Pages

Sunday, February 16, 2020

ချက်ပြုတ်ခြင်းအနုပညာ

မအားတဲ့ကြားက တခါတလေ အညာသား ချက်စားဖြစ်တဲ့ဟင်းခွက်လေးတွေပါဗျ။


ကြာဇံကြော်


ပင်စိမ်းရွက် ခရမ်းချဉ်သီးချက်




ဖရုံရွက်ကြော်


 ငါးခြောက်ကြော်


 ခေါက်ဆွဲကြော်


နံနံပင်နဲ့ကြက်သွန်ချဉ်


ခရမ်းချဉ်သီးထောင်း


ပဲပြုတ်ထမင်းကြော်




 ပဲပြုတ်ကြော်


ကြက်ဥ၊မှို၊ပန်းဂေါ်ဖီစိမ်းကြော်


လာလည်ကြတဲ့မိတ်ဆွေ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

အားပေးမှုးကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈) ရက်
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်

Saturday, January 18, 2020

မုန့်ညှင်းပေါင်းနဲ့အညာခရမ်းချဉ်သီးထောင်း

အချက်အပြုတ်ဝါသနာပါတဲ့ ကျနော်အညာသား အလုပ်များပျားတုပ်နေတဲ့ကြားက တခါတခါအချိန်လုပြီး
ထမင်းဟင်းချက်စားဖြစ်သေးတယ်။ကျောင်းထဲမှာတစ်ရက်ခြားညနေပိုင်းရောင်းတဲ့ဈေးလေးမှာအသီးအရွက်တွေတွေ့ရင်သဘောကျတဲ့အခါဝယ်ထားပြီးချက်မစားဖြစ်ပေမဲ့ကျောင်းကရေခဲသေတ္တာထဲမှာထည့်သိမ်းထား။
ညနေပိုင်းစောပြန်ဖြစ်တဲ့နေ့ဆိုရေခဲသေတ္တာထဲကထုတ်သွားပြီးစိတ်ကြိုက်ချက်စား။ရောက်ခါစကထိုင်းစာတွေကြိုက်တယ်ပေါ့ချက်စားစရာမလိုဘူးဆိုပြီးကျေနပ်နေတာ။အခုနှစ်နဲ့ချီပြီးစားလာတော့ပါးစပ်ကငြီးငွေ့လာတယ်။ထမင်းစားနားချိန်ဆိုင်ကိုသွားပြီးဆိုင်ရောက်ခါမှစားချင်စိတ်မရှိလို့ပြန်ခဲ့ရတာလည်းအခါခါ။
ဒါကြောင့်တခါတလေတော့မအားတဲ့ကြားကဖြစ်အောင်ချက်စားတယ်။


