ဒေါ်အေးရင် တစ်ယောက် အိပ်ယာကအစောထ သားတွေအတွက် နံနက်စာပြင်ဆင် ချက်ပြုတ် ပေးခဲ့ပြီး သူမရဲ့အဖော်ဖြစ်တဲ့ ဈေးထမ်းတောင်းကို ထမ်းလို့ ဈေးရောင်းထွက်ခဲ့ ပြန်ပါတယ်။ရွာတွေက သွားနေကျ လမ်းဖြစ်နေတော့ တစ်ယောက်ထဲပဲ ထွက်လာခဲ့တယ်။ အခါတိုင်းတော့ ကျောင်းပိတ်ရက် တွေမှာ သားကြီးမျိုးနောင်နဲ့ သားအမိနှစ်ယောက် ဈေးရောင်းသွားတယ်။ ကျောင်းဖွင့်ရက်ဆိုရင် သူမတစ်ယောက်ထဲ ထမ်းတောင်းကို အဖော်ပြုလို့ ဈေးရောင်းထွက်ရတယ်။ခင်ပွန်းဖြစ်သူ ဦးလူမောင်ကတော့ အလုပ်လုပ်ရာက ရတဲ့ လုပ်အားခကို မှန်မှန် ပို့ပေးပါတယ်။ သားတွေ ကျောင်းစရိတ် ကလည်းရှိသေးတယ် မဟုတ်လား။ အခုဆိုရင် အကြီးကောင် မျိုးနောင်က ခုနစ်တန်းတက် ရတော့မယ်။ အလတ်ကောင် မိုးအေးကလည်း နောက်နှစ်ဆိုရင် ငါးတန်း ရောက်ပြီ။သူတို့လေးတွေ ဘ၀ရှေ့ရေးအတွက် ပညာရေးကလည်း အရေးကြီးတယ်လေ။ မွေးထားတာက သားယောကျာ်းလေးတွေ ပညာမတတ် ပြန်ရင်လည်း လူ့အောက်သူ့အောက် ကျမှာ စိုးရသေးတယ်။ရွာမှာကတော့ လေးတန်းလောက် အောင်ရင် ကျောင်းကထုတ်ထားကြတာ များတယ်။ဒေါ်အေးရင် ကတော့ အဲ့ဒီလို မလုပ်ရက်။ သားတွေကို ပညာတတ် တွေဖြစ်စေချင်လှတယ်။ ဦးလူမောင်က အဆိုးဆုံးပေါ့။ သူကိုယ်တိုင် ဆယ်တန်းကို သုံးခါလောက် ဖြေပြီး မအောင်ခဲ့လို့ သားတွေ အလှည့်ကျရင် ပေါက်မြောက်အောင် ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချထားသူ ဆိုတော့ ပညာရေးနဲ့ ပတ်သက်လာရင် သားတွေကို လုံးဝ အလျှော့မပေးဘူး။
သားတွေရဲ့ ဘ၀ရှေ့ရေးကို တွေးရင်း လာလိုက်တာ ဒေါ်အေးရင် လည်းဈေးရောင်းတဲ့ ရွာကိုပင်ရောက် လာခဲ့တယ်။သူ့ကို မြင်တယ်ဆိုရင်ပဲ ဟိုကလှမ်းခေါ် ဒီကလှမ်းခေါ်နဲ့ ၀ယ်သူတွေက များလှတယ်။ မိအေးရင် ဒီတစ်ခါ တစ်ယောက်ထဲပါလား ညည်းသား မပါဘူးလား။ ဟုတ်တယ် ဒေါ်ချစ်ရေ အကြီးကောင်က အခုကျောင်းပြန်ဖွင့်ပြီလေ။ သူကျောင်းပိတ်ရက် ဆိုရင်တော့ ကျုပ်နဲ့ အတူဈေးလိုက်ရောင်းတယ်။ ကျောင်းဖွင့်တော့ လည်း ကျုပ်တစ်ယောက်ထဲ လာရတာပေါ့။ ငါတော့ ညည်းတို့ လင်မယားကို ချီးကျုး ပါ့တော် ဈေးရောင်းရင်းကနေ သားတွေကိုလည်း ကျောင်းတွေ ထားသေးတယ်။ ညည်းတို့ရွာမှာ လေးတန်းလောက် အောင်ရင် ဆက်ပြီးထားသူက ရှားသနဲ့။ ဟုတ်တယ် ဒေါ်ချစ်ရဲ့ ကျုပ်တို့ကတော့ ကလေးတွေ ဘ၀ရှေ့ရေးကို တွေးပြီးတော့ ဖြစ်တဲ့နည်းနဲ့ ကျောင်းထားပေး နေတာ။သူတို့အဖေကလည်း ကျောင်းလေးအတော် အတန်နေဖူးတော့ ပညာမတတ်တဲ့ အရသာကို သူကိုယ်တိုင် ခံစားနေရလို့ သူ့သားတွေကို ပညာတတ်အောင် ထားမယ် ဆိုပြီး အလုပ် ထွက်လုပ်နေတာလေ။ သားတွေကလည်း ဖအေ့ ဆန္ဒကို လိုက်လျော ပါတယ်။ကျောင်း ထွက်ကြောင်းကို မပြောဘူး။ကောင်းပါ့တော် အခုလို ကြားရတာ ငါဖြင့် ၀မ်းသာပါတယ်အေ။ ဒါနဲ့ ဈေးဖိုးကို အပြန်ကျတော့ ငှက်ပျောသီး ယူသွားအေ။ ငါမနေ့က ခြံထဲရောက်လို့ ငှက်ပျောပင်မှည့်ခိုင် နှစ်ခိုင် ခုတ်လာတယ်။ ညည်းလည်း ဈေးမှာပြန်ရောင်းရတာ အဆင်ပြေတာပေါ့။ ဟုတ်ပါပြီ ဒေါ်ချစ်ရယ် ကျုပ် အရင်လည်း ဒီလိုပဲ ယူနေကျပဲကို။ အပြန်မှ လှည့်ဝင်ခဲ့တော့မယ်။အေးအေး ဒါဆိုလည်း သွားလိုက်အုံး။ ဟင်းချက်စရာ သည်က တို့ရွာကို သိပ်မလာကြဘူးအေ ညည်းတစ်ယောက်ပဲ ပုံမှန်လာတာဆိုတော့ ဈေးပြီးရင် ညည်းကိုပဲ မျှော်နေကြတာ။
ဟော မိအေးရင် ရောက်လာပြီပေါ့။ ငါအစောလေးကတင် ပြောနေတာ ဒီနေ့ ညည်းလာမယ် ထင်တယ်လို့။ဟုတ်တယ် အရီးမိသိန်းရေ အရှေ့ပိုင်းက ဒေါ်ချစ်တို့အိမ်မှာ ချရောင်းနေတာ။သူတို့အိမ် နားကလည်း လူစုံတယ်လေ။ အေးဟဲ့ အခုက ငှက်ပျော ပေါင်းနှုတ်ချိန် ဆိုတော့ ထမင်ထုပ်သမား တွေက ဟင်းလေး အလွယ်ရအောင် ၀ယ်ကြမှာပေါ့၊ ခရမ်းချဉ်သီးလေး နှစ်လုံးလောက် မီးဖုတ်ပြီး ထောင်းထည့်သွားလည်း တစ်ယောက်စာတော့ ဟင်းဖြစ်တာ ပဲလေအေ။ ညည်း အရင်တပတ်က ငါးခြောက်ကအေ စားလို့ကောင်းတယ်တော့။ သိပ်လည်း မငန်ဘူး။ ညည်းဦးလေးက စားကောင်းလို့ သဘောကျနေတာ။ နောက်တစ်ခါလာရင် များများ ၀ယ်ထားပါတဲ့ မှာသေးတယ်။ဒီတပတ်လည်း ပါပါတယ်အရီးလေး အရင်တပတ်က လူစေ့အောင်မရလို့ များများဝယ်လာခဲ့တယ်။ အေးအေ ဒါဆိုရင် ငါလည်းများများယူထားမယ်။ အသားငါးဆိုတာကလည်း အခါကြီးရက်ကြီးမှ ကြုံတာဟဲ့။ တို့တောသူ တောင်သားတွေက အလုပ်ဆင်းရဲ အစားဆင်းရဲပါအေ။ ဒီလိုပဲပေါ့ အရီးလေးမိသိန်းရယ် ဘ၀ပေး ကုသိုလ်ကံပေါ့။ ရောရော့ ပိုက်ဆံတစ်ခါထဲယူသွားအေ့။ ပြီးတော့ ဒီငှက်ပျောသီး လေးတွေလည်း ထည့်သွားအုံး ညည်းကလေးတွေ စားရတာပေါ့။ အဖီးလှတာ လေးတွေ ကိုတော့ ပြန်ရောင်း ပေါ့အေ။ ကျေးဇူးပါတင်ပါတယ် အရီးလေးရယ်။ကျုပ် ကျန်နေတာလေး ခင်ဝိုင်းတို့ အိမ်ဘက် သွားရောင်းလိုက် အုံးမယ်။အေးပါအေ သွားရောင်းလိုက်။ သိပ်မကျန်တော့ပါဘူး ကုန်ပါတယ်။အဲ့ဒီလိုနဲ့ ဒေါ်အေးရင် ဈေးထမ်းတောင်းက သုံလေး အိမ်လောက် ပြောင်းထိုင်လိုက်ရင် တစ်ရွာလုံး နှံ့သွားတာပဲ။အိမ်တိုင်းစေ့ သွားနေစရာ မလိုဘူး။တစ်အိမ်မှာချလိုက် တယ်ဆိုရင် နီးစပ်ရာအိမ်တွေ လှမ်းအော်လိုက် ရောက်အောင် လာဝယ်ကြတာပဲ။ ဈေးဝယ်တော့လည်း ပိုက်ဆံရယ်လို့ မဟုတ်ဘူး။ တချို့ကလည်း ငှက်ပျောသီး၊ တချို့ကျတော့လည်း ဆန်လေးတွေ ထည့်ပေးတယ်။ ရွာလည်ရောင်းတဲ့ ဈေးသည်ဆိုတာတော့ ဒီလိုပဲ ပေါ့ အဆင်ပြေရာ ယူရတာပဲလေ။ဒေါ်အေးရင်ရဲ့ အပြန်လမ်း ဈေးထမ်းတောင်း မှာတော့ ဈေးလဲလို့ရတဲ့ ငှက်ပျောသီးလည်းပါရဲ့၊ ဆန်ကလည်းနဲနဲပါတယ်။ တည်းနေကျ အိမ်က ပြုတ်စားဖို့ ထည့်ပေးလိုက်တဲ့ ထောပတ်ပဲအစိုလေး ကလည်းပါသေးတယ်။ အလာတုန်းက ဟင်းသီးဟင်းရွက် အပြန်ကျတော့ ငှက်ပျောသီးနဲ့ ဆန်ရောရာ ပါတဲ့ ထမ်းတောင်းကို ထမ်းလို့ အိမ်သို့တဖန် ပြန်လာခဲ့ရပြန်တယ်။
ဟေ့ကောင်မျိုးနောင် ချောင်းထဲရေထမ်းသွားမယ်ကွ မင်းလိုက်မလား။ မျိုးနောင် သူငယ်ချင်း တိုးအောင်က ရေခပ်ဖို့ လာခေါ်ခြင်း ဖြစ်ပါတယ်။ မျိုးနောင်နဲ့ တိုးအောင်က ရွာကျောင်းက လေးတန်း အတူအောင်ပြီး ကျောင်းဆက်တက်နေတဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ အခုလည်း ကျောင်းပြန်တော့ စားသောက်ပြီး ချောင်းထဲရေခပ် သွားဖို့ တိုးအောင်က