Pages

Thursday, June 13, 2019

အညာဂွေးသီးငါးပိချက်

တလောတုန်းက အညာသားမြန်မာစျေးဘက်ကိုရောက်တော့ အညာဂွေးသီးအနုလေးတွေတွေ့လို့၁၅ဘတ်ဖိုးဝယ်လာခဲ့တယ်။
သူတို့တွေဘယ်လိုစားလဲသေချာမသိပေမဲ့သတိထားမိသလောက်တချို့ဆိုင်တွေကသင်္ဘောသီးထောင်းထဲမှာ
အညာဂွေးသီးအမှည့်တွေထည့်ပေးတာမြင်ဖူးတယ်။အစိမ်းကိုတော့တော်တော်များများဟင်းတွေမှာမတွေ့မိပါဘူး။
အရွက်နုကိုတော့ထမင်းဆိုင်တွေမှာတို့စရာအဖြစ်နဲ့မကြာခဏစားရတယ်။ ကိုယ်တွေဆီမှာတော့အရွက်ကိုသိပ်မစားကြဘူး။
အသီးနုနုကိုပြုတ်ပြီးဒါမှမဟုတ် အစိမ်းလိုက် ငါးပိနဲ့ထောင်းစား၊အမှည့်ဆိုလည်းငါးပိမီးဖုတ်နဲ့
ငရုတ်သီးရောပြီးထောင်းစား၊နှမ်းလှော်ထောင်းနဲ့ဟင်းချက်တာစားဖူးတယ်။ဒီအသီးကမှည့်သွားရင်အသားသိပ်မရှိဘူး အစေ့ကတော်တော်ကြီးတယ်။ မြို့မှာအချဉ်ပေါင်းရောင်းတဲ့ဂွေးသီးကိုတော့ အညာမှာသင်္ဘောဂွေးသီးလို့ခေါ်ကြတယ်။သူကအသားပေါတယ်၊အရသာကချိုချဉ်လေး
အညာဂွေးသီးအရသာကဖန်ဖန်တွတွနဲ့မို့အငံနဲ့တွဲစားမှအဆင်ပြေတယ်။

 အညာသားလက်ရာ အညာဂွေးသီးငါးပိချက်

ဂွေးသီးဝယ်လာပြီးတော့ဘာလုပ်စားရမှန်းမသိဘူး။သူနဲ့တွဲဖို့ငါးပိကလည်းမီးဖုတ်စရာမရှိတော့နောက်ဆုံးအသီးလေးတွေကို
ဓားနဲ့ပါးပါးလှီးပြီးခရမ်းချဉ်သီးတစ်လုံး၊ကြက်သွန်နီတစ်လုံးကိုဆားငံပြာရည်နနွင်စုံအောင်ထည့်ပြီးအနှစ်ရအောင်ချက်တယ်။
အဲ့ဒီအထဲကိုပါးပါးလှီးထားတဲ့ဂွေးသီးထည့်ပုစွန်ခြောက်နည်းနည်းရှိတာရေဆေးထည့်၊နောက်မြန်မာပြည်ပြန်တဲ့
ညီတစ်ယောက်ပေးထားတဲ့ပဲပုပ်ပြားကိုကပ်ကြေးနဲ့ညှပ်ထည့်ပြီးဒယ်အိုးကိုအဖုံးအုပ်မီးအေးအေးနဲ့ချက်၊အားလုံးကျက်တော့
ငရုတ်သီးစိမ်းတောင့်ကိုထက်ပိုင်းချိုးထည့်ရှမ်းနံနံအုပ်ပြီးအရည်မခန်းခင်လေးမှာမီးဖိုပေါ်ကချ။
ထမင်းတစ်ပန်းကန်နဲ့ကြက်သွန်နီတစ်လုံးအခွံခွာရေဆေးလေးစိတ်စိပ်ရေနွေးနဲ့ဂွေးသီးဟင်း နဲ့လွေးလိုက်တာစားလို့ကောင်းချက်တစ်ယောက်ထဲဆွေမျိုးကိုမေ့ရော။


