Pages

Wednesday, July 6, 2011

အညာက အင်ကြင်းပန်း

အပွင့်လေးတွေက ဒီလိုဝါ၀ါလေးတွေနဲ့ လှလှပပ

အပင်အကြောင်းလေးတွေ မရေးဖြစ်တာကြာပြီဗျာ။ ဒီနေ့တော့ ဂူဂယ်မှာလျှောက်လည်ရင်း ကျွန်တော်တို့ ရွာနားက တောင်ရိုးတွေပေါ်မှာပေါများစွာတွေ့ရတဲ့ အင်ကြင်းပန်းပုံလေးတွေ့မိလို့ ဗဟုသုတအဖြစ်နဲ့ရယ်၊ နှုတ်ဆက်တဲ့ပို့စ် တခုအဖြစ်နဲ့ တင်ပေးလိုက်ပါတယ်။ မြို့မှာ ခေါ်တဲ့အင်ကြင်းပန်းပုံကို မြင်ပြီးကတည်းက ဒီအင်ကြင်းပန်းပုံလေးတွေကို လိုက်ရှာကြည့်တာ မတွေ့ဘူး။ ဒီနေ့မှ သူရဲ့ရုက္ခဗေဒ နာမည်လေးတွေ့လို့ ဂူဂယ်မှာရှာလိုက်တော့ ပုံလေးတွေပါ တွေ့ရတယ်။ ၀မ်းသာလိုက်တာဗျာ။ မြို့မှာခေါ်တဲ့ အင်ကြင်းပန်းပွင့်က အကြီးကြီးတွေပဲ။
အပေါ်ကပုံလေးက အပွင့်ရယ် အရွက်ရယ် အသီးရယ်ပေါ့

 ဒါလေးတွေက အဖူးနဲ့အပွင့်ရောလျက်

 သဘာဝတရားကို မလွန်ဆန်နိုင်ရှာတော့ နောက်ဆုံးမှာ မြေခရတာကလည်း ဓမ္မတာပဲလေနော့...။

အခုကျွန်တော်ပြောတဲ့ အင်ကြင်းက အပွင့်သေးသေးလေးတွေနဲ့ နွေရာသီမှာ ပွင့်တာ။ တန်ခူး၊ကဆုန်လဆိုရင် ပွင့်တယ်။ ကျွန်တော်တို့ ဆီမှာတော့ နွေရာသီပူပူပြင်းပြင်းအချိန်ပေါ့။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ တခြားအပင်တွေက အရွက်တွေကြွေကျ အင်ကြင်ပင်တွေက ပင်လုံးပြည့် အဖူးအပွင့်တွေဝေနေအောင်ပွင့်တယ်။ တောင်ရိုးပေါ်များရောက်ရင် အင်ကြင်းပန်းနံ့တွေ သင်းပျံ့နေတာပဲ။ ရွာမှာတုန်းကတော့ အင်ကြင်းပန်းပွင့်ချိန်ဆိုရင် တောင်ရိုးပေါ်ကို သူငယ်ချင်းတွေနဲ့ တောလည်ရင်း အင်ကြင်းပန်းတွေသွားသွားခူးတယ်။ ရွာရောက်ရင် ရွာဦးဘုန်းကြီးကျောင်းကို သွားလှူတယ်။ အိမ်တိုင်းက ဘုရားစင်မှာလည်း အင်ကြင်းပန်းတွေ ဝေနေအောင်တင်ကြတယ်ဗျ။ အပွင့်လေးတွေက အ၀ါရောင်လေးတွေနဲ့ ကြည့်လို့အတော်လေးလှတယ်။ အဖူးလေးတွေ ကလည်း တစ်မျိုးလှတာပါပဲ။ အနံ့ကလည်း မွှေးမှမွှေးပေါ့။
 ဟော့ဒီလို ကိုင်းတံကျဲကျဲလေးတွေကြားမှာ အရွက်မပါဘဲ အဖူးနဲ့အပွင့်တွေသာလျှင်ပွင့်တတ်တယ်ဗျ...။



ပါလာတဲ့အရွက်လေးတွေကလည်း ပန်းပွင့်တွေနဲ့အပြိုင်အ၀ါရောင်လေးတွေနော်...။

အင်ကြင်းသားကို လယ်ယာလုပ်ငန်းသုံး အသုံးအဆောင်တွေမှာ သုံးကြတယ်။ နွားထမ်းပိုးတုံး၊ လှည်းဝင်ရိုး စသဖြင့်ပေါ့။ ကျွန်တော် အင်ကြင်းပင်ကို ကောင်းကောင်းမှတ်မိနေတာကတော့ ရွာမှာတုန်းက အဒေါ်နဲ့ တောင်ရိုးပေါ်ကို နွားစာသွားခူးနေကျမို့ပါ။ ကျွန်တော်တို့ဆီမှာ မိုးဦးကျခါစ မြက်နုမပေါက်သေးခင်ဆို တောင်ရိုးပေါ်က သစ်ရွက်တွေကို ခူးပြီး ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက် စတာတွေနဲ့ ရောပြီးကျွေးကြတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ အင်ကြင်းရွက်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ပေါ့။ တခြားအရွက်တွေရော အင်ကြင်းရွက်တွေပါ ရောပြီး ခူးရတယ်။
အပွင့်ပြီးတော့ အသီးလာတာကလည်း ဓမ္မတာ


