လူလေး... မျိုးနောင် မင်းညီလေးတွေကိုဂရုစိုက်နော်... ချောင်းထဲကိုရေချိုးသွားရင် မင်းမပါဘဲသူတို့ ချည်းမသွားခိုင်းနဲ့... ညကျရင်လည်း စောင်ကိုလုံအောင်ခြုံပြီးသိပ်နော် ထမင်းကိုလည်း စောစောစီးစီး ချက်ကျွေး... အရင်ဈေးပတ်က အမေ၀ယ်ထားတဲ့ ငါးခြောက်ကျန်သေးတယ်... အဲ့ဒါလေးကို ခရမ်းချဉ် သီးလေးနဲ့ချက်ပြီးတော့ ညီလေးတွေနဲ့မျှမျှတတစားနော်... မီးတွေကိုလည်းဂရုစိုက်... အဲ့ဒီစကားလေး တွေက ဈေးရောင်းထွက်မယ့် ဒေါ်အေးရင်တစ်ယောက်သားကြီးဖြစ်သူ မျိုးနောင်ကိုမှာကြားနေတဲ့ စကားလေးတွေ ဖြစ်ပါတယ်။
ထန်းတပင်ရွာက ဦးလူမောင်နဲ့ဒေါ်အေးရင်တို့မှာ သားယောကျာ်းလေး လေးယောက်ထွန်းကားခဲ့ပါ တယ်။ဦးလူမောင်တစ်ယောက်ကတော့ မိသားစုစားဝတ်နေရေး အတွက်နဲ့တစ်နယ်တစ်ကျေးထွက်ပြီး တော့အလုပ်လုပ်နေရတယ်။ အိမ်မှာဇနီးသည်ဒေါ်အေးရင်နဲ့ သားလေးယောက်ပဲ ကျန်ခဲ့တယ်။သားတွေ လေးယောက်ဆိုတော့ သူတို့မိသားစု စားအိုးကလည်း သိပ်ပြီးမသေးလှဘူး။နောက်ပြီး ကလေးတွေကလည်း လူလားမမြောက်ကြသေးတော့ မိဘနှစ်ပါးရှာဖွေလို့ရတာလေးနဲ့ပဲ မိသားစု စားဝတ်နေရေးကိုဖြေရှင်းရ တယ်။ဦးလူမောင်က အဝေးမှာအလုပ်လုပ်ရင်း ရတဲ့လုပ်အားခလေးကို ဇနီးနဲ့သားသမီးတွေဆီ ပြန်ပို့ ပေးတယ်။ဇနီးဖြစ်သူ ဒေါ်အေးရင် ကလည်းခင်ပွန်းပို့ပေးတဲ့ငွေလေးကို ဒီအတိုင်းမသုံးဘဲ အရင်းအနှီးလေး လုပ်ပြီးတော့ ဈေးပြန်ရောင်းပြီး ငွေပိုရှာပါတယ်။
ဈေးရောင်းတယ် ဆိုတာကလည်း သိပ်ပြီးတော့များများစားစား မဟုတ်ပါဘူး။သူတစ်နိုင်ဈေးထမ်းတောင်း လေးနဲ့ ထမ်းပြီးတော့ ရောင်းတာပါ။ငါးရက်တပတ် ခင်းတဲ့ဈေးကနေ ခရမ်းချဉ်သီး၊မုံလာရွက်၊နံနံပင်၊မုံလာ ထုပ်စတဲ့ ဟင်းချက်စရာလေးတွေကို တဆင့်ပြန်ဝယ်ပြီး ရွာနီးချုပ်စပ်က ရွာတွေဆီကို ပြန်ပြီးတော့ရောင်းချ တာပါ။အဲ့ဒီလို ဟင်းချက်စရာလေးတွေ အပြင် ငါးခြောက်၊ကြံသကာ၊မရွေး၊ပေါက်ပေါက်ဆုပ် စတဲ့ပစ္စည်း လေးတွေကိုလည်း အဆင်ပြေသလို ပြန်ဝယ်ပြီးတော့ ရောင်းချတယ်။သူဈေးရောင်းသွားတဲ့ ရွာတွေကလည်း ငှက်ပျောတောင်သူတွေ ဖြစ်ကြတော့ ကုန်ပစ္စည်းချင်း ဖလှယ်ပြီး ရောင်းရတာများတယ်။ဈေးရောင်းရာကရ လာတဲ့ ငှက်ပျောသီးတွေကို အိမ်ပြန်ရောက်တော့ မှည့်အောင်ပြန်အုပ်ပြီး ဈေးမှာတစ်ခါ ပြန်ရောင်း၊ဈေးက နေ ကုန်ပစ္စည်းတွေ တစ်ခါပြန်ဝယ် အဲ့ဒီလိုနဲ့ ဒေါ်အေးရင်တစ်ယောက် ဈေးပတ်လိုက်ပြီးတော့ သားတွေ ကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။
