Pages

Thursday, June 9, 2011

လေ့လာရေးခရီးတစ်ခေါက်

 ပြီးခဲ့တဲ့ 5.06.2011 နေ့က ဆရာမနဲ့အတူ လေ့လာရေး သွားဖြစ်ပါတယ်။ လေ့လာရေးဆိုလို့ တခြားဝေးဝေး လံလံ မဟုတ်ပါဘူး။ သုံးနှစ်တာအတွင်း မရောက်သေးတဲ့ နေရာလေးတွေကို သွားတာပါ။ တချို့နေရာလေးတွေလည်း ရောက်ပြီးသားတွေပေါ့။ ဒါပေမဲ့ ရာသီဥတု သာယာတဲ့အချိန်မှာ မြင်ရတဲ့ မြင်ကွင်းတွေက တစ်မျိုးကြည့်ကောင်းတာကြောင့် နောက်တစ်ခေါက်ထပ်လည်တာပါ။ အောက်မှာ လက်ဆော့ထားတဲ့ ဓာတ်ပုံလေးတွေ ကြည့်သွားပါအုံးဗျာ။ ဗဟုသုတပေါ့။

 မြေအောက်ဘူတာရုံတစ်နေရာ

 မြေအောက်ရထား

 ရေပန်းတွေဝေေ၀ဆာဆာ
 ပထမဆုံး အာကာသယာဉ်မှုး ဂါဂါရင် စီးခဲ့တဲ့ အာကာသယာဉ်
 ကောင်းကင်ပြာနောက်ခံနဲ့ အာကာသကို တက်တော့မည့်အလား


 အောက်ခြေက အဆောက်အအုံအောက်ထဲမှာ အာကာသပြတိုက်ရှိပါတယ်။ အထဲမှာ အာကာသနဲ့ဆိုင်တာတွေ အာကာသယာဉ်တွေကို ပြသထားတယ်။ အာကာသယာဉ်ကို အသေးစိတ်ပြထားတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။

ဒါကတော့ မြစ်အတွင်းက ရေပန်းတွေဆောင်းရာသီဆိုရင်တော့ ရေခဲပြင်တွေပေါ့
 မင်္ဂလာဆောင်တဲ့သူတွေက ဒီတံတားပေါ်မှာ လာပြီး အခုလို သော့လေးတွေ ခတ်ကြတယ်တဲ့။ သော့ချောင်းကိုတော့ ရေထဲကို ပစ်ချတယ်ပြောတာပဲ။ ခိုင်မြဲတယ်ဆိုတဲ့ သင်္ကေတပေါ့။
 သော့ ပဒေသာခိုင်လေးပေါ့...
 ဟော့ဒီလို သော့ခလောက် အမျိုးအစားအစုံတွေ့ခဲ့ရတယ်။

 သူတို့တွေကတော့ ဒိတ်အောက်သွားပြီဆိုတော့ လမ်းဘေးရောက်သွားပြီပေါ့
 သော့တွေပေါချက်တော့ဗျာ...အမျိုးအစားအစုံပါပဲ...

Wednesday, June 8, 2011

အတိတ်က မမေ့နိုင်စရာလေးများ(၃)


ငယ်ငယ်တုန်းကပေါ့ ကျောင်းပိတ်ရက် တစ်ရက်မှာ အမေဈေးရောင်းထွက်လို့ အိမ်မှာ ညီလေးတွေကို ထိန်းရင်း ကျန်ရစ်ခဲ့တယ်။ ကျွန်တော်ညီလေးက စကား စပြောတတ်စအရွယ်။ အကိုလို့ခေါ်ရင် "အတို" တဲ့။ အဲ့လို ပီပီသသ သိပ်မပြောတတ်သေးဘူး။ ဖြစ်ချင်တော့ အဲ့ဒီနေ့ကမှ ကျွန်တော်ကလည်း အိမ်ပေါ်မှာတင် ညီလေးနဲ့ တူတူပုန်တမ်း ကစားဖို့ စိတ်ကူးမိတယ်။

