Pages

Monday, November 17, 2025

ချစ်သော နှင်းဆီ

 


အပင်တွေစိုက်တာ တော်တော်များလှပြီ၊ နှင်းဆီပင်ကိုတော့ ဒီတခါပဲ ကိုယ့်ဆီမှာပွင့်ဖူးသေးတယ်။ မနှစ်တုန်းက နှင်းဆီအနီရောင်ရင့်ရင့် တပင် တယောက်သူကိုသတိရလို့ အမှတ်တရအနေနဲ့ဝယ်စိုက်တာ ဘာလွဲသွားလို့လည်း မသိဘူး ဝယ်တုန်းကပါလာတဲ့အဖူးလေးတွေကုန်အောင်ပွင့်ပြီးတော့ သေသွားတယ်။ ကိုယ့်အထင်တော့ နေရောင်းကောင်းကောင်းမရတာဖြစ်မယ်။ နှင်းဆီတို့ စံပယ်တို့က ကွင်းပြင်မှာ အလင်းရောင်ကောင်းကောင်းနဲ့မှပိုပြီးဖူးကြပွင့်ကြတာ။ ကိုယ့်မှာက ဝါသနာအရ မစိုက်ရမနေနိုင်လို့သာ ဇွဲရှိရှိနဲ့စိုက်တာ နေရာအခက်အခဲရှိတယ်။ အထူးသဖြင့် နေရောင်ခြည်လိုအပ်တဲ့အပင်တွေဆို ကိုယ့်နေရာနဲ့သိပ်အဆင်မပြေဘူး။ ဒါကိုပဲ ဒီနှစ် စိုက်ပျိုးရေး ဈေးပွဲတော်မှာ အပင်တွေကမျိုးစုံမြင်တော့ မဝယ်ဘဲကမနေနိုင် နောက်ဆုံး ပွဲဈေးသိမ်းခါနီးမှ နှင်းဆီတပင်ဝယ်ဖြစ်အောင် ဝယ်ထားလိုက်သေးတယ်။ စိုက်ထားပေမဲ့ မနှစ်တုန်းကအပင်သေသွားတော့ ဒီအပင်လည်း သေမှာလားမသိဘူးဆိုပြီး ရင်တမမနဲ့ စောင့်ကြည့်ရတာအမော။ ဝယ်တုန်းကပါလာတဲ့ အဖူးလေးတွေကုန်အောင်ပွင့်ပြီးတော့ အရွက်တေွကြွေလာတာမြင်တော့ သူလည်းသွားတော့မှာ ထင်ပါရဲ့ဆိုပြီး တတ်သလောက်မှတ်သလောက်နဲ့ပြုစုတာ၊ ဝယ်တုန်းကအိတ်နဲ့စိုက်တာ စပါးခွံတွေနဲ့မို့ မြေဆွေးရောပြီး အိုးပြန်လဲ ရွာမှာတုန်းက နှင်းဆီပင်စိုက်တဲ့အိမ်တွေက ငါးချေးအကြေးခွံငါးဆေးလို့ရတဲ့ရေကို လောင်းတာမြင်ဖူးတော့ ဈေးမှငါးဝယ်ပြီး ခေါင်းတွေဖြုတ်၊ ငါးဆေးတဲ့ရေလောင်း ခေါင်းတွေကိုတော့ အပင်ခြေမှာမြှုပ်ထားလိုက်တယ်။ အဲဒီလိုလုပ်ပြီးမကြာဘူး ကြွေတဲ့အရွက်လေးတွေအခြေမှ အစို့လေးတွေထွက်လာတာ ပျော်လိုက်တာဆိုတာလေ နေ့တိုင်းအရိပ်တကြည့်ကြည့်နဲ့ပြုစု နေရောင်ရတဲ့အချိန်လေး ပန်းအိုးကို နေရောင်အောက်ထားနဲ့ ပြုစုလိုက်တာ အရွက်တွေစိမ်းလာမှ စိတ်အေးရတယ်။ ပွင့်တာမပွင့်တာထက် ဒီအပင်မသေတော့ဘူးဆိုတာ သေချာသွားလို့။ အရွက်တွေကြားမှာပဲ အဖူးလေးတွေပါ လိုက်လာတော့ အတိုင်းထက်အလွန်ပေါ့။ အရောင်က အဖြူရောင်လည်း အပြည့်မဟုတ်ဘူး ပန်းရောင်လေးသန်းနေတယ်။ အနံ့တော့မရဘူး၊ ဒါပေမဲ့ အလှကြည့်ဖို့ပဲလေ သူပွင့်တာကိုပဲ ကိုယ့်အတွက်ပီတိဖြစ်ရပြီ။


အောက်ခြေမှာ တဖူးပါသေးတယ်

သူက ၃ ပွင့်ပွင့်တယ်။ ကိုယ်စိုက်တဲ့အပင်လေး ဒီလိုဖြစ်ထွန်းတာကိုမြင်ရတာနဲ့တင် ပျော်ရွှင်ရတယ်။ ဒီနှစ်ဝယ်စိုက်တဲ့ စံပယ်နဲ့ နှင်းဆီက အပွင့်တွေ ချက်ချင်းပွင့်ကြတယ်။


ကြက်ဥခွံ၊ ဘဲဥခွံလည်း သူ့အပင်ခြေမှာပဲ၊ ငါးရိုးကတော့ အဆင်ပြေပုံရတယ်၊ နောက်ဆို ငါးညှီနံ့ပါတဲ့ ရေလောင်းပေးအုံးမယ်။


သူလေးကလည်း ပွင့်ဖို့ အားယူနေတာ တကယ်ချစ်စရာလေး


ဒီသစ်ခွလေးကလည်း အပွင့်သေးသေးလေးနဲ့ အရောင်စပ်လေးလှလို့ ဝယ်လိုက်တာ၊ ဒီအဖူးနဲ့အခိုင်က ကိုယ့်ဆီရောက်မှပွင့်တာလေးတွေ။ ဘာအမျိုးအစားလဲတော့ သေချာမသိဘူး စိုက်မယ် ပြုစုမယ် ဖူးပွင့်လာရင် ကြည့်ပြီး ပီတိဖြစ်မယ် ပျော်မယ် ဒီလောက်ပဲ။ ကိုယ့်ဆီမှာကိုယ်ဆိုရင်တော့ သေချာစိုက် တပင်ချင်းစီကို မျိုးရင်း မျိုးစိတ် သူတို့ရဲ့ အခေါ် အဝေါ်လေးတွေကိုပါ စာရင်းနဲ့သေချာလေး လုပ်ဖို့စိတ်ကူးတော့ရှိပါရဲ့ ခေတ်ကာလက အခြေအနေ မပေးသေးတော့ ပန်းတွေလွတ်လပ်စွာပွင့်လန်းခွင့်ရတဲ့တနေ့ ကိုယ်လည်းအသက်ရှင်နေအုံးမယ်ဆိုရင်တော့ အပင်မျိုးစုံပါတဲ့ ယာတခင်းနဲ့တောထဲမှာ ကိုယ့်လက်ရာကို မြည်းစမ်းချင်တဲ့ မိတ်ဆွေတွေအတွက် ဆိုင်လေးတဆိုင်ရယ် စိတ်အေးလက်အေး လက်ကျန်ဘဝကိုဖြတ်သန်းချင်သေးတယ်။ အခုများတော့ ရောက်တဲ့နေရာမှာ ဖြစ်သလိုအပင်လေးတွေစိုက်ရင်း ခွေးလည်းမောင်းရင်းနဲ့ အိမ်ပြန်ချိန်ကို စောင့်ရင်းပေါ့။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ အညာသားဆီလာလည်ရင်း ခဏတာပဲ ဖြစ်ဖြစ် စိတ်ချမ်းသာပျော်ရွှင်မှုရကြပါစေ။ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၃) ရက်၊
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ တနင်္လာနေ့။