ဒါက ပထမ တစ်အိုးကျက်ခါစမှာ ပူပူလေးမြည်းတာ ငရုတ်သီးစိမ်းစပ်စပ်လေးနဲ့စားလို့ကောင်း



ဒီဇင်ဘာလထဲတုန်းကမြန်မာပြည်အလည်ပြန်တဲ့ညီမတစ်ယောက်ကိုငါးပုတ်ခြောက်တစ်ဗူးနဲ့လဘက်ပဲကြော် တစ်ထုပ်စီမှာလိုက်တာ။ငါးခြောက်က ၆၅၀၀ လဘက်က ၂၅၀၀ နှစ်မျိုးပေါင်း မြန်မာငွေ ၉၀၀၀ ကျတယ်တဲ့။
ထိုင်းဘတ်နဲ့တွက့်ပြီး ၁၈၀ ပေးလိုက်တယ်။စားချင်တာလေးတကုတကသယ်လာပေးလို့ကျေးဇူးတင်ရတယ်။
အဲ့ဒီငါးခြောက်မကုန်ခင်လေးသူနဲ့တွဲစားဖို့ဟင်းဘက်စဉ်းစားရင်းခရမ်းချဉ်သီးထောင်းစားဖို့သတိရတာနဲ့
ခရမ်းချဉ်သီးအသေးလေးတွေဝယ်ပြီးကျောင်းမှာသိမ်းထား၊ဒီနေ့ညနေဌာနကအစောပြန်လာပြီးချက်စားဖြစ်
တယ်။အခါတိုင်းသူများတွေကကိုယ့်ကိုနှုတ်ဆက်ပြီးတစ်ယောက်ပြီးတစ်ယောက်ပြန်ကြတာကိုယ်ကည ၁၁ ဆိုတာအစောဆုံးပြန်ရတာမို့ ဒီနေ့တော့သူတို့ကိုအရင်ဆုံးနှုတ်ဆက်ပြီးပြန်ခဲ့တယ်။အစောပြန်နေကျမဟုတ်
တော့ပစ္စည်းသိမ်းပြီးနှုတ်ဆက်ရမှာချီတုံချတုံနဲ့အသစ်ရောက်တဲ့ဘူတန်ကကျောင်းသူကိုငါအစောပြန်ရမှာ
ရှက်တယ်လို့စနေသေးတယ်။နောက်တော့အားလုံးကိုလက်ပြပြီးအခန်းထဲကမြန်မြန်ထွက်လာခဲ့တယ်။
အလင်းရောင်ရှိတုန်းပြန်နေကျမဟုတ်တော့စိတ်ထဲမလုံတလုံဖြစ်နေသေးတယ်။


ခရမ်ချဉ်သီး၊ငရုတ်သီးစိမ်းနဲ့နံနံပင်ရောထောင်းထားတဲ့ အညာခရမ်းချဉ်သီးထောင်းမွှေးမွှေးစပ်စပ်


ဒုတိယ တစ်အိုးက အအေးခံထားပြီးသားမို့ မုန့်သားကမာမာလေး


မုန့်ညှင်းပေါင်းကို ခရမ်းချဉ်သီးထောင်းနဲ့ရောပြီးစားတာ

အဆောင်ရောက်တော့လည်းတစ်မျိုးကြီးခံစားရတယ်။အခါတိုင်းကိုယ်ရောက်တဲ့အချိန်ဆိုဝင်ပေါက်စောင့်တဲ့
လုံခြုံရေးတွေတောင်အိပ်နေကြပြီ။ဒီနေ့တော့စောစောစီးစီးပါလားဆိုတဲ့အကြည့်နဲ့သူတို့လည်းသတိထားမိ
တယ်ထင်ရဲ့။အခန်းရောက်တော့အဝတ်လဲပြီးချက်ပြုတ်ခြင်းလုပ်ငန်းစပါတယ်။ချက်ရပြုတ်ရမယ်ဆိုမောရမှန်းမသိဘူး။ချက်ပြုတ်ရင်းနဲ့အမောဖြေတာပေါ့။ပထမတစ်မျိုးကမုန်လာဖူးကိုကြော်ဖို့စဉ်းစားရင်းကနေ
မုန့်ညှင်းပေါင်းလုပ်ဖို့စိတ်ကူးပြောင်းပြီးရှိပြီးသားပြောင်းဖူးမှုန့်နဲ့ပဲမှုန့်နည်းနည်းကျန်တာကိုရောကြက်သွန်ဖြူ
ဂျင်း၊ဆား၊ဆီအနည်းငယ်နဲ့ကြက်သားမှုန့်ထည့်ပြီးသမအောင်နယ်၊အမှုန့်နဲ့မုန့်ညှင်းရွက်တွဲကပ်ရုံရေထည့်ပြီးထပ်နယ်၊ပေါင်းအိုးမရှိတော့ဒယ်အိုးနီထဲကိုကြွေပန်းကန်အသေးအောက်ကထားအပေါ်ကကြွေပန်းကန်ပြား
တင်နယ်ထားတဲ့အမှုန့်နဲ့ရောနယ်ထားတဲ့မုန့်ညှင်းကိုငှက်ပျောဖက်အစားအလူမီနီယံဖွိုင်ကိုအပိုင်းလေးတွေ
ဖြတ်ပြီးထုပ်၊အိုးထဲကပန်းကန်ပြားပေါ်တင်ပြီးရေဆူအောင်တည်။တခါမှမလုပ်ဖူးတော့လုပ်သာလုပ်ရတယ်
ရင်တမမနဲ့အဆင်မှပြေပါ့မလားမဖြစ်ရင်တော့ကျန်တာကိုအကြော်ကြော်စားမယ်ဆိုပြီးစဉ်းစားနေတာ၊
၅ မိနစ်လောက်ထားပြီးအဖုံးဖွင့်အပေါ်ကတထုပ်ကိုအသာလှပ်ကြည့်တော့ကျက်စပြုနေတာနဲ့ဝမ်းသာအားရ
အဖုံးပြန်ပိတ်ပြီးနောက်ထပ်၅မိနစ်လောက်ထပ်တည်။မီးပိတ်ပြီးတစ်ထုပ်ကိုအရင်စမ်းကြည့်တော့အရသာ
မုန့်အနေအထားအိုကေမှစိုပြေတာနဲ့ကျန်တာကိုနောက်တကျော့ထပ်ပေါင်း။ပထမတစ်ပေါင်းကလေးထုပ်ကို
အိုးထဲကဆယ်ပြီးချင်းမြည်းတာနှစ်ထုပ်ကုန်တယ်။မထင်ဘဲထလုပ်လိုက်တာကအဆင်ပြေပြေနဲ့စားလို့ကောင်းလိုက်တာမပြောပါနဲ့။ကျောင်းမှာကတည်းကဗိုက်ဆာလာတာလည်းပါတာပေါ့။