အိမ်ပေါ်တင်ဆိုတော့ တခြားကိုလည်း သွားပုန်းစရာမရှိ။ ထုပ်တန်းပေါ်တက်ပုန်း ပြန်ရင်လည်း ကလေးက လိုက်ရှာဖို့ လွယ်မှာ မဟုတ်ဘူးဆိုပြီး အနီးက စောင်ထည့်တဲ့ ထင်ရှုးသေတ္တာကြီးထဲကို ၀င်ပုန်းဖို့ စိတ်ကူးလိုက်တယ်။ သေတ္တာက အကြီးကြီးဆိုတော့ လူတစ်ကိုယ်ဝင်ကွေးလို့ ရတာပေါ့ဗျာ။ အဲ့ဒါနဲ့ ကလေးကိုမျက်စိမှိတ်ခိုင်းပြီး အဲ့ဒီသေတ္တာထဲကို ခါးကုန်းလျက် အနေအထားနဲ့ ၀င်ပုန်းလိုက်တယ်။ သေတ္တာမှာ သောခတ်တဲ့ အပေါ်က ပတ်တာ(ညောင့်မြီးခေါ်သလားမသိဘူး) သေတ္တာဖွင့်ရင် လက်ကိုင်တဲ့ဟာကို အောက်က သော့ချိတ်တဲ့ ကွင်းလေးနဲ့ မချိတ်မိအောင် အပေါ်မှာပဲ ထောက်ထားလိုက်တယ်။ ဒါမှ ပြန်ထလိုက်ရင် သေတ္တာက ပွင့်သွားမှာပေါ့လေ။

အဲ့လို ကိုယ့်အတွေးနဲ့ကိုယ် ဟုတ်လှပြီဆိုပြီးတော့ ၀င်ပုန်းတယ်။ စိတ်ကူးကတော့ ကျွန်တော့်ညီလေးလည်း မြင်နိုင်အောင်ဆိုပြီးတော့ပေါ့။ ဖြစ်ချင်တော့ လူကအထဲကို ရောက်ပြီး နောက်ကျောနဲ့ သေတ္တာအဖုံးနဲ့ ထိပြီး လှုပ်လိုက်တော့ ထောက်ထားတဲ့ သေတ္တာက လက်ကိုင်လေးက အောက်က သောချိတ်တဲ့ ကွင်းထဲကို ကျသွားပါလေရော။ နောက်ကျောကို အားကိုးပြီး ကုန်းထတာလဲ ဘယ်လိုမှ မရဘူး။ ဘယ်ရတော့မလဲ သော့ချိတ်မထားပေမဲ့ သောချိတ်တဲ့ကွင်းနဲ့က ချိတ်မိနေပြီလေ။

အဲ့ဒါနဲ့ အထဲကနေ ညီလေးကို လှမ်းခေါ်တော့ သူလည်း သေတ္တာနား ကပ်လာတယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်းသိပုံမရဘူး။ အပြင်ကနေတော့ လိုက်ရှာနေတာပေါ့။ အဲ့လိုဖြစ်ပြီး ခဏကြာတော့ သေတ္တာထဲနေရတာ မွန်းကြပ်လာတယ်။ သေတ္တာဖွင့်ဖို့ ကိုယ့်ဘာသာ ကြိုးစားကြည့်တော့လည်း မအောင်မြင်ဘူး။ လူက ခါးကုန်းလျက်အနေအထားဆိုတော့ ထလို့လည်းမရ၊ ထိုင်လိုလည်းမရပေါ့။ အပြင်ဘက်က ကျွန်တော်ညီလေး ခမြာလည်း ပါးစပ်က “အတိုရေ အတို” နဲ့ခေါ်ပြီး လိုက်ရှာနေတယ်။ သေတ္တာကို လက်နဲ့ထုတော့ အပြင်ကနေ သေတ္တာနား လာရပ်တယ်။ အထဲကျွန်တော်ကတော့ အသက်ရှုကြပ်လာလို့ သေတ္တာဘေးက အကာလုပ်ထားတဲ့ ထင်းရှုးပြားလေးတွေ တခုနဲ့တခုကြားက အပေါက်လေးနားကို နှာခေါင်းကပ်ပြီး ရတဲ့လေကို ရှုသွင်းနေရတယ်။

စိတ်ထဲကလည်း ငါတော့ ဘယ်သူမှ ရောက်မလာရင် ဒီထဲမှာပဲ မွန်းပြီးတော့ သေတော့မယ်ထင်တယ်လို့ တွေးမိပြီး ကြောက်လာတယ်။ အဲ့ဒါနဲ့ အိမ်အောက်က အသံကို နားစွင့်နေလိုက်တယ်။ ကျွန်တော့်ညီလေးကတော့ သေတ္တာဘေးမှာ ထိုင်နေတာကို လေ၀င်တဲ့အပေါက်လေးကနေ မြင်နေရတယ်။ သူလည်း ကြည့်တော့ကြည့်နေတာ။ ဘာလုပ်ရမယ်သာ မသိတာ။ ကလေးဆိုတော့လည်း သေတ္တာဖွင့်ဖို့ ဘယ်စဉ်းစားမလဲဗျာ။ ကျွန်တော်မှာတော့ အထဲမှာ အပေါက်က၀င်လာတဲ့ လေကို မနားတမ်းရှုနေရတယ်။

