Pages

Friday, May 6, 2011

တေးလက်ဆောင်...

ဒီနေ့ရာသီဥတုကလည်း အုံ့မှိုင်းမှိုင်းနဲ့ ဘယ်လိုကြီးမှန်းမသိဘူး။ လွမ်းတတ်သူကိုမှ ပိုလွမ်းအောင် ဖန်နေတယ်။ အိပ်ယာထ မျက်နှာသစ် ဘုရားသောက်တော်ရေကပ်ပြီး အဆောင်ပြင်လှမ်းကြည့်လိုက်တော့ ညှို့မှိုင်းမှိုင်းနဲ့ မိုးတွေပဲ ရွာချတော့မလိုလို၊ တကယ်ဆိုးတယ်ဗျာ... ရာသီဥတုက အုံ့မှိုင်းမှိုင်းဆိုတော့ သူနဲ့ကိုက်ညီတဲ့ သီချင်းလေးတွေ ဖွင့်ပြီး နားထောင်ရင်း သီချင်းထဲကစာသားလေးတွေအတိုင်း အတွေးတွေ နယ်ချဲ့ပြီး ရွာဆီကို ပြန်ရောက်သွားတယ်။ အခုလို အချိန်မျိုးမှာ ဒီလိုသီချင်းလေးတွေ နားထောင်ရတာ အတော်ကို ကောင်းတယ်။ လွမ်းတတ်သူများ အလည်လာရင်းနဲ့ ကျွန်တော်နဲ့အတူ နားထောင်သွားအုံးဗျာ....

ရော့ခ်တို့၊ ပေါ့ပ်တို့ ကြိုက်တဲ့ သူတွေအတွက်တော့ ဒီသီချင်းတွေက နားကလော စရာတွေဖြစ်မှာပေါ့ဗျာ။ ကျွန်တော်တို့လို ကိုရွှေတောသားများ အတွက်တော့ နားဝင်ကို ချိုနေတာပဲ(ဟဲ...ဟဲ)။ ကြိုက်တတ်မှ နားဆင်ပါနော်...။

အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတစ်တွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ....

Thursday, May 5, 2011

ရူဘယ်တစ်ရာနဲ့ အဖိုးမဖြတ်နိုင်သောပီတိ

ရူဘယ်တစ်ရာတန်
ဒီနေ့ကျောင်းကအပြန် ဘူတာရုံထဲမှာ ဒုက္ခရောက်နေသူကို ကိုယ်တတ်နိုင်သရွေ့လေး ကူညီခဲ့တယ်။ အခါတိုင်းနေ့တွေလည်း သက်ကြီးရွယ်အိုတွေ ပိုက်ဆံတောင်းနေတာ တွေ့ရင် ကိုယ်တတ်နိုင်သလောက် ထည့်နေကျပါ။ “အများပေါင်းတော့ တောင်းလှ” ဆိုသလို ကိုယ်တစ်ယောက်ထဲက များများ မထည့်နိုင်သော်လည်း နဲနဲချင်းစီ ထည့်သွားတော့ ထည့်ပါများလာတဲ့ အခါ ထိုက်သင့်တဲ့ ပမာဏလေးတော့ ဖြစ်သွားတာပေါ့။

ကျွန်တော်တို့ဗုဒ္ဓဘာသာတိုင်းဟာ ပေးကမ်းစွန့်ကျဲရတာကို ၀န်မလေးတတ်ကြပါဘူး။ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ စေတနာရှေ့ထားပြီး လှူတန်းကြတဲ့ လူမျိုးတွေပါ။ ဒုက္ခရောက်သူ မျက်စိရှေ့မှာ မြင်တွေ့နေရရင် မကူညီနိုင်ရင်တောင် အနည်းဆုံး ဂရုဏာစိတ်လေးတော့ ဖြစ်တတ်ပါတယ်။

