အရင်ပို့စ်မှာ စာတွေနဲ့မို့ ဓာတ်ပုံလေးတွေ သိပ်ပြီးမထည့်လိုက်ရဘူး။ ဒါကြောင့် ဓာတ်ပုံလေးတွေပဲ သီးသန့် တင်ပေးလိုက်ပါတယ်။ အရုပ်ပြတိုက်မှာက ကင်မရာယူခွင့်မရပါဘူး။ ပိုက်ဆံများများပေးရင်တော့ ရိုက်ခွင့်ရမှာပေါ့။ အရုပ်လေးတွေကတော့ ရှေးကျတာကလွဲလို့ တခြားထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့ဆီက ဘုရားပွဲဈေးမှာရောင်းတဲ့ အိုးပုတ်၊ချိုးရုပ် လေးတွေလိုပဲ ရွှံ့နဲ့လုပ်ထားတာ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံပေါ့။ ဓာတ်ပုံထဲမှာ မပါလို့ ပြောပြတာပါ။ ကဲ အောက်ကဓာတ်ပုံလေးတွေ ကတော့ လျှပ်တစ်ပြတ် ရိုက်ချက်လေးတွေပေါ့။ ကြည့်ရှု့အားပေးသွားပါအုံးနော်။
ဘုရားကျောင်းကို အဝေးမှလှမ်းမြင်ရတဲ့ပုံပါ
ဘုရားကျောင်းပေါ်တက်တဲ့လမ်းပါ။ ကျွန်တော်တို့က တခြားလမ်းကနေ ပတ်ပြီး တက်ခဲ့ပါတယ်။
ဒီနေရာလေးကက သူတို့တွေ ဓာတ်ပုံလာရိုက်တဲ့နေရာပါ။ ရှု့ခင်းသာ သဘောမျိုးပေါ့ဗျာ။
ပြုံးပျော်ကြည်နူးနေကြတဲ့ သတို့သားနဲ့သတို့သမီး။ နိုင်ငံခြားသားတွေက ဓာတ်ပုံဝိုင်းရိုက်တယ်ဆိုတာကို ပြောချင်လို့ထင်တယ် ကျွန်တော်တို့ကို ဓာတ်ပုံအတင်းရိုက်ခိုင်းတယ်။ သူတို့ကင်မရာသမားကလည်း ကျွန်တော်တို့ကို ပြန်ရိုက်ပေးသေးဗျာ။ ဒီအချိန်လောက်ဆို သတင်းစာထဲများ ပါပြီလားမသိဘူး။
ဒါကတော့ ဘုရားကျောင်းရှေ့က ရုပ်ထုပါ။
ချဲဂဏန်းပေးနေတာထင်တယ် မြင်အောင်ကြည့်နော်။
အပေါ်ကပုံက ဘုရားကျောင်းထဲကပုံပါ။ အထက်နားလေးက သုံးပုံက သူတို့ ဘုရားရယ်၊ ဘုရားသားတော်ရယ်၊ ဘုရားဝိညာဉ်ရယ်ပါတဲ့။ သုံးယောက်မဟုတ်ပါဘူးတဲ့။ တစ်ယောက်ထဲပါပဲ။ စရိုက်သုံးမျိုး ရှိတယ်ပြောတာလို့ထင်တာပဲ။ ဆရာမကတော့ နေကို ဥပမာပေးပြောတယ်။ နေက တခုတည်းပေမဲ့ အလင်းရောင်ပေးတယ်၊ အပူဓာတ်လည်းပေးတယ်၊ အဲ့ဒီသဘောပဲတဲ့ဗျာ။
ဒီပုံကတော့ ဘုရားကျောင်းထဲက ဘုန်းကြီးတွေပါ။ နှစ်ယောက် ဘာတွေပြောနေလဲတော့ မသိပါဘူး။ မသိမသာလေး လှမ်းရိုက်လာတာ။ ကျွန်တော်တို့ သွားတဲ့ကျောင်းက ဘုန်းကြီးတွေပဲ နေတာတဲ့။ မယ်သီလတွေပဲ နေတဲ့ကျောင်းလည်းရှိတယ်ပြောတယ်။ သူတို့တွေအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ သူများကို အကူအညီမတောင်းဘူးတဲ့ သူ့တို့ဘာသာပဲ လုပ်ကိုင်စားသောက်ကြတယ်ပြောတယ်။ စိုက်ပျိုးလို့ရတာကနေ ရောင်းချပြီး စားဖို့၊၀တ်ဖို့နဲ့ လိုအပ်တဲ့အသုံးအဆောင်ကို ၀ယ်ကြတယ်တဲ့။ လည်ပင်းမှာ ရွှေရောင်လက်ဝါးကပ်တိုင် ဆွဲထားတဲ့ ဘုန်းကြီးတွေလည်း တွေ့ခဲ့သေးတယ်။ သူတို့ကတော့ ရာထူးကြီးကြီးတွေ ဖြစ်မှာပေါ့။