ဈေးရောင်း နားတဲ့နေ့တွေမှာတော့ သားတွေနဲ့အတူ အိမ်မှာနေရင်း အိမ်မှု့ကိစ္စတွေ လုပ်ရတယ်။သားတွေက လည်း လိမ္မာရေးခြားရှိလို့ တော်သေးတာပေါ့။အမေ့အလုပ်တွေကို တတ်နိုင်သလောက် ၀ိုင်းကူပေးကြတယ်။ အမေဈေးကပြန်ရောက်ရင် ဈေးခြင်းတောင်း ကူသယ်သူကသယ် ရေခပ်ပေးတဲ့သူကခပ် ဆိုတော့လုပ်ရ ကိုင်ရတာ ဘယ်လောက်ပင်ပမ်း ပင်ပမ်း သားတွေရဲ့မျက်နှာကို မြင်ရတော့ အမောတွေပြေလို့ပေါ့။အကြီး ကောင် မျိုးနောင် ကတော့အိမ်မှာ စိတ်အချရဆုံးပဲ။ အမေဈေးကပြန်ရောက်လို့ ဟင်းချက်စရာလေးတွေကို ဗန်းမှာထည့်ပြီး ရွာထဲလှည့်ရောင်းခိုင်းရင် တစ်ရွာလုံးနှံ့အောင် လည်ရောင်းတတ်တယ်။ မိခင်ဖြစ်သူဈေး ရောင်းသွားရင် အိမ်မှာ ညီလေးတွေကို သူက ထိန်းကျောင်းပြီး အစစအရာရာ လုပ်ပေးတယ်။ ဈေးကငါးရက် တပတ်ဆိုတော့ ဈေးနေ့မှာသွားရင် ဈေးရောင်းစရာကုန်ပစ္စည်းနဲ့ အဆင်မပြေဘူး။ အဲ့ဒါကြောင့်ဈေး မတိုင်ခင် တစ်ရက်အလိုက အိမ်ကနေထွက် ဈေးမှာညအိပ်ပြီး နောက်နေ့ဈေးပြီးမှ အိမ်ပြန်လာ ရတယ်။ အရင်တုန်းက ကလေးတွေငယ်သေးတော့ ဈေးသွားရင် ညမှာကလေးတွေကို ယောက္ခမ အိမ်မှာခေါ် ပြီးသိပ်ဖို့မှာခဲ့ရတယ်။အကြီးကောင် မျိုးနောင်နဲ့ စိတ်ချရတော့ နောက်ပိုင်းဈေးသွားရင် အိမ်မှာပဲ ညီအစ်ကို တစ်တွေ ညအိပ်ဖို့ ပြောခဲ့တယ်။ အိမ်မှာကလေးတွေကို ထမင်းဟင်းကအစ ညရေးညတာ အဆုံး သူနဲ့ပဲလွှဲထား လို့ရတော့ ဒေါ်အေးရင်တစ်ယောက်လည်း စိတ်ချလက်ချနဲ့ ဈေးကိုသွားနိုင်တယ်။
သူလည်း မတတ်သာလို့သာ သွားနေရပေမယ့် သားသမီး တွေကို တော့ ကိုယ့်မျက်စိ ရှေ့မှာလောက် ဘယ်စိတ်ချပါ့မလဲ။မိုးရာသီဆိုရင် ရွာအနောက်ဘက် ချောင်းက ရေတွေလာတယ်။ပုံမှန်အချိန်မှာချောင်းထဲ သွားချိုးရင် သိပ်ပြီးအန္တရာယ် မရှိလှပေမဲ့ ရေလာတဲ့အချိန်မှာ ဆိုရင်အန္တရာယ်က များတယ်လေ။ အခုလည်း ဈေးရောင်းထွက်ခါနီးလို့ သားတွေကို စိတ်မချစွာနဲ့ အကြီးကောင်ကို တဖွဖွ မှာကြားနေတာပါ။မိဘဆိုတော့ လည်းသားသမီးအပေါ် စိတ်ပူတတ်တာက သဘာဝပဲမဟုတ်ပါလား။
ညီလေး မိုးအေး အကို့ကို ထင်း ကူသယ်ပေးအုံးကွာ အကို ထမင်းချက်တော့မယ်။ အငယ်ကောင်ထွန်းဝင်း က ညီလေးကို သေချာထိန်းနော် လမ်းပေါ်ကိုမထွက်စေနဲ့ ညနေပိုင်း နွားအုပ်သွင်းချိန်ဆို လမ်းပေါ်မှာနွား တွေကရှုပ်တယ်။ ဒါတွေကတော့ ဒေါ်အေးရင်ရဲ့သား မျိုးနောင်တစ်ယောက် ညီငယ်တွေနဲ့ အိမ်မှာစီမံခန့်ခွဲ နေတာပါ။ညနေစာချက်ပြုတ်ရင်းက ညီလေးတွေကို လမ်းပေါ်ထွက်မဆော့ဖို့ မှာနေခြင်းပါ။ ချက်ပြုတ်ပြီး တော့လည်း ညီငယ်တွေကို ခူးခပ်ကျွေးမွေးလို့ တကယ်ကို မိဘတစ်ယောက်လိုပါပဲ။ အကိုကြီးတော့ အဖအရာ ဆိုသလို မျိုးနောင်ကတော့ အဖရော အမိအရာပါ တာဝန်ယူ နေရပါတယ်။ ညအိပ်တော့လည်း ညီလေးတွေကို စောင်တွေသေချာခြုံပေးလို့ ညီအငယ်ဆုံးလေးကိုတော့ သူ့အနားမှာ ကပ်ပြီးသိပ်လို့ပေါ့။ ဖြစ်ချင်တော့အဲ့ဒီ ညမှာပဲ အလတ်ကောင် မိုးအေးက ကိုယ်တွေခြစ်ခြစ်တောက် ပူပြီး ဖျားပါလေရော။ ငိုကလည်းငိုသေးတယ်။ ကလေးတွေချည်း ဆိုတော့လည်း သိတဲ့အတိုင်း ကျန်းမာရေးနဲ့ ပတ်သက်လာတော့ ဘာမှမလုပ်တတ်ဘူး။ ဖျားတာကလည်း ညကြီးအချိန်မတော် ဆိုတော့ ဘယ်သူ့ကို သွားခေါ်ရမှန်း လည်းမသိ။ အဖွားဖြစ်သူကလည်း အသက်ကြီးပြီဆိုတော့ ညကြီးမိုးချုပ် လာလို့လွယ်မှာ မဟုတ်ဘူး။ မိုးကလည်း ဒီညမှ သည်းသည်း မည်းမည်း ရွာနေသေးတယ်။ မနက်ပိုင်းတုန်းက ရေချိုးလို့များ အအေးမိ တာလားမသိဘူး။ စတဲ့အတွေးတွေ တွေးရင်း မျိုးနောင် တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အဆုံး မီးဖိုရှိရာကိုသွားပြီး မီးမွှေးလို့ ရေနွေအိုး တည်ပါတယ်။ အမေက ဈေးပြန်ရင် အဖိုးအတွက် ကွမ်းရွက်နဲ့ ကွမ်းသီးကို ၀ယ်လာနေကျဆိုတော့ အဲ့ဒီအထဲက လိုရမယ်ရ သုံးလေးရွက် ချန်ထားတာလေးကို သောက်ရေအိုးဖုံးထဲက ယူပြီး လဘက်ရည်ကြမ်း ပန်းကန်မှာ ဆားလေးနဲ့ ရောပြီး ချေထားလိုက်တယ်။ ရေနွေးအိုးပွက်တော့ ရေခွက်လေးနဲ့ခပ်ပြီး အအေးခံတယ်။ ရေနွေး အေးတော့ ကွမ်းရွက်ချေထားတဲ့ အထဲကိုထည့် အရည်ကိုစစ်ယူပြီး မိုးအေးကို တိုက်ပါတယ်။ အမေလုပ်တာကို မြင်ထားလို့သာ လုပ်ပြီးတိုက်လိုက်တာ ဘာအတွက် ကောင်းမှန်းလဲ သေချာမသိဘူး။ ရေနွေးချည်းပဲ တိုက်တာနဲ့စာရင် တော်ပါသေးတယ် ဆိုပြီးတော့ တိုက်လိုက်တာပေါ့။ နောက်ထပ် သူ့ကို ရေနွေးတစ်ခွက် ထပ်တိုက်ပြီး စောင်ခြုံလို့ ပြန်အိပ်စေပါတယ်။ ကိုယ်တွေ အရမ်းမပူတော့ပေမယ့် ဖျားတာကတော့ သေချာတယ်။ ညီဖြစ်သူ နဖူးလေးကို လက်နဲ့စမ်းကြည့်ရင်း စိတ်ထဲမှာလည်း အားငယ်စိတ်တွေက ၀င်လာတယ်။
နေ့ခင်းဘက်မှာ ဖြစ်တယ်ဆိုရင် ဦးလေး အဒေါ်တွေကို ခေါ်လို့ အဆင်ပြေပေမယ့် အခုက ညအချိန်မှာ ပြီးတော့ တစ်အိမ်လုံးမှာလည်း အကြီးဆိုလို့ သူတစ်ယောက်သာ ရှိတယ်။ ပိုဆိုးတာက မိုးတွေကလည်း ရွာနေ သေးတယ်။ အငယ်နှစ်ယောက်ကတော့ ဘာမှ သိဟန်မတူဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေရှာတယ်။ မိုးအေးလည်း ကွမ်းရွက်ပြုတ်ရည်လေး သောက်ပြီး အိပ်ပျော်သွားပေမယ့် အိပ်မပျော်နိုင်သူက အကိုဖြစ်သူ မျိုးနောင်ပါ။ အိမ်မှာ အကြီးကလည်း မရှိတော့ တခုခုများဖြစ်ရင် ဆိုတဲ့အတွေးနဲ့ စိတ်တွေ ပူပြီးတော့ ညီဖြစ်သူ နဖူးလေးကို စမ်းကြည့်လိုက် မျက်နှာကိုကြည့်လိုက်နဲ့ တစ်ညလုံး ဆက်အိပ်လို့ မရတော့ဘဲ အိပ်ပျော်နေတဲ့ ညီလေး တွေဘေးမှာ ထိုင်ရင်းနဲ့ မိုးလင်းခဲ့ပါတယ်။ မိုးလင်းပြန်တော့ ညကကျန်တဲ့ ထမင်းကို နွှေးလို့ ညီလေးတွေစားဖို့ အတွက် ပြင်ဆင် ပေးရပြန်တယ်။ ဖျားနေတဲ့ မိုးအေး အတွက်ကိုတော့ ထမင်းချက်တဲ့ အထဲက ထမင်းရည်ကို ပန်းကန်နဲ့ သီးသန့်ခံပြီး ဆားလေးခတ်လို့ တိုက်ပါတယ်။ နဖူးပြင်ကို လက်နဲ့စမ်းကြည့်တော့ ညတုန်းကလောက် အပူတွေ မများတော့လို့ စိတ်နဲနဲ အေးသွားတယ်။ အဖျားကတော့ ကျန်နေသေးတယ်။ အဒေါ်ဖြစ်သူဆီက ဆေးတောင်းပြီး တိုက်လိုက်တော့ မှသက်သာသွားပါတယ်။ ညကအကြောင်းကို ပြန်ပြောပြတော့ အဒေါ်တွေက သူတို့ကို လာမခေါ်လို့ ပြောနေကြတယ်။ မျိုးနောင်လည်း စိတ်တွေပူပြီးတော့ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေတဲ့အကြောင်း၊ နောက်မှ ကွမ်းရွက်ပြုတ်ရည် တိုက်တဲ့အကြောင်းတွေကို ရှင်းပြရတယ်။ မင်းက တော်တော် လည်းဆေးကု တော်ပါလား မျိုးနောင်။ အဲ့ဒါက ချောင်းဆိုးရင် တိုက်တဲ့ဆေးလေ။ မသိဘူးလေ အမေက နေမကောင်း ဘူးဆိုရင် အဲ့ဒါကိုပဲတိုက်တော့ ကျွန်တော်လည်း အမေလုပ်သလို လုပ်ပြီး တိုက်လိုက်တာပေါ့လို့ သူ့အဒေါ် တွေကိုပြောပြတယ်။ အေးပေါ့ မင်းအဲ့ဒီလောက် ညီလေး တွေအပေါ်မှာ ပြုစုတတ်တာကိုပဲ ၀မ်းသာပါတယ်။ နောက်ဆိုရင် ဘာပဲဖြစ်ဖြစ် လူကြီးတွေကို ပြောနော်။ ဟုတ်ကဲ့ပါ ပြောပါ့မယ် ဆိုပြီး ပြန်လာခဲ့တယ်။ ညနေပိုင်း ရောက်တော့ ဒေါ်အေးရင် တစ်ယောက် ဈေးထမ်းတောင်းနဲ့ အိမ်ကိုပြန်ရောက် လာတယ်။ အခါတိုင်းလိုပဲ သားတွေက ဆီးကြိုတော့ အမောတွေပြေလို့ပေါ့။ ဒါပေမဲ့ အလတ်ကောင် မိုးအေး မျက်နှာ သိပ်မလန်းတာ ကိုတော့ ဒေါ်အေးရင် သတိထားမိတယ်။ မိုးအေး အမေ့ဆီလာစမ်းပါအုံး မင်းကြည့်ရတာ နေမကောင်းတဲ့ပုံစံနဲ့ လာစမ်းလူလေး အမေ့ပေါ်ထိုင်ဆိုပြီး မိုးအေးကို သူ့ရင်ခွင်ထဲ ထည့်လို့ နဖူးပြင်ကို လက်နဲ့ စမ်းကြည့်ပါတယ်။
လူလေး ကိုယ်တွေက နဲနဲ ပူနေတယ်။ မျိုးနောင် မင်းညီမိုးအေး ရေတွေများချိုးသေးလား။ သူ့ကိုယ်တွေ နဲနဲပူ နေတယ်။ဟုတ်တယ်အမေ အခုက နဲနဲပဲပူတော့တာ ညတုန်းကများ ပူလိုက်တာ ခြစ်နေတာပဲ။ သားဖြင့် ဘာလုပ်ရမှန်း တောင်မသိဘူး။ မိုးတွေကလည်း ညကမှသည်းလိုက်တာ အမေရာ။ သားဖြင့် ကြောက်များ တောင်ကြောက်တယ်။ အဖွားကို သွားခေါ်မယ် ဆိုတော့လည်း မိုးတွေကရွာနေတော့ မခေါ်တော့ဘဲ အမေလုပ်သလို ကွမ်းရွက်ပြုတ်ရေတွေ တိုက်ပြီးတော့ ပြန်အိပ်ခိုင်းရတယ်။ ညကဖြင့် တညလုံး အိပ်လို့ကို မပျော်တော့ဘူး အမေရာ။ ဒီအတိုင်း သူ့နားထိုင်ရင်း မိုးလင်းသွားတာပဲ။ မနက်ကမှ အဒေါ်ဆီက ဆေး သွားတောင်းပြီး တိုက်ထားလို့ အမေ့သား အခုလောက်ပဲ ပူတော့တာ။ တော်သေးတာပေါ့ လူလေးရယ်။ မင်းက အဲ့ဒီလိုသိတတ်လို့။ အမေလည်း ဈေးမှာ အိပ်သာအိပ်ရတယ် အိမ်ကို စိတ်မချဘူး။ ငါ့သားက အကြီးဆုံးဖြစ်သလို အမေ့အတွက်လည်း အားကိုးရလို့ တော်သေးတယ်။ မင်းညီကို ဘာကျွေး ထားသေးလဲ။ မနက်ကတော့ ထမင်းရည် တိုက်ထားတယ်အမေ။ နေ့လည်နဲ့ ညစာ အတွက် ကိုတော့ ဆန်ပြုတ်လေး ပြုတ်ထားတယ်အမေ။အေးအေး...