Sunday, November 9, 2025

ငယ်ဘဝ အလွမ်းပြေ စပ်မိစပ်ရာ

    ကျနော်တို့ငယ်ငယ်က  နည်းပညာဖွံ့ဖြိုးမှုတွေ အခုခေတ်လောက် မမြန်သေးတော့ တော်တော်များများက ကိုယ့်နီးစပ်ရာပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေနဲ့ပဲ ရင်းနီးကျွမ်းဝင်ခဲ့ကြရတယ်။ အချိန်ကာလကလည်း ၁၉၉၀-၂၀၀၀ ကြားကာလ စစ်အာဏာရှင်လက်အောက်မှာဆိုတော့ အရာအားလုံးဟာ မျက်စိပိတ်နားပိတ်နဲ့နေခဲ့ကြရတာ‌ပေါ့။ကျေးလက်တောရွာတွေမှာတော့ နည်းပညာဆိုတာက ဘာမှန်းကိုမသိလောက်အောင် နိမ့်ကျခဲ့ကြတယ်။ ခုခေတ်လို ဖုန်းတို့ စလောင်းတို့ ဆိုင်ကယ်တို့၊ ကားတို့ဆိုတာ ဝေလာဝေး၊ ရွာကိုဆည်မြောင်းကအဖွဲ့တွေ ဆည်တုပ်ဖို့လာကြည့်တဲ့ ထွန်စက်နဲ့ထွေလာကို ရွာဘုန်းကြီးကျောင်းမှာ တိုးဝှေ့ပြီးကြည့်ခဲ့ကြရတယ်။ တရွာလုံးမှာမှ အဖြူအမည်းရုပ်မြင်သံကြားစက် ၁ လုံးနဲ့ ဓာတ်ခဲထည့်ဖွင့်ရတဲ့ရေဒီယို၊ ကက်ဆက် ပိုင်တဲ့အိမ်က သုံးလေးအိမ်လောက်ပဲရှိတာ။ သူတို့တွေကလည်း သဘောကောင်းကြပါတယ် အနီးအနားအိမ်တွေတတ်နိုင်သမျှကြားရအောင် အသံကိုဂိတ်ဆုံး တင်ပြီးဖွင့် ပေးကြတယ်။ အဲဒီတုန်းက ကျနော်တို့လည်း မူလတန်းကျောင်းသားအရွယ် ညညဆို ကက်ဆက်နဲ့ဇာတ်လမ်းဖွင့်တဲ့ အိမ်ဘေး ခြံစည်းရိုးနားမှာ သွားထိုင်ပြီး အသံဇာတ်လမ်းတွေ နားထောင်ရတယ်။ တီဗွီရှိတဲ့အိမ်ကတော့ အိမ်အောက်ထပ်မှာ ထရံကာပြီး ပိုက်ဆံနဲ့ပြတာမို့ ကိုယ်တွေက ပိုက်ဆံမပေးနိုင်တော့ တီဗွီဆိုတာ ကြ့ရခဲတယ်‌ပေါ့။ အဲဒီတော့ အသံသွင်းဇာတ်လမ်းဖွင့်တဲ့ ကက်ဆက်ရှိတဲ့အိမ်ခြံစည်းရိုးဟာ ကိုယ်တွေအတွက် အပန်းဖြေရာနေရာလိုဖြစ်ခဲ့တယ်။ ဇာတ်လမ်းထဲ အသံသရုပ်ဆောင်သူတွေ ပြောတဲ့ဟာတွေကို နားထောင်ပြီး စိတ်ကူးနဲ့ပုံဖော်ကြည့်ရတာလည်း အရသာတခုပဲ။

    အဲဒီတုန်းက လသာတဲ့ညတွေဟာ ကျနော်တို့အတွက်တော့ အဓိပ္ပာယ်ရှိတဲ့ ညတွေပဲ။ လသာညများဆို ရွာလယ်က ဦးကြီးတို့အိမ်တလင်းမှာ ကလေးတွေစုပြီးတော့ ထုပ်ဆီးတိုးတမ်းဆော့ကြတယ်။ တခါတလေလည်း ပုံတမ်း ဝှက်တမ်း ကစားကြတယ်။ သန်းခေါင်ကြက်တွန်တဲ့အချိန်လောက်ထိကို ဇွဲရှိရှိနဲ့ဆော့ကြတာ။ ဆော့နေရင်းနဲ့ ကက်ဆက်သံကြားပြီ ဆိုရင်တော့ အဲဒီအိမ်ရဲ့ ခြံစည်းရိုးဘေးမှာ အစုလိုက်သွားထိုင်ပြီး ဇာတ်လမ်းနားထောင်ကြတယ်။ နိုင်ငံရေး ဆိုတာလည်းနားမည် နည်းပညာဆိုတာလည်းမသိ ကလေးဘဝ ကျောင်းသွားဆို ကျောင်းသွားမယ် အိမ်ပြန်ရောက်ရင် ကစားမယ်၊ စားမယ် အိပ်မယ် ဒီလောက်ပဲပေါ့။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ငယ်ဘဝတွေဟာ နည်းပညာလွှမ်းမိုးမှုမှ ရာနှုန်းပြည့်မဟုတ်တောင် ၉၇ ရာခိုင်နှုန်းလောက်တော့ လွတ်ကင်းခဲ့တယ်လို့ ဆိုနိုင်တယ်။ သစ်ရွက်တွေကြွေပြီးတဲ့ နွေဦးကာလဆို ရွာအစွန်အိမ်တွေကနေ လှမ်းမျှော် ကြည့်ရင် မြင်ရတဲ့ ကျောက်ပန်းတောင်းမိတ္ထီလာ ကားလမ်းတလျှောက် တခါတခါ ဖြတ်သွားတတ်တဲ့ ကားတွေကို မြင်ရရင်ကို မျက်စိမြင်ကွင်းကပျောက်တဲ့အထိကြည့်တတ်တာမျိုး။ အမြင့်ပေ ထောင်သောင်းကျော်မှာ ပျံသန်းနေတဲ့ လေယာဉ်ပျံသံကြားရင် လေယာဉ်ပျံကို ခေါင်းမော့ပြီး ဇက်ညောင်းအောင် လိုက်ရှာကြည့်ခဲ့ကြရတယ်ဆိုရင် ခုခေတ်လူငယ်တွေကတော့ ရယ်ကြမှာပဲ။ ကျေးလက်မှာကြီးပြင်းခဲ့ရတဲ့ ကျနော်တို့ မျိုးဆက်ဟာ အဲဒီလိုကာလတွေကို ဖြတ်သန်းခဲ့ကြရတာတော့ အမှန်ပါပဲ။ 

    ရွာမှာ လွယ်လွယ်ကူကူ စီးစရာဆိုလို့ နွားလှည်းသာရှိတယ်။ မြို့ကိုသွားချင်ရင် ကားလမ်းရှိတဲ့ဆီကို နာရီဝက် ၄၅ မိနစ်လောက် ခြေလျင်လျှောက်ကြရတာ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရေးပေါ် ဖြစ်လို့ လူနာက လှည်းတင်လို့မရရင် စောင်ကိုပုခက်လုပ်ပြီး လူနာတင် ယောကျာ်းသားတွေ ရှေ့နောက် တလှည့်စီဝိုင်းထမ်းပြီး ကားလမ်းရှိရာကိုသွားကြရတာ၊ တခါတလေလည်း တိုက်နယ်ဆေးရုံရှိတဲ့ဆီအရောက်ထမ်းကြတာပေါ့။ အချိန်မမီလို့ လမ်းမှာတင် အသက်ပျောက်ကြရတဲ့ လူနာတွေလည်း မနည်းပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက ခုခေတ်လောက် ရောဂါလည်း သိပ်ပြီးထူပြောဟန်မတူပါဘူး။ သာမန် နှာစေး ချောင်းဆိုး ဖျားတာလောက်တော့ ‌ဆေးမြီးတိုလောက်နဲ့ပဲ သက်သာပျောက်ကင်းသွားကြတာများတယ်။ တောသူတောင်သားတွေမို့ စိုက်ပျိုးချိန်ဆို လယ်ထဲယာထဲဆင်း ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းချိန်ဆို ခူးဆွတ်ရိတ်သိမ်းနဲ့ ဆယ်နှစ်ရာသီပတ်လုံး‌ အေးအေးလူလူ နားရတယ်မရှိ လှုပ်ရှားနေကြရလို့ ရောဂါကင်းတာလည်းဖြစ်နိုင်တယ်။