ခဏကြာတော့ အိမ်အောက်ကနေ လူသံကြားရတယ်။ အဲ့ဒီတော့မှ သေတ္တာထဲကနေ အသံကုန်အော်ပြီး ခေါ်တော့တယ်။ အဲ့ဒီတစ်ယောက်ကလည်း ကျွန်တော့်အဖေရဲ့ အဒေါ်။ သူကလည်း ခေါ်သံကြားလို့ အိမ်ပေါ်ကို တက်လာပြီး ဟိုရှာဒီရှာလုပ်တာပေါ့။ သေတ္တာထဲကဆိုတာကို သိပုံမရဘူး။ နောက်တော့မှ ကျွန်တော်က အထဲကနေ သေတ္တာကို လက်နဲ့ပုတ်ပြလို့ အလွယ်တကူ ဖွင့်ပေးနိုင်တယ်။ အဖေ့အဒေါ်က မင်းကလည်း ပေါက်ပေါက် ရှာရှာ ဒီထဲ ဘာဝင်လုပ်တာတုန်းတဲ့။ ကလေးနဲ့ တူတူပုန်းတမ်းဆော့ရင်း ဒီထဲဝင်ပုန်းတာလို့ ပြောပြတော့ တော်သေးတာပေါ့တဲ့ သူသာရောက်မလာရင် မင်းတော့ ကျော်မကောင်းကြားမကောင်း ဖြစ်တော့မယ်တဲ့။

ဟုတ်လည်းဟုတ်တယ်နော်။ အမေကလည်း ဈေးရောင်းသွားနေတာဆိုတော့ ညနေပိုင်းမှ ပြန်ရောက်မှာ။ အိမ်နီးနားချင်းတွေကလည်း သူ့အလုပ်နဲ့သူမို့ အိမ်မှာမရှိကြဘူးလေ။ အဖေ့အဒေါ် ရောက်လာပေလို့ပဲပေါ့။ မဟုတ်ရင် ကိုရွှေညာတို့ ဒီစာကိုမရေးနိုင်လောက်တော့ဘူး(ဟီးးး)။ သေတ္တာလေးပါ တစ်ခါတည်း မြေကြီးထဲ ရောက်လောက်ရော့မယ်။ အဲ့ဒီကနောက် ညီလေးတွေနဲ့ ဆော့ရင် အိမ်ပေါ်ကိုမဆော့တော့ဘူး။ အိမ်အောက်မှာပဲ တခြားနည်းတွေနဲ့ ဆော့တယ်။ တူတူပုန်းတမ်းဆော့တာကို တစ်ခါတည်းနဲ့ လန့်သွားတာပဲ။ အရွယ်ရောက်လာတော့ ကလေးတွေ တူတူပုန်းတမ်းဆော့တာကို မြင်ရင် ငယ်ငယ်ကအဖြစ်ကို သတိရမိတယ်။ အထူးသဖြင့်တော့ အိမ်ရောက်လို့ စောင်ထည့်တဲ့သေတ္တာကြီးကို မြင်တဲ့အခါ ပိုဆိုးတယ်။ အဲ့ဒီတုန်းက အပြင်ကလိုက်ရှာတဲ့ ကျွန်တော့်ညီလေးကတော့ အခု ကိုရင် ၀တ်နဲ့ ဓမ္မာစရိယတန်း ရောက်နေပြီဗျာ။ အခုအချိန်များ အဲ့လိုဆော့လိုကတော့ ကိုရင်က ဘာလုပ်မလဲမပြောတတ်ဘူးနော်။ အပြင်ကနေ သော့နဲ့ခတ်ထားရင်တော့ ဒုက္ခ။

ကိုရွှေညာသားတို့က အဲ့ဒီလိုပေါက်ရှာခဲ့တာဗျာ။ ပေါ့သေးသေး မဟုတ်ဘူး။ ကံကောင်းလို့ မသေတာ(ဟဲ….ဟဲ)။ နောက်များတော့ မဆော့ရဲတော့ပါဘူး။ ဒီရွယ်ရောက်မှ တူတူပုန်းတမ်းဆော့မယ်ဆိုလည်း အရူးထောင်အပို့ခံရမှာ ကြိမ်းသေတယ်(ဟီးးးးးး)။ အခုတော့ ဟီးနိုင်တာပေါ့နော်။ ဖြစ်တဲ့အချိန်တုန်းကတော့ ချွေးတွေကို ပြန်နေတာပဲ။


အားလုံးပဲ ဒီပို့စ်လေးဖတ်ပြီး ရယ်မောနိုင်ကြပါစေဗျာ။ ကိုယ်တွေ့အဖြစ်အပျက်လေးမို့ အမြဲတမ်းသတိရမိတယ်။