ဒီပုံလေးကလည်း ကဗျာဆန်ဆန်နဲ့ လှနေသေးတယ်...။
မြေခနေတဲ့ အင်ကြင်းပန်းလေးတွေကလည်း တစ်မျိုးချစ်စရာဗျ...။

ဒါကတော့ မြို့ကခေါ်တဲ့ အင်ကြင်းပန်းပုံလေးပါ

အဒေါ်ကတော့ ကျွန်တော့်ကို အင်ကြင်းရွက်တွေပဲ အများဆုံး ခူးခိုင်းတယ်။ နောက်ပြီးပြောသေးတယ် အင်ကြင်းရွက်က နွားဝတယ်တဲ့လေ။ နွားတွေကလည်း အင်ကြင်းရွက်ကို အတော်လေး ကြိုက်တယ်ထင်ပါ့ဗျာ။ သစ်ရွက်စိမ်းတွေရောထားတဲ့ ပြောင်းရိုးခြောက်၊ကောက်ရိုးခြောက်တွေများ ကျွေးရင်း ထည့်လို့ကိုမနိုင်ဘူး။ သူတို့အတွက်လည်း လူတွေ ဟင်းကောင်းနဲ့ ထမင်းစားရသလိုမျိုးနေမှာပေါ့နော်။ ကဲ ပြောရင်းနဲ့ ရွာက တောင်ရိုးပေါ်ကိုတောင်ပြန်ရောက်ချင်ပြီဗျာ။ မသိသေးသူတွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး အညာက အင်ကြင်းပင်အကြောင်းလေး မျှဝေပေးလိုက်တာပါ။ ပုံ လေးတွေပါ ရှာရသလောက် တင်ပေးလိုက်တယ်။ ကြည့်ရှု့ခံစားပြီး အပန်းဖြေအလွမ်ဖြေသွားကြပါအုံးနော်...။

(All photos from Google images)

အားလုံးပဲ လာရောက်လည်ပတ်ကြတဲ့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

7 comments:

  1. အညာကပန်းလေးတွေအကြောင်းဖတ်လို့တော်တော်
    ကောင်းပါတယ်ရှင်...ပန်းဆိုတော့စိတ်ဝင်စားလို့ထင်ပါတယ်
    စာရေးကလဲ ကောင်းလို့ပါ။
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  2. အညာကအင်းကြင်းပန်းလေးတွေကို စိတ်ဝင်စားဖွယ် စိတ်ရှည်ရှည်နဲ့ ပုံဖော်သွားတာ ဖတ်သွားပါတယ်ကွယ်။ စိတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အကိုရေ ဗဟုသုတတိုးလို့ ကျေးဇူးပါလို့..
    ကောင်းသောနေ့လေး ဖြစ်ပါစေ...အကို။

    ReplyDelete
  4. သိပ်လှတယ်နော်။ ကျမအညာဘက်မှာ အလုပ်သွားလုပ်ရတုန်းက ကျမကိုယ်တိုင်လည်းပန်းဓါတ်ပုံတွေရိုက်၊ ပန်းတွေပွေ့ ပြီးလည်းရိုက်ခဲ့တယ်။ ခုတော့ ရှိသေးရဲ့ လားတောင်မသိတော့ပါဘူး။
    ကျေးဇူးပါမျှဝေတဲ့အတွက်။
    အိုင်အိုရာ

    ReplyDelete
  5. အညာက အင်ကြင်းပွင့်လေးတွေ အရမ်းလှတယ်။ အင်ကြင်းပင်အောက်တော့သိပ်ဖြတ်မလျှောက်နဲ့နော်။ အင်ကြင်းသီးခေါင်းပေါ်ကြွေကျမှာစိုးလို့...း)

    ခင်မင်လေးစားလျက်

    ReplyDelete
  6. မစံပယ်...အန်တီတင့်...အိန်ဂျယ်...အိုင်အိုရာနဲ့ မေသိမ့်သိမ့်ကျော် လာလည်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ...။ နောက်လည်း လာလည်ကြအုံးနော်...။ ရေးသမျှလေးတွေကို အမြဲလာရောက် အားပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်ဗျာ...။

    အားလုံးကျန်းမာချမ်းသာကြပါစေ...။ အညာကိုရောက်ခဲ့ရင် ရွှေညာသားလေးတို့ ရွာကိုအလည်ဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်...။

    ReplyDelete
  7. အိုးးးး...တသက်နဲ့တစ်ကိုယ် ဒီလိုလှတဲ့ အညာအင်ကြင်းပန်းလေးတွေရှိမှန်းမသိခဲ့ဖူးဘူး။ ကျေးဇူးအများကြီးတင်တယ်။ Google မှာရှာကြည့်ဦးမယ်။

    ReplyDelete