    အစားအစာဆိုလည်း တကယ့်ကိုယ့်လယ်ယာထွက်အသီးအရွက်ပဲဒိုင်ခံပြီး စားကြရတာ။ အသားငါးဆိုတာ တခါတလေ အလှူအတန်းရှိမှ၊ ဧည့်သည်လာတဲ့အခါမှသာ လျှာပေါ်တင်ခွင့်ရကြတာ။ ကြက်ဥတို့ ငါးပိကောင် (ငါးခြောက်) တို့တောင် ထမင်းနပ်တိုင်းမပါဘူး။ ချဉ်ပေါင်ရွက်ပေါ်ချိန်ကစလိုက်တာ နောက်ဆုံး ချဉ်ပေါင်သီးခြောက်အထိ၊ ဖရုံရွက်ဆိုလည်း မသီးခင်အရွက် အဖူးအပွင့်ဟင်း သီးပြန်တော့ ဖရုံသီးဟင်း၊ ရာသီအလိုက် ပေ်တဲ့ မန်ကျည်းရွက် မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ သရက်သီးဆိုလည်း အစိမ်း၊ အမှည့်၊ သရက်ချဉ်၊ သရက်သီးခြောက် အဲလိုမျိုထိမုန်းအောင်စားကြရတာ။  မိုးရာသီကတော့ အသီးအရွက်အပေါဆုံးပေါ့။ သဘာဝက ပေးတဲ့ မှိုတို့ မျှစ်တို့လည်း စားရတယ်။ အဲဒီ မှိုတို့မျှစ်တို့ကိုတောင် နွေနဲ့ဆောင်းစာအတွက် အချဉ်တည် အခြောက်လှန်းပြီး သိုလှောင် ကြရသေးတယ်။ ဆိုတော့ အစားအစာဆိုလည်း မိရိုဖလာအစဉ်အလာအတိုင်းပဲ စားသောက်ခဲ့ကြရတာမို့ အရွယ်ရောက်လို့ မြို့ဆီကို ‌တောင်ပံဖြန့်တဲ့အခါ မြို့နေလူတန်းစားတွေရဲ့ အပြုအမူ အသုံးအဆောင် အစားအသောက်တွေက ကျေးလက်တောသားတွေအတွက်တော့ အထူးအဆန်းတွေချည်းပဲပေါ့။ ဒါကြောင့်လည်း "တောသားမြို့ရောက်" ဆိုတဲ့စကားရှိခဲ့တာထင်ပါရဲ့။

    မှတ်မှတ်ရရ ကျနော်တို့ ငယ်ငယ်တုန်းကဆို ရွာမှာ မုန့်ဟင်းခါးကို အမြဲတမ်းမစားရဘူး။ တခါတလေ တခြားရွာကလာရောင်းမှ ဝယ်စားရတာ။ ရွာထဲမှာမုန့်ဟင်းခါးလုပ်ရောင်းတဲ့ တအိမ်ရှိတယ်၊ သူကလည်းအမြဲတမ်းတဟုတ်ဘူး။ အဆင်ပြေတဲ့အခါ လုပ်ရောင်းတာဆိုတော့ ဘေးရွာကလာရောင်းတဲ့ မုန့်ဟင်းခါးသည်ဆီမှာပဲ ဝယ်စားကြရတယ်။ တောမုန့်ဟင်းခါးဆိုတော့ မြို့မှာဆို အဆာပလာစုံအောင်မပါဘူး‌ပေါ့။ ကုလားပဲပေါတဲ့ဒေသမို့ ကုလားပဲမှုန့်ကို မပျစ်မကျဲ အရည်ကျိုထားတာ။ သူ့မုန့်ဟင်းခါးထမ်းထောင်းထဲကြည့်လိုက်ရင် တဖက်မှာ ပဲမှုန့် ဟင်းရည်အိုး၊ တဖက်မှာ မုန့်ဖတ်၊ ဆီချက်၊ ငံပြာရည်ပုလင်း၊ အပိတ်မှာအပေါက်လေး သေးသေးဖောက်ထားတဲ့ ဟင်းချိုမှုန့်ပုလင်းသေးသေး၊ ငရုတ်သီးမှုန့် ဒီလောက်ပဲ။ ရွာထဲဝင်တာနဲ့ သူထိုင်နေကျ အိမ်ကိုပဲသွားတာ၊ တရွာလုံးမှ ၄ အိမ်လောက်ပဲ ထိုင်တာနဲ့ သူ့မုန့်ဟင်းခါးက တရွာလုံးနှံ့တယ်ပေါ့။ မုန့်ဟင်းခါးသည်လာတယ်ဆိုတာနဲ့ အိမ်ရှင်က အသံပြုလိုက်ရင် အနီးအနားက မုန့်ဝယ်ချင်တဲ့သူက မုန့်ထည့်ဖို့ ပန်းကန်ယူလာပြီး မုန့်ဟင်းခါးသည်ဘယ်လောက်ဖိုး တပွဲပေးပါဆို မုန့်ဖတ်ကို လက်နဲ့ချိန်ဆထည့် အပေါက်ပါတဲ့ ဝါးဆစ်ကို ပုလင်းပေါက်နဲ့ အနေတော် ဖြစ်အောင်ဖြတ်ပြီး ပိတ်ထားတဲ့ ငံပြာရည်ပုလင်းကို ၃ ချက်လောက်လှုပ်ချလိုက်ရင် တပွဲစာအတွက် ငံပြာရည်ကအသင့်ပဲ၊ ဟင်းချိုမှုန့်ဘူးကိုလည်း လှုပ်ချလိုက်ရင် အပေါက်သေးသေးလေးက နည်းနည်းထွက်ကျ အဲဒါကလည်း တချို့စားတဲ့သူမှထည့်ပေးတာ အများစုက ဟင်းချိုမှုန့်မစားကြဘူး။ အဲဒီနောက်မှာမှ အိမ်မှာ အစောထချက်လာတဲ့ ဟင်းရည်အိုးက ရောင်းတဲ့ဆီရောက်တော့ အေးနေပြီ။ ဟင်းရည်အိုးကို ဇွန်းကြီးနဲ့ မွှေခပ်ပြီး မုန့်ဖတ်နဲ့ငံပြာရည်ဆမ်းထားတဲ့အပေါ်လောင်းထည့် နောက်ဆုံးမှ ကြက်သွန်ဖြူဆီချက်အိုးထဲက ဇွန်းကိုမပြီး ဟင်းရည်ပေါ်မှ ဆီချက်လေးချပေးတာ။ အဲဒါ ကိုယ်မြင်နေကျ တောမုန့်ဟင်းခါးသည်ရဲ့ မုန့်ဟင်းခါး ပြင်နည်းပါပဲ။ အဲဒီပဲမှုန့်ဟင်းရည်နဲ့ပဲ မုန့်ဟင်းခါးကို စားခဲ့ဖူးတဲ့ ကျနော်တို့လျှာဟာ မြို့ကအဆာပလာစုံတဲ့ မုန့်ဟင်းခါးကို စပြီးစားရတုန်းက ထူးဆန်းနေခဲ့တာပါပဲ။ ကိုယ်နဲ့ရင်းနီးကျွမ်းဝင်နေတဲ့ အပြင်အဆင်နဲ့ အရသာ မဟုတ်ဘူးလေ။ အဲဒီလိုမုန့်ဟင်းခါတပွဲဝယ်ပြီးရင် ကျနော်တို့မှာက မိသားစုဝင်များတော့ တယောက်တပွဲ ဝယ်မကျွေးနိုင်ဘူး။ မုန့်ဟင်းခါး တပွဲဝယ် အိမ်ရောက်ရင် အမေက ညကကျန်တဲ့ ထမင်းကြမ်းနဲ့ရောမွှေပြီး ညီအစ်ကို တတွေကို ခွဲဝေကျွေးတာ။ အဲဒီအချိန်တုန်းကတော့ မုန့်ဟင်းခါးနဲ့ထမင်းကြမ်းရောနယ်ထားတဲ့ နံနက်စာဟာ အရသာ အရှိဆုံးပါပဲ။ မြို့ပေါ်ကို ရောက်လို့ အဆာပလာအစုံနဲ့ မြို့ကမုန့်ဟင်းခါးတွေစားရတဲ့အခါ ပဲမှုန့်ဟင်းရည်ကျဲကျဲနဲ့ ငံပြာရည် ဆီချက်ပါလေကာနဲ့ မုန့်ဟင်းခါးကို ထမင်းကြမ်းနဲ့ရောနယ်စားဖူးတဲ့ ကျနော်တို့ လျှာဟာ မြို့မုန့်ဟင်းခါးရဲ့ အထိအတွေ့နုနုရွရွကို ချက်ချင်းအရသာမခံတတ်တာ သိပ်တော့ မထူးဆန်းပါဘူးလေ။ အခုတော့ နှစ်တွေလည်းကြာခဲ့ပြီ....မုန့်ဟင်းခါးတွေလည်း အမည်အမျိုးမျိူး တံဆိပ်အမျိုးမျိုးနဲ့ ပေါချင်းသောချင်း စားလို့ရနေပါပြီ။ ဒါပေမဲ့လေ ကျနော်ကတော့ ငယ်ငယ်တုန်းက အမေ့အိမ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးနဲ့ထမင်းကြမ်း နံနက်စာကို လွမ်းနေတုန်း သတိရနေတုန်းပါပဲ။ 