အညာဂွေးသီး https://steemit.com/myanmar/@mamamyanmar/today-my-curry-ce268bfe0709b မှ ယူထားပါတယ်
သင်္ဘောဂွေးသီး http://www.lwinpyin.com/2017/04/ghway-thi-for-health.html
နောက်နေ့မှာရန်ကုန်သားနဲ့မတ္တရာဇာတိရန်ကုန်နေတဲ့စိုက်ပျိုးရေးကအစ်ကိုတစ်ယောက်ကိုကိုယ်တိုင်လက်စွမ်းပြထားတဲ့ ဂွေးသီးဟင်းကျွေးလိုက်တာစားကောင်းလို့ ထမင်းနဲ့စားပြီးကျန်တဲ့ဟင်းပါစကားပြောရင်း ရေနွေးနဲ့မြည်းတာပန်းကန်ပဲကျန်တယ်။စားဖိုမှူးတစ်ယောက်ရဲ့ပီတိ
ကိုယ်ချက်တာကိုကောင်းတယ်ဆိုတော့မှိုရတဲ့မျက်နှာနဲ့ပေါ့။ တကယ်လည်းစားကောင်းပါတယ်။သူတို့လည်းကိုယ့်လက်ရာတော်တော်များများ
စားဖူးတော့ကိုမျိုးလက်ရာဆိုစိတ်ချပြီးသားလို့ပြောကြတယ်။ရန်ကုန်သားကတော့ဟင်းချက်စားလို့ရတဲ့ အသီးအနှံတွေ့ရင်ခူးလာပေးတယ်။ကိုယ်ကလည်းချက်ရပြုတ်ရမယ်ဆိုနှစ်ခါမပြောရတော့အဆင်ပြေနေတာ။ ကျောင်းပိတ်တော့ထမင်းဆိုင်တွေကပိတ်ကိုယ့်အခန်းမှာပဲ ဖြစ်သလို
ချက်ပြုတ်စားကြရတော့ သူတို့ဟင်းစားရှာလာရင်ကိုယ်ကချက်ပေးပြီး စားကြတိုင်းရေးပြည်ရေးဆွေးနွေးကြနဲ့ပင်ပမ်းသမျှထမင်းစားရင်းအပန်းဖြေကြရတာ။ သူများတွေကျောင်းပိတ်ပေမဲ့ကိုယ်တွေအတွက်တော့နေ့တိုင်းဟာကျောင်းဖွင့်ရက်ပါပဲ။ အခုတော့အဲ့ဒီတုန်းကချက်ဖြစ်တဲ့
ဟင်းလေးတွေရော နောက်ပိုင်းချက်ဖြစ်တာလေးတွေရော စုပြီးတင်ပေးလိုက်ပါတယ်။ ဟင်းခွက်တွေအများကြီး တခါတည်းချက်စားတယ်လို့ မထင်ပါနဲ့ဗျ။ တစ်မျိုးမှ တပတ်လည်းဟုတ် တလလည်းဟုတ် ဆိုသလို မအားတဲ့ကြားက အငတ်မနေနိုင်လို့ ရတဲ့အချိန်ထဲကအပြေးအလွှားချက်စားဖြစ်တဲ့ဟင်းလေးတွေအမှတ်တရ သိမ်းထားတာပါ။ 

ဒါကမျှစ်ဆတ်ဟင်းအရည်သောက် 
ညနေပိုင်းကျတော့ ကြက်သားနဲ့ရောထားတာ
 ယုဇန ရှုးရှဲလဘက်ထုပ်ကို ခရမ်းချဉ်သီးဂေါ်ဖီကြက်သွန်နီတို့နဲ့ရောပြီးသုပ်ထားတာ
အဲ့ဒီနေ့ကလည်း ရေနွေးဝိုင်း ညဉ့်တော်တော်နက်သွားတယ်။
ဘရိုကိုလီ ကြော်

ကြာဇံကြော်
ကြက်သွန်နီသံပုရာရည်ဆမ်း နံနံပင်ငရုတ်သီးစိမ်း အချဉ်သုပ် ကြာဇံကြော်နဲ့တွဲဖက်

မျှစ်ဆတ်နဲ့ဖရုံရွက်ဟင်းချို အမေ့အိမ်ကိုသတိရလို့ ပါ
ပိန္နဲစေ့ပြုတ်ထားတာကိုအခွံနွှာပြီး ညက်အောင်ထောင်း ကြက်သွန်နီနဲ့ပြန်ကြော်ထားတာ ချိုဆိမ့်ဆိမ့်လေးနဲ့ အရမ်းအရသာရှိပါတယ်။
အိမ်မှာတုန်းက ပုပ္ပားနားကရွာတွေမှာပိန္နဲသီးပေါ်ချိန်ဆို အမေနဲ့သွားပြီး ပိန္နဲစေ့ကို ပြည်တောင်းနဲ့လိုက်ဝယ်အိမ်ရောက်တော့ မကောင်းတာတွေ ဖယ်ရှား ရေစင်အောင်ဆေးပြီးပြုတ် လက်ပံပျား တောင်ဦး စတဲ့ ၅ ရက် တပတ်ခင်းတဲ့စျေးမှာ နို့ဆီဗူးခွံနဲ့တစ်ဗူးဘယ်လောက်ဆိုပြီး ပြန်ရောင်းရတာ။ အဲ့ဒီကတည်းက ပိန္နဲစေ့ကိုပြုတ်ပြီးရင် ရောင်းပန်းမလှတဲ့အပဲအရွဲ့လေးတွေကို အခွံခွာ ငရုတ်ဆုံမှာစုထောင်းပြီး ကြက်သွန်နီများများကို ဒယ်အိုးမှာဆီပါတယ်ဆိုရုံနဲနွမ်းအောင်လှိမ့်ပြီးတော့ညက်အောင်ထောင်းထားတဲ့ပိန္နဲစေ့ကိုထည့် ဆားသင့်ရုံထည့်ပြီး ကြက်သွန်နဲ့နှံ့အောင်မွှေ ဆီနည်းနည်းပါတာဆိုတော့ ကြက်သွန်နဲ့ပိန္နဲစေ့ရောသွာရင်ဆီကမြင်ကိုမမြင်ရတော့ဘူး ဆီစိုစိုလေးနဲ့ကြော်ရင် ပိုပြီးစားလို့ကောင်းတယ်။ အဲ့ဒီဟင်းကြော်တဲ့နေ့က စိတ်ထဲမှာ ဝမ်းနည်းသလိုလိုကြီးခံစားရတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဖြတ်သန်းခဲ့ရတဲ့ဘဝကိုလည်းပြန်သတိရတယ်။အဲ့ဒီအချိန်တုန်းက ကျနော်တို့ညီအစ်ကိုတွေကို အမေပြောတဲ့စကားလေးကိုလည်း ပြန်ကြားမိတယ်။ ပိန္နဲစေ့ကြော်စားကောင်းချက် အမေကတော့ ကြက်ဥကြော်နဲ့တောင်မလဲနိုင်ဘူးတဲ့ အမေပြောသလိုပါပဲ တကယ်လည်း အရသာရှိတယ်။
ဘေးအခန်းကအစ်ကိုကတော့ အရင်ကတခါမှမစားဖူးဘူး အခုစားဖူးတော့ စားလို့ကောင်းလို့ ခဏခဏပြောနေသေးတယ်။ အဲ့ဒီဟင်းအကြောင်း အမေနဲ့ဖုန်းပြောရင်းသတိရလို့ ပြန်ပြောဖြစ်သေးတယ်။ ငယ်ငယ်တုန်းကအကြောင်းတွေလည်း သတိရတယ်အမေရယ်ဆိုတော့ဟုတ်ပါ့ အမေတောင် ပိန္နဲစေ့ကြော်မစားရတာကြာပြီတဲ့။