ကောင်းပါတယ်။ အဖျား နဲနဲရှိသေးတော့ အမာတွေ မကျွေးနဲ့အုံး။ အမေရော ဈေးရောင်းရတာ အဆင်ပြေရဲ့လား။ အေး ပြေပါတယ် လူလေးရယ်။ ဒီတစ်ခါ ဟင်းချက်စရာ တွေက ဈေးချိုလို့ အမေ များများဝယ်လာတယ်။ ရွာထဲကိုလည်း တချို့တ၀က် ရောင်းရ အောင်လို့။ ဟုတ်ကဲ့အမေ ရွာထဲကို ရောင်းရမယ့် ဟာလေးတွေ အမေ ပြင်ထားလိုက်လေ ခဏနေတော့ သား လည်ရောင်း လိုက်မယ်။ ညနေပိုင်း ဟင်းချက်ချိန်လေး အုပ်မိအောင် သွားရောင်းတော့ ပိုကောင်း တာပေါ့။ အခုတော့ ချောင်းထဲကို ရေ တစ်ထမ်းလောက် ပြေးထမ်း လိုက်အုံးမယ်။ အေးကွယ်..အမေပြင်ထား လိုက်မယ်...
ဗျို့... အရီးလေးစိန် ဟင်းချက်စရာတွေ လတ်တယ်ဗျ။ အမေဒီနေ့မှ ဈေးက ပြန်ရောက်တာ။ မနက် ဆွမ်းအလှည့် ကျတယ်ဆို ပန်းမုံလာလေးတွေ ကောင်းတယ်ဗျ ယူပါအုံး။ ဆွမ်းဟင်း ချက်လို့ရတာပေါ့။ ဟုတ်ပါပြီတော်... မိအေးရင် တို့သားကတော့ တကယ်ပါပဲ ဈေးရောင်းကလည်း ကောင်းသလား မမေးနဲ့။ နံနံပင်လေးလည်း ပါသေးတယ်ဗျ။ တစ်ပုံမှ ဆယ့်ငါးကျပ်ရယ် ခရမ်းချဉ်သီးချက် လေးထဲ ထည့်ချက်ရင် ကောင်းမှကောင်းဗျာ။ဟဲ့...မျိုးနောင်...ငါတို့အိမ်လည်း လာပါအုံး ဒီမှာ ဘာဟင်း ချက်ရမှန်း မသိလို့ မင်း လာတာနဲ့ အတော်ပဲ... ဟုတ်ကဲ့... အဖွားမေ လာပါပြီ... ဘာတွေပါလဲဟဲ့.... ဒီတစ်ခါ စုံတယ် အဖွားမေရ.. ခရမ်းချဉ်သီးပါတယ်၊ နံနံပင်ပါတယ် ၊ပြီးတော့ ပန်းမုံလာရယ်၊ မုံလာဥ လည်း ပါသေးတယ်ဗျ ဟုတ်ပါ့တော်...လတ်လတ် ဆတ်ဆတ် တွေပါပဲ။ ဒီနေ့ဈေးမှာ အသီးအ ရွက်တွေ ဈေးပေါလို့ အမေက ရွာထဲ ရောင်းဖို့အတွက်ပါ များများ ၀ယ်လာတာတဲ့... ယူထားနော် အဖွားမေ... မနက်ဖြန် ဆိုရင် မြောက်ဘက် ရွာကိုသွားရောင်းမှာ။ အေးအေး... အဖွားမေကို မုံလာဥတစ်စည်း၊ ခရမ်းချဉ်သီး တစ်ထုပ်ရယ်၊ နံနံပင်တစ်ပုံရယ် ပေးခဲ့ ပိုက်ဆံတော့ အပြန်မှလှည့်ယူနော်... အခု မင်းအစ်မ ငွေမှုံ ရေခပ်သွားနေလို့... ဈေးဦးပေါက်ပြီ မဟုတ်လား ဟုတ်ကဲ့... အဖွားမေ... ဈေးဦးပေါက်ပါပြီ... အပြန်မှပဲဝင်ယူတော့မယ်.. အေးအေး... မိတင်ကြီးတို့ ၀ိုင်းလည်း... သွားလိုက်အုံး... သူတို့လည်း ဟင်းချက်စရာ မရှိလို့ ညည်းနေတာ.. ဟုတ်ကဲ့... အဖွားမေ...ကျွန်တော်သွားလိုက်ပါ့မယ်...