    ‌မူလတန်းကျောင်းသားဘဝတုန်းကဆိုလည်း ကျောင်းမုန့်ဆိုင်မရှိသလို မုန့်ဖိုးရယ်လို့လည်း ရဖူးတာမရှိဘူး။ တောင်ဘက်ရွာက  တပတ်တခါလာရောင်းတဲ့ မုန့်သည် ကြီးမိညိုဆီကပဲ ဝယ်စားကြတယ်။ သူကလည်း မုန့်ဟင်းခါးသည်လိုပဲ တရွာလုံးမှ ၄ နေရာလောက်ပဲထိုင်တာ။ ဝယ်တဲ့သူက အချိန်ကိုကြည့်ပြီး ကြီးမိညို ဘယ်အိမ်ရောက်နေပြီဆိုတာကို ခန့်မှန်းသွားဝယ်လို့ရတယ်။ ကျနော် မှတ်မိသလောက်တော့ ငါးပြားဆယ်ပြားခေတ် ကတည်းက ရောင်းခဲ့တယ်လို့ပြောတာပဲ၊ ကျနော်တို့ သူ့ဆီမှာဝယ်စားတော့ အနည်းဆုံးက ငါးမူး တကျပ်ပေးရပြီ၊ သူက ကျောက်ပန်းတောင်းမြို့ပေါ်ကိုတက်ပြီး ဈေးဝယ်၊ သူ့ရွာမှာပြန်ရောင်းပြီး ကျနော်တို့ရွာကို လာရောင်းတာ။ သူ့ထမ်းတောင်းကလည်း တဖက်မှာ ကလေးကြိုက် မုန့်ပဲသွားရည်စာ၊ တဖက်မှာတော့ လူကြီးကြိုက် လဘက်ပဲကြော်၊ ချင်းပေါက်၊ ငါးပိ၊ ကြက်သွန်ဖြူ တခါသုံးထုပ်ထားတာလေးတွေ‌။ တောင်းပေါ်မှာ ဆန်ကောတင် အဲဒီဆန်ကောထဲကို ရောင်းမည့်မုန့်ပဲသွားရည်စာထည့် အောက်ကတောင်းထဲမှာတော အပိုတွေ ထားတာ‌ပေါ့။ ဆန်ကောထဲကကုန်ရင် ဆန်ကောကိုမပြီး တောင်းထဲကအပိုထားတဲ့ဟာ ဆန်ကောပေါ် ပြန်တင် အဲဒီလိုမျိုး ရောင်းတာ။ သူက ထိုင်နေကျအိမ်ရောက်တာနဲ့ ထမ်းတောင်းချပြီး အိမ်ရှင်နဲ့ စကားပြောတော့တာပဲ။ သူ့ဈေးတောင်းထဲက လဘက်နဲ့ပဲကြော် ချင်းပေါက်ကို နည်းနည်းစီနှိုက်ပြီး အမြည်းထည့်တဲ့ ဘက်ခြုပ်ထဲထည့်တာက တော့ စတည်းချတဲ့အိမ်တိုင်းမှာလုပ်တဲ့ သူ့အကျင့်ပေါ့။ ဈေးတောင်းချပြီးတာ ဝယ်တဲ့သူက ကိုယ်ကြိုက်တာယူ ပိုက်ဆံပေးမှ သူ့ဆီပေးရုံပဲ။ ရောင်းသူနဲ့ဝယ်သူယုံကြည်မှုနဲ့ဆက်ဆံကြတာဆိုတော့ ဘယ်နှစ်ခုယူတယ်တောင် သိပ်ပြီးစစ်မနေဘူးရယ်။ ဘယ်လောက်ပြန်အမ်းရမယ်ဆို သူ့ပိုက်ဆံထည့်တဲ့ နို့မှန့်ဘူးခွံလေးဖွင့်ပြီး ပြန်အမ်းလိုက်တာပဲ။ ဝယ်တဲ့သူကလည်း ပိုမယူလို လိုပြီးလည်းမပေဘူး။ သူကတော့ မြို့ပေါ်လည်း မကြာခဏရောက်တော့ သူဆီကပဲ မြို့ကသတင်းလည်းကြားရတာများတယ်။ ရွာအတွက်တော့ သူကမုန့်ဈေးသည်တင်မဟုတ်ဘူး သတင်းသည်လည်းဖြစ်တယ်။ ခုကာလလို တယ်လီဖုန်းခေတ် ဖေ့စ်ဘွတ်ခေတ် မဟုတ်တော့ သူ့ရွာကိုလူကြုံပါးချင်ရင်လည်းသူနဲ့မှာလိုက် ကိုယ့်ရွာကို မှာချင်တယ်ဆိုလည်း သူနဲ့တဆင့်မှာလိုက်နဲ့ ကြီးမိညိုဟာ စာပို့စာယူသမားလည်း ဖြစ်ပြန်တယ်။ အလာတုန်းက တထမ်းအပြည့်ပါလာတာလည်း ညနေစောင်းလို့ နေဝင်ခါနီး ရွာကပြန်ထွက်ရင် တောင်းခွံပဲကျန်တယ်။ တရွာနဲ့တရွာသိပ်မဝေးတော့ သူက ညနေ နေဝင်ခါနီးမှ သူ့ရွာကိုပြန်တာ။ သူပြန်ပြီဆို ကျနော်တို့က ညနေပိုင်း ရွာတောင်ဘက်ချောင်းမှာ ရေခပ်ဆင်းတဲ့အချိန်ပေါ့၊ ထမီကို ဒူးထိအောင်ဝတ်ထမ်းတောင်းကိုထမ်းပြီး သုတ်သုတ်ပြာပြာနဲ့ ရေခပ်လမ်းမှာမြင်နေကျ သူအိမ်ကိုပြန်တဲ့ပုံစံကို အခုဒီပို့စ်ရေးတဲ့အထိတောင် မျက်စိထဲမှာ မြင်ယောင်မိနေတယ်။ အဲဒီအချိန်တုန်းက ကြီးမိညိုလို့ဆိုလိုက်ရင် ကလေးကစ အဖိုးအဖွားအထိ အကုန်သိတယ်။  သူ့မှာသား တယောက်ရှိတယ်၊ စားနိုင်သောက်နိုင်ထဲကပေါ့။ ဒါပေမဲ့ သူကဈေးရောင်းတာကို ဝါသနာပါလို့ကို ရောင်းတယ်လို့ပြောကြတယ်။ 