ဒါကတော့ တခါတရံ ကျောင်းကိုထည့်သွားတဲ့ ထမင်းဗူးပါ။ အဲ့ဒီနေ့က ကြက်ဟင်းခါးသီးကြော်နဲ့ ည ၁၂ နာရီလောက်မှ
ဌာနမှာတစ်ယောက်ထဲစားခဲ့ရတဲ့နေ့လယ်စာနဲ့ညစာ ပေါင်းစားရတယ်
ဒါကတော့ နေ့စဉ်စားနေကျ ကျောင်းကန်တင်းထမင်းဆိုင်က ထမင်းပွဲပါ။ အဲ့လိုဟင်းကိုပုံပေးတာ ဟင်းနှစ်မျိုးနဲ့ ၂၅ ဘတ်
အသားဟင်းတစ်မျိုးအသီးအရွက်တစ်မျိုး ငါးပိထောင်းတို့စရာပါတယ်။ အသားဟင်းတွေမစားချင်တော့လို့
မျှစ်နဲ့ခရမ်းသီးဝက်သားအုန်းနို့ရောချက်ထားတဲ့ဟင်းထဲကခရမ်းသီးနဲ့မျှစ်ကိုပဲထည့်ပေးခိုင်းတာ၊ အရည်ကိုတော့ စပ်လွန်းတဲ့ ငါးပိရည်ကျိုထဲကနည်းနည်းဆမ်းပေးတယ်။တို့စရာကတော့ စားသမျှအစိမ်းတွေချည်းပဲ။ ပဲစောင်းလျားသီးအစိမ်းတို့စားရတာကို သဘောကျနေပြီ ခရမ်းသီးလည်းအစိမ်းလိုက်တို့၊ ဒညင်းသီးလည်းအစိမ်းလိုက်တို့၊ ကြာနီရိုးလည်းအစိမ်းလိုက်တို့ တမာရွက်လည်းအစိမ်းလိုက်တို့ စားသမျှ အသီးအနှံတော်တော်များများအစိမ်းတိုင်းတို့စားတာများတယ်။

၇ ရက်သားသမီးအားလုံးနဲ့ လာလည်ကြတဲ့မိတ်ဆွေများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ကျနော်ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၂-၆-၂၀၁၉

Tuesday, April 16, 2019

မအားတဲ့ကြားက ချက်စားဖြစ်တဲ့ ဟင်းခွက်လေးများ

 ပဲစိမ်းပြုတ် ပန်းပွင့်စိမ်း နဲ့မှိုကြော်
 မှို နဲ့ မုန်လာဖူးကြော်


 ခရမ်းချဉ်သီး ပင်စိမ်းရွက်ထောင်း

ငရုတ်သီး ငါးခြောက်ကြော်

 ချဉ်ပေါင်နဲမျှစ်ကြော်

ကျောင်းမှာပြုတ်စားတဲ့ ခေါက်ဆွဲ

 ကြက်သား ရုံးပတီ အာလူး ပန်းပွင့်စိမ်း
အညာသားလက်ရာ ထိုင်းမှိုဟင်းချို

 ကျောင်းည ဈေးက စမူဆာ
မှိုနဲ့မုန်လာဖူးအရည်သောက်


မတင်တာကြာလို့ စုထားတဲ့ ဟင်းခွက်လေးတွေ တင်ပေးလိုက်ပါတယ်ဗျာ။ လာလည်ကြတဲ့မိတ်ဆွေအားလုံးကိုယ်စိတ်နှစ်ဖြားကျန်းမာချမ်းသာကြပါစေ။
အညာသားအလုပ်များနေလို့ပါ။
ရွှေညာသား


