆို ကျောင်းတက်ဖို့သွားရတာ။ ကျောင်းက ရွာနဲ့ဝေးတဲ့ တခြားရွာမှာ သွားတက်ရတာဆိုတော့ ကျောင်းချိန်အမီသွားရတာ မီးလှုံဖို့အချိန်မရဘူး၊ တခါတလေ အရမ်းအေးလွန်းရင် လမ်းမှာ သစ်ကိုင်းခြောက်တွေ စုပုံမီးရှို့ပြီး အချမ်းပြေအောင် မီးလှုံရတဲ့အခါရှိရဲ့။ အနွေးထည်လည်း ဝယ်မဝတ်နိုင်တော့ ရွာအပြင်ရောက်တာနဲ့ ခါးကပုဆိုးကိုခြုံပြီးသွားတာပဲ။ နေထွက်ပြီး ကျောင်းရောက်ခါနီး လူမြင်ကွင်းမှ ပုဆိုးကို ပုံမှန်အတိုင်းပြန်ဝတ်တာ။
အညာဆောင်းတွင်မှာ မီးဖိုပြီးရင် နောက်ထပ်လွမ်းစရာတခုက တလင်းဝင်စအချိန် ပေါ်ဦး ပေါ် ဖျား ကောက်ညှင်းပေါင်းစားရတဲ့ အရသာကိုပေါ့။ ကိုယ်တွေမှာက လယ်ရယ်လို့ များများမရှိတော့ စပါးပေါ် ချိန်ဆို ဆွေမျိုးတွေ အရီးလေးတွေ ဦးကြီးတွေအိမ်က ပေါင်းလို့ ပေးတဲ့ ကောက်ညှင်းပေါင်းကိုသာ ညီအစ်ကိုတတွေ ဝေမျှစားရတာ။ ကိုယ့်လယ်ထွက် ကောက်ညှင်းဆန်ကို ပဲငရှန်စေ့ နိုင်နိုင်နဲ့ပေါင်းပြီး နှမ်းဆီမွှေးမွှေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှ လဲလို မရနိုင်ဘူး။ နည်းနည်းသိတတ်တဲ့အရွယ်ရောက်တော့ ဘုန်းကြီးကျောင်းသားလုပ်ရလို့ တလင်းတွင်းဝင်ချိန်ဆို ကိုယ်တွေက ရွာထဲကလာပို့သမျှ ကောက်ညှင်းပေါင်းကို ဦးဦးဖျားဖျား ဘုရားဆွမ်းကပ်၊ ဘုန်းကြီးကို ကပ်ပြီးတာနဲ့ အဝစားရတာ။ ဘုန်းကြီးကျောင်းသားဘဝမှာတော့ ရွာထဲကပို့သမျှ ဘုရားနဲ့ ဘုန်းကြီးပြီးရင် ကိုယ်ပဲ စားရတာများတယ်။ ကျောင်းသားလည်း များများမရှိတော့ လာပို့သမျှ ကုန်အောင်မစားနိုင်ဘူး။ အညာမှာ ဆောင်းဝင်ပြီဆိုတိုင်း ကိုယ်ကတော့ ငယ်ငယ်တုန်းက ကိုယ်ကြုံခဲ့ရသလိုမျိုးပဲ စိတ်ထဲမှာ အောက်မေ့နေတာမို့ အမေ့ကိုလည်း မေးဖြစ်တာ။ ဟုတ်တော့ လည်းဟုတ်ပါတယ်။ ကိုယ်တောင် အသက်က လေးထိပ်ပြောင်းနေပြီဆိုတော့ ရွာမှာ ကိုယ်အလယ်တန်းကျောင်းသားဘဝက အခြေအနေမျိုးတွေအတိုင်း မရှိနိုင်တော့ဘူးလေ။ နည်းပညာတိုးတက်တဲ့ခေတ်မှာ သဘာဝထင်းမီးဖိုကပေးတဲ့ အပူဓာတ်ကို တန်ဖိုးမထားတတ်ကြတော့ဘူး။ နိုင်ငံခြားဖြစ် အမွေးပွစောင်တွေနဲ့ အမွေးပွအနွေးထည်တွေနဲ့ အညာဆောင်းကို ခေတ်မီမီ အံတုနေကြပြီပေါ့။ လူထုအစိုးရခေတ်မှာ လျှပ်စစ်မီးပါချိတ်ပေးနိုင်ခဲ့လို့ ထမင်းဟင်းတောင် အိုးမည်းပေမခံ ကြတော့ဘူး လူလေးရေတဲ့။ အင်းပေါ့ လေ ကိုယ်တောင် ရွာနဲ့ဝေးနေတာ နှစ်ပေါင်း ၂၀ ကျော်လာပြီပဲ။ အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ အထူးအဆန်းတော့လည်းမဟုတ်ပါဘူးလေ။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ ထိတွေ့ခံစားခဲ့ရတဲ့ အညာဆောင်းနဲ့ တောဓလေ့ အငွေ့အသက်တွေအပေါ် မေ့ပျောက်လို့ မရနိုင်ပါဘူး။ ခေတ်ကောင်း စနစ်ကောင်းနဲ့ လူသားဆန်တဲ့ လူတွေ ပြန်လည်ဦးဆောင်တဲ့အခါ ရပ်နားထားတဲ့ ကိုယ့်တာဝန်ကို ပြန်လည်ထမ်းဆောင်ရင်း အညာဆောင်းရဲ့အအေးဓာတ်ကို အရီးလေးတို့အိမ်တလင်းက မီးဖိုဘေးမှာထိုင်ပြီး ခံစားချင်မိပါသေးတယ်။
အမေနဲ့ အညာဆောင်းမီးဖိုကိုလွမ်းဆွတ် သတိရရင်း
ရွှေညာသား
၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၂ ) ရက်
၁၅-၁-၂၀၂၅










