    မြို့ပေါ်က ကလေး စားစရာ သွားရည်စာမုန့်ဆိုတာလေးတွေဟာ ကြီးမိညိုကြောင့်သာ ကျတော်တို့ တောကကလေးတွေနဲ့ ထိတွေ့ခွင့်ရကြတာ။ ကျနော် မှတ်မိသလောက် သူ့ဈေးတောင်းကို ပြန်မြင်ယောင်ကြည့်တဲ့တော့ အဲဒီတုန်းက မုန့်ပဲသွားရည်စာလေးတွေဖြစ်တဲ့ မုန့်ကြိုးလိမ်၊ ဇီးပေါင်းထုပ်၊ သွားရေကွင်းပါတဲ့ ချိုချဉ်လေးတွေ၊ မင်းသားမင်းသမီးရုပ်ပါတဲ့ ဇီးပြား၊ စားလေးခွေ၊ အုန်းကပ်စေး၊ ရောင်စုံဂျယ်လီ၊ သကြားနဲ့နို့ခရင်ရောသုတ်ထားတဲ့ ပေါင်မုန့် (ချန်ပီယံကိတ်မုန့်လို့ ခေါ်ကြတယ်)၊ ကိတ်မုန့်လေးတွေ၊ သဇင် ဘီစကစ် (သဇင်ပန်းပုံလေးနဲ့) က မပါမဖြစ်၊ အဲဒီအချိန်က လူမမာစာလိုကိုဖြစ်နေတာ။ လူကြီးကြိုက်တွေထဲမှာတော့ လဘက်၊ ပဲကြော်၊ မြေပဲကြော်၊ ချင်းပေါက်၊ လဘက်ချဉ်၊ ကြက်သွန်ဖြူဥသေး ၃ ဥလောက်ကို အိတ်လေးတွေနဲ့ ထည့်ထုပ်ပြီးတွဲထားတာ၊ ငါးပိကောင်ကိုလည်း  အကောင်သေးသေးလေးတွေ လေးငါးကောင်လောက် တထုပ်ထုပ်ပြီး တွဲထားတာ။ နောက်တခု မှတ်မိတာက သူ့ရဲ့ အလေးတောင်းလေးနဲ့ ချိန်ခွင်ပေါ့။  အလေးတောင်းမှာက ဟင်္သာရုပ်အလေးလေးတွေ နေရှင်နယ်တဆိပ်ဓာတ်ခဲဟောင်လေးတွေ တိုင်ကပ်နာရီထဲ ထည့်တဲ့ဓာတ်ခဲဟောင်းလေးတွေပါတယ်။ ပစ္စည်းအပြည့်နဲ့ဆို သူ့ဈေးထမ်းတောင်းက တော်တော်လေးတယ်။ ယောကျာ်းမိန်းမ ပခုံးနဲ့ထမ်းပြီးသယ်ရတာကို အကျင့်ရနေကြတော့ တော်ရုံလေးတာလောက်ကို စားမဖွဲ့ကြတော့ဘူးပေါ့။ ကျနော်တို့ဆိုလည်း ချောင်းထဲမှရေ အိမ်ကိုပခုံးနဲ့ထမ်းပြီး သယ်ရတော့ ပခုံးတွေက အကျင့်ရနေတာမနာဘူး။ ဒါပေမဲ့ မြို့သွားကျောင်းတက် ကျောင်းပိတ်ပြီး ရွာပြန်ရောက်လို့ ရေထမ်းရင် ထမ်းပိုနဲ့ ၆ လလောက် ကင်းကွာနေတဲ့ ပခုံးတွေက စပြီးထမ်းတဲ့ရက်ကနေ သုံးလေးရက်လောက်ထိ နီရဲပြီးနာနေတတ်တယ်။ မြို့မှာ နေတဲ့အချိန် အသားရောင်လေး‌ နည်းနည်းလတ်ပြီးနုနေတာက ရွာပြန်ရောက်လို့ ထမ်းပိုးကြမ်းနဲ့တွေ့တဲ့အခါ နီရဲလာတာပေါ့။ ခုတော့လည်း ပခုံးနဲ့ ရေထမ်းပုံးထမ်းပိုး ကင်းကွာနေတာ ဆယ်စုနှစ် ၂ ခုလောက်ကြာခဲ့ပါပြီ။ ရွာကလူတွေလည်း အမြင်တွေကျယ်ပြီး ရွာမြောက်ဘက် သဘာဝရေထွက်မှ ရေကို ရွာဦးဘုန်းကြီးကျောင်းအရောက် ပိုက်နဲ့သွယ်ထားလို့ အိမ်တိုင်းမှာ ရေပိုက်ကိုယ်စီနဲ့မို့ ချောင်းထဲဆင်းပြီးရေထမ်းသူတောင် သိပ်မရှိကြတော့ဘူးလို့ အမေကပြောတယ်။ ရွာကိုပြန်ရောက်မယ်ဆိုရင်တော့ ငယ်ဘဝအလွမ်းပြေ ငယ်ငယ်ကဖြတ်သန်းခဲ့ရတဲ့အတိုင်း တချို့အရာတွေကို ပြန်လုပ်ကြည့်ချင်သေးတယ်။

    ရေးမယ်ဆိုရင်တော့ အများကြီးပါပဲ။ အစဖော် လိုက်တော့ အကြောင်းအရာတွေက အစီအရီပေါ်လာတာ ရေးရင်းနဲ့ ရွာကိုပြန်ချင်စိတ်က တဖွားဖွားဖြစ်နေတာပဲ။ ကျန်တာတွေကိုတော့ နောက်ပို့စ်မှပဲ ဆက်ရေးတော့မယ်ဗျာ။


ဒီပုံကတော့ ငယ်ဘဝကိုသတိရလို့ မုန့်ဟင်းခါဟင်းရည်နဲ့ထမင်းကို ရောနယ်ပြီးစားထားတာပါ အရသာက စားလို့ကောင်းပေမဲ့ တယောက်တည်းဆိုတော့ ငယ်ငယ်က အမေ့အိမ်မှာ ညီအစ်ကိုတတွေနဲ့စားခဲ့ရတာလောက်တော့ မမြိန်ဘူးပေါ့....။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ အညာသားဆီ လာလည်ရင်း အညာသား တင်တဲ့ပို့စ်လေးတွေမှ ခဏတာပဲဖြစ်ဖြစ် စိတ်ငြိမ်းချမ်းပျော်ရွှင်မှုရကြပါစေ။


လေးစားမှုဖြင့်

အညာသား

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်‌ကျော် (၅) ရက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ တနင်္ဂနွေနေ့

Wednesday, November 5, 2025

စံပယ်တအိုး ပျိုးထားတယ်

 


အညာသားက စံပယ်ပန်းကိုသဘောကျတယ်။ ရေနွေးသောက်တဲ့ လဘက်ခြောက်ကိုတောင် စံပယ်ပန်းနံ့ပါတဲ့ လဘက်ခြောက်ပဲဝယ်သောက်တာ။ အရင်တုန်းက လဘက်ခြောက် ရိုးရိုးပဲ ဘာအနံ့မှမထည့်ဘဲ သောက်တာ၊ စံပယ်ပန်း လဘက်ခြောက် သောက်ဖူးသွားတော့ သူ့ရဲ့အနံ့ကို သဘောကျတာနဲ့ စံပယ်ပန်းလဘက်ခြောက်ရေနွေးကို စွဲသောက်ဖြစ်သွားတာ နှစ်အတော်ကြာခဲ့ပြီ။ ဒီအပင်လေးကတော့ ပြီးခဲ့တဲ့ ၈ လပိုင်း ကျောင်းထဲမှာလုပ်တဲ့ စိုက်ပျိုးရေးဈေးပွဲတော်က ဝယ်စိုက်ထားတဲ့ အပင်က ပထမဆုံးအပွင့် ပွင့်လာတာပါ။ အပင်ချစ်သူမို့ ပွဲဈေးမှာမြင်သမျှအပင်တွေအကုန်လိုချင်တာ စိတ်ကိုမနည်းထိန်းခဲ့ရတယ်။ စိတ်ထိန်းတဲ့ကြားကပဲ အိုးနဲ့ထည့်စိုက်လို့ရပြီး နေရာသိပ်မယူတဲ့အပင်လေးတွေ စိတ်အဆာပြေဝယ်ဖြစ်တယ်။ ဒီပုံထဲကအပင်ကိုတော့ အညာသားတို့ရွာဘက်မှာ ကြက်ရုံးပင်လို့ ခေါ်ကြတယ်။ သူ့အပွင့်လွှာကပါးတယ်။ ပွဲဈေးမှာပဲ စံပယ်ပင်လည်းတွေ့လို့ တပင်ဝယ်စိုက်ထားသေးတယ်။ သူကတော့ ဝယ်တုန်းကပါလာတဲ့ အဖူးလေးကပွင့်ပြီး နောက်ထပ် အသစ်မပွင့်သေးဘူး။ အဲဒီစံပယ်ပန်းက ပွင့်လွှာတွေများပြီး အပွင့်လည်းကြီးတယ်။ အနံ့ကလည်း ကျနော်တို့ခေါ်တဲ့ ကြက်ရုံးပန်းရနံ့နဲ့ မတူဘူး မွှေးတာကတော့ မွှေးပါတယ် အနံ့ချင်းနည်းနည်းကွာတာလေးပဲ။ အပွင့်ကတော့ ပွင့်လွှာထူထူနဲ့မို့ တော်တော်လေးလှတယ်။ သစ်ခွပန်းကတော့ အနံ့မရပေမဲ့ အပင်မှာပွင့်နေတဲ့ သူ့အလှနဲ့ ကြည့်သူကို ပျော်ရွှင်စေတာပေါ့။ စံပယ်ပန်းကတော့ အလှရော ရနံ့ပါပေးပြီး ကြည့်သူကို ပျော်ရွှင်စေတယ်။ ညနေပိုင်းမှာပွင့်တာမို့ ညပိုင်းဘုရားဝေယျာဝစ္စပြုချိန် သောက်တော်ရေကပ်၊ ဘုရားပန်းရေလဲပြီဆို စံပယ်နံ့လေးရတာနဲ့ ‌ဪ စံပယ်ပန်းပွင့်နေပြီ ဘုရားလှူအုံးမှပဲဆိုတဲ့ စိတ်ကချက်ချင်းဖြစ်တယ်။ ဒီတခါတော့ သိပ်လှပြီး မွှေးတဲ့စံပယ်ပန်းလေးတွေကို မခူးရက်လို့ ပန်းအိုးလိုက် ဘုရားကျောင်းဆောင်ပေါ်တင်ပြီး လှူလိုက်တယ်။ ကိုယ်တိုင်စိုက်တဲ့ပန်းကို မြတ်စွာဘုရားရှင်အားရည်မှန်းပြီးလှူဒါန်းရတဲ့အခါ ဖြစ်ရတဲ့ ပျော်ရွှင်မှုပီတိက ဘုရားရှိခိုးရင်း ကျောထဲကိုစိမ့်နေတာပဲ။ တညလုံး ဘုရားကျောင်းဆောင်မှာလှူထားတော့ သူ့ရဲ့ ရနံ့က အခန်းထဲမှာမွှေးနေတယ်။ အိပ်ရာပေါ်မှာ အိပ်ရင်းနဲ့ စံပယ်ပန်းရနံ့လေးပါရနေတာ။ အခန်းမှာ စိုက်ထားတဲ့ ပန်းပင်လေးတွေထဲက ဒီနှစ်မှ ဝယ်စိုက်တဲ့ နှင်းဆီပင်ကလည်း ဝယ်တုန်းကပါတဲ့ အရွက်တွေကြွေပြီး အခုအသစ်ထွက်တဲ့အရွက်တွေမှာ အဖူးလေ‌းတွေပါ ပါလာတယ်။ သူလည်းမကြာခင်ပွင့်တော့ မယ်ထင်တယ်။ ပန်းပွင့်တတ်တဲ့ အပင်ကိုစိုက်ပြီးရင် ပန်းပွင့်ချိန်ကိုမျှော်ရတာလည်း ရင်ခုန်စရာကောင်းတယ်။ ဒီနှစ်မှစိုက်တဲ့ သစ်ခွပင်လေးတွေ ကတော့ အပင်အသစ်ထွက်ပြီး ပွင့်ဖို့အားယူနေကြတုန်း။ နံနက်အိပ်ရာထလို့ နောက်ဖေးတံခါးဖွင့် လိုက်ချိန်မှာ စံပယ်နံ့လေးလည်းရ အပင်မှာပွင့်လက်စ သစ်ခွပန်းလေးကလည်းလှနဲ့ နံနက်ခင်းတိုင်းမှာမြင်ရတဲ့ မြင်ကွင်းက ကြည်နူးစရာပါ။ 