မှိုကန်စွန်းကြော်

မှိုနဲ့ကန်စွန်းကိုမကြော်ခင် မိတ်ဆက်ပေးထားတာ

ဒီနေ့တော့ ဗီယက်နမ် ဈေးကိုရောက်ခဲ့လို့ ကန်စွန်းရွက် ၀ယ်လာခဲ့တယ်။ နွေရာသီရောက် တော့မှာမို့ အသီးအရွက်တွေလည်း ဆောင်းရာသီတုန်းကလောက် ဈေးမကြီးတော့ဘူး။ ကန်စွန်းရွက် တစ်ကီလို ရူဘယ်(၅၀)၊ မုန့်ညှင်းရွက်က တစ်ကီလို(၄၀) ဆိုတော့ ၀ယ်စားနိုင်ပါတယ်။ ဆောင်းတွင်းတုန်းကတော့ တစ်ရာကျော်၊ နှစ်ရာလောက်ရှိလို့ မြင်ပါသော်လည်း မကြင်ရဘူးပေါ့နော့။
ကန်စွန်းရွက်တစ်ကိုယ်တည်း

ကန်စွန်းရွက်ကြော်လည်း မစားရတာကြာလို့ အ၀တီးမယ်ဆိုပြီး တစ်ကီလို ၀ယ်ခဲ့တယ်။ မုန့်ညှင်းရွက်က တစ်ကီလို ၀ယ်ပြီး ရေခဲသေတ္တာထဲထည့်ထားတော့ တစ်ပတ်လောက်တော့ ရွှေညာသားတို့ ထမင်းပွဲ အရွက်စိမ်းစိမ်းလေးတွေ ပါအုံးမယ်ပေါ့ဗျာ။
မှိုကလည်း သီးသန့်ပဲနေချင်တယ်တဲ့

ဈေးမှာတွေ့ခဲ့တာတွေကတော့ အများကြီးပဲ။ ကြက်ဟင်းခါးသီးလည်း တွေ့တယ်။ ဂေါ်ရခါသီး၊ ပဲတောင့်ရှည်၊ ပူစီနံ၊ ဟင်းနုနွယ် စတဲ့ အသီးအရွက်တွေပေါ့။ ကိုယ်သိတာရော မသိတာတွေရောပဲ မြန်မာပြည်က ဈေးကိုရောက်သွားသလိုပဲ။ စိမ်းစိမ်းစိုစိုနဲ့ ၀ယ်ချင်စရာတွေ ပေါချက်ဗျာ။ မကြာခင်ပြန်ရတော့မှာမို့ စိတ်ကို ထိန်းပြီး မစားရတာ ကြာတဲ့ ကန်စွန်းရွက်နဲ့ မုန့်ညှင်းကိုပဲ ၀ယ်လာခဲ့တယ်။ ကျန်တဲ့အသီးအရွက်တွေကိုတော့ မြန်မာပြည် ရောက်တော့မှပဲ အ၀စားတော့မယ်လေ။

ပြောစကား နားမထောင်လို့ ဆိတ်ပစ်လိုက်တယ်

မှိုကိုတော့ ဓားနဲ့စိပ်လိုက်ပါတယ်


မှိုကန်စွန်းကြော်တာကတော့ ဘာမှမခက်ပါဘူး။ ဒါကြောင့် ထွေထွေထူးထူး မရေးတော့ဘူးဗျာ။ ကြက်ဥကောင်းကောင်း ကြော်တတ်ရင် မှိုနဲ့ကန်စွန်းကိုလည်း ကြော်တတ်ပါတယ်(ဟီးးးး)။ ကျွန်တော်ကတော့ အောက်ကပုံလေးတွေထဲကအတိုင်း အစအဆုံး ကြော်လိုက်ပါတယ်။ ကြည့်ပြီးတော့ အားပေးသွားကြပါအုံးဗျာ။

နှစ်ခုပေါင်းကြော်ပြီး ငရုတ်သီးလေးပါထည့်လိုက်တယ်

နီးနီးလေးဆိုတော့ ပိုပြီးမြင်ရမလားလို့
 
ငရုတ်သီးကလည်း စပ်သလားမမေးနဲ့ဗျာ
 လာရောက်လည်ပတ်သူ ကျွန်တော်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ...