ဒုတိယတစ်ပေါင်းကျက်တော့မှခရမ်းချဉ်သီးပြုတ်အအေးခံထားခဲ့ပြီးရေကူးချင်စိတ်ပေါက်တာနဲ့တစ်နာရီ
လောက်ရေသွားကူးလိုက်တယ်။ရေကူးကအပြန်ခရမ်းချဉ်သီးကိုငရုတ်သီးစိမ်းရယ်နံနံပင်ရယ်၊ကြက်သွန်ဖြူ
တစ်လုံးရယ်ရောပြီးထောင်း။အနံ့ရတော့ရွာတုန်းကအိမ်မှာအမေထောင်းကျွေးနဲ့ခရမ်းချဉ်သီးထောင်းကိုသတိရလိုက်သေးတယ်။နံနံပင်ကိုတခါထဲရောပြီးထောင်းတာကပိုမွှေးတယ်။အဖွားတို့တဲကိုသွားတဲ့အခါလည်း
အဖွားကခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်ကိုအခင်းထဲကခူးမီးခဲပေါ်တင်ငရုတ်သီးစိမ်းအပင်ကဆွဲဆွတ်
ကိုင်းခင်းထဲကနံနံပင်ဆမြိတ်ပိတ်နှုတ်ပြီးခရမ်းချဉ်သီးထောင်ကျွေးတာထမင်းစားလို့အလွန်ကောင်းပေါ့။
ခရမ်းချဉ်သီးထောင်းရင်းငယ်ငယ်ကစားခဲ့ဖူးတာကိုသတိရတော့ဗိုက်ကပိုဆာသလိုထင်ရတယ်။
အားလုံးပြီးတော့အဆောင်အောက်ဆင်းထမင်းတထုပ်ဝယ်ပြီးခရမ်းချဉ်သီးထောင်းရယ်၊ငါးခြောက်ဖုတ်ရယ်
မုန့်ညှင်းပေါင်းရယ်တွဲဖက်ပြီးရေနွေးတခွက်နဲ့ညစာစားတာတကယ့်ကိုမမေ့နိုင်တဲ့ထမင်းတနပ်ပါ။