လူပေါင်းထောင်းသောင်းမက သွားလာနေတဲ့ မြေအောက်ဘူတာရုံထဲမှာ အကူအညီရလိုရငြား “ကူညီကြပါ အမေသေသွားလို့” အဓိပ္ပာယ်ရတဲ့ စာတမ်းလေးကိုင်ပြီး ရပ်နေတဲ့ ညီငယ်လေးတစ်ယောက်ကို လူကြားထဲကနေ မြင်လိုက်ရတယ်။ စာတမ်းလေးကို လှမ်းဖတ်ကြည့်ပြီးတော့ သူ့အစား စိတ်ထဲမှာ ၀မ်းနည်းသွားမိတယ်။ ငါ့ညီလေးများဒီလိုဖြစ်ရင် ဆိုတဲ့အတွေးက ချက်ချင်းဆိုသလို စိတ်ထဲရောက်လာပါတယ်။ တတ်နိုင်သလောက် ကူညီအုံးမှ ဆိုတဲ့ အသိနဲ့ များစွာသော လူတွေကို ရှောင်ကွင်းပြီးတော့ သူ့အနားရောက်အောင်သွားပြီး သူ့အိတ်လေးထဲကို ပိုက်ဆံတစ်ရာ ထည့်ပေးလိုက်ပါတယ်။ ကျွန်တော်လှူတာလေးက များများစားစား မဟုတ်ပေမဲ့ အမေသေလို့ ဒုက္ခရောက်နေတဲ့ အဲ့ဒီညီလေး အတွက် အနည်းငယ်တော့ အထောက်အကူဖြစ်မှာပါ။ ပေါင်မုန့်စားတဲ့ သူတို့နိုင်ငံမှာ ပေါင်မုန့်ငါးလုံးစာအတွက်တော့ လုံလောက်ပါတယ်။

ပိုက်ဆံထည့်ပေးတော့ မျက်နှာငယ်လေးနဲ့ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောရှာတယ်။ အိတ်ထဲမှာလည်း အကြွေလေးတွေရော တစ်ဆယ်တန်၊ ငါးဆယ်တန် စသဖြင့် ကိုယ်တတ်နိုင်သလောက် ထည့်သွားကြတာလေး တွေက တော်တော်လေးများနေပြီ။ ကျွန်တော်လည်း ပိုက်ဆံထည့်ပြီးတော့ ကိုယ့်ခရီးကိုယ် ဆက်လာခဲ့တယ်။ စိတ်ထဲမှာတော့ အဲ့ဒီညီလေးအကြောင်းကိုပဲ အမျိုးမျိုးတွေးနေမိတယ်။ သူ့မှာ တခြားညီအစ်ကို မောင်နှမတွေ ရှိသေးလေမလား၊ အမေမရှိတော့ အဖေကျန်နေသေးလား စသဖြင့်ပေါ့။ သူ့အတွက် စိတ်မကောင်း ဖြစ်မိသလို ကိုယ့်တတ်နိုင်သလောက် ကူညီခဲ့တာလေးအတွက်လဲ စိတ်ထဲမှာ ပီတိဖြစ်နေမိတယ်။ အရင်အခါတွေတုန်းက အခုလိုမျိုး စိတ်ထဲမှာ နှစ်နှစ်ကာကာ ပီတိဖြစ်တာ မခံစားဖူးဘူး။ ဒီနေ့တော့ ထူးထူးခြားခြား သတိထားမိလို့လား မသိဘူး စိတ်ထဲမှာ အတော်လေးကို ကြည့်နူးမှု့လေး ခံစားလိုက်ရတယ်။ ကိုယ်ကူညီခဲ့တာလေးက မပြောပလောက်ပေမဲ့ စိတ်ထဲမှာပြန်စဉ်စားလိုက်တိုင်း အဖိုးမဖြတ်နိုင်တဲ့ ပီတိလေးကတော့ ဖြစ်တည်ကျန်ရစ် နေခဲ့တယ်။

အမေဆုံးသွားတယ်ဆိုတဲ့ အဲ့ဒီညီလေးလည်း ရှေ့ဆက်ရမယ့် သူ့ဘ၀ခရီးမှာ အဆင်ပြေပြေ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်ပါစေလို့ စိတ်ထဲကနေ ဆုတွေတောင်းပေးနေမိတယ်။ ဒုက္ခရောက်နေသူကို တတ်အားသရွေ့ ကူညီပေးခဲ့ရလို့ ဖြစ်ပေါ်လာတဲ့ ပီတိလေးကတော့ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်းဖိုးကြီးလှပါတယ်။

ကျွန်တော့်မိတ်ဆွေများလည်း ပီတိပွားနိုင်ကြပါစေ...

