Tuesday, October 14, 2025
အညာသားနဲ့ Carolina Reaper ငရုတ်သီး
ယူကျု့မှာ အစားအသောက်စားပြတဲ့ချန်နယ်တွေကြည့်ရင်း နာဂလူမျိုးဦးလေးကြီးထမင်းစားတာ အဲဒီနာဂငရုတ်သီးအတောင့်လိုက်ကိုက်စားပြတာ တရှူးရှူးတရှဲရှဲနဲ့သူလည်းချွေးပြန် ကြည်မိတဲ့ကိုယ်လည်းချွေးပြန်နဲ့ အဲဒီငရုတ်သီးကိုမြည်းကြည့်ချင်စိတ်ဖြစ်မိတယ်။ မြန်မာပြည်မှာတော့ ရွှေလံဗိုလ်ငရုတ်လို့ခေါ်တယ်လို့ ချင်းပြည်နယ်ဘက်ကသူငယ်ချင်းကပြောဖူးတယ်။ နောက်ပိုင်းငါးပိရည်ဖျော်တွေထဲမှာ အာဝါးသီးဆိုပြီးလည်းတွေ့ရတယ်။ ထိုင်းမှာတော့ မြန်မာအွန်လိုင်းရှော့ပ်တွေမှာရတယ်ဆိုလို့ရှာကြည့်တော့တစ်ဆိုင်တွေ့တယ်၊ ဒါပေမဲ့ ကိုယ်နေတဲ့နေရာထိပို့ပေးဖို့ဆို လမ်းမှာကြာမည့် အချိန်နဲ့ပုတ်သွားမှာစိုးရိမ်တယ်ဆိုလို့ မမှာဖြစ်တော့ဘူး။ Lazada မှာရှာကြည့်တော့လည်း ထိုင်းဆိုင်တွေကရောင်းကြတာတွေ့တယ်၊ မျိုးစေ့ရောင်းတဲ့ဆိုင်တွေကများပြီး လတ်လတ်ဆတ်ဆတ် ရောင်းတဲ့ဆိုင်တချို့ကလည်း အသီးအရွယ်အစားအလိုက် ဈေးကြီးလှတယ်။ ဒါနဲ့နောက်ဆုံး မျိုးစေ့ပဲဝယ်ပြီး ကိုယ်တိုင်စိုက်ဖြစ်တယ်။ မျိုးစေ့ကလည်း ၅ စေ့လောက်ပါတာကို ဘတ် ၃၀ လောက်ပေးရတယ်။ ရလာတဲ့မျိုးစေ့ကို ပျိုးထောင်လိုက်တာ အပင်ပေါက်လာတဲ့ထဲက ၂ ပင်ပဲကျန်တယ်။ အဲဒီကျန်တဲ့ ၂ ပင်ကို ပိုးမွေးသလိုယုယုယယနဲ့ပြုစုပြီးနောက်ဆုံးမှာ အရွယ်ရောက်လာတယ်။ အပင်ထားတဲ့နေရာကနေရောင်သိပ်မရတော့ အရွက်တွေသိပ်မသန်ဘဲ ၂ လလောက်စောင့်လိုက်ရတယ်။ နောက်တော့မှ နေရောင်မရလို့ထင်တယ်ဆိုပြီး နေရောင်ရတဲ့ဆီပြောင်းထားလိုက်မှ အရွက်တေွသန်ပြီးအပွင့်တွေ ထွက်လာတယ်။ အဲလိုဖြစ်ထွန်းလာတာမြင်တော့ ပျော်လိုက်တာဆိုတာလေ။ အပွင့်ပွင့်ပြီးသိပ်မကြာခင် လက်တဆစ်လောက်အရွယ် အသီးလေးတစ်လုံးအရွက်ကြားမှာသီးနေတာတွေ့တော့ ငါစိုက်တဲ့ငရုတ်ပင်တော့ သီးပြီဟေ့ဆိုပြီး ပိုပြီးပျော်ရတယ်။ အဲဒီကစပြီး အသီးတွေသီးလိုက်တာဆိုတာ တယောက်တည်းစားမကုန်အောင်ပါပဲ။ ပထမဆုံးသီးတဲ့အလုံးရင့်တော့ခူးပြီးမြည်းကြည့်တယ်။ အားပါး စပ်လိုက်တာမှ နည်းနည်းလေးနဲ့ကိုတကိုယ်လုံးပူထူသွားတာပဲ။ မှည့်လာတဲ့အသီးတေွခူးပြီး အခြောက်လှန်း၊ နီးစပ်ရာသူငယ်ချင်းတွေေးပေးစားနဲ့ ငရုတ် ၂ ပင်ကနေ အလုံး ၄၀ လောက်သီးတယ်။ ကိုယ်တိုင်ကလည်း အစပ်လည်းကြိုက်တော့ အဲဒီငရုတ်သီးနဲ့ ငါးပိရည်ဖျော်လိုက် ခရမ်းချဉ်သီးငါးပိချက်ချက်လိုက် အတောင့်လိုက်ကိုက်စားလိုက်နဲ့အဆင်ကိုပြေနေတာပဲ။ အသီးမှည့်တွေကမျိုးစေ့ ထုတ်ထားပြီး ပြန်စိုက်နဲ့ အခုတော့ ဌာနမှာလည်းအိုးနဲ့စိုက်ထားတာ ၃ သုတ်လောက်သီးတာက အလုံး ၅၀ လောက်ရှိတယ်။ ထိုင်းငရုတ်သီးတွေလည်း စပ်ပေမဲ့ ဒီငရုတ်သီးလောက်တော့ မစပ်ဘူး။ ဒီတိုင်းထမင်းနဲ့ အစိမ်းလိုက်ကိုက်စားရင်း တတောင့်ကို ထမင်း ၅ နပ်လောက်စားရတယ်။
ဒါက ပထမဆုံး သီးတဲ့ နှစ်လုံးပါ
ဒီပုံကတော့ အသီးမှည့်နေတဲ့ပုံ အပင်ကအလင်းရောင်ရှိတဲ့ဆီကိုတိုးထွက်နေတာ
ကိုယ်စိုက်တဲ့အပင်က ဖြစ်ထွန်းပြီး အသီးသီးတာကိုမြင်ရတဲ့အချိန်ခံစားရတဲ့ပီတိကဘာနဲ့မှမလဲနိုင်ဘူးဗျ
ဒီပုံကတော့ ငရုတ်သီးမှည့်တွေခူးထားတာပါ နေလှန်းဖို့လည်းအဆင်မပြေလို့ ငရုတ်သီးဆီချက်ချက်ပြီး ဗူးနဲ့ထည့်သိမ်းထားလိုက်တယ်
ဒါကတော့ ဒုတိယမျိုးဆက်ပေါ့ ဌာနမှာစိုက်ထားတာ သူတို့ကတော့ နေအလင်းရောင်ကောင်းကောင်းရတော့ ပိုသန်တယ် အသီးသီးတာလည်းမြန်တယ်
ခွသီး သီးချိန်မှာ အသီးတွေက ပထမမျိုးဆက်အပင်ထက်ပိုကြီးတယ်
ဌာနဝရံတာမှာစိုက်ထားတာဆိုတော့ ဖြတ်သွားဖြတ်လာတဲ့လူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်သောငရုတ်ပင်လေးများပါ
ဒုတိယမျိုးဆက်ရဲ့ ပထမဆုံးအသီးလေးတွေ လက်ဆောင်ပေးဖို့ခူးထားတာ
ဒါကတော့ ဒုတိယမျိုးဆက်ရဲ့ နောက်ဆုံးအသုတ်က သီးတဲ့ ငရုတ်သီးမှည့်လေးတွေပါ။ မိုးရာသီဆိုတော့အခြောက်လှန်းဖို့ခက်တာနဲ့ ခူးပြီးရေခဲရိုက်ထားလိုက်တယ်။ ကိုယ်တိုင်စိုက်တဲ့အပင်မို့
စားချင်တဲ့အချိန်ခူးစားလို့ရတယ်။ နီးစပ်ရာလည်း လက်ဆောင်ပေးတယ်။ ဆရာမလည်းမြည်းကြည့်ချင်တယ်ဆိုလို့ ပေးလိုက်တယ်။
ဌာနမှာစိုက်ထားတဲ့ ဥယျာဉ်လေးအကြောင်းတော့ ပို့စ်သပ်သပ်တင်ပါအုံးမယ်ဗျာ။ ကိုယ်စိုက်သမျှအပင်တိုင်းကဖြစ်ထွန်းပြီး ဖူးငုံ ပွင့်သီးနေတာကို မြင်ကြတော့ မင်းရဲ့လက်က အစိမ်းရောင်ပိုင်ရှင် အေးမြတဲ့လက်ပိုင်ရှင်ဆိုပြီး ထိုင်းတွေက မကြာခဏပြောကြတယ်။ မြန်မာစကားအတိုင်းဆိုရင်တော့ လက်ဆိပ်ရှိတယ်ခေါ်တာပေါ့။ တချို့ကျတော့သူတို့လက်နဲ့ဆိတ်ပြီးခူးလိုက်ရင် အဲဒီအပင်က ဆက်ပြီးမကြီးထွားတော့ဘူး၊ အသီးတွေဆိုလည်းမတင်ဘဲ ပုတ်ကုန်တာမျိုးဖြစ်တယ်၊ အဲလိုလူရဲ့လက်ကိုတော့ လက်ခါးတယ်လို့ပြောကြတယ်။ ကျနော်ကတော့ သူများဆီကသေခါနီးအရွက်မပါဘဲ ရောက်လာတဲ့အပင်လည်းကိုယ့်လက်နဲ့ထိရင်ပြန်ရှင်သန်အရွက်တွေထွက်လာတာပဲ။ ကိုယ့်ဆီရောက်လာမှ ပြုစုထားလို့ လှပဝေဆာနေတဲ့အပင်လေးတွေလည်းရှိတယ်ဗျ၊ နောက်ပို့စ်မှာသေချာတင်ပေးမယ်။
လာရောက်လည်ပတ်ကြတဲ့ ၇ ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ အညာသားရဲ့ဘလော့ကိုကြည့်ပြီး စိတ်ချမ်းသာကြည်နူးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၈) ရက်
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်၊ အင်္ဂါနေ့
Subscribe to:
Posts (Atom)