အညာခရမ်းချဉ်သီးထောင်း ဆီဆမ်းရင် အရသာပျက်လို့ ခရမ်းချဉ်သီးထောင်းရင် ဆီမဆမ်းပါဘူး


ဒါက အရင်တရက်ကျော်က နံနံပင်မပါဘဲ ငရုတ်သီးစိမ်းကြက်သွန်ဖြူနဲ့ထောင်းထားတာ

ခရမ်းချဉ်သီးထောင်းရင်ငါးပိကောင်သို့မဟုတ်ငါးခြောက်မီးဖုတ်ကိုဆီဆမ်ပြီးတွဲစားရတာအလွန်လိုက်ဖက်တဲ့
ဟင်းစပ်ပါ။အိမ်တုန်းကတော့ငါးပိကောင်မပါဘဲညတုန်းကကျန်တဲ့ထမင်းကြမ်းခဲနဲ့ခရမ်းချဉ်သီးထောင်းကို
မနက်အစောမှာတွဲစားရတာခဏခဏပါ။အဲ့ဒီလိုမစားရတာနှစ်နဲ့ချီကြာပြီးအခုမှပြန်စားရတော့ထမင်းမြိန်လိုက်တာမပြောပါနဲ့။စားနေရင်းနဲ့ အိမ်ကိုလည်းသတိရတယ် ငယ်ဘဝကိုလည်းသတိရတယ် ရွာကိုလည်းလွမ်းတယ်။ဒီတခါပြီးရင်တော့ နောက်ထပ်ပညာသင်ထွက်ဖို့ မစဉ်းစားတော့ပါဘူး။ အားလုံးလာလည်ကြရင်းနဲ့ အမောပြေနိုင်ကြပါစေဗျ။ဗိုက်ဆာသွားရင်လည်းခွင့်လွတ်ပါ။တကယ်မြည်းစမ်းကြည့်စေချင်သော်လည်း
လိုင်ပေါ်မှာဆိုတော့အဆင်မပြေနိုင်လို့ခွင့်လွတ်ပါ။ဆိုင်ဖွင့်တဲ့အခါလာအားပေးကြပေါ့ း)


လာလည်ကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ပျော်ရွှင်ဖွယ်ရာ ၂၀၂၀ ပြည့်နှစ်ဖြစ်ပါစေလို့ ကျနော်ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ် ပြာသိုလ်လပြည့်ကျော် ၇ ရက်
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်