ဒီဘုရားကျောင်းကလည်း တစ်ဝန်းထဲမှာရှိတာပါပဲ။ သူတို့ဆီက ဘုရားကျောင်းအများစုက အခုလို ပုဝိုင်းဝိုင်း ပုံစံတွေများပါတယ်။ ဆေးအရောင်ပဲကွဲသွားတာ။
ဒီဟာကျတော့ သိပ်ပြီး မ၀ိုင်းတော့ပြန်ဘူး။
ဒါကတော့ ဘုရားကျောင်းထဲက ခေါင်းလောင်းတွေထားတဲ့ မျှော်စင်ပါ။ ဘုရားကျောင်းထဲမှာ အမြင့်ဆုံး အဆောက်အအုံပါပဲ။
လက်ဝါးကပ်တိုင်ကနေ ရေကျအောင်လုပ်ထားတာပါ။ အောက်ကတော့ ရေကန်အသေးစားပေါ့။ ရေဗူးနဲ့ခပ်ယူပြီး သောက်သုံးကြတယ်။ ကျွန်တော်တို့ဆီက ပရိတ်ရေသဘောမျိုးဖြစ်မှာပေါ့။ အန္တရာယ်ကင်းတယ်ပြောတာပဲ။ ရေကတော့ အေးစိမ့်နေတာပဲ ဘယ်ကလာတယ်တော့ မပြောတတ်ဘူး။ သူများတွေ သောက်လို့ လက်ခုပ်နဲ့ခံပြီး သောက်ခဲ့ပါသေးတယ်။ ရေဆာနေတာမို့လားမသိဘူး သောက်လို့ကောင်းတယ်။
ဒါကတော့ ဆေးအပြာရောင် သုတ်ထားတဲ့ ဘုရားကျောင်းပါ။ ဒီထဲလည်း ၀င်လို့ရတယ်။ သူတို့လူမျိုးတွေ များနေတာမို့ အထဲကိုတော့ မ၀င်ခဲ့တော့ဘူး။ အပြင်ကနေပဲ ဓာတ်ပုံရိုက်ခဲ့တယ်။
ဘာပန်းခေါ်သလဲတော့ မပြောတတ်ဘူး။ တော်တော်လေးမွှေးတယ်။ ခရမ်းရောင်ပွင့်တဲ့အပင်လည်း ရှိတယ်။ အနံ့ကတော့ အတူတူပါပဲ။
ဒီအောက်ကပုံက ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ် နေရာပါ။ အာဇာနည် ဗိမာန် ပုံစံမျိုးနေမှာပေါ့။ မြို့အတော်များများမှာ ရှိပါတယ်တဲ့။ ဒီနားက မီးတောက်လေးက အမြဲတမ်းမငြိမ်းပါဘူး။
ဒါကတော့ ကျွန်တော်တို့ စီးတဲ့ ရထားဘူတာရုံပါ။ လျှပ်စစ်ပေါတော့ ဝေးဝေးလံလံမဟုတ်တဲ့ နေရာတွေကို လျှပ်စစ်ဓာတ်အား သုံးပြီး ရထားမောင်းတယ်ဗျာ။ အောက်က ပုံလေးတွေကတော့ အပြန်ခရီး ရထားပေါ်က မြင်ရတဲ့ ရှု့ခင်းလေးတွေကို ရိုက်ထားတာပါ။ ရထားလမ်းဘေးက ရွာငယ်လေးတွေပေါ့။ ကြည့်ရတာ ကြည့်နူးဖို့ ကောင်းသလား မမေးပါနဲ့။
ဓာတ်ပုံလေးတွေ ကြည့်ပြီးတော့ ဗဟုသုတ ပွားနိုင်ကြပါစေ။ လာရောက်လည်ပတ်မှု့ကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။
2 comments:
အဲဒါကဘယ်မှာလဲဟင်
မော်စကို မြို့ကနေ တစ်နာရီခန့် ရထားစီးရင်ရောက်ပါတယ် လရိပ်အိမ်ခင်ဗျာ။ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
Post a Comment