Sunday, June 5, 2011

အညာသားကိုယ်တိုင်ဖောက်တဲ့ ပဲပင်ပေါက်

ဒီလိုလေးတွေ အပြုံလိုက်ပေါက်ပါတယ်

အစ်မ မစန္ဒကူး ဘလော့မှာ ပဲပင်ပေါက်ဖောက်တဲ့အကြောင်း ဖတ်ပြီး ကိုယ်တိုင်လုပ်ကြည့်တာ အောင်မြင်သွားတယ်ဗျာ။ ဈေးက၀ယ်တဲ့ ပဲပင်ပေါက်မှာတော့ အမြစ်လေးတွေက ရေသောက်မြစ်ခေါ်တဲ့ ခေါင်မြစ်တခုပဲပါတာကို သတိထားမိတယ်။ အခုကျွန်တော်ဖောက်တဲ့ ပဲပင်ပေါက်ကျတော့ ဘေးက မြစ်မွှားလေးတွေပါ အများကြီး ထွက်လာတယ်။ ဘာကွာတာလဲတော့ မပြောတတ်ဘူးဗျာ။ အပင်လေးတွေတော့ ပေါက်လာတယ်။ ပဲစေ့ရေစိမ်ပြီးတဲ့နေ့ကတည်းက မနက်အိပ်ယာထရင် ဒီပဲစေ့ထည့်ထားတဲ့ ခြင်းတောင်းလေးကို အရင်ဆုံးကြည့်တယ်။ ပြီးတော့ ရေအေးအေးလေး လောင်းပေးတယ်။ ရက်တောင် သေချာမှတ်မထားလိုက်မိဘူး။ သုံးလေးငါးရက်တော့ ကြာမယ်ထင်တာပဲ။ ရေလောင်းပေးရင်းနဲ့ အညှောင့်လေးတွေ ထွက်လာပြီး အပင်လေးတွေပါ ပေါက်လာတယ်။ ပျော်လိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့ဗျာ။


ခြင်းထဲက မယူရသေးခင် ရိုက်ထားတာ
တချို့က အောက်ဆုံးကနေ အပေါ်ကိုရှည်ထွက်လာတာ အရွက်လေးတွေတောင်ဖြစ်နေပြီ

ပဲပင်ပေါက်ဖောက်တာကတော့ ကျွန်တော်တို့ဆီမှာ ခေါ်တဲ့ ပဲတီစိမ်းကို ဖောက်ထားတာပါ။ တခြား အညှောင့်ပေါက်လွယ်တဲ့ ပဲတွေလည်း ဖောက်လို့ရမယ် ထင်တယ်။ အရင်ဆုံး ပဲစေ့လေးတွေကို ရေပိုက်ကလာတဲ့ ရေနွေးနဲ့ ပွလာအောင် စိမ်လိုက်ပါတယ်။ ပဲစေ့လေးတွေ အားလုံးပွသွားတော့ သံခြင်းတောင်း လေးထဲမှာ စွတ်ကျယ်အင်္ကျီအဖြူလေး အောက်ကခံပြီး ရေစိမ်ထားတဲ့ ပဲစေ့လေးတွေကို ထည့်လိုက်ပါတယ်။ စွတ်ကျယ်အင်္ကျီခံတာက သံခြင်းက နဲနဲလေးကြဲနေတော့ ပဲစေ့လေးတွေ ထွက်ကျမှာစိုးလို့ပါ။

ဒါကတော့ စွတ်ကျယ်အကျီင်္ကိုဖယ်ပြီးတဲ့ ပုံလေးပါ ပဲပင်လေးတွေ အနေအထားပျက်သွားပြီပေါ့။
ဒီအောက်ကပုံလေးက ထမင်းပေါင်းအိုးထဲလှယ်ထည့်ပြီး ရိုက်ထားတာ

ပဲစေ့လေးတွေ သံခြင်းထဲမှာထည့်ပြီးတော့ အရင်တစ်ညကို ရေခဲသေတ္တာရဲ့ အောက်ဆုံးအထပ်မှာ ထည့်ထားပါတယ်။အရမ်းအေးလွန်းရင်လည်း အညှောင့်မပေါက်မှာ စိုးလို့ မနက်လင်းတာနဲ့ အပြင်ထုတ်ထားတယ်။ ညပိုင်းကျတော့ ရေအေးအေးလေး ထပ်လောင်းပေးပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ပါတယ်။ နှစ်ညလောက် အဲ့လိုထားပြီးတော့ အညှောင့်လေးတွေ ထွက်လာတာနဲ့ ရေခဲသေတ္တာထဲ မထည့်တော့ဘဲ အပြင်မှာပဲ ထားပြီး ရေအေးအေးကို နေ့တိုင်းလောင်းပေးပါတယ်။ အခန်းအပူချိန်နဲ့ ရေရဲ့အအေးဓာတ်နဲ့ဆိုတော့ ပဲစေ့လေးတွေက အပင်တွေ အကုန်လုံး ပေါက်လာပါတယ်။ ဈေးမှာ အလွယ်တကူ ၀ယ်လို့ရပေမဲ့ ကိုယ်တိုင်လုပ်တော့ ပေါပေါများများ စားရသလို ကိုယ်တိုင်ပြုလုပ်ရာက ရရှိတဲ့ ပျော်ရွှင်မှု့လေးပါ ထပ်တိုးပြီး ခံစားရတာပေါ့ဗျာ။