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ အညာသားတင်တဲ့ ပို့စ်လေးတွေကြည့်ပြီး ခဏတာပဲဖြစ်ဖြစ် စိတ်ကြည်နူးမှုရကြပါစေ။ လာရောက် လည်ပတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်၊ ဗုဒ္ဓဟူးနေ့။

Thursday, October 30, 2025

သီးရွက်စုံ အချဉ်ရည်ဟင်း

 


အချဉ်ရည်ဟင်းချက်ဖို့ လယ်ကန်စွန်း၊ မုံလာဥဖြူ၊ ခရမ်းချဉ်သီး၊ ပဲစောင်းလျားသီး၊ နံနံပင်နဲ့ မန်ကျည်းရွက်

အညာသား ချက်စားဖြစ်တဲ့ဟင်းထဲမှာ အသီးအရွက်စုံချဉ်ရည်သောက်ဟင်းက အများဆုံးပါပဲ။ အသီးအရွက်က ဝယ်ရတာအဆင်ပြေတော့ မကြာခဏချက်ဖြစ်တဲ့ဟင်းပေါ့။ အချဉ်ဟင်း ငရုတ်သီးထောင်း သို့မဟုတ် ငါး‌ခြောက်ကြော် ဆိုရင် ကျန်တာမပါလည်း ထမင်းမြိန်တဲ့ ဟင်းစပ်လေးပေါ့။ ဒီမှာက သူတို့ကန်စွန်းရွက်ကို အချဉ်ရည်ဟင်းလိုသိပ်မချက်ကြဘူး။ တခါတရံ ပုစွန်နဲ့သူတို့ထိုင်းရိုးရာအချဉ်ဟင်းအနှစ်နဲ့ ရောချက်တာမျိုးတေရှိိတယ်။ ကန်စွန်းရွက်ကြော်ကတော့ စားကြတယ်။ လယ်ကန်စွန်းရိုးနီကိုတော့ အညွှန့်လေးပါတဲ့ အရိုးနုနုအပေါ်ပိုင်းကိုဖြတ်ပြီး သင်္ဘောသီးထောင်းနဲ့ တွဲစားဖို့ ရောင်းကြတယ်။ ပုံထဲကဟာကတော့ အရွက်လေးတွေပါ ပါလို့ အချဉ်ဟင်းချက်ဖို့အဆင်ပြေတာနဲ့ ဝယ်လာခဲ့တာ။ တယောက်တည်းဆိုတော့ တမျိုး ၁၀ ဘတ်ဖိုးဆို စားလို့ဖြစ်တယ်။ မုံလာဥကတော့ အရင်ကဝယ်ထားတဲ့ထဲက တပိုင်းဖြတ်ထည့်၊ ပဲစောင်းလျားသီး၊ မန်ကျည်းရွက်၊ နံနံပင် နဲ့ ပေါက်ပန်းဖြူပွင့်၊ မျှစ်လည်းပါသေးတယ်။ ပေါက်ပန်းဖြူပွင့်ကတော့ မထည့်လည်းဖြစ်တယ်၊ ကိုယ်ကကြိုက်တော့ ထည့်ချက်လိုက်တာ။



အညာသားအမြဲတမ်းချက်စားဖြစ်တဲ့ အချဉ်ရည်သောက်ဟင်းတခွက်ပါ



ငါးခြောက်နဲ့ငရုတ်သီးကြော် 

အချဉ်ဟင်းနဲ့တွဲစားဖို့ ငါးခြောက်ကို ငရုတ်သီးမှုန့်နဲ့ကြော်ထားတာ။ သူတို့ငါးခြောက်အများစုက ဆားသိပ်မငန်ဘူး။ ဆားငန်တဲ့ငါးပုတ်ခြောက်လိုမျိုး ငါးခြောက်ကျတော့လည်းဆားခဲကိုဝါးရတဲ့အတိုင်းကိုငန်တာ။ တခါတုန်းက အရမ်းစားချင်စိတ်ဖြစ်လို့ အထာမသိဘဲ အဲဒီငါးဆားနယ်တပိုင်းကိုဝယ်ပြီးကြော်မိတာ အနံ့က ဒယ်အိုးကို အဝတ်ရေဆွတ်ပြီး အဖုံးအုပ်ကြော်တာကို တဆောင်လုံးဖုံးဖိလို့မရဘူး။ ဘေးအခန်းတွေက အဆောင်ပိုင်ရှင်ကို အသိပေးတဲ့အထိ အနံ့ထွက်သွားလို့ အဲဒီငါးခြောက်ဆို နောက်လုံးဝမဝယ်ရဲတော့ဘူး။ 



ဒီပုံထဲက အရွက်နှစ်မျိုးကလည်း တွေ့တိုင်းဝယ်စားတဲ့အရွက် နှစ်မျိုးပါပဲ။ တမျိုးက မြန်မာပြည်မှာတေ့ ကြက်သဟင်းရွက်လို့ ခေါ်ကြတယ် ပြောတယ်။ ကျနော်တို့ရွာဘက်မှာတော့ မရှိဘူး။ ဒီရောက်မှ စားဖူးတာပဲ။ သူတို့ကတော့ လာအိုဟင်းလို့ခေါ်တဲ့ မှို၊ မျှစ်၊ ဆူးပုတ်၊ ဆန်းလှော်မှုန့်နဲ့ ချက်တဲ့ဟင်းထဲမှာထည့်ချက်တာစားဖူးတယ်။ ကျနော်ကတော့ ပဲဝါလေးနဲ့ဟင်းချိုချက်တဲ့အခါ ချက်တယ်၊ ကြက်ဥနဲ့ကြော် စားတာကိုလည်း ကြိုက်တယ်။ ကြက်ဥနဲ့ကြော်စားရင်း တော်တော်လေးကို နူးညံ့တယ်။ ပဲဟင်းချိုထဲထည့်ချက်ရင်လည်း အရမ်းစားလို့ကောင်းတယ်။