ဟင်းချက်စရာတွေ လတ်တယ်ဗျို့ ယူကြအုံးမလား... ပန်းမုံလာပါတယ်...မုံလာဥပါတယ်...နံနံပင်ပါတယ် ယူကြအုံးမလားဗျို့...ဟ...မျိုးနောင်ကြီး ဦးလေးတို့ အိမ်လည်း လာပါအုံးကွ... မင်းအရီးလေး တောထဲက ပြန်လာရင်ချက် ရအောင်... ဦးလေးလည်း ၀ယ်ထားလိုက်အုံး မယ်ကွ... ဟုတ်ကဲ့...ဦးလေးအောင် လာပြီ...ဦးလေးအောင် ဘာတွေယူမလဲ... မုံလာရွက်တစ်စည်းနဲ့ နံနံပင်ရယ်... ခရမ်းချဉ်သီး တစ်ထုပ်ရယ် ပေးကွာ...မင်း ဗန်းထဲက ဖြူဖြူအပွင့်က ဘာလဲဟ... ငါဖြင့် မမြင်ဖူးပေါင်... ပန်းမုံလာတဲ့...ဦးလေးအောင်ရ ကြက်ဥလေးနဲ့ ကြော်စားရင် သိပ်ကောင်းတာ... ဟုတ်လားကွ... ဒါဆိုရင် တစ်ပွင့် ထားခဲ့အုံးကွာ... မင်းအရီးလေးကို ကြော်ကျွေး ခိုင်းအုံးမယ်... ဈေးဖိုး ဘယ်လောက်ကျ လဲကွ... ရော့ကွာ...ဦးလေးမှာတော့ တစ်ရာပဲရှိတယ်...လိုတာကိုတော့ မင်းအရီးလေး ပြန်လာမှ လာတောင်းတော့... ဟုတ်ကဲ့... နှစ်ဆယ်ပဲ လိုပါတယ် ဦးလေးအောင်ရ... ပြီးမှ အရီးလေးဆီက တောင်းလိုက်မယ်။ အေးအေး....ကျန်တာလေး နေမ၀င်ခင် သွားရောင်းလိုက်အုံး... ညနေပိုင်း ဟင်းချက်ချိန်ဆိုတော့... ကုန်ပါတယ်ကွ...ဟုတ်ကဲ့ ဦးလေးအောင် ကျွန်တော် သွားလိုက်အုံးမယ်...
ဗျို့...အရီးမိတင်...ဟင်းချက်စရာယူအုံးမလားဗျ...အောင်မလေးတော်...ဈေးသည်ကြီးက..အခုမှရောက်လာ တော့တယ်...ငါဖြင့်မျှော်နေတာကြာပြီ...ဟုတ်တယ်...အရီးလေးစိန်တို့ ၀ိုင်းဘက် ကိုရောက်နေလို့... ငါတို့ဝိုင်းကိုတော့ သူများရွေးကျမှ လာရောင်းတာပေါ့လေ။ မဟုတ်ရပါဘူး... အရီးမိတင်ရာ ဟင်းချက်စရာ တွေက ဒီနေ့မှ အမေဈေးက ၀ယ်လာတာ လတ်လတ်ဆတ်ဆတ် တွေကြည့်ပါပဲဗျ... အေးပါဟယ်... ငါကစတာပါ... အရီးကို ခရမ်းချဉ်သီးတစ်ထုပ်ပေး ပန်းမုံလာတစ်ပွင့်ရယ် မုံလာဥတစ်စည်းရယ်... ဟဲ့နေအုံး... မုံလာဥက နဲနဲခါးတယ် ပြောတယ်... မခါးပါဘူး အရီးမိတင်ရ... သူ့ကို မန်ကျည်းသီးလေးနဲ့ အချဉ်ရည်ဟင်း လေးချက်စား ရတယ်။ နံနံပင်လေး အုပ်ပြီးတော့... အချဉ်ရည်သောက်လေး ချက်လိုက်... ငါးပိလေးကို မီးဖုတ်ပြီး ကုလားအော်သီး အစိမ်းလေးနဲ့ ထောင်းလိုက်ရင် ဆွေးမျိုးမေ့အောင် စားကောင်းတယ်... အောင်မလေးတော်... မိအေးရင်တို့ သားကတော့လေ... ဈေးရောင်းတာတင် မဟုတ်ဘူးတော်... ဟင်းချက်နည်းပါ ပေးသေးတော်... ဒါကြောင့်လည်း မိအေးရင်က သူ့သားအကြောင်းကို ပါးစပ်ကမချတာကိုး...ငါ့အိမ်က သမီးတွေတောင်... မင်းလောက်အား မကိုးရဘူး... မိအေးရင်တို့များ ကံကောင်းပါ့တော်... မျိုးနောင် တစ်ယောက်က အားကိုးရတာ ထောင့်စုံပဲ... ဒါနဲ့...