 ဒီနှစ်ပုံကတော့ အနီးကပ်ဆွဲလိုက်တာပါ လတ်လတ်ဆပ်ဆပ်ပဲပင်ပေါက်လေးတွေ

ဒီနေ့မနက် အိပ်ယာထပြီး ပဲပင်ပေါက်ဖောက်ထားတဲ့ ခြင်းလေးကို ကြည့်လိုက်တော့ တချို့ပဲပင်လေးတွေက တော်တော်လေးတောင် ရှည်နေပြီဗျာ။ ဒါနဲ့ပဲ ဓာတ်ပုံလေးရိုက်ပြီး ခြင်းထဲမှ ထမင်းပေါင်းအိုး အလွတ်ထဲကို လှယ်ထည့်ထား လိုက်ပါတယ်။ ကိုယ်တိုင်လုပ်ထားတာမို့ ကြော်စားရမှာကို နှမြောနေမိတယ်။ ကျွန်တော်အကျင့်က အိမ်မှာတုန်းကလည်း အဲ့လိုပဲ ကိုယ်တိုင်စိုက်တဲ့ အပင်ဆိုရင် ခူးရဆွတ်ရမှာ အတော်လေး ၀န်လေးတာ။ ဖရုံပင်၊ဗူးပင် စတာတွေ စိုက်ရင် အရင်ဆုံး ထွက်တဲ့အညွှန်ကို ခူးပေးရတယ်။ ဒါမှနောက်ထပ် အတက်တွေများများထွက်တာလေ။ အဲ့ဒီလို ခူးရတော့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် မခူးတာများတယ်။ အမေ့ကိုပဲ ကိုယ်တိုင်ခူးချက်ဆိုပြီး ခိုင်းလိုက်တယ်။ ခူးပြီးခါစ သုံးလေးရက်ဆို အဲ့ဒီအပင်ကို သွားမကြည့်ဘူး။ အတက်လေးတွေထွက်လာမှ အနားပြန်ကပ်တယ်။ ဘာလို့ရယ်တော့ မသိဘူးဗျ ကိုယ်စိုက်ထားတဲ့အပင်က အသီးအရွက်ကို ကိုယ်တိုင်ပြန်ပြီး ခူးဆွတ်ရမှာ ကျွန်တော် မခူးရက်ဘူး။ အပင်စိုက်တဲ့ သူတိုင်း ဒီလိုခံစားချက်မျိုး ရှိလိမ့်မယ် ထင်ပါတယ်။

ဒီပုံကတော့ ထမင်းပေါင်းအိုးထဲ ပြောင်းထည့်ထားတာ

ငယ်ငယ်ကဆရာမတွေက လက်ရေးမလှရင် ပဲပင်ပေါက်အညှောင့်ထိုးထားတဲ့ အတိုင်းပဲ ဆိုပြီးပြောကြတယ်။ အဲ့ဒီတုန်းက ပဲပင်ပေါက်မမြင်ဖူးတော့ နားမလည်ဘူး။ ကြီးလာတော့မှ သဘောပေါက်တယ်။

အခုလည်း ပဲပင်ပေါက်လေးတွေကို ကိုယ်တိုင်လုပ်ထားရတာမို့ ကြော်စားရမှာကို မကြော်ရက်ဘူးဖြစ်နေတယ်။ မနက်ဖြန်တော့ ကိုယ်တိုင်မဟုတ်တောင် သူငယ်ချင်းကို ကြော်ခိုင်းရမှာပဲ။ ပဲပင်ပေါက်ဖောက်နည်းက ဘာမှမခက်ပါဘူး။ ဂရုတစိုက်နဲ့ ရေလေးလောင်းပေးရင် သူ့ဘာသာ အပင်လေးတွေ ပေါက်လာတာပါပဲ။ ပဲစေ့ဝယ်ရတာ လွယ်တယ်ဆိုရင် စိတ်အပန်းဖြေမှု့တခုအနေနဲ့ စမ်းပြီးတော့ လုပ်ကြည့်ဖို့ အကြံပြုပါတယ်။ ကိုယ်တိုင်ပြုလုပ်ပြီးလို့ ခံစားရတဲ့ ပျော်ရွှင်မှု့ပီတိက ဘာနဲ့မှမတူဘူးဗျာ။