Friday, March 8, 2019

ထိုင်း မှိုဟင်းချို နဲ့ ပြောင်းဖူးထောင်း

ဒီဆိုင်ကိုသူငယ်ချင်းတစ်ယောက်ကခေါ်လို့ရောက်တာနှစ်ခါရှိပြီ။ကျောင်းရှေ့မှာတင်ဆိုတော့လမ်းလျှောက်ရင်း
ညနေစာသွားစားဖြစ်တယ်။ဆိုင်အပြင်အဆင်လေးကသပ်ရပ်သန့်ရှင်းနေတာပဲ။အတွင်းထဲမှာစားလို့ရသလို
အပြင်ဘက်ကသစ်ပင်အောက်မှာလည်းခုံတွေပြင်ဆင်ထားပေးတယ်။ဌာနမှာစာအုပ်ကွန်ပျူတာစက်ပစ္စည်း
စတာတွေနဲ့နေ့စဉ်နေ့တိုင်းမြင်တွေ့နေရတော့မျက်လုံးလည်းမြင်ကွင်းအပြောင်းအလဲဖြစ်လူလည်း
စိတ်အပန်းပြေလို့သဘောကျတယ်။

စား​သောက်စရာစာရင်းမှာကထိုင်းလိုပဲရေးထားတော့ပုံကိုလက်ထောက်မှာရတာတခုတော့အခက်အခဲဖြစ် တယ်။ရွေးစရာများများမသိဘူးပေါ့။နှစ်ခါစလုံးမှာစားဖြစ်တာကမှိုဟင်းချိုနဲ့ပြောင်းဖူးထောင်းထမင်းဖြူနှစ်ပွဲ။
ပထမဆုံးစပြီးစားတဲ့အခါကတည်းကဟင်းချိုးကိုသဘောကျတာ။ဆိုင်ရဲ့အဓိကဟင်းဖြစ်ဟန်တူပါတယ်။
လာတဲ့သူတိုင်းမလွတ်တမ်းမှာစားကြတယ်။


ဟင်းထဲမှာပါသမျှစူးစမ်းကြည့်မိသလောက်တော့ဘာမှထွေထွေထူးထူးမပါဘူး။သူတို့အပြောများတဲ့
ငါးအချဉ်ဖောက်ထားတာကိုငါးပိအဖြစ်သုံးတယ်ထင်တာပဲ။အနံ့ကထူးခြားလို့။
နောက်တခုကငရုတ်သီးအလုံးကွဲထောင်းထည့်ပြီးပင်စိမ်းရွက်ရယ်၊မှိုသုံးလေးမျိုးနဲ့နောက်အမည်မသိ
အရွက်တစ်မျိုးရယ်သဘွတ်သီးနု၊ရွှေဖရုံသီး။ကြက်သားသုပ်ရာမှာသုံးတဲ့ဆန်လှော်မှုန့်လည်းဖြူးထားတယ်။
ပူပူစပ်စပ်လေးနဲ့အလုပ်များပြီးခေါင်းမကြည်တဲ့အချိန်မှာစားရတာဆေးတစ်မျိုးပါပဲ။စားပြီးတာနဲ့ချွေးထွက်ပြီး
လူကပေါ့ပါးသွားတာ။ပြောင်းဖူးထောင်းကလည်းချိုချဉ်စပ်လေးထမင်းဖြူနဲ့တွဲစားတော့ဟင်းရည်သောက်ရယ်
အလွန်လိုက်ဖက်ပါတယ်။တခြားဟင်းအမည်တွေရသေးပေမဲ့တလုံးစနှစ်လုံးစမှတ်မိတဲ့အခေါ်အဝေါ်နဲ့
မေးပြီးမှာဖြစ်တယ်။စားလို့တော့အတော်လေးအဆင်ပြေတယ်။ဈေးလည်းသိပ်မကြီးဘူး။

 ဒါက ဒုတိယတစ်ကြိမ်သွားစားတော့ မှာစားတဲ့ ကြက်သားသုပ် ဆီမသုံးဘဲ
အချဉ်နဲ့သုပ်ထားတာ အညှီနံ့လုံးဝမထွက်ဘူး


ဌာနမှာတစ်နေကုန်ခေါင်းရှုပ်ရသမျှ ညနေပိုင်းဒီဆိုင်ကိုရောက်လို့ မှိုဟင်းချိုသောက်လိုက်ရရင်
ဖိစီးမှုတွေအားလုံးလွင့်စင်ကုန်တယ်။သွားစားရင်းနဲ့ပါဝင်ပစ္စည်းတွေနဲ့အရသာကိုမှတ်ထားတယ်။ကိုယ်ပိုင်
ဆိုင်ဖွင့်တဲ့အခါချက်ရောင်းလို့ရအောင်လို့း)း)

ရွှေညာသားအလုပ်တွေပိနေတာဗျ။ ဆရာမကလည်းအချိန်တဝက်ကျိုးလာပြီဆိုတော့နည်းနည်းတွန်းလာပြီ
မြန်နိုင်သမျှမြန်အောင်လုပ်ဆိုတာချည်းပဲ။အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အမြဲမဟုတ်ပေမဲ့စားဖြစ်တဲ့ထိုင်းအစားအစာလေးတွေကိုတော့မှတ်စုသဘောနဲ့ပုံလေးတွေလည်းသိမ်းရင်း
မှတ်တမ်းတင်ဖြစ်ပါတယ်။ဒါလေးတွေကနောင်တချိန်အသုံးတည့်မှား)း)