လာခေါ်တာပါ။ ငါမလိုက်နိုင် သေးဘူးကွ အခုထမင်းအိုး တည်နေတာ ခဏနေရင် အမေ့ကိုသွားကြို အုံးမယ်။ ငါ့အမေ ဒီနေ့ ဈေးရောင်း သွားတယ်လေကွာ။ အပြန်မှာ ငှက်ပျောသီး ထမ်းလာမှာကွ ငါရွာအပြင်ဘက် ရောက်သလောက် သွားကြို အုံးမယ်။ စောပါ သေးတယ်ကွ မင်းအရင် သွားထမ်းနှင့် နောက်အခေါက်တွေမှ ငါလိုက်မယ်နော်။ ဒါဆိုလည်း အေးကွာ ငါသွားလိုက်အုံးမယ်။ မျိုးနောင် တစ်ယောက် သူငယ်ချင်းဖြစ်သူ တိုးအောင်နဲ့ စကားပြောပြီးတော့ ထမင်းအိုးကိုငှဲ့ မီးဖိုပေါ်မှာ နှပ်ထားခဲ့ပြီး မိခင်ဖြစ်သူကို အကြိုထွက်လာခဲ့တယ်။
မောင်မျိုးနောင် ဘယ်တုန်းကွ လက်ထဲမှာလဲ တောင်းကြီးနဲ့။ အမေ့ကို သွားကြိုမလိုပါ ဆရာမ။ အမေဒီနေ့ ဈေးရောင်းသွားတယ်လေ အပြန်မှာ ငှက်ပျောသီး ထမ်းလာခဲ့မယ် ပြောတယ်။အဲ့ဒါကြောင့် ကျွန်တော်လည်း ကျောင်းကရောက် ထမင်းအိုးနှပ်ပြီးတော့ အခုထွက်လာတာ။ မင်းကျောင်းစာတွေ ရောလိုက်နိုင်လား ဟုတ်ကဲ့ လိုက်နိုင်ပါတယ် ဆရာမ။အေးအေး မသိတာရှိရင် ဆရာမကို လာမေး ဟုတ်ပြီးလား။ သွားတော့..သွားတော့ မင်းအမေ လည်းတစ်ယောက်ထဲ လေး နေရော့မယ်။ရွာမူလတန်း ကျောင်းမှ မျိုးနောင်ရဲ့ ဆရာမ ဒေါ်ခင်စိန်က တပည့်ဖြစ်သူကို လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်း စာမသိတာ ရှိရင် သူ့ဆီကို လာမေးဖို့ ပြောနေတာပါ။
ဒေါ်အေးရင်းလည်း ရွာကနေထွက် လာကတည်းက မနားတမ်း ထမ်းလာလိုက်တာ ကိုယ့်ရွာကိုတောင် လှမ်းမြင်နေရပြီ။ ဒါကြောင့် ရွာမြောက်ဘက် ထိပ်က ညောင်ပင်ရိပ်မှာ အထမ်းကို ခဏချလို့ အမောဖြေနေပါတယ်။ အထမ်းက သိပ်ပြီးတော့ မလေးလှသော်လည်း ခရီးကဝေးတော့ မသက်သာလှပါဘူး။ သူအမောပြေလောက်တော့ ခမ်းလှမ်းလှမ်းမှာ သားဖြစ်သူ မျိုးနောင်တစ်ယောက် တောင်းကိုလက်မှာကိုင်ပြီး သူရှိရာသို့ လာနေတာကို လှမ်းမြင်လိုက်ပါတယ်။ အမေရောက်နေတာ ကြာပြီလား သားလည်း ကျောင်းကရောက်တော့ ထမင်းအိုး နှပ်နေလို့ နဲနဲ ကြာသွားတယ်။ ရပါတယ်ကွယ် အထမ်းက သိပ်မလေး ပါဘူး။ အမေလည်း ဟိုဘက်မှာ မနားဘဲ ထမ်းလာတာ ကိုယ့်ရွာဘက် ရောက်မှ နဲနဲစော သေးတာနဲ့ ဒီညောင်ပင်အောက်မှာ ထိုင်ပြီးနားနေတာ။ လူလေးရော ကျောင်းကပြန် နားခဲ့ရရဲ့လား နားရပါတယ် အမေရ ထမင်းအိုးတည်ရင်း နားခဲ့ပါတယ်။ အမေ ဒီတောင်းထဲ ငှက်ပျောသီးတွေ ခွဲထည့်လေ အထမ်းကို သားထမ်းခဲ့မယ်။ ဒီတောင်းပဲ မင်းယူခဲ့ပါ။ အထမ်းက အမေပဲ ထမ်းပါ့မယ်။ ရပါတယ်အမေရ။ အမေက အဲ့ဒီတောင်းကို ခေါင်းပေါ်ရွက်ခဲ့။ အထမ်းကို သားထမ်းမယ်။ ရေတစ်ထမ်း စာလောက်ပဲ လေးပါတယ်။အေးအေး ဒါဆိုလည်း ဖြေးဖြေး သွားကြစို့။သားအမိနှစ်ယောက် စကားတွေ ပြောရင်းနဲ့ လာလိုက်တာ ရွာဆီကို ရောက်လာခဲ့ပါတယ်။
အပိုင်း(၃)ဆက်ပါမည်...
2 comments:
အရမ်းကောင်းတယ် မျိုးနောင်ရေ..အဲ..မှားလို့ဟ..မျိုးခန့်ရေလို့ပြောတာ။
ဆက်ကြိုးစားထားနော်..အားပေးနေမယ်..။
ငှက်ပျောခင်း ပေါင်းနှုတ်တယ်ဆိုတာ ဘယ်လိုဟာမျိုးလည်း သိချင်တယ်..
ရာဇာ(ကျေးတောသားလေး)
သြော်...ပဲခင်းတို့၊ပြောင်းဖူးခင်းတို့ ပေါင်းသင်မြက်နှုတ်သလိုပါပဲ။ ငှက်ပျောခြံထဲရှိတဲ့ မြက်ပင်နဲ့ အခြားပေါင်းပင် တွေကို နှုတ်ပေးရတာပါ။ ငှက်ပျောခြံတွေက ကျယ်တော့ လူငှားပြီးတော့ နှုတ်ခိုင်းရတယ်ဗျ။ လက်လုပ်လက်စား သမားတွေအတွက် အဆင်ပြေတာပေါ့။ တစ်ခြံဆိုရင် ၇ ယောက်လောက်နဲ့ ငါးရက် တပတ် ဆိုသလိုနှုတ်ကြရတယ်။ ဈေးကတော့ အခင်းရှင်က ထမင်းကျွေးရင်တစ်မျိုး ကိုယ့်ထမင်းထုပ်နဲ့ဆိုရင် တစ်မျိုးရတယ်။ ကိုယ့်ထမင်းထုပ်နဲ့ကိုယ် ဆိုရင် ၇၀၀၊၈၀၀ လောက်ရတယ် တစ်နေ့ကို။ ထမင်းကျွေးသူလည်း ရှားပါတယ်။ တခြားရွာကလူကိုငှားသလို ကိုယ့်ရွာထဲက လူတွေကိုလည်း ငှားပါတယ်။ ပေါင်းနှုတ်လိုက်ရင် ထမင်းထုပ်လေး ထုပ်သွားရတယ်။ ငှက်ပျောခြံထဲမှာ ပေါင်းနှုတ်ရတာက နေမပူတဲ့ အတွက် လူသက်သာတယ်ဗျ။ ပေါင်းနှုတ်ရင်း ထမင်းစားရတာလည်း ကောင်းမှကောင်းပဲ။ ကိုယ်တိုင် လုပ်ခဲ့ဖူးလို့ ကောင်းကောင်း သိပါတယ်။ လာလည်တဲ့အတွက် ကျေးဇူးပါ ကိုရာဇာရေ...
Post a Comment