ပဲပင်ပေါက် ကြိုက်တတ်ရင် ကြော်စားဖို့ ယူသွားနော်....လက်ဆောင်ပေါ့ဗျာ....။

ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

Saturday, June 4, 2011

ဒန့်သလွန်ပင်

ဒန့်သလွန်ရွက်( photo from google)

အပင်တွေအကြောင်း မရေးဖြစ်တာလဲ အတော်လေးကို ကြားသွားပြီ။ ဒါကြောင့် ဒီတစ်ခါတော့ အညာမှာ ဟင်ချိုချက်စားလေ့ရှိတဲ့ ဒန့်သလွန်ပင် အကြောင်းလေး သိသမျှရေးသားပေးလိုက်ပါတယ်။

ဒန့်သလွန်အပွင့်နဲ့အသီး(photo from goole)
ဒန့်သလွန်ပင်က အစေ့ကိုစိုက်ပျိုးရတာပါ။ မိုးတွင်းမှာဆို အကိုင်းရင့်တာကို ခုတ်ပြီးတော့ စိုက်ရင်လည်း ရှင်သန်ပါတယ်။ အစေ့စိုက်တာလောက်တော့ မသေချာဘူးပေါ့။ နောက်ပြီး ဒန့်သလွန်ပင်က တခြားအပင်တွေလို သိပ်ပြီးမမာပါဘူး။ ကိုင်းဆတ်တဲ့ အပင်အမျိုးအစားမှာပါတယ်။ ဒါကြောင့် ဒန့်သလွန်ပင်ပေါ် တက်မယ်ဆိုရင် သတိထားပြီး တက်ရပါတယ်။ နောက်ပြီး ပင်စည်ကို ပိုးတွေကလည်း အတော်ကြိုက်ပါတယ်။


ကျွန်တော်တို့အညာဘက်မှာတော့ ဒန့်သလွန်ရွက်ကို ဟင်းချိုချက်စားကြတယ်။ ဒန့်သလွန်ပင်တစ်ပင်လောက် စိုက်ထားရင် မိသားစု ထမင်းဝိုင်းမှာ ဟင်းတစ်မယ်အတွက်တော့ အဆင်ပြေပါတယ်။ အသီးကိုတော့ ကျွန်တော်တို့ဆီမှာ ပဲကုလားဟင်းချက်ရင် ထည့်ချက်တယ်။ မြို့ပေါ်မှာကတော့ သီးစုံချဉ်ရည်ဟင်း၊ သီးစုံပဲကုလားဟင်း ချက်ရင်လည်း ထည့်ကြတယ်။ အဲ့ဒီဟင်းတွေကတော့ မြို့ပေါ်ကလူတွေ အများစု ချက်စားကြတဲ့ ဟင်းပါ။ တောမှာတော့ သီးစုံအောင်မထည့်နိုင်ဘူးလေ။ ဒါကြောင့် ဒန့်သလွန်သီးကို ပဲနဲ့ချက်တယ်။ အသီးရဲ့ အတွင်းသားတွေကို ဇွန်းနဲ့ခြစ်ပြီးတော့ ကြက်ဥနဲ့ကြော်စားတယ်။ အများအားဖြင့်တော့ အရွက်ကို ဟင်းချို ချက်စားကြပါတယ်။

သူလေး ဘာတွေရှာနေပါလိမ့်(photo from google)

နောက်ပြီးတော့ မီးဖွားခါစ သားသည်မိခင်တွေကို မီးတွင်းထဲမှာကတည်းက ဒန့်သလွန်ရွက်ဟင်း ချက်ကျွေးပါတယ်။ သူတို့အဆိုအရ ဒန့်သလွန်ရွက်က နို့ပေါစေတယ်လို ပြောပါတယ်။ ဆေးအသုံးမှာတော့ ဒန့်သလွန်ရွက်က သွေးတိုးကျဆေး အဖြစ်လည်း အလွန်အသုံးဝင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေ ရုတ်တရက် သွေးတိုးလာရင် ဒန့်သလွန်ရွက်ကို ကြိတ်ပြီးရတဲ့ အရည်ကို သောက်ပေးလျှင် သွေးတိုးကျစေပါတယ်။

ဒန့်သလွန်ပွင့်(photo from google)
ဒန့်သလွန်အဖူး၊ အပွင့်လေးတွေကလည်း ဟင်ချိုးချက်သောက်ရင် ကောင်းပါတယ်။ ကျွန်တော်တို့ ရွာဘက်မှာတော့ ဒန့်သလွန်ပင်က အိမ်တိုင်းလိုလို ရှိတယ်။ သူရှိတာက ဟင်းလွယ်တယ်လေ။ နောက်ပြီး သူက အရွက်လည်း သိပ်ပြတ်တယ်မရှိဘူး။ နွေရာသီလောက်ပဲ အရွက်ကြွေတာ။ ကြွေပြီးရင် အရွက်နုပြန်ထွက်။ အဖူး၊အပွင့် ပွင့်ပြီး အသီးသီး။ ရှားရှားပါးပါး နွေရာသီမှာအရွက်ကြွေပြီး အရွက်နုပြန်ထွက်ခါစ အချိန်ဆိုရင် ဒန့်သလွန်ရွက် ဟင်းချိုက အတော်လေး စားလို့ကောင်းတယ်ဗျ။