Wednesday, May 4, 2011

သပြေသီးမှည့်မှည့်ကောက်ကြမယ်…

“၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်မှည့် ကောက်စို့ကွယ်၊ ခရာဆူးချုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်လိမ့်မယ်၊ မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဘူးကွယ်”ဆိုတဲ့ ကဗျာလေးကို ကျွန်တော်တို့ ကလေးတုန်းက ကျောင်းမှာ ဆရာမနဲ့အတူ ဆိုခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ "ခရား"လို့ အသံထွက်ဆိုတော့ ရေနွေးခရားအိုးကိုပဲ မျက်စိထဲ မြင်မိတယ်။ ခရာဆိုတာကို အရွယ်ရောက်လာမှ အရွက်က ပြာလဲ့လဲ့လေးနဲ့ အပွင့်ဝါ၀ါလေးတွေ ပွင့်တဲ့ဆူးပင်ဆိုတာ သိတယ်။ ပြောချင်တာလေးက သပြေသီးမှည့်အကြောင်းပါ။ သပြေသီးမှည့်ဆိုတော့ သပြေပန်းအကြောင်းကလည်း ချန်ထားလို့မရပြန်ဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အိမ်တိုင်းမှာ ဘုရားစင်ဆိုတာကို အမြတ်တနိုးထားတတ်ကြပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ရည်စူးပြီး ဆွမ်း၊ရေချမ်း၊ ပန်း၊ဆီမီး အစရှိသည်တို့ကို ဆက်ကပ် လှူဒါန်း ပူဇော်ကြသည်။ ဘုရားပန်း မှာလည်း အမျိုးမျိုး အထွေထွေ စုံလင်လှသည်။ အဲ့ဒီပန်းတွေထဲမှာ သပြေပန်း ကလည်း တစ်မျိုးအပါအ၀င်ဗျ။
သပြေသီးတွေ အခိုင်လိုက်ပဲ ချိုလိုက်မည့်ဖြစ်ချင်းဗျာ:):):)(photo from google)
ကျွန်တော်တို့ အညာမှာတော့ သပြေပန်းကို ဘုရားတင်ပန်းအဖြစ်သုံးကြတယ်။ တပ်မတော်သားတွေ စစ်ချီရာက ပြန်လာလို့ ဆီးကြိုပြီး ကမ်းတဲ့သပြေပန်းကို ကျတော့ အောင်သပြေပန်းလို့ခေါ်သလို၊ အညာက မင်္ဂလာဆောင်မှာ သပြေညွှန့်ရယ် မြေဇာမြက်လေးရယ် အစည်းလေးစည်းပြီး မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေကို ကမ်းတဲ့ သပြေပန်းကိုလည်း မင်္ဂလာအောင်ပန်းဆိုပြီးခေါ်တယ်။ အညာမှာတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပွဲတွေမှာဆိုရင် သပြေပန်းက မပါရင် မပြီးသလောက်ပါပဲ။ နောက်ပြီး ကျွန်းကြီးလေးကျွန်းရှိတဲ့ အထဲမှာ ကျွန်တော်တို့တစ်တွေ တည်ရှိတဲ့ ကျွန်းကိုလည်း ဇမ္ဗူ့သပြေပင် ပေါက်ရာကျွန်းဆိုပြီး ခေါ်ဆိုကြတယ်လို့ မှတ်သားရပါတယ်။

သပြေညို(photo from google)