မင်းကျောင်းရော ဘယ်အတန်းရောက်ပြီလဲ...ဒီနှစ်(၆)တန်း ဖြေထားတယ် အရီးမိတင်...နောက်နှစ်ဆို ခုနစ်တန်း တက်ရမှာလေ... အေးဟယ် ကြိုးစားနော်... မင်းအဖေနဲ့အမေက မင်းတို့ကို ဆင်းဆင်းရဲရဲ လုပ်ကျွေးပြီး ကျောင်းထားပေးတာ..ငါတို့ရွာမှာပညာတတ်ကလည်း ရှားတယ်ဟဲ့... မင်းတို့ကျမှပဲ ထွန်းပေါက်အောင် ကြိုးစားစမ်းကွာ..ဟုတ်ကဲ့ပါ...ကျွန်တော်လည်း အဖေနဲ့အမေ တို့ကို ကျေးဇူးပြန်ဆပ်ဖို့ အတွက် အစွမ်းကုန် ကြိုစားပါ့မယ်။အရီးလေးမိတင်... ကျွန်တော် ပြန်လိုက်အုံးမယ်နော်... ဟိုဘက်ဝိုင်းမှာ ပိုက်ဆံ လေးတွေ ၀င်ယူစရာရှိသေးလို့...အေးအေး...အရီးလေးလည်း မင်းအစ်ကို၊အစ်မတွေ တောထဲက ပြန်မလာခင် ချက်လိုက် ပြုတ်လိုက်အုံးမယ်....
အမေရေ...ဒီနေ့တော့ ရောင်းလို့ ကောင်းလိုက်တာဗျာ... ရွာတောင်မနှံ့ဘူး... ညနေပိုင်း ဟင်းချက်ချိန် ဆိုတော့... ၀ယ်ကြတာ အိမ်တိုင်းလိုလိုပါပဲ... ဟင်းချက်စရာ တွေကလည်း လတ်တော့ သဘောကျ နေကြတာ... ဟုတ်တယ်... လူလေးရေ... အမေလည်း ဒီဈေးပတ်မှ... အခင်းရှင်တွေဆီက တိုက်ရိုက် ၀ယ်လာတာ...သူတို့က အခင်းရှင် ဆိုတော့... ပိုပိုသာသာလည်း ပေးတယ်လေ... အမေတို့လို ပြန်ရောင်းတဲ့ သူတွေအတွက်က... သူ့တို့ဆီက ၀ယ်ရတာ အဆင်ပြေတာပေါ့... အမေတို့ဆီက ပြန်ဝယ်စားတဲ့ သူတွေ လည်း... ဈေးချိုချိုနဲ့ လတ်လတ် ဆတ်ဆတ် စားရတယ်... နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့ လူလေးရယ်.... ကဲကဲ...မင်းညီလေးတွေကို သွားခေါ်အုံး မိုးချုပ်လှပြီ... ထမင်းစားရအောင်... အမေ ထမင်းပွဲပြင်ထား လိုက်မယ်... ဟုတ်ကဲ့...အမေ... သား သွားခေါ်လိုက်မယ်... သားတို့တွေ လူစုံတုန်းမှာ အမေ ပြောရ အုံးမယ်...ကျောင်းမှာ သူများပစ္စည်းကို မသိအောင် မယူရဘူးနော် သူများကိုလည်း အနိုင်မကျင့်ရဘူး ပြီးတော့ ဆရာ ဆရာမတွေက ဆုံးမတာကိုလည်း နားထောင်ရမယ်... စာကိုလည်း ကြိုးစား ရမယ်နော်... ဒါမှ မင်းတို့တွေ ပညာတတ်ကြီးတွေ ဖြစ်လာရင်... အမေတို့လို့ ဆင်းဆင်းရဲရဲနဲ့ ဈေးမရောင်းရမှာ... မှတ်မိတယ်နော်...ဈေးမိခင်ဖြစ်သူ ဒေါ်အေးရင်က... သားတွေကို ထမင်းဝိုင်းမှာ ဆုံးမနေတာပါ... အခုလို သွန်သင် ဆုံးမမှု့ကြောင့်လည်း သားတွေက လိမ္မာရေးခြားရှိပြီးတော့... မိဘအပေါ်ကို နားလည် သိတတ် သူလေးတွေ ဖြစ်နေကြပါတယ်... ငါ့သားတို့ထည့်စားလေ... ဒီနေ့ အမေဈေးကနေ အရိုးနဲ့အသား ရောရာလေးတွေ...ဈေးချိုလို့ ၀ယ်လာတာ...ထည့်စားကြ...အမေက ဈေးမှာလည်း..စားရတယ်...လူလေး မိုးအေးက နေကောင်းမှစားနော်... အမေ သားအတွက် သပ်သပ်ချန်ထားတယ်...အမေလည်း ထည့်စားလေ သားတို့မကုန်ပါဘူးအမေရ...အကြီးကောင် မျိုးနောင်ကပြောရင်း..အမေလုပ်သူ ပန်းကန်ထဲသို့ ဟင်းထည့် ပေးသည်။