မိုးရာသီဆိုရင်တော့ ဒန့်သလွန်ရွက်ကို ကျန်တဲ့ဟင်းရွက်တွေနဲ့ ရောပြီး ဟင်းချိုချက်စားပါတယ်။ ဆူးပုတ်ရွက်၊ပီလောရွက်၊ ဖရုံရွက် စတာတွေနဲ့ပေါ့။ နောက်ပြီး ဒန့်သလွန်သီးကို မြို့မှာ ငါးနဲ့အရည်သောက်ချက်စားတာ တွေ့ဖူးတယ်။ သီစုံပဲကုလားဟင်းတို့၊ သီးစုံချဉ်ရည်ဟင်းတို့မှာ ထည့်နေကျ ပါဝင်ပစ္စည်းတစ်မျိုးပေါ့။ ကျွန်တော်ကတော့ ဒန့်သလွန်သီးကို ကုလားပဲနဲ့ဟင်းချိုချက်တာ ကြိုက်တယ်။ နောက်ပြီး ဒန့်သလွန်သီး ကြက်ဥကြော်လည်း ကြိုက်တယ်။ အစေ့မနုမရင့်လေးတွေကို ၀ါးစားရတာ အတော်လေးဆိမ့်ပါတယ်။ မန်ကျည်းရွက်နုချိန်ဆိုရင် ဒန့်သလွန်သီးကို ခွဲပြီး အသားတွေကို ဇွန်းနဲ့ခြစ်၊ မန်ကျည်းရွက်နုလေးနဲ့ ရောပြီး ချဉ်ရည်သောက် ချက်စားရင်လည်း ထမင်းမြိန်ပါတယ်။ သူနဲ့တွဲဖက်ကတော့ ကြက်သွန်နီ ငရုတ်သီးထောင်းလေးပေါ့။ ကဆုန်နယုန် မိုးဦးကျခါစဆိုရင် အဲ့ဒီဟင်းက အိမ်မှာ အမေအမြဲချက်ကျွေးနေကျပေါ့။ မန်ကျည်းရွက်က ပေါတယ်လေ။ ဒန့်သလွန်သီးကတော့ အပင်မှာ တစ်တောင့်တစ်လေ ကျန်တာလေးနဲ့ပေါ့။ တချို့ကျတော့လည်း ကိုယ့်တစ်အိမ်တည်း စားလို့မကုန်တော့ ဒန့်သလွန်သီးကို အစည်းလေးတွေ စည်းပြီးတော့ တခြားရွာတွေကို သွားရောင်းကြတယ်။ 

ဒန့်သလွန်သီး (photo from google)
ဒန့်သလွန်ပွင့်လေးတွေကတော့ လှလည်းလှ၊ မွှေးလည်းမွှေးတယ်ဗျာ။ ဒန့်သလွန်ပင် ပွင့်တဲ့အချိန်ဆိုရင် လေတိုက်တိုင်း မွှေးနေတာပဲ။ ညအိပ်တဲ့အချိန် ပြတင်းပေါက်က တိုးဝင်လာတဲ့ လေပြေအေးအေးမှာ ဒန့်သလွန်ပန်းနံ့လေးကို ရှုရှိုက်ရင်း အိပ်ရတာလည်း တစ်မျိုးအရသာရှိတယ်ဗျ။ 


ဒန့်သလွန်ပင်နဲ့ ပတ်သက်ပြီး ဆေးအသုံးတွေ တော်တော်များများ ကျန်နေလောက်ပါသေးတယ်။ ကျွန်တော်ကတော့ အဖွားသွေးတိုးရင် ဒန့်သလွန်ရွက်ကို အရည်ညှစ်ပြီး တိုက်နေကျမို့ သွေးတိုးကျတာကိုပဲ ကောင်းကောင်းသိပါတယ်။ ကျန်တဲ့ဆေးနည်းလေးတွေ သိရင် မျှဝေပေးခဲ့ပါအုံး။ ဗဟုသုတပေါ့။ 

လာလည်းရင်းနဲ့ ဗဟုသုတလေးတွေ အနည်းငယ်မျှ ရသွားတယ်ဆိုရင် ကျေနပ်ပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ………။