ကြက်သဟင်းနဲ့ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ထားတာပါ


ဒါကတော့ အညာသားရဲ့ နေ့လယ်စာထမင်းဘူးပါ။ ထိုင်းဟင်းတွေကို အနံ့အရသာအလွတ်ရနေပြီမို့ ကြာလာတော့ ဟင်းမြင်တာနဲ့ အရသာကိုသိနေလို့ မစားချင်တော့တာနဲ့ မြန်မာအရသာလေးတွေပဲ ကိုယ်တိုင်ချက်စားဖြစ်တယ်။ နေ့လယ်စာကိုလည်း ထမင်းဘူးနဲ့ထည့်ယူလာတယ်။ Lab ကသူငယ်ချင်းတွေက ဆိုင်မှဝယ်စားကြတာမို့ ကိုယ်တိုင်ချက်တာလို့ပြောရင် သူတို့က အံ့ဩကြတယ်။ တခါတရံတော့ ကန်တင်းက ထမင်းဆိုင်မှာ ဟင်းဝယ်စားတယ်။ ဟင်းဆိုင်တွေကလည်း ကိုယ့်ကို မြန်မာမှန်းသိနေလို့လားမပြောတတ်ဘူး ဟင်းဝယ်ရင် အများကြီးထည့်ပေးတာ နည်းနည်းပဲပေးပါဆိုလည်း မရဘူး။ ဟင်းတပွဲဝယ်ရင် ၃ နပ်လောက်စားရတယ်။ အစားအစာနဲ့ ပတ်သက်ရင် ကိုယ်ကလည်း သူများကို အမြဲတမ်းဝေမျှစားလို့လားမသိဘူး ဘယ်လောက်ပဲအဆင်မပြေပါစေ အစားအစာတော့ ကျွေးသူမရှားဘူး။ ကိုယ်တိုင်ကလည်း ချက်ပြုတ်ရတာ ဝါသနာပါ‌တော့ ဟင်းချက်ပြီးပြီဆိုရင် ဘယ်သူ့ပေးရမလဲ စဉ်းစားနေတာ။ ကျောင်းထဲတုန်းကတော့ အခန်းချင်းကပ်လျက် မြန်မာတွေရှိတော့ အဆင်ပြေတယ်။ အပြင်ရောက်လာတော့ နီးနီးနားနားပေးစရာမရှိတော့ တခါချက်ရင် ကိုယ်တိုင်ပဲ မကုန်မချင်း စားရတာ။ အခုတော့ ထိုင်းတွေပါ ကိုယ့်လက်ရာကို သဘောကျနေပြီမို့ သူတို့အတွက်ထည့်ယူလာလို့ရတယ်။ 

အညာသားဆီကို လာလည်ရင်းနဲ့ တင်သမျှလေးအကြောင်းအရာလေးတွေကို ကြည့်ပြီး ခဏတာအပန်း‌ပြေကြပါစေဗျ။လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ (၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။ 
လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက်၊
၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၀) ရက်၊ ကြာသပတေးနေ့။

Tuesday, October 28, 2025

My mini garden (2)

 

ဝယ်ပြီးကတည်းက ၂ လတကြိမ်လောက်ပုံမှန်ပွင့်တဲ့ သစ်ခွပင်ပါ 

အပင်လေးတွေနဲ့နေထိုင်ရခြင်းဟာ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ အထူးသဖြင့် ကျနော်တို့လို့ အဝေးမှာရောက်နေကြရသူတွေအတွက် ကိုယ်နေတဲ့နေရာမှာ အပင်လေးတွေစိုက်ပျိုးခြင်းဟာ အပန်းလည်းပြေသလို အလွမ်းလည်းဖြေလို့ရပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးမယ်ဆိုရင်တော့ သူတို့ရဲ့အသံ၊ အညစ်အကြေး ကျန်းမာရေး အစားအစာ စသဖြင့် မျိုးစုံအောင်ဂရုစိုက်ပေးဖို့လိုတယ်။ အပင်လေးတွေကတော့ စိုက်ထားပြီးရင် ရေပုံမှန်လောင်း စိုက်တဲ့အပင်ပေါ်မူတည်ပြီး အလင်းရောင်လိုအပ်ရင် အလင်းရောင်ရတဲ့နေရာလေးရွှေ့ပေး တပတ်တကြိမ်လောက် မြေဆွ အရွက်နွမ်းလေးတွေခြွေပေးပြီး သူတို့ရဲ့ ရှင်သန်ဖြစ်ထွန်းမှုကိုကြည့်ရင်း စိတ်အပန်းဖြေရတာ အလွန်ပျော်စရာကောင်းပါတယ်။ အဲဒီလို သတိထားကြည့်နေရင်းက အဖူးအပွင့် အသီးလေးတွေ ဖြစ်ထွန်းလာပြီဆိုရင် ပိုပြီးပျော်ရတယ်။


ဒါကတော့ အခန်းနောက်ဖေးဝရံတာက အပင်လေးတွေပါ အဝတ်လှန်းဖို့ လုပ်ပေးထားတဲ့ စင်က အပင်ထားဖို့ဖြစ်နေတာ

မှတ်မှတ်ရရ ကိုဗစ်ကပ်ဘေးတုန်းက ‌နောက်ပိုင်း နည်းနည်းအားပျော့လာတဲ့ မျိုးကွဲတခုမှာ ကိုဗစ်ကူးလို့ အခန်းမှာပဲ ၂ ပတ်နေရတယ်။ သိပ်ပြီးအားမပြင်းတဲ့အဆင့်မို့ အိပ်ရာထဲလှဲစရာလည်းမဆို ပုံမှန်‌ဆေးသောက် အစာစား တရားနာ၊ အင်တာနက်ကြည့်၊ စာဖတ် စသဖြင့်နေရတာ တပတ်မပြည့်ခင်မှာပဲ လူကအပြင်ကိုအရမ်းထွက်ချင်တယ်။ ၁၄ ရက်ပြည့်အောင် ဘယ်လိုများနေရပါ့မလဲ တွေးနေတုန်း အခန်းနောက်ဖေးက ဝရံတာမှာ ကိုယ်စိုက်ထားတဲ့အပင်လေးတွေနား စာရေးခုံလေးချပြီး ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ "လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ" ဆိုတဲ့စာအုပ်ကို ကွန်ပျူတာနဲ့ဖတ်ဖြစ်တယ်။ စာဖတ်လို့ မျက်စေ့ညောင်းလာတဲ့အခါ အပင်လေးတွေကြည့်လိုက် သူတို့ကို ရေလောင်းလိုက် မြေဆွပေးလိုက်နဲ့ စာဖတ်လိုက်နဲ့ ၁၄ ရက်ပြည့်သွားတာ သိပ်မကြာလိုက်သလိုပဲ။ အဲဒီစာအုပ်လည်း အရင်ကကြားဖူးနေတာ အမြည်းလောက်ပဲဖတ်ပြီး ရပ်ရပ်ထားတာက နောက်ဆုံး ကိုဗစ်နဲ့တွေ့မှပဲ အပြီးထိဖတ်ဖြစ်လိုက်တယ်။ ပုံမှန်လည်း စာဖတ်ပေမဲ့ စိတ်ခွန်အားပေးစာအုပ်များနဲ့ ဘာသာရပ်ဆိုင်ရာစာတွေပဲပိုဖတ်ဖြစ်လို့ အနားယူရတဲ့အချိန်မှာ အဲဒီစာအုပ်ဖတ်ရတာ တော်တော်လေးကို အရသာရှိလှတယ်။


သူပွင့်တဲ့အခါတိုင်း အသေးတခိုင် အကြီးတခိုင် ထွက်ပြီးပွင့်တယ် ကိုယ်စိုက်ထားတဲ့ အပင်ကနေမခူးရက်ပေမဲ့လည်း ကုသိုလ်ပြုတာမို့ အရင်တခါတုန်းကတော့ တခိုင်ခူးပြီး ဘုရားပန်းလှူဖြစ်တယ် 😊

စိတ်တွေညစ်ညူးလာတဲ့အခါ အညာသားရဲ့ အပန်းဖြေတဲ့နေရာဟာ မီးဖိုချောင်နဲ့ ကိုယ်စိတ်ထားတဲ့အပင်လေးတွေထားတဲ့နေရာပါပဲ။ တကယ်ကို စိတ်ချမ်းသာမှုပေးတဲ့ နေရာလေးတွေပေါ့။ သူများတွေကို အပြင်ထွက် လျှောက်လည် ဆိုင်ထိုင်တာမျိုးမလုပ်ဘူး။ ကိုယ့်အခန်းမှာပဲ ကိုယ်စားချင်တာကို စိတ်ကြိုက်ချက်စားပြီး အပင်လေးတွေနားနေ လိုအပ်တာလေးတွေပြင် နေရာပြန်ပြောင်းနဲ့ လုပ်လိုက်ရင် စိတ်ညစ်စရာတွေပြေပျောက်သွား ရော။


ဘယ်ဘက်က နှစ်ပင်က ရွက်လှနဲ့ ဇီဇဝါပင်၊ အရွက်စိမ်းဝါကြားက ဘိုးတော်ဖြူ ဂမုန်းဆိုလား ဂူဂယ်မှာတွေ့ထာပဲ ဝယ်တုန်းက အရွက်သေးသေးလေး ၂ ရွက်ပဲပါတာ၊ ကိုယ့်ဆီရောက်တော့ အိုးပြောင်း မြေဆွေးထပ်ဖြည့် စိုက်လို့ အရွက်တွေကြီးလာတာ နောက်ပိုင်း နေရာကြပ်တာနဲ့ အဆောင်ပိုင်ရှင်ကို လက်ဆောင်ပေးလိုက်တယ်။
ရွက်လှပင်ကလည်း လူတရပ်လောက်မြင့်လာလို့ အဆောင်ပိုင်ရှင်ကို ပေးလိုက်တာ။


ဒါကတော့ အိပ်ရာဘေးမှာထားတဲ့အပင်လေးတွေပါ၊ အရင်က စာအုပ်တွေထားတာ နောက်တော့ စိတ်ပြောင်းပြီး အပင်လေးတွေထားလိုက်တာ။ မွေ့ယာကိုပြောင်းပြန်ထားအိပ်ရတာက နောက်ကျောအောင့်ပြီး မအိပ်နိုင် လမ်းမလျှောက်နိုင်ဖြစ်လို့ ဆရာဝန်သွားပြတော့ မွေ့ယာအပျော့ပေါ်ကြာကြာအိပ်ရင် ကျောရိုးအနေအထား မမှန်လို့ဖြစ်တာ အောက်ခံအမာပေါ်မှာ အိပ်ဆိုလို့ မွေ့ယာအောက်က အထပ်သားပြားကို အပေါ်တင်ပြီး အိပ်မှအဆင်ပြေသွားတာ။ အညာသားပီသချက်က ကြမ်းပေါ်မှာပဲ အိပ်လာခဲ့ရဖူးတော့ သူဌေးအိပ်ရာနဲ့ အဆင်မပြေဘူးလို့ အမေ့နဲ့ဖုန်းပြောရင်း စနေသေးတယ်။ နောက်ကျောအောင့်တာ ခါးကြီးကုန်းပြီး ‌ထိုင်ပြီးရင်ထဖို့ခက် ထပြီးရင်ထိုင်ဖို့ခက်နဲ့ ငုတ်တုတ်အိပ်ရတာ သုံးလေးည၊ ဆရာဝန်နဲ့သွားပြပြီး သူအကြံပြုတဲ့အတိုင် လုပ်လိုက်မှ အဆင်ပြေသွားတာ။ အပင်လေးတွေက ရွက်လှဂမုန်းလေးတွေပါပဲ၊ ကျောက်စိမ်းဂမုန်းကတော့ မာစတာကျောင်းသူလေး ကျောင်းပြီးသွားတော့ လက်ဆောင်ပေးခဲ့တာ သူပေးခဲ့တုန်းက တကိုင်းပဲပါတာ ကိုယ့်ဆီရောက် အိုးအသစ်လဲပေးလိုက်တော့ ပုံထဲကလိုအရွက်တွေအများကြီးထွက်လာလို့ အလုပ်မှာထားရင်းက အခန်းကို သယ်လာခဲ့တာ။ 


ဒါကတော့ လက်ရှိပွင့်နေတဲ့ ၂ ခိုင်ပါ။ သူတို့အရင် အကြီးတခိုင်နဲ့ အသေးတခိုင်ပွင့်ထားတာက ကြွေပြီး သူတို့ အသစ်ပွင့်တာ။ တကယ်ကို ပန်းနဲ့မပြတ်တဲ့အပင်လေးပါ၊ ကျနော်ကတော့ မနက်အိပ်ရာထ အခန်းတံခါးဖွင့်လိုက်တာနဲ့သူ့တို့ကိုကြည့်ပြီး တနေ့တာအတွက်ခွန်အားယူတယ်။

ဒီနှစ် စိုက်ပျိုးရေးဈေးပွဲတော် တုန်းက အရောင်မတူတာ ၃ ပင်ဝယ်ထားသေးတယ်။  ကြက်ရုံးပင်နစံပယ်ပင်လည်း စိုက်ထားသေးတယ်၊ ကြက်ရုံးပင်ကတော့ အဖူးတေွ အခု အဖူးတေွဖူးနေပြီ ပွင့်မှပို့စ်တင်အုံးမယ်။ နှင်းဆီတစ်အိုးလည်းစိုက်ထားသေးတယ်။လိုင်းပေါ်မှာ ကြောင်လေးတွေ ခွေးလေးတွေမွေးတဲ့သူတွေကြည့်ပြီးတော့ ငါလိုသာ အပင်တွေမြင်တိုင်းဝယ်ရင်သူတို့ ကြောင်စာဖိုး ခွေးစာဖိုးနဲ့ကို မလွယ်လောက်ဘူးလို့တွေးရင်း ပြုံးမိသေးတယ်။ ခွေးနဲ့ကြောင်ဆိုရင်တော့ ခွေးကိုပိုချစ်တယ်။ ကျန်တဲ့ပ္စည်းတွေကိုသာ စိတ်မဝင်စားရင်နေမယ် အပင်ရောင်းတဲ့ဆိုင်မြင်လို့ကတော့ မဝယ်လည်း ဝင်ကြည့်လိုက်ရမှ‌စိတ်ကကျေနပ်တယ်။ ရေစက်ကဆုံချင်တော့ ပါရဂူဘွဲ့ကျမ်းကြီးကြပ်သူ ဆရာမကလည်း ကိုယ်လိုပဲ အပင်စိုက်တာဝါသနာပါတယ်၊ သူကတော့ ဈေးကြီးပေးရတဲ့ အပင်တွေကို ဝယ်ပြီးသေချာစိုက်တာ။ ကိုယ်ကတော့ အပင်စုံစိုက်တာပဲ၊ ဟင်းခတ်အမွှေးအကြိုင်ရော စားလို့ရတဲ့အပင်ရော အလှဆင်တဲ့အပင်ရော။ တခါတလေများ ခြံအကျယ်ကြီးတခြံလောက်ဝယ်ပြီး အပင်တွေစုံအောင်စိုက်  ဟင်းသီးဟင်းရွက်ကို လတ်လတ်ဆတ်ဆတ်ခူးပြီး ချက်ချင်း ချက်ပေးတဲ့ ဝန်ဆောင်မှုလေးပါတဲ့ထမင်းဆိုင်လေးပါဖွင့် စာဖတ်ချင်သူတွေ စာဖတ်လို့ရအောင် စာကြည့်တိုက်လေးလည်းထား၊ စိတ်အေးလက်အေးနဲ့ အသီးအရွက်ကြိုက်တဲ့ အပမ်းဖြေချင်သူတွေအတွက် နေရာလေးတခုပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ်တော့ ဟုတ်နေတာပဲ။ တက္ကသိုလ်တုန်းက ရုက္ခဗေဒမေဂျာယူခဲ့မိရင် တော်တော် အဆင်ပြေမှာလို့တွေးမိသေးတယ်။ အဲဒါဆို ကိုယ့်ဝါသနာနဲ့ ရာနှုန်းပြည့် အံဝင်ခွင်ကျဖြစ်မှာ။ ဓာတုဗဒေဘာသာရပ်ကိုလည်း စူးစမ်းခွင့်ရလို့သဘောကျပါတယ်။ ဝါသနာအရဆိုရင်တော့ ရုက္ခဗေဒဘာသာတွဲက ပိုပြီးတော့ လိုက်ဖက်တာပေါ့။ ကိုယ့်ဆရာမနဲ့ ကိုယ်က ဓာတုဗေဒသမားတွေဖြစ်ပြီး ပင်စိုက်တာကို ဝါသနာလာတူနေကြတာ။ ဆရာမ သားကျတော့ အဖေက ရူပဗေဒ၊ အမေကဓာတုဗေဒ၊ သားကျတော့ သတ္တဗေဒ အကောင်လေးတွေကို အရမ်းချစ်တဲ့သူဖြစ်နေ ပြန်ရော။ 

အညာသားစိုက်ထားတဲ့ အပင်လေးတွေနဲ သစ်ခွပန်းအလှကို ကြည့်ရှုခံစားရင်း အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ။ 

လေးစားမှုဖြင့်
အညာသား
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈) ရက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ အင်္ဂါနေ့။