ညစာစားပြီးတော့ အနားယူရင်း ဒေါ်အေးရင် တစ်ယောက်...မနက်ရောင်းဖို့ရာ အတွက်...ဟင်းသီးဟင်ရွက် တွေကို...ပြင်ဆင်ပြီး...ဈေးထမ်းတောင်းမှာ ထည့်ပါတယ်။ မျိုးနောင်လည်း ခဏတာ အနားယူပြီးတော့... အမေကို ၀ိုင်းကူလုပ် ပေးပါတယ်... အားလုံး ပြင်ဆင်လို့ ပြီးတော့... မျိုးနောင်က အမေ... အမေလည်း ဈေးရောင်းရ... အပြန်ကျတော့လည်း... ဟင်းသီးဟင်းရွက်တွေ ထမ်းရနဲ့... တော်တော် ပင်ပမ်းမှာပဲနော်... ဒါပြီးရင် သား အမေ့ကို နှိပ် ပေးမယ်လေ... ရပါတယ်... လူလေးရယ်... အမေ မပင်ပမ်းပါဘူး... မဟုတ်ပါဘူး အမေရာ... အလုပ်တွေ ဒီလောက် လုပ်နေရတာ... ပင်ပမ်းမှာပေါ့... သား နှိပ်ပေးပါ့မယ်... အေးကွယ်... ဒါဆိုလည်း... နောက်ကျော ကို နဲနဲလောက် နှိပ်ပေးပါကွာ... လူလေးလည်း အမေ့ကိုယ်စား အိမ်က အလုပ်တွေလုပ်ရ ညီလေးတွေကို ထိန်း ကျောင်းရနဲ့ အရွယ်နဲ့မလိုက်အောင် ပင်ပမ်းပါတယ်... ရပါတယ်...အမေရာ...သားက...အဲ့ဒီလို အလုပ်တွေလုပ် နေရရင် ပျော်နေတာ... ပင်ပမ်းတယ် လို့ကို မထင်ဘူး... သာဓုပါ... လူလေးရယ်... လူလေးအခုလို မိဘတွေကို ကူညီလုပ်ကိုင် ပေးရတဲ့ အကျိုးအားကြောင့်... ငါ့သားကြီး ပညာတတ်ကြီး ဖြစ်ပါစေကွယ်... အမေ့ကို နှိပ်ပေးရတဲ့ အကျိုး အားကြောင့်လည်း ကျန်းမာချမ်းသာပြီး... စာမေးပွဲတွေကို အမှတ် ကောင်းကောင်းနဲ့ အောင်မြင် ပါစေကွယ်...ပေးတဲ့ဆုနဲ့ ပြည့်ဝရပါလို၏အမေ... ကဲကဲ... လူလေးလည်း ပင်ပမ်းလှပြီ သွားအိပ်ချေတော့.. အမေလည်း မနက် ဈေးရောင်းသွားရအုံးမယ်...ဟုတ်ကဲ့ပါအမေ...သားသွားအိပ်တော့မယ်...ဒေါ်အေးရင် တစ်ယောက် ကတော့ မိဘအပေါ် သိတတ်တဲ့ အကြီးကောင် မျိုးနောင် အကြောင်းတွေးရင်းနဲ့...အိပ်ယာဝင် ခဲ့ပါတယ်...
အပိုင်း(၂)ဆက်ရေးပါမည်...
အဖြစ်မှန်အကြောင်းအရာလေးကိုခံစားရေးဖွဲ့ခြင်းဖြစ်ပါသည်။လိုအပ်ချက်လေးများကိုဝေဖန်ပေးကြပါ...
ကျေးဇူးတင်ပါတယ်...
ကျေးဇူးတင်ပါတယ်...
1 comments:
ရွှေညာသားလေးရေ လာလည်ရင်း စာဖတ်သွားပါတယ်။
အဖြစ်မှန်လေးဆိုတော့ ပိုပြီးကောင်းသွားတာပေါ့။
အားပေးနေမယ်နော်..ဆက်ရေးပါ။
ရာဇာ(ကျေးတောသားလေး)
Post a Comment