ဇမ္ဗူ့သပြေပန်းကိုတော့ မမြင်ဖူးပါဘူး။ ကျွန်တော်တို့ အညာမှာတော့ သပြေညို၊ သပြေဖြူ၊ ကုန်းသပြေ ဆိုပြီးတော့ သပြေပန်းရဲ့ အရောင်ကိုကြည့်ပြီးတော့ပဲ ခေါ်ကြတယ်။ မြို့ပေါ်မှာတော့ စိုက်ပျိုးရေးသပြေပန်းတွေ ဆယ့်နှစ်ရာသီ ရနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ စိုက်စရာမလိုပါဘူး။ ချောင်းတွေ၊ ရိုးတွေ၊ တောတောင်ထဲ မှာ သပြေပင်တွေ ပေါပါတယ်။ အထူးသဖြင့် ရေနားနီးတဲ့ နေရာတွေမှာဆိုရင် သပြေပင်ကို အတွေ့ရများတယ်။ ကျွန်တော်တို့ ရွာအရှေ့ဘက်က ချောင်းခုံမှာဆိုရင် သပြေပင်တွေ အတော်ပေါတာ။ တောဖွဲ့ပြီးကို ပေါက်နေတာ။ အပင်ကြီးတွေကလည်း အကြီးကြီးတွေပဲ။ ရွာမှာတုန်းက သပြေသီးမှည့်ချိန်ဆိုရင် အဲ့ဒီချောင်းခုံကို သွားပြီး သပြေသီးကောက်နေကျပေါ့ဗျာ။

ကုန်းသပြေက ဒီလိုရဲရဲလေးတွေဗျ(photo from google)

အမေက ဘုရားပန်းလဲရအောင် သပြေပန်းတစ်အိုးတင်လောက် သွားချိုးခိုင်းရင်လည်း အဲ့ဒီချောင်းခုံကို ပြေးချိုးပေးလိုက်တာပဲ။ အဲ့ဒီမှာပေါက်တာက ရွာအခေါ် သပြေဖြူပင်တွေ ပေါက်တာများတယ်။ ပေါတာကတော့ တော်တော်လေးကို ပေါပါတယ်။ သပြေဖြူဆိုလို့ အဖြူရောင်ကို ပြောတာ မဟုတ်ပါဘူးနော်။ သစ်ရွက်အနီရောင် မဟုတ်တာကို ပြောချင်းဖြစ်ပါတယ်။ ရွာနားက ချောင်းရိုးတစ်လျှောက် ပေါက်တဲ့အပင်တွေထဲမှာ သပြေပင်တွေက အများဆုံး ပါပဲ။ ရွာအနောက်ဘက်က ချောင်းထဲမှာကျတော့ သပြေညိုပင်တွေ ပေါတယ်။ သပြေညိုနဲ့ သပြေဖြူမှာ သပြေဖြူက ဘုရားတင်ရင် အကြာကြီး ခံတယ်။ သပြေညိုကတော့ ညတင်ရင် မနက်ဆို ညှိုးပြီ။ ကုန်းသပြေဆိုတာကတော့ ရေနဲ့ဝေးတဲ့ နေရာမှာ ပေါက်လို့ ကုန်းသပြေလို့ ခေါ်တာပါ။ သူကတော့ တောထဲ တောင်ထဲမှာ အများဆုံး ပေါက်ပြီး ဘုရားတင်ရင် တော်တော်နဲ့ မညှိုးတော့ဘူး။ ကုန်းသပြေကို ပုပ္ပားတောင်နားက တောတွေထဲမှာ ပေါများစွာတွေ့နိုင်တယ်။ ပုပ္ပားတောင်ကလပ် ရောက်ဖူးရင် တွေ့မှာပါ အညွှန့်လေးတွေ ရဲရဲနီနေတဲ့ သပြေငုတ်လေးတွေ ရောင်းနေတာလေ။ အဲ့ဒါကို ကျွန်တော်တို့ဆီမှာ ကုန်းသပြေလို့ ခေါ်တာ။
ဒါကတော့ စိုက်ပျိုးရေးခြံထွက် သပြေပင်လေးတွေ(photo from google)
သူကတော့ ဘုရားတင်ဖို့အတွက် အဆင်ပြေတာပေါ့။ အညွှန့်လေးတွေချည်းပဲ ဆိုတော့ ပိုပြီးလှတယ်။ ကျန်တဲ့ သပြေညိုနဲ့ သပြေဖြူကတော့ အရွက်နုချိန်မှာသာ အညွှန့်လေးတွေ မြင်ရတာ။ သူတို့က အပင်ကြီးတွေ ဖြစ်လို့ အသီးလည်း သီးပါတယ်။ သပြေက အမျိုးအစားတော်တော်လေး များမယ်ထင်တယ်။ ဘယ်လိုခွဲလဲတော့ ကျွန်တော်သေချာမသိဘူး။ အသီးသီးတဲ့အခါ တစ်ချို့ကျတော့လည်း အလုံးကြီးတယ်။ တချို့ကျတော့ အလုံးက သေးသေးလေး။ ကလေးတုန်းကတော့ အလုံးကြီးတယ်ငယ်တယ်ကို မရွေးပါဘူး။ သပြေပင်အောက် ရောက်လို့ အမှည့်တွေ ကြွေကျနေတာတွေ့ရင် ကောက်စားပစ်လိုက်တာပဲ။ သူငယ်ချင်းတွေနဲ့ အတူသွားရင်တော့ အပင်ပေါ်တက်နိုင်တဲ့သူက ခြွေချပေးမှ စားရတယ်။ အပင်ကြီးတွေကမြင့်တော့ ကိုယ်တိုင်လည်း တက်ပြီးမခူးနိုင်ဘူးလေ။ နဲနဲလေး အရွယ်ရောက်လာတော့ ကိုယ်တိုင်တက်ပြီးခူးစားတယ်။

Monday, May 2, 2011

သူတို့တွေ အိပ်ယာထကြပြီ


နွေမှမိုး၊ မိုးမှဆောင်း၊ ဆောင်းမှနွေ ဆိုပြီး ရာသီတွေလည်း အလီလီပြောင်းလည်းလို့ ဒီနိုင်ငံမှာ နွေရာသီဆိုတာကို မကြာခင်ရောက်လာတော့မယ်။ အဆောင်ပြတင်းဆီက အပြင်ကိုငေးကြည့်လိုက်တော့ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နှင်းမှုန်တွေကြား ရိုးတံကျဲကျဲနဲ့ ရှိနေခဲ့တဲ့ အပင်တွေထက်မှာ အရွက်လေးတွေ ထွက်ပြူစ ပြုနေလေပြီ။

ဒါကတော့ အဆောင်နားက ပန်းခြံထဲက နှင်းတွေအရည်ပျော်ပြီးမှ ထွက်လာတဲ့မြက်ပင်လေး
ဒီပန်းလေးလည်း တော်လ်စတွိုင်း အိမ်က ခြံထဲမှာတွေ့လို့ရိုက်ထားတာ
ဆောင်းရာသီအတွင်း သုံးလေးပေလောက်ရှိတဲ့ နှင်းထုအောက်မှာ အိပ်စက်နေခဲ့တဲ့ မြက်ခင်းပြင်မှ မြက်ပင်တို့ကလည်း တဖန်နိုးထ အညောင်းဆန့်နေလေပြီ။ ဆောင်းတွင်းကာလ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့တဲ့ ကျေးငှက်လေးတွေရဲ့ တီတီတာတာ တေးဆိုသံလေးတွေလည်း ပြန်လည်နိုးထ အသက်ဝင်လာနေပြီ။ ဆောင်းတွင်းကာလမှာ ဘယ်ဆီကိုသွားနေသည် မသိတဲ့ ငှက်လေးတွေ အဆောင်အနီးက သစ်ပင်ပေါ်မှာ ဟိုဒီပျံလွှား မြူးထူးပျော်ပါးနေကြပြီ။

ဒီပန်းလေးတွေကတော့ စာရေးဆရာ လီယိုတော်လ်စတွိုင်းရဲ့ အိမ်ကို လေ့လာရေးရောက်တုန်းက သူ့ခြံထဲမှာ ရိုက်လာတဲ့ ပန်းလေးတွေပါ...