Monday, December 16, 2019

အမေ့အိမ်အလွမ်း‌‌‌‌‌‌‌‌‌ပြေ ချဥ်ပေါင်သီးဟင်း

ဒီတစ်ခါတော့ ဈေးထဲမှာ ချဉ်ပေါင်သီးတွေ့လို့ အညာချက်လေး ချက်စားဖြစ်တယ်။ အမေ့အိမ်အလွမ်းပြေဆိုလည်းမမှားပါဘူး။ငယ်ငယ်တုန်းကချဉ်ပေါင်သီးဟင်းစားရပါများလို့အသံကြားလျှင် ပါးကျိန်းလို့ ချဉ်ပေါင်သီး ဟင်းနီတာရဲကိုနှစ်ပေါင်းများစွာစားခဲ့ရပေမဲ့ သူနဲ့ကင်းကွာလာတာအချိန်ကြာပြီးပြန်တွေ့တဲ့အချိန်မှာတော့
သူ့အရသာကတစ်မျိုးနဲ့စားကောင်းနေတယ်။ချဉ်ပေါင်သီးဝယ်ပြီးတော့ငရုတ်သီးစိမ်းကိုပါထပ်ဝယ်လိုက်တယ်။ချဉ်ပေါင်သီးဟင်းချဉ်ချဉ်လေးကိုငရုတ်သီးစိမ်းငါးပိထောင်စပ်စပ်နဲ့တွဲဖက်စားဖို့ပါ။အချဉ်ထိန်းဖို့အတွက်ရုံးပတီသီးနည်းနည်းထည့်ချက်လိုက်တယ်။ကျနော်အတွက်တော့ အဲ့ဒီနေ့ညနေစာထမင်းပွဲဟာ
တစ်ယောက်ထဲဖြစ်ပေမဲ့စိတ်ထဲမှာတော့ငယ်ငယ်တုန်းကအိမ်မှာမိသားစုသိုက်သိုက်ဝန်းဝန်းနဲ့စားခဲ့ရသလိုပါပဲ
ထမင်းစားရင်းအိမ်ကအမေနဲ့အဖေကိုသတိရသလိုအစ်ကိုနဲ့ညီတွေကိုလည်းလွမ်းမိတယ်။ချဉ်ပေါင်သီးဟင်း
နီနီရဲရဲတစ်ခွက်နဲ့ငရုတ်သီးထောင်းကိုတွဲဖက်ပြီးမိသားစုတွေစည်းစည်းလုံးလုံးနဲ့ဝိုင်းဖွဲ့စားသောက်ခဲ့ကြတာ
တစ်ရက်မက တနှစ်မက ချဉ်ပေါင်သီးပေါ်ချိန်တိုင်းပါပဲ။ချဉ်ပေါင်သီးအစိုကုန်ခါနီးရင်အခြောက်လှန်းပြီး
နွေရာသီစားဖို့ ရေအိုးဟောင်းနဲ့ထည့်လှောင်ထားတတ်ကြသေးတာ။အစိုပြီးတော့အခြောက်ချဉ်ပေါင်သီးကို
ထန်တျာတေနေတော့တာ။ဘယ်အိမ်မေးမေးချဉ်ပေါင်သီးဟင်းချဉ်ပေါင်သီးထောင်းနဲ့အသံကြားတာနဲ့
ပါးတွေသွားတွေကျိန်းကုန်တာ။ဒါပေမဲ့လေးငါးဆယ်နှစ်လောက်ချဉ်ပေါင်သီးဟင်းနဲ့ကင်းကွာသွားတော့လည်း
အချဉ်အရသာသည်ပင်လျှင်တမ်းတစွဲမက်စရာဟင်းတခွက်ပြန်ဖြစ်နေပြန်တယ်။

ချဉ်ပေါင်သီးဟင်း အညာချက်

ဘာပဲဖြစ်ဖြစ်ပါလေ အမေ့အိမ်နဲ့ဝေးနေချိန်အစ်ကိုညီတွေနဲ့ဝေးနေချိန်မှာငယ်ငယ်ကအမြဲတမ်းစားခဲ့ရတဲ့
ချဉ်ပေါင်သီးဟင်းလေးကိုတစ်ယောက်ထဲစားရင်းအတွေးနဲ့ငယ်ဘဝကိုပြန်ရောက်သွားခဲ့တယ်။


အမြင်မလှပေမဲ့ အရသာရှိတဲ့ ချဉ်ပေါင်သီးဟင်းတခွက်ပါ 


မိုးမျှော်ငရုတ်သီးစိမ်းကို ဒယ်အိုးပူတိုက်ပြီး ကြက်သွန်ဖြူ ငါးပိမီးဖုတ်နဲ့ ရောထောင်းထားတာ
ချဉ်ပေါင်သီးဟင်းချဉ်ချဉ်လေးနဲ့လိုက်ဖက်တဲ့ဟင်းစပ်ပါ။

နောက်တစ်နေ့ကျတော့ကျန်တဲ့ချဉ်ပေါင်သီးဟင်းထဲကို မုံလာဥနည်းနည်း ပဲသီးခရမ်းသီးထပ်ရောပြီး ချဉ်ရည်သောက်လေးပြောင်းချက်စားတယ်။တခါတည်းနဲ့အဝပါပဲ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၆-၁၂-၂၁၀၉

Sunday, November 3, 2019

အညာသား လက်ရာ ကင်မ်ချီ

အညာသား လက်ရာ ကင်မ်ချီ

ကင်မ်ချီအရသာကိုပထမဆုံးစားဖူးပြီးကတည်းကသိပ်ပြီးကြိုက်လှတဲ့ထဲမှာမပါလို့ကိုယ်တိုင်လုပ်ကြည့်ဖို့