ရွှေညာသား
၈-၃-၂၀၁၉


Sunday, February 10, 2019

အညာအလွမ်းပြေ တမာရွက်ပြုတ်


 ထိုင်းကတမာရွက်

တနေ့ကရွာကငယ်သူငယ်ချင်းနဲ့လိုင်းပေါ်မှာစကားပြောကြရင်းရွာအကြောင်းတွေဆီရောက်သွားကြတယ်။
သူ့ကိုထမင်းစားပြီးပြီလားမေးတော့စားပြီးပြီတမာရွက်ပြုတ်နဲ့အလင်ဟင်း(ထန်းရည်ခါးလုပ်ယူပြီးကျန်တဲ့အနည်) နဲ့စားတယ်တဲ့။နွေဦးပေါက်ခါစတမာရွက်တွေနုတဲ့အချိန်တမာရွက်ပြုတ်နဲ့အလွန်လိုက်ဖက်တဲ့ဟင်းတခွက်ပေါ့။ ချဉ်ဆိမ့်ဆိမ့်အရသာနဲ့စားလို့အလွန်ကောင်းတယ်။အဲ့ဒီကနေတမာရွက်အကြောင်းဆက်ပြောဖြစ်ကြတယ်။
ဒီနှစ်ရွာမှာတမာရွက်ဈေးကောင်းတာတပိဿာကို ၄၀၀၀ ကျော် ၅၀၀၀ ထိရတယ်ဆိုတော့ဝမ်းသာမိတယ်။ ရွာကလူတွေတမာရွက်ခူးရောင်းပြီးဝင်ငွေတိုးတာပေါ့။တမာပင်ပေါတဲ့ဒေသမို့တောထဲတမာရွက်ထွက်ခူးရင်
တစ်ပိဿာဆိုတာခဏလေးရယ်။ပုံမှန်ကနုခါစအချိန်မှာပဲဈေးကောင်းတာ။တမာရွက်လှိုင်လှိုင်ပေါလာရင်ဈေးက
ထက်ဝက်မကကျသွားတော့အလုပ်ရှုပ်ခံပြီးခူးမရောင်းကြတော့ဘူး။အခုလိုနောက်ပိုင်းတမာရွက်ပေါတဲ့အထိ
၄၀၀၀ ကျော် ၅၀၀၀ လောက်ထိဈေးရှိနေတာဝယ်ယူစားသုံးသူတွေများလို့ပေါ့။

ရွှေညာသားငယ်ငယ်ကချောင်းထဲရေခပ်ရင်းတက်ခူးနေကျချောင်းထိပ်ကတမာပင်ကြီးအကြောင်းလည်း
သူငယ်ချင်းကိုသတိတရမေးမိသေးတယ်။ချောင်းထဲရေခပ်ဆင်းတဲ့လမ်းထိပ်တည့်တည့်မှာချောင်းထဲဘက်ကို
ကိုင်းပြီးပေါက်နေတဲ့စားတမာပင်ကြီးပေါ့။တမာရွက်နုချိန်ဆိုအရွက်ဟောင်းတွေအကုန်မကြွေသေးဘဲနဲ့
တမာရွက်နုတွေအဖူးတွေပါတခါတည်းထွက်တာ။ရွာတောင်ဘက်ပိုင်းကရေခပ်ထွက်တဲ့သူတိုင်းအဲ့ဒီအချိန်ဆို
တမာပင်ပေါ်တက်ခူးကြတာ။တမာရွက်လှိုင်လှိုင်ပေါသည့်အချိန်ထိပါပဲ။အဲ့ဒီတမာပင်ကြီးကတမာရွက်တွေက
သိပ်ပြီးမခါးဘူး။ကုလားတမာလို့ခေါ်တဲ့အရွက်သေးသေးတမာပင်တွေကကျနော်တို့ရွာဘက်ခေါ်တဲ့တောထဲက
စားတမာပင်အခေါက်အပွေးထူထူတွေထက်အခါးအရသာပိုတယ်။ဒါကြောင့်အိမ်စားဖို့ပဲဖြစ်ဖြစ်ရောင်းဖို့ပဲ
ဖြစ်ဖြစ်အဲ့ဒီအပွေးထူတဲ့စားတမာပင်တွေကပဲခူးကြတာများတယ်။