ဆောင်းတွင်းကာလ နှင်းမှုန်တွေအောက်မှာ ဆေးရောင်မှုံဝါးနေခဲ့တဲ့ ပလက်ဖောင်းဘေးက ထိုင်ခုံတန်းလျားတွေလည်း ဆေးရောင်တွေခြယ်သလို့ ၀င်းလက်တောက်ပနေကြပြီ။ နှင်းထုတွေနဲ့ ပြည့်နေခဲ့တဲ့ ပန်းခြံထဲမှာလဲ လမ်းလျှောက်သူ၊ နေစာလှုံသူ၊ အပန်းဖြေသူတွေနဲ့ စည်ကားစပြုနေပြီ။ လေးလတာအတွင်း အရွက်၊ အဖူး၊ အပွင့်၊ အသီးတွေ ကင်းမဲ့နေခဲ့တဲ့ သစ်ပင်၊ ပန်းမန်တွေနဲ့ ကျေးငှက်သာရကာလေးတို့ ဖူးပွင့်ဝေဆာ မြူးထူးပျော်ပါးနေကြတာကို မြင်မိပြန်တော့ သူတို့တွေနဲ့အတူ ရောပြီး ပျော်ရွှင်ကြည်နူးမိသည်။

Sunday, May 1, 2011

ပဒေါင်ဟင်း

ဒီလတော့ ဦးဦးဖျားဖျား ဟင်းခွက်လေးစပြီး တင်လိုက်တယ်ဗျာ။ ပဒေါင်ဟင်းဆိုလို့ အညာသားနဲ့ ဘယ်လိုဆက်စပ်လဲ မတွေးနဲ့အုံးနော်။ အဖေနဲ့အမေ အိမ်ထောင်ကျခါစက ကယားပြည်နယ်၊ လွိုင်ကော်မြို့နားလေးက မိုးဗြဲရေလှောင်ကန်မှာ တော်တော်ကြာ နေလာခဲ့ဖူးလိုပါ။  ကယားပြည်နယ်နားက ဆိုတော့ ပဒေါင်လူမျိုးတွေလည်း ရှိတယ်။ ကျွန်တော်ဆယ်တန်းအောင်ပြီးစ အဲ့ဒီကို အမေနဲ့ အလည်ရောက်တုန်းက အမေ့အသိ ပဒေါင်မတစ်ယောက်က ထမင်းခေါ်ကျွေးလို့ ပဒေါင်ဟင်းစားဖူးတာ။ ချက်တာလေးကို အမေကတဆင့် စပ်စုမိတယ်ဗျ။ သူတို့လူမျိုးက ဟင်းကို သုံးလေးခွက်မချက်စားကြဘူး။ တစ်မျိုးထဲမှာပဲ စုထည့်ပြီးချက်စားတာ များတယ်။ ဒါကြောင့် အိမ်မှာတခါတလေ အမေဟင်းချက်ရင် ပဒေါင်ဟင်း ဆိုပြီး အမေကပြောတယ်။ သူ့ဟင်းသူ နာမည်မပေးတတ်လို့။ ပဒေါင်လူမျိုးတွေက ငရုတ်သီးတော့ အတော်လေး စားတယ်။ ဟင်းတိုင်းမှာ ငရုတ်သီးစပ် ချက်တာများတယ်။ အရည်သောက် ဆိုလည်း ငရုတ်သီးစပ်ပဲ။
အရည်သောက်ဆိုတော့ ဒီလိုလေးမှ အဆင်ပြေတယ်ဗျ
အရောင်ကတော့ ဒီလိုလေးပဲ။
အခုကျွန်တော်ချက်တာလေးက ပဒေါင်ဟင်း လုံးဝစစ်စစ်လို့တော့ ပြောလို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ လကုန်ရက်ဆိုတော့ ရေခဲသေတ္တာထဲ ရှိတာလေးတွေ စုပေါင်းပြီးချက်လိုက်တာ။ ပဒေါင်းဟင်း တစ်ခွက်ဖြစ်သွားတယ်။ ဟင်းထဲမှာ ပါတာတွေကတော့ မျှစ်၊ အာလူး၊ ကြက်တောင်ပံ၊ မရမ်းသီခြောက်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးခြောက်၊ ငရုတ်ကောင်းသီးအစိမ်း၊ စမြိတ်၊ နံနံပင်၊ ကြက်သွန်မြိတ် နဲ့ ဆား၊ဟင်းချိုမှုန့် စတာလေးတွေပါပဲ။ ပဒေါင်တွေချက်ရင်တော့ စွန်တန်ခြောက်လေး နဲနဲရောတယ်။ ကျွန်တော်ကတော့ စွန်တန်မရှိလို့ နဲနဲလေး ချဉ်အောင် မရမ်းသီးခြောက်ထည့်ချက်လိုက်တာ။ နောက်ပြီး ငရုတ်ကောင်းအစား သူတို့ဆီမှာ ခေါ်တဲ့အသီးက မက်ကပ်သီး တဲ့။ ငရုတ်ကောင်းထက် အလုံးနဲနဲကြီးတယ်။ အနံ့ကတော့ ခပ်ဆင်ဆင်လေးပဲ။ ပူတာကတော့ တူတယ်။ သူတို့ဆီမှာတော့ အမဲအူပြုတ်ဟင်း အသားဟင်းအရည်သောက်တွေမှာ ထည့်ချက်ကြတယ်တဲ့။ အဲ့ဒီအသီးထည့်တယ်။

တစ်မျိုးတည်းမို့ ပုံတွေ ထပ်နေတယ်:P:P
ကျွန်တော်ကတော့ ငရုတ်ကောင်းသီးအစိမ်းရှိလို့ အဲ့ဒါလေး ထည့်ချက်လိုက်တယ်။ ကျန်တာတွေကတော့ ကြိုက်ရာထည့်ချက်နိုင်ပါတယ်။ အာလူး၊ ပိန္နဲကွင်း၊ ဗူးသီး၊ ဖရုံသီး စတဲ့အသီးတွေ နဲနဲစီထည့်ချက်လို့ ရပါတယ်။ အသားကလည်း ကြက်သားရယ်မှ မဟုတ်ဘူး တခြား အသာတွေနဲ့ ချက်လို့ရတယ်။ ငါးနဲ့ဆိုရင်လည်း ကောင်းတာပါပဲ။ ထည့်တော့လည်း အများကြီး မဟုတ်ဘူးပေါ့။ အသားလည်း နဲနဲပဲထည့်ရင် ရတယ်။ ကျွန်တော်ကတော့ အားလူးရယ်၊ မျှစ်ရယ်၊ ကြက်တောင်ပံသုံးချောင်းရယ် ထည့်ထားတယ်။ ကျန်တာတွေက မရှိလို့ ဟဲဟဲ…။ အသားမပါလဲ ရပါတယ်။ စွန်တန်လေး ပါရင်ဖြစ်တယ်။ ဖရုံသီကိုလည်း အရည်ကျဲကျဲလေးနဲ့ စွန်တန်ခြောက်လေး ထည့်ပြီးတော့ ငရုတ်သီးလေးထောင်းထည့် ပင်စိမ်းလေးအုပ်ပြီး ချက်စားရင် ပဒေါင်ဟင်းဖြစ်တယ်။ နောက်ပြီး မိုးဗြဲဘက်မှာ ရောင်းတဲ့ စွန်တန်က မုန့်ညှင်းစစ်စစ်ကိုပဲ အခြောက်လှန်းထားတာ။ ပြင်ဦးလွင်ဘက်ကလို အခွေလိုက်မဟုတ်ဘူး။ ချဉ်တာကလည်း တစ်မျိုးလေးပဲ။ ပြင်ဦးလွင်တုန်းကတွေ့တဲ့ စွန်တန်ကတော့ အပေါ်က ဘာအစေးတွေလဲ မသိဘူး သုတ်ထားတာ။ အဲ့ဒါတွေက ချဉ်တာပဲ။ ပဒေါင်တွေဆီက စွန်တန်ကျတော့ အဲ့လိုမဟုတ်ဘူး။ မုန့်ညှင်းပင်ကိုမှ ထုပြီးတော့ ဆားနဲ့နယ်ပြီး အချဉ်တည်ပြီးသားကို နေပြန်လှန်းတယ်ထင်တာပဲ။ အနံ့လေးက တစ်မျိုးလေးနဲ့ ပိုပြီး သောက်လို့ကောင်းတယ်။

