Pages

Thursday, January 8, 2026

ငယ်ဘဝ အမှတ်တရ သီးကြီး သီးလေး

ကျနော်ဝယ်ခဲ့တဲ့  ၁၈ လုံးပါတဲ့ သီးကြီး ငှက်ပျောဖီးပါ၊ အညာမှာတော့ အခုလိုမျိုး ဝဝတုတ်တုတ် ငှက်ပျောသီးက မိုးတွင်းကာလ မိုးရေနဲ့သီးတဲ့ အသီးတွေပဲသန်တာပါ သီတင်းကျွတ်ဘုရားပွဲရာသီဆို ငှက်ပျောသီးလည်း တော်တော်သန်ပါတယ်

ကျနော်ငယ်စဉ်အခါတုန်းက အမေက ငှက်ပျောသီးရောင်းတယ်။ ကျောင်းတက်တဲ့နှစ်နဲ့ပြောရမယ်ဆိုရင်တော့ မူလတန်းကျောင်းသား ၃ တန်းလောက်မှစပြီး ၈ တန်းနှစ်အထိပေါ့။ ငှက်ပျောသီးရောင်းတယ်ဆိုလို့ ကိုယ့်ခြံထွက် ငှက်ပျောသီးကို ရောင်းရတာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ရွာမြောက်ဘက် ပုပ္ပားတောင်မကြီးရဲ့ အရှေ့တောင်ဘက် တကြောက ငှက်ပျောစိုက်တဲ့ရွာတွေက ငှက်ပျောသီးအစိမ်းကို ပြန်ဝယ် အိမ်မှာ မှည့်အောင်အုပ်ပြီးတော့ ၅ ရက်တဈေးခင်းတဲ့ လက်ပံပျားဈေး၊ တောင်ဦးဈေး ရေဝေဈေးတို့မှာ ပြန်ရောင်းတာပါ။ ကျနော်မှတ်မိသလောက်တော့ တောင်ဦးဈေးမှာ အများဆုံးရောင်းတယ်။ လက်ပံပျားဈေးကတော့ ရွာနဲ့အနီးဆုံးပြောလို့ရသလို ကျနော်ကျောင်းသွားတက်ရတဲ့ရွာလည်းဖြစ်တယ်။ နီးတယ်ဆိုပေမဲ့လည်း ရွာမှခြေလျင်ခရီးနဲ့ဆို ၄ မိုင်လောက်လျှောက်ရတယ်။ အဲဒီအချိန်တုန်းကတော့ ခုခေတ်လို လမ်းပမ်းဆက်သွယ်ရေးက သိပ်မကောင်းတော့ ခြေလျင်ခရီးပဲနှင်ကြရတာပါ။ ကိုယ်လယ်ယာထွက်ပိုလျှံတဲ့ဟင်းသီးဟင်းရွက်၊ ရာသီစာ သဘာဝထွက်စားစရာနဲ့ သပြေပန်းတို့ အသီးအနှံတို့ကို ခေါင်းရွက်တမျိုး ပခုံးထမ်းတဖုံနဲ့ လက်ပံပျားဈေးကို ငါးပိဖိုး ဆားဖိုးရရ သွားရောင်လေ့ရှိကြတယ်။ ခြေလျင်ခရီးဆိုတော့ ဈေးလိုက်တဲ့သူတွေက ဈေးရောင်းစရာပါတော့ ဈေးခင်းတဲ့အချိန်မီအောင် အစောသွားကြရတယ်။ အိပ်ရာက ၄ နာရီလောက်ထသွားမှ လက်ပံပျားကို မိုးအလင်းဈေးခင်းချိန်အမီရောက်တယ်။ သူတို့ဈေးလိုက်လမ်းက ကျနော်တို့ကျောင်းသားတွေ ကျောင်းသွားတဲ့လမ်းအတိုင်းပါပဲ။ ချောင်းကျော် တောဖြတ် ခဲကြိုခဲကြားကနေ ပေတရာပေါ်ရောက်သည်အထိ သွားရတာ။ ငှက်ပျောသီးနည်းတဲ့အခါဆိုရင်တော့ အမေက လက်ပံပျားဈေးကို လိုက်ရောင်းတယ်။ အမေ လက်ပံပျားဈေးလိုက်တဲ့နေ့ဆို ကျနော်လည်း အမေနဲ့အတူအစောထပြီး ငှက်ပျောသီးနိုင်သလောက်ထမ်းလိုက်ရတယ်။ ကျောင်းလွယ်အိတ်နဲ့ထမင်းဘူးတဖက် ငှက်ပျောသီးတဖက်ထမ်းပြီး အမေ့နောက်က လိုက်ရတာ။ မိုးမလင်းခင်ဆိုတော့ လမ်းကို‌ ကောင်းကောင်း မမြင်ရဘူး လမိုက်ညတွေဆိုရင် လက်နှိပ်ဓာတ်မီးနဲ့သွားရတာ၊ လပြည့်ကျော်ရက်တွေ ဆိုရင်တော့ လထွက်နောက်ကျတော့ မိုးလင်းခါနီး လရောင်နဲ့လမ်းကိုကြည့်ပြီး သွားကြရတယ်။ ပေတရာပေါ်ရောက်မှ ရွာကဈေးလိုက်တဲ့သူတွေ တခြားရွာကဈေးလိုက်တဲ့သူတွေ ဆုံကြတာ။ ပေတရာတလျှောက် နာရီဝက်လောက် ဆက်လျှောက်မှ လက်ပံပျားကိုရောက်တာ။ ဈေးရောက်ရင် ဈေးရောင်းဖို့နေရာချပြင်ဆင်ပြီးမှပဲ ဈေးရောင်းရင်း နားကြရတာပေါ့။ နံနက်အစောထလာရတော့ ထမင်းချိုင့်က ဟင်းပါမလာလို့ အမေက ဈေးထဲက အကြော်ဖြစ်ဖြစ် တို့ဟူးသုပ်ဖြစ်ဖြစ် ဝယ်ပြီးထမင်းချိုင်ထဲထည့်ပေးလိုက်တာ။ အမေက ဈေးရောင်းရင်းကျန်ခဲ့ ကျနော်က ကျောင်းသွားတက်ပေါ့။ အဲဒီလိုပဲ တောင်ဦးဈေးဆိုလည်း တခါတလေ အမေနဲ့အတူတူလိုက်သွား ရတယ်။ လက်ပံပျားဈေးနေ့ဆိုရင် တောင်ဦးဈေးကြိုနေ့၊ လက်ပံပျားဈေးလွန် ၂ ရက်ဆို တောင်ဦးဈေးနေ့ အဲဒီလို တွက်ပြီးတော့ ဈေးရက်ကိုတွက်ပြီး ဈေးနေ့အမီ ငှက်ပျောသီးဝယ် မှည့်အောင်အုပ်ရတာ။ 

တပိုင်တနိုင်လေးတွေ ရောင်းတာဆိုတော့ ဆေးနဲ့အုပ်တဲ့ငှက်ပျောသီးမဟုတ်ပါဘူး ဆေးနဲ့ဆို အရောင်က

တညီတည်းဖြစ်နေတာ

ကျနော်ကျောင်းပိတ်ရက်တွေဆို အမေငှက်ပျောသီး ဝယ်သွားရင် အမေနဲ့အတူတူ ငှက်ပျောသီးထမ်းလိုက်ရတယ်။ မှတ်မိသလောက် မြောက်ဘက်ကရွာတွေထဲမှာ လွန်အိုင်၊ ဘိုတဲ၊ ပျဉ်မကြီး၊ စီးမ၊ ဆည်၊ နကလည် (နတ်ကန်လည်) စတဲ့ရွာတွေက ငှက်ပျောခြံရှင်တွေဆီမှာ သွားဝယ်ရတာ။ ရွာထဲက အိမ်တေွမှာ ဝယ်သလို သူတို့ ငှက်ပျောခြံတွေရှိရာသွားပြီးလည်းဝယ်ရတယ်။ အမေက ဈေးမှ ခရမ်းချဉ်သီး၊ မုံလာဥ၊ မုံလာရွက်၊ နံနံပင် စတဲ့ ဟင်းချက်စရာပြန်ဝယ်လာတဲ့အခါဆို ရွာထဲကိုအရင်သွားပြီး ဟင်းချက်စရာပြန်ရောင်းရတယ်။ ရလာတဲ့ပိုက်ဆံနဲ့ ငှက်ပေျာသီးပြန်ဝယ်တယ်။ တချို့က ခြံထဲမှာ ပေါင်းသင်မြေဆွရင်း ရင့်နေတာတွေ့လို့ တခိုင်စ နှစ်ခိုင်စ ခုတ်လာပြီး အိမ်မှာချိတ်ထားတတ်တယ်။ အမေတို့လို လာဝယ်တဲ့သူတွေက ငှက်ပျောခိုင်ချိတ်ထားတာမြင်ရင် ဝင်ပြီး ရောင်းမလားမေး ဘယ်ဈေးလဲ ပြန်ရောင်းလို့အဆင်ပြေလားတွက်ပြီး ကိုယ်ပေးနိုင်တဲ့ဈေးပြော ရောင်းသူက လည်းသူလိုချင်တဲ့ဈေးတောင်း အဲလိုမျိုး ဝယ်သူရောင်းသူ အဆင်ပြေေအာင်ညှိပြီး ဝယ်ရတာ။ ဒီနေရာမှာမှ ပြောချင်တဲ့အကြောင်းကစတာ။ ငှက်ပျောသီးရောင်းတဲ့သူတွေက ငှက်ပျောသီး အလုံးရေကို ကြည့်ပြီး သီးကြီး သီးလေး ခွဲထားတတ်ကြတယ်။ ဝယ်သူလာတဲ့အခါ သီးကြီးကဘယ်ဈေး၊ သီးလေးက ဘယ်ဈေးဆိုပြီး ဈေးခွဲပြောတယ်။ ငှက်ပျောသီးတဖီးမှာ အလုံးရေ ဆယ်လုံးနဲ့အထက်ဆိုရင် သီးကြီးလို့ သတ်မှတ်ပြီး ဆယ်လုံးအောက်ဆိုရင် သီးလေးလို့ သတ်မှတ်တယ်။ ကိုယ်က သီးကြီး ငါးဆယ် လိုချင်တယ်ဆိုရင် ခြံရှင်ကို သီးကြီး ငါးဆယ်လောက်လုပ်ခုတ်ပေးပါလို့ပြောရတယ်။ သီးလေးဆိုလည်း သီးလေးဘယ်လောက်ပေါ့။ အဲဒီလိုပြောမှ ခြံပိုင်ရှင်က သူ့ခြံထဲလိုက်ကြည့် ခုတ်လို့ရမည့်အပင်ရွေးပြီးခုတ်တာ။ ခုတ်ပြီးသားငှက်ပျောခိုင်တွေကို တနေရာမှာစုထားပြီး လိုအပ်တဲ့ အရေအတွက်ရလောက်ပြီဆိုမှ တဖီးချင်းဆစ်ရတယ်။ ဆစ်တယ်ဆိုတာ ငှက်ပျောခိုင်ကနေ ငှက်ပျောသီးတဖီးချင်းဖြတ်ယူတာကိုပြောတာ။ ဆစ်တာကလည်း လွယ်မလိုနဲ့ခက်တယ်။ ဓားထက်ထက် လက်ဆကောင်းကောင်းနဲ့မှ ငှက်ပျောသီးလုံးတွေကို ဓားမထိဘဲ ဆစ်နိုင်တာ။ ငှက်ပျောခိုင် အောက်ဆုံးဖီးကို လက်ဖျားဖီးလို့ခေါ်ပြီး အထက်ဆုံးကအဖီးကိုတော့ လက်ရင်းဖီးလို့ခေါ်ကြတယ်။ လက်ရင်းဖီးက အများအားဖြင့် ဆယ်လုံးမှ ဆယ်ငါးလုံးထိရှိနိုင်ပြီး အပင်ပျို မြေသန် ရေလည်းဝရင်တော့ ဆယ်ရှစ်လုံးလောက်အထိရှိတတ်တယ်။ ပုံမှန်အားဖြင့်တော့ ဆယ်လုံးမှ ဆယ့်ငါးလုံးဝန်းကျင်ပါပဲ။ ဆယ်ဖီးပါတဲ့တခိုင်မှာ ၆ ဖီး ၇ ဖီးလောက်ထိက သီးကြီးဖြစ်တတ်သလို တချို့အခိုင်သေးရင်လည်း သီးလေးချည်းပေါ့။ ငှက်ပျောသီးဆစ်ပြီးတဲ့အခါ ခြံရှင်က သီးကြီး သီးလေးခွဲပြီး ဝယ်သူမှာတဲ့အရေအတွက်ရအောင်လုပ်ပေးတယ်။ သီးကြီးအကုန်မရရင် သီးလေးကို ၂ ဖီးထပ်ပြီး သီးကြီးလုပ်ပေးတာလည်းရှိတယ်။ အဲဒီလိုမျိုးရရင်တော့ ဝယ်သူကပိုအဆင်ပြေတယ်။ ပြန်ရောင်းတဲ့အခါ အဖီးရေများများဆိုတော့ အမြတ်နည်းနည်းပိုတာပေါ့။ တချို့သဘောကောင်းတဲ့ ခြံရှင်ကတော့ အမေ့ကို ပြန်ရောင်းရတာအဆင်ပြေအောင် သီးထပ်လုပ်ပေးကြတယ်။ သီးကြီးအဖီး ငါးဆယ်ဆိုပေမဲ့ သီးလေးနှစ်ဖီးထပ် သီးကြီးတဖီးလုပ်ပေးတာရယ် လက်ဖျားဖီးတွေရယ်ဆိုရင် ငါးဆယ်မှာတာက နောက်ဆုံး အဖီး ၆၀ ကျော် ၇၀ လောက်ဖြစ်သွားတယ်။ တချို့က ငှက်ပျောခြံတွေထဲမှာပဲ တဲဆောက်ပြီးနေကြတာလည်းရှိတယ်။ အဲဒီလိုခြံမျိုးကို သွားဝယ်ရင် သူတို့ကလည်း ဟင်းချက်စရာအတွက် ပိုက်ဆံမပေးဘူး ငှက်ပျောသီးပြန်ရောင်းတာသိတော့ ငှက်ပျောသီးကိုပဲ ပိုပိုသာသာပေးကြတယ်။ ပင့်ထက်မှည့်ခိုင်တွေရှိရင်လည်း ကလေးတွေစားဖို့ဆိုပြီး သပ်သပ် ထည့်ပေးသေးတယ်။ အမေကတော့ ငှက်ပျောသီးကို တော်တော်းထမ်းနိုင်တယ်။ ဆစ်ပြီးသားငှက်ပျောဖီးတွေကို ထမ်းတောင်တဖက်စီမှာ စီပြီးထည့်တယ်။ တောင်းကလည်း တဖက်ကို ဆယ့်ငါးဖီးလောက်ဆန့်တယ်။ တဖက်ဆယ့်ငါးဖီးပါရင် အမေ့အထမ်းက အဖီးသုံးဆယ်၊ ဒါပေမဲ့ အမေက အဖီး နှစ်ဆယ်လောက်ဆန့်အောင် တောင်းထဲကိုငှက်ပျောရွက်တွေခံပြီး အပေါ်မောက်အောင်ထည့်တယ်။ ကျနော်ကတော့ ငယ်လည်း ငယ်သေးတော့ တဖက် ၅ ဖီးလောက် အများဆုံးမှ ၇ ဖီးလောက်ပဲထမ်းနိုင်တယ်။ ကျနော်ထမ်းဖို့အတွက်ကိုတော့ နွမ်းနေတဲ့ငှက်ပျောရွက်အလယ်ကျောရိုးကို ရေဆွတ်ပြီး အဲဒီငှက်‌ပျောလျှော်ကြိုးမှာ ငှက်ပျောဖီးတွေကုံးပြီး ဟိုဘက်တကုံး ဒီဘက်တကုံးထမ်းပိုးနဲ့လျှိုပြီးထမ်းရတယ်။ ငှက်ပျောသီးဝယ်ပြီးရင် သားအမိနှစ်ယောက် အထမ်းကိုယ်စီနဲ့ ရွာကိုပြန်ကြတယ်။ လမ်းကလည်း ကျောက်ခဲကြို ကျောက်ခဲကြားတိုင် ဖြတ်ပြန်ရတာ ရွာနားနီးမှ မြေပြန့်ပေါ် ရောက်တယ်။ အမေ့အထမ်းဟာ တော်ရုံယောကျာ်းသားတောင် မနည်းမယူရတယ်။ အမေဟာ အဲဒီလိုမျိုး ငှက်ပျောခြံမှသည် ဈေးရောက်သည်အထိ ပခုံးနဲ့ထမ်းပြီး ကျတော်ညီအစ်ကို တတွေကို လုပ်ကျွေးခဲ့တာ။ အဖေက တနယ်ထွက်အလုပ်လုပ်တော့ အမေကကျနော်တို့နဲ့အနီးကပ်နေရတာမို့ အမေရုန်းကန်ရတာကို ပိုပြီးမှတ်မိ တယ်။ အဖေပြန်လာတော့လည်း အမေနဲ့အတူ ငှက်ပျောသီးထမ်းပြီး ရုန်းကန်ကျွေးတာပါပဲ။ အမေနဲ့ငှက်ပျောသီးထမ်းသွားတိုင်း လမ်းမှာ သားအမိနှစ်ယောက် စကားပြောရင်း ကျနော်ကို စာကြိုးစားဖို့ အမြဲတမ်းမှာတယ်။ ငါ့သားစာတတ်ရင် အခုလိုမျိုး ပင်ပင်ပမ်းပမ်း လုပ်မစားရဘူး။ အရိပ်ထဲမှာပဲနေပြီး သက်သက်သာသာ အလုပ်လုပ်ရမှာ။ အဲဒါကြောင့် စာကိုကြိုးစားဖို့ သတိရတိုင်းမှာတယ်။ အထူးသဖြင့်တော့ ငှက်ပျောသီးထမ်း သွားတဲ့အခါတိုင်းပါပဲ။ ငှက်ပျောသီးထမ်းလာလို့ အိမ်ရောက်ပြီဆိုရင် ပင်ပမ်းတယ်။ ပခုံးတွေက ပူနေတာပဲ။ ကျနော်ကတော့ ငှက်ပျောသီးထမ်းချပြီးတာနဲ့ အိပ်ရာထဲတမ်းထိုးအိပ်တာ။ အမေကတော့ ငှက်ပျောသီးအုပ်ဖို့အတွက် ပြင်ဆင်ရတယ်။

အဲဒီအချိန်တုန်းက ငှက်ပျောသီးအုပ်တယ်ဆိုတာကလည်း တကယ်သဘာဝစစ်စစ်နဲ့မှည့်အောင်အုပ်ရတာ။ ခြံကငှက်ပျောသီးဝယ်ပြီးပြန်လာရင် လမ်းမှာကတည်းက ဝိဇပ်ရွက်၊ သက်ရင်းရွက်တို့ကို တခါတည်းခူးလာတယ်။ အိမ်ရောက်ရောက်ရင်ငှက်ပျောသီးကို နေနည်းနည်းပြ ခူးလာတဲ့အရွက်တွေနဲ့ အရိပ်ထဲမှာ စဉ့်အိုး၊ တောင်းကြီးကြီး သို့မဟုတ် ယိုင်ပတ်ပြီး တထပ်စီ လေလုံအောင်စီထည့် နောက်ဆုံး အရွက်တွေပေါ်မှာ ဂုံနီအိတ်အဟောင်းတွေလုံအောင်အုပ်ပြီးခဲနဲ့ဖိထားတာ။ အဲဒီနည်းနဲ့ ငှက်ပျောသီးအုပ်တာက လေလုံမှ အထဲမှာရွက်နဲ့အပူလောင်ပြီး မြန်မြန်မှည့်တာ။ အမေဆိုရင် ငှက်ပျောသီးအုပ်ပြီးပြီးဆိုတာနဲ့ ငှက်ပျောသီးအုပ်တဲ့ တောင်းကို အရမ်းဂရုစိုက်တာ သတ်မှတ်ရက်အတွင်းမှည့်မှ ဈေးကိုအချိန်မီရောင်းနိုင်မှာလေ။ ဆောင်းတွင်းအရမ်းအေးရင်တော့ ဘေးနားကနေ မီးဖိုပြီး အပူဓာတ်ကူပေးရတယ်။ ငှက်ပျောသီးကလည်းရင့် လေလည်းလုံတယ်ဆိုရင် ၃ ရက်လောက်ဆို ငှက်ပျောသီးမှည့်တယ်။ ငှက်ပျောသီးအုပ်တဲ့တောင်းထဲကို လက်နဲ့စမ်းပြီး ငှက်ပျောသီးအခြေအနေ စမ်းကြည့် နည်းနည်းပျော့တယ်ဆိုရင် ဖော်ထားလို့ရပြီ။ အပြင်မှာလေသလပ်တာနဲ့ ငှက်ပေျာသီးက အရောင်းဝင်းဝါပြီးလှလာတာ။ တောင်းထဲမှာပဲ အရောင်းဝင်းအောင်ထားရင် လေထဲဖော်တာနဲ့ အရောင်မဲတာမျိုးဖြစ်တတ်တယ်။ အခုနောက်ပိုင်းတော့ ရွာဘက်တွေလည်း ခေတ်မီလာကြတာ အမေတို့ခေတ်တုန်းကလိုမျိုး သဘာဝအတိုင်း သစ်ရွက်နဲ့တောင်းထဲထည့်ပြီး မအုပ်ကြတော့ဘူး။ ငှက်ပျောသီးတွေခူးလာပြီးတာနဲ့ သူတို့ခေါ်တဲ့ ငှက်ပျောသီး မှည့်ဆေးကို ရေနဲ့ဖျော် ငှက်ပျောသီး တဖီးစီနှစ် ခဏနေပြန်ဆယ်ပြီး အဝတ်နဲ့အုပ်ထားလိုက်တာပဲ။ အပင်ပမ်းမခံကြတော့ဘူး။ ရွာပြန်လို့ အမျိုးတွေက ငှက်ပျောသီးကျွေးရင် ဘယ်လိုအုပ်တာလဲ အရင်မေးရသေးတယ်။ ပင့်ထက်မှည့် (ပင့်နက်မှည့်) သီးဆိုတာကလည်းရှိသေးတယ်။ ငှက်ပျောသီးက အပင်ပေါ်မှာပဲ အရင့်လွန်သွားရင် တလုံးနှစ်လုံးစပြီးမှည့်တာကနေ မခုတ်ဘဲကြာသွားရင် တခိုင်လုံးမှည့်သွားတာကိုခေါ်တာ။ အပင်ပေါ်မှာတင်မှည့်တဲ့အသီးမို့ ပင့်ထက်မှည့် ကို အမြန်ခေါ်ကြတော့ ပင့်နက်မှည့်ဆိုပြီး အသံရောသွားတာ။

အညာဘက်မှာတော့ အလှူတို့ မင်္ဂလာဆောင်တို့ဆိုရင် ငှက်ပျောသီးက မပါမပြီးပဲ။ အလှူမှာဆိုရင် ဘုရားဆွမ်းတော်တင်တာ၊ နတ်ပွဲတင်တာ ဆိုင်းပွဲ စက်ပွဲ  မင်းသမီးပွဲ စသဖြင့် ရိုးရာအတိုင်းပွဲတွေတင်ရပသကြတာမို့ ငှက်ပျောသီး အနည်းဆုံး ၂ ဖီးကမပါမဖြစ်ပဲ။ လှူမယ်ဆိုတာနဲ့ ငှက်ပျောသီး အဖီး သုံးလေးရာတော့ အုပ်ရတာပဲ။ ရပ်ဝေးကလာတဲ့ ဆွေမျိုးတွေ မကင်းရာမကင်းကြောင်း ဧည့်သည်တွေလည်း အလှူပြန်လက်ဆောင်ဆိုပြီး ထည့်ပေးလို့ လှတော့ ငှက်ပျောသီးက အလှူမှာ မပါမဖြစ်။ မင်္ဂလာဆောင်မှာကျတော့လည်း သတို့သမီးဘက်က ဆွေမျိုးတွေကို အနည်းဆုံး ငှက်ပျော ၂ ဖီး လဘက်ပဲကြော်နဲ့ အုပ်တင်ရတယ်။ မိန်းခလေးမိဘဆီ သွားပြီးစေ့စပ်ကတည်းက မင်္ဂလာဆောင်ပေးမှာလို့ ပြောထားရင် မိန်းခလေးဘက်က အုပ်တင်ရမည့်စာရင်းကို သတို့သားဘက်ကို ပြောတယ်။ ဆွေမျိုးတောင့်ရင် တောင့်သလို အုပ်တင်ရတာပေါ့။ ဘာတွေပါရမယ်လို့တော့ သတ်မှတ်ချက်မရှိပေမဲ့ ငှက်ပျောသီး ၂ ဖီးလဘက်ပဲကြော်လောက်တော့ အနည်းဆုံးပါရတယ်။ အခုနောက်ပိုင်း တော့ မုန့်ထုပ်တွေ ကော်ဖီမစ်ထုပ်တွေ ထည့်ကြတယ်လို့ ပြောတယ်။ ခေတ်ကာလအရ ဝယ်လို့လွယ်တာလည်း ပါမှာပေါ့။ အရင်တုန်းကတော့ ငှက်ပျောသီးနဲ့ လဘက်ပဲကြော်လောက်ပါရင်ကို မိန်းခလေးဘက်က ဆွေမျိုးတွေက သူတို့ကိုအသိအမှတ်ပြု အုပ်တင်လို့ ဝမ်းသာလှပြီ။ အဲဒီဓလေ့ကြောင့် ကိုယ်ကြိုက်တဲ့မိန်းခလေးရှိပြီဆိုရင် မယူခင်ကတည်းက သူ့ဘက်က ဆွေမျိုးအရေအတွက်ကို ကြည့်ပြီး အုပ်စာရင်းခန့်မှန်းထားရတယ်။  ရွာထဲချင်းဆိုတော့ ဘယ်သူနဲ့ ဘယ်သူရည်းစားဖြစ်တယ်ဆိုတာကလည်း ဘယ်လောက်ပဲဖုံးဖိပါစေ တယောက်စကား တယောက်နားနဲ့ သိကြတာပဲ။ အဲဒါကြောင့် လူကြီးတွေကလမ်းမှာတွေ့ရင် ငှက်ပျောသီးမကျွေးသေးဘူးလားလို့ နောက်ပြောင်လေ့ရှိတယ်။

ငယ်ငယ်ကတည်းက အမေနဲ့အတူ နိုင်တဲ့ဘက်က အမေ့ကို ကူညီရင်းဘဝအတွက်ရုန်းကန်ခဲ့ရတော့ အခုအချိန်ဈေးထဲမှာ ငှက်ပျောသီးသည်မြင်တိုင်း အမေနဲ့ငှက်ပျောသီးထမ်းခဲ့ရတာ အမေငှက်ပျောသီးရောင်းပြီး ရှာကျွေး ခဲ့တာတွေကို သတိရတယ်။ ငှက်ပျောသီးသည်မြင်တိုင်လည်း ဝယ်စားဖြစ်တယ်။ ၆ တန်း ၇ တန်းနှစ်လောက်ကဆို အမေကတောင်ဦးဈေးကို ငှက်ပျောသီးရောင်းသွားရင် ဈေးကြိုနေ့ ညနေပိုင်းကတည်းသွားတော့ ကျနော်ကလည်း ရွာကနေ ကားဂိတ်အထိနိုင်သလောက်ထမ်းပြီး လိုက်ပို့ရတာမို့ အမေက နောက်နေ့ကျောင်းသွားရမှာ အတူတူ သူနဲ့တောင်ဦးဈေးကို တခါတည်းခေါ်သွားတယ်။ ဈေးမှာညအိပ်ပြီး မနက်လင်းတော့ ဈေးကအကြော်အသုပ်တမျိုးမျိုး ဝယ်ပြီး ထမင်းချိုင့်ထည့် မုန့်ဖိုးပါပေးပြီး ကားပေါ်တင်ပေးလိုက်တယ်။ ကားစပယ်ရာကိုလည်း လက်ပံပျား ကျောင်းရှေ့ရောက်ရင် ချပေးဖို့ တခါတည်းမှာလိုက်တယ်။ အလယ်တန်းကျောင်းသားဘဝဟာ ကျောင်းပိတ်ရက်ဆို အမေနဲ့မြောက်ဘက်ရွာတွေ ငှက်ပျောသီးထမ်းသွား၊ ကျောင်းဖွင့်ရက်နဲ့ ဈေးနေ့တိုက်ရင် ညနေပိုင်းအမေနဲ့ဈေးကိုကြိုလိုက် ဈေးမှာညအိပ် မနက်မှ ကားကြုံနဲ့ကျောင်းရှိရာဆီကိုလိုက် ကျောင်းတက်နဲ့ ဖြတ်သန်းခဲ့ရတာ။ အဲဒီတုန်းကတော့ သိပ်ပြီးထွေထွေထူးထူးတွေ မတွေးတတ်ဘူး၊ ကိုယ်ကျောင်းတက်ရမယ်ဆို ဘယ်လိုပဲသွားရသွားရ လိုက်တာပဲ။ ဘဝကသင်ပေးလို့ အမေပင်ပမ်းတာကို ကိုယ်တိုင်ကြုံရ သိရတော့ အမေ့ကို တတ်နိုင်သလောက်ကူညီမယ်ဆိုတဲ့ အသိကတော့ အဲဒီအချိန်ကတည်းက ရှိခဲ့တယ်။ အမေ့ရဲ့ငှက်‌ပျောသီးထမ်းရင်း စားကြိုးစားခိုင်းတဲ့ စကားက ကိုယ့်အတွက် တာဝန်တခုလိုဖြစ်နေခဲ့တာမို့ ကျောင်းသားဘဝတလျှောက် စာမှစာပဲဖြစ်ခဲ့တယ်။ အလုပ်ရပြီး ပညာရေးလမ်းကြောင်းက ပြည်ပမှာဆက်လျှောက်ရတော့လည်း အမေ့စကားက နားထဲကမထွက်ပါဘူး။ အားလုံးထဲကအမှတ်တရအဖြစ်ဆုံးကတော့ ဈေးတွေရောက်တိုင်း ငှက်ပျောသီးသည်တွေ မြင်တဲ့အခါ အိမ်ကအမေကို အရမ်းသတိရတယ်။ ငှက်ပျောသီးသည်နားသွားရင် အမေ့နားရောက်သလိုမျိုး စိတ်ထဲမှာခံစားရတယ်။ အမေ့နဲ့ဖုန်းဆက်တိုင်းလည်း ငယ်ငယ်ကအကြောင်းတွေကို ပြန်ပြောဖြစ်တယ်။ ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ စိတ်ကဆောင်ပြီး ကိုယ်ကလိုက်မလာလို့ ကြာနေတာ။ မနေ့ကတော့ ကျနော် အလုပ်နားက ညနေခင်းဈေးမှာ ငှက်ပျောသီးတွေ  ကြည့်ရင်း သီးကြီးငှက်ပျောဖီးတွေ လှလည်းလှ ဝလည်းဝ ဈေးလည်းချိုတာနဲ့ အလုပ်ကသူငယ်ချင်းတွေစားဖို့ သီးကြီးတဖီးဝယ်ခဲ့ရင်း အမေနဲ့ ငှက်ပျောသီးထမ်း အတွေ့အကြုံလေးတွေကို ပြန်တမ်းတရင်း အလွမ်းပြေ ရေးလိုက်ပါတယ်။

(၇) ရက်သားသမီး အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းကွာကြပါစေ။ ၂၀၂၆ ခုနှစ်မှာ မင်းဆိုးမင်းညစ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ အညာသားဆီကိုလာရောက်လည်ပတ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ် ပြာသိုလ်လပြည့်ကျော် (၆) ရက်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်၊ ကြာသပတေးနေ့။