 အညာသားလက်ရာ ခရမ်းချဉ်သီးငါးခြောက်ချက်
 
တောထဲကတမာရွက်ခူးပြီးပြန်လာရင်စည်းဖို့အတွက်ထန်းပင်ပေါက်စကနေထန်းလက်အနုကိုပါတခါတည်း
ခုတ်ယူလာကြတယ်။အိမ်ရောက်တော့ကိုင်းတံလက်တဆစ်မျှပါအောင်ချိုးယူလာတဲ့တမာခက်လေးတွေကို
လက်တဆုပ်မပြည့်တပြည့်ရအောင်စီပြီးထန်းရွက်နုလျှော်နဲ့အစည်းလေးတွေစီး၊မီးဖိုပေါ်မှာဒယ်အိုးသို့မဟုတ်
ထမင်းချက်တဲ့ဒန်အိုးနဲ့ရေနွေးပွက်ပွက်ဆူအောင်တည်၊မန်ကျည်းသီးမှည့်သုံးလေးတောင့်အခွံနွှာထည့်ပြုတ်
တချို့လည်းဆီးချဉ်သီး(ဇီးသီး)ကိုထည့်ပြုတ်ကြတယ်။အဲ့ဒီအချဉ်ရည်အိုးထဲကိုတမာရွက်မထည့်ခင်နနွင်းမှုန့်
တဇွန်းလောက်ထည့်ပြီးစည်းထားတဲ့တမာရွက်စည်းတွေကိုထည့်အရွက်နုတွေဆိုတော့အပူနဲ့ထိတာနဲ့ကျက်
တာမို့အိုးထဲထည့်ပြီးသုံးလေးမိနစ်ကြာရင်အထက်အောက်လှန်ပေးပြီးအိုးကိုမီးဖိုပေါ်ကချ။ပြုတ်တဲ့အချဉ်ရည်
ထဲမှာပဲစိမ်ထားလိုက်ယုံပါပဲ။ဈေးကိုသွားရောင်းမယ်ဆိုမှအိုးထဲကနေဆယ်ရေစစ်အောင်ထားပြီးတောင်းထဲ မှာကြွပ်ကြွပ်အိတ်ခံထည့်ပြီးကျောက်ပန်းတောင်းမြို့ပေါ်တက်ရောင်းကြတာ။အစည်းလိုက်လေးတွေမို့
တစ်စည်းကိုဘယ်လောက်ဆိုပြီးပြောရောင်းတော့ချိန်ခွင်မစရာမလိုတော့ဘူးပေါ့။

 တမာရွက်ပြုတ်တို့စရာ

အခုနောက်ပိုင်းတော့တခြားနယ်ဝေးတွေကိုပါတင်ပို့ရောင်းချရလို့ဈေးကောင်းရတာလို့ပြောပါတယ်။တမာရွက်
ရှားတဲ့ဒေသတွေဆီကအဝယ်လိုက်ရင်တမာရွက်ဈေးကောင်းတယ်။အိမ်ကအမေရွာကနေဈေးရောင်းတုန်းက
တမာရွက်နုချိန်ဆိုအချိန်သုံးလေးဆယ်ရအောင်စုပြီးမိုးဗြဲကိုသယ်ရောင်းတာ။တမာရွက်ရှားတဲ့ဒေသဆိုတော့
ပါသလောက်ကုန်တာပါပဲ။သူငယ်ချင်းနဲ့စကားပြောရင်းချောင်းထိပ်ကတမာပင်ကြီးလဲမကျသေးဘူးလားဆိုတော့
မကျသေးဘူးတဲ့။ချောင်းထဲဘက်ကိုတော့တော်တော်လေးကိုင်းနေပြီပြောတယ်။သူနဲ့စကားပြောရင်းစိတ်က
ရွာချောင်းထိပ်ကတမာပင်ကြီးဆီကိုရောက်သွားသေးတယ်။ရွာကိုပြန်မရောက်တာလည်းကြပြီဆိုတော့
ငယ်ငယ်တုန်းကမြင်နေကျတမာပင်ကြီးရဲပုံရိပ်ကိုပဲမှတ်မိနေတယ်။ချောင်းထဲရေခပ်ဆင်းပြီးအပြန်ကုန်းထိပ်ကို
ရောက်ရင်ရေထမ်းပုံတွေချပြီးတမာပင်ကြီးပေါ်တက်အဖူးတွေများများပါတဲ့တမာခက်တွေကိုစိတ်ကြိုက်ခူးပြီး
အလင်ဟင်း၊ခရမ်းချဉ်သီးချက်တို့နဲ့တို့မြုပ်စားခဲ့ရတာကိုသတိရမိတယ်။

ကျောင်းသွားရင်းလမ်းမှာတွေ့တဲ့တမာပင်တွေကတမာရွက်နုတွေခူးပြီးမြို့ပေါ်ကလာပြီးစာသင်ပေးတဲ့ဆရာမ
တွေကိုလက်ဆောင်တွေပေးခဲ့ဖူးတယ်။တခါတလေအထူးသဖြင့်ရွာနဲ့ဝေးနေချိန်မှာအတိတ်ကလုပ်ခဲ့ရတာတွေ
ကိုပြန်တွေးတဲ့အခါအရမ်းအရသာရှိတယ်။အဲ့ဒီအချိန်တုန်းကတော့နောင်တချိန်ဆိုဒါတွေငါတို့ပြန်တွေးပြီးခံစား
ရမှာလို့မတွေးခဲ့မိပါဘူး။ဒါပေမဲ့တကယ်တမ်းပြန်တွေးတော့ဝမ်းနည်းစရာလိုလိုလွမ်းစရာလိုလိုနဲ့ရင်ထဲမှာတမျိုး
ကြီးပါ။သူငယ်ချင်းကတော့ရွာကလက်ရှိအခြေအနေကိုပြောနေတာတမာရွက်အကြောင်းလည်းပါတယ်။အလှူ
တွေအကြောင်းလည်းပါတယ်။ကျနော်ကိုယ်တိုင်ကတော့မွေးရပ်မြေကိုဘယ်တော့ခြေပြန်ချခွင့်ရမယ်မသိသေး
တော့သူငယ်ချင်းဆီကတဆင့်ပဲသတင်းမေးပြီးစိတ်ကူးနဲ့လွမ်းနေရတယ်။

တခုကံကောင်းတာကထိုင်းမှာလည်းတမာရွက်စားကြလို့ဈေးထဲမှာတမာရွက်တွေတွေ့ရင်ပျော်တာအရမ်းပဲ။
ဒီကတမာရွက်တွေကအဖူးတွေပိုများတယ်။စားဖို့သီးသန့်စိုက်ပြီးရောင်းတာလားမပြောတတ်ဘူး။သန်လည်း
သန်တယ်။မြင်တာနဲ့ကိုဝယ်ချင်စရာကောင်းနေတာ။တမာရွက်ပေါ်တဲ့ရာသီဆိုအစိမ်းလိုက်ရောင်းတဲ့တမာရွက်
ကိုဝယ်ပြီးကိုယ်တိုင်ပြုတ်ခရမ်းချဉ်သီးချက်နဲ့တွဲဖက်စားရင်ရွာကိုလွမ်းဖြေခွင့်ရတယ်။ထိုင်းတွေကတော့အစိမ်း
လိုက်တို့စားကြတာများတယ်။ပြုတ်တယ်ဆိုလည်းရေနွေးစိမ်တယ်ဆိုရုံမျှပဲစိမ်ထားတာ။အစိမ်းလိုက်တို့တော့
အရမ်းခါးပါတယ်။ရောင်းတဲ့အခါတော့တို့စရာထိုင်းငါးပိထောင်းဖျော်ပါတွဲရောင်းတယ်။ကိုယ်တွေလျှာနဲ့က
သိပ်ခံတွင်းမတွေ့တာမို့တမာရွက်ချည်းပဲဝယ်ကိုယ့်စတိုင်နဲ့ကိုယ်ချက်စားတော့ထမင်းပိုမြိန်တယ်။တမာရွက်
စားရတဲ့အကြောင်းအမေ့ကိုလည်းကြွားလိုက်သေးတယ်။အမေကတော့ဒီမှာတမာရွက်ရတယ်ဆိုတော့အံသြ
နေတယ်။သူတို့လည်းစားကြတာပဲလားတဲ့။စားသမှပြုတ်တောင်မပြုတ်ဘူးအစိမ်းလိုက်တို့စားတာအမေရေ
ဆိုတော့ရယ်နေတယ်။တချိန်ကတော့အမေလည်းတမာရွက်ပြုတ်ရောင်းခဲ့တာပေါ့။အခုတော့တမာရွက်ရှားတဲ့
ဒေသမှာသူများဆီကဝယ်စားရတာကိုယ့်ရွာမှာတုန်းကကိုယ်တိုင်ခူးပြုတ်စားရတာလောက်မကောင်းပါဘူးကွာ
တဲ့။အဲ့ဒီအချိန်တုန်းကတော့ကိုယ်တိုင်ပြုတ်ရောင်းတာဆိုတော့ကိုယ်တိုင်းလည်းစိတ်ကြိုက်စားပေါ့။

သူငယ်ချင်းဆီရွာချောင်းထိပ်ကတမာပင်ကြီးရဲ့ဓာတ်ပုံတွေတောင်းထားသေးတယ်။နွေဦးပေါက်ချိန်ရွာဘက်
ကရှု့ခင်းတွေလည်းအလွမ်းပြေကြည့်ရအောင်လို့ဓာတ်ပုံများများရိုက်ပို့ပေးဖို့မှာထားတယ်။
ဘယ်နေရာဘယ်ဒေသပဲရောက်နေပါစေကိုယ့်မွေးရပ်မြေကိုလွမ်းဆွတ်တမ်းတတတ်ကြတာတော့လူတိုင်း
အတူတူပဲဖြစ်မှာပါ။ဒါကြောင့်တမာရွက်နုချိန်နဲ့တိုက်ဆိုင်စွာအညာမြေကိုလွမ်းရင်ဒီပို့စ်လေးနဲ့မှတ်တမ်းတင်
လိုက်ပါတယ်ဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့မေတ္တာပို့သပါတယ်။
ကျနော့်အိမ်လေးဆီကိုလာလည်ကြတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်။
ရွှေညာသား

Wednesday, February 6, 2019

ဘလော့ဂါ (၈) နှစ်ပြည့်


image credit ....google
ဘာလိုလိုနဲ့ဒီဘလော့လေးအစပြုခဲ့တာအခုဆို (၈)နှစ်ပြည့်ခဲ့ပြီဗျာ။ စစချင်းတုန်းကတော့ဘလော့ဂါတွေခေတ်စားချိန်မို့
သူ့အိမ်ကိုယ်သွားကိုယ့်အိမ်သူလာနဲ့တော်တော်လေးစည်ကားခဲ့ပါတယ်။
တစ်ယောက်ကိုတစ်ယောက်လူချင်းမမြင်ဖူးသော်ငြားဘလော့ကစကားလုံးတွေနဲ့ခင်မင်ရင်နီးခဲ့ကြတယ်။
ကွန်မန့်လေးတွေကတဆင့်နွေးထွေးမှုတွေပိုခဲ့ကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာဖေ့စ်ဘွတ်ပေါ်လာတော့
ဘလော့ဂါအိမ်လေးတွေတဖြည်းဖြည်းတံခါးပိတ်သွားတာအခုဆိုနှစ်တော်တော်ကြာသွားပြီ။
ကျနော်ကတော့ဖေ့စ်ဘွတ်မှာကွန်မန့်ထောင်ချီရတာထက်ဘလော့မှာကွန်မန့်တခုရတာကိုပိုပြီးတော့
သဘောကျနှစ်သက်တန်ဖိုးထားပါတယ်။တချို့လည်းဘလော့ဂါလောကမှနေစာရေးဆရာစာရေးဆရာမတွေ
ဖြစ်ကုန်တာကြားသိရတော့သူတို့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်။
ကျနော်ကတော့အမြဲတမ်းမဟုတ်ပေမဲ့အချိန်ရတဲ့အခါဘလော့ဂါအိမ်လေးတွေဆီကိုအိမ်ရှင်မရှိသော်ငြား အလည်သွားဖြစ်တယ်။အသစ်မရှိတော့လည်းတချိန်ကပို့စ်အဟောင်းလေးတွေဖတ်ရင်းနဲ့အလွမ်းဖြေတယ်။
ဖေ့စ်ဘွတ်မှာတော့ခုတင်လိုက်ရင်မိနစ်ပိုင်းအတွင်းနာရီပိုင်းအတွင်းလိုက်ခ်နဲ့ကွန်မန့်ရာချီရနိုင်တယ်
ကြိုက်တာမကြိုက်တာအသာထားအလွယ်တကူပေးလို့ရနေတော့တန်းစီပြီးလက်မလေးတွေထောင်လို့ရတာမို့
ပျံ့ပွားလွယ်တယ်။တချို့လည်းဘလော့ဂါမှဖေ့စ်ဘွတ်ပေ့ခ်ျထောင်ပြီးစာဆက်ရေးနေကြဟန်တူပါတယ်။
ဘာပဲဖြစ်ဖြစ်လေ လူအများကြီးထဲမှာနေပြီးမွမ်းကြပ်တာထက်စာရင်လူနည်းနည်းမှာချောင်ချောင်ချိချိလေးနဲ့
သွားလာလှုပ်ရှားရတာပိုပြီးကောင်းတာပေါ့။ကျနော့်ကိုလည်းတချို့ကဖေ့စ်ဘွတ်မှာပေ့ခ်ျလေးနဲ့ရေးဖို့အကြံပြု
ကြတယ်။ဒါပေမဲ့တခါတလေသုံးတဲ့အကောင့်မှာတင်တချို့ကိုစိတ်တိုင်းမကျတာကြောင့်တင်စရာရှိရင်
ဘလော့လေးမှာပဲကိုယ့်ဘာသာတင်တယ်။ဖတ်ချင်သူရှိလည်းဖတ်မရှိတော့လည်းကိုယ့်အတွက်မှတ်တမ်း
ဖြစ်တယ်လေ။

image credit....google
(၈) နှစ်တာကာလအတွင်းရေးခဲ့တဲ့စာတိုပေစအစားအသောက်အစုံအလင်ကိုလာရောက်အားပေးခဲ့တဲ့
အားပေးနေဆဲအွန်လိုင်းချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများနဲ့ဘလော့ဂါမောင်နှမများအားလုံးကိုကျေးဇူး
တင်ပါတယ်။ဖြစ်နိုင်ရင်တော့ဘလော့အိမ်လေးတွေကိုပြန်ပြီးအသက်သွင်းကြစေချင်တယ်ဗျာ။
ကျနော်ကိုယ်စီရဲ့အိမ်လေးတွေဟာအိမ်ရှင်ပြန်အလာကိုမျှော်နေကြတယ်။
အချိန်လုပြီးကြိုးစားရုန်းကန်နေကြရမယ်ဆိုတာကိုယ်ချင်းစာနာလည်းပါတယ်။
အဲ့ဒီထဲကကိုယ့်စိတ်အပန်းဖြေရာနေရာလေးတွေအဖြစ်ဖန်တီးတည်ဆောက်ထားတဲ့
ခံစားချက်တို့စုစည်းရာ၊အတွေးစတို့ရှင်သန်ရာ၊ဝါသနာတို့ဆုံစည်းရာ ဘလော့အိမ်လေးတွေဆီ
ပြန်လာကြဖို့ဖိတ်ခေါ်ပါတယ်နော်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ကျနော့်အိမ်လေးဆီကို (၈) နှစ်တာရောက်သည်အထိ
အမြဲလာရောက်လည်ပတ်ကြတဲ့ညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ဖေ့စ်ဘွတ်
ဘယ်လောက်ပဲလူကြိုက်များပါစေကျနော်ကတော့အခွင့်အရေးရနေသေးသရွေ့ဘလော့အိမ်လေးကို
အတတ်နိုင်ဆုံးလှပအောင်ဆက်လက်ပြုစုယုယသွားပါအုံးမယ်ဗျာ။

ရွှေညာသား