ငရုတ်သီးတောင့်က ကြော်ပြီးသား အပေါ်ကထည့်ထားတာ ဟင်းထဲမှာလဲ ပါပြီးသားပါ။
ချက်တာကလည်း လွယ်ပါတယ်။ ကြက်သားနဲ့မျှစ်ကို အနေတော် အတုံးလေးတွေတုံးပြီးတော့ ချက်မည့်အိုးထဲမှာထည့် ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်ဖြူ၊ချင်း ထောင်းထားတာလေးနဲ့ နနွင်း၊အရောင်တင် ပါတယ်ဆိုရုံလေးထည့်ပြီးတော့ အရင်ဆုံး လုံးလိုက်ပါတယ်။ လုံးပြီးရင် ဟင်းအိုးနဲ ပြည်လုနီးပါး ရေဖြည့်ပြီး ပွက်အောင်တည်ထားယုံပါပဲ။ ပြီးမှ အာလူးထည့်၊ တခြားအသီးတွေထည့်မယ်ဆိုလည်း ဟင်းအိုးပွက်မှ ထည့်ပါ။ အစကတည်းကဆိုရင် ကျေသွားမှာစိုးလို့။ ပြီးရင် ငရုတ်ကောင်းနဲ့ ငရုတ်သီးရောထောင်းပြီးထည့်ပါ။ ငရုတ်သီးကိုလည်း အစပ်အရသာကြိုက်သလို ထည့်နိုင်ပါတယ်။ အစိမ်းဖြစ်ဖြစ် အခြောက်ဖြစ်ဖြစ် ထည့်လို့ရပါတယ်။ အသီးတွေ ကျက်လို့ ဟင်းအိုးချခါနီးမှ နံနံပင်၊ စမြိတ်၊ ကြက်သွန်မြိတ် စတာတွေ ထည့်ပြီးတော့ ချလိုက်ပါ။ ပဒေါင်တွေကတော့ ပင်စိမ်းရွက်ထည့်ပါတယ်။ ရှမ်းနံနံထည့်ရင်လည်း ကောင်းပါတယ်။ ကျွန်တော်ကတော့ နံနံနဲ့ စမြိတ် ပဲရှိလို့ အဲ့ဒါလေးတွေ ထည့်လိုက်တာပါ။

ဒီနေ့ ဒီတစ်ခွက်ပဲ ချက်တယ်

ဒါလေးက အနီးကပ်ရိုက်ကြည့်တာ
ပြီးပြီဆိုရင်တော့ ငရုတ်ကောင်း၊ ပင်စိမ်း၊ နံနံ၊ အနံ့သင်းနေတဲ့ ပဒေါင်းဟင်း တစ်ခွက်ရပါပြီ။ ငရုတ်သီးပါတဲ့ အရည်သောက်ဟင်းမို့ သောက်ရင်တော့ သတိထားပြီးသောက်နော်။ ရာသီဥတုအေးတဲ့ အချိန်ဆိုရင် စားရတာ ပိုပြီးမိုက်တယ်။ ပဒေါင်ဟင်းရည် ပူပူလောင်လောင်ကို သောက်စားပြီးတော့ ချွေးတွေ ဖြိုင်ဖြိုင်ကျပြီး အခိုးတွေ ပွင့်သွားမှာ သေချာတယ်။ ကျွန်တော့် အကို အစ်မတွေ ကြုံကြိုက်ရင် ချက်ပြီးစားကြည့်ပါ။ အကြိုက်တွေ့မှာ သေချာတယ်။ နှာစေး၊ နှာပိတ် တော်ယုံအအေးမိတာလောက်ကတော့ ဒီဟင်းစားတာနဲ့ ပျောက်ကင်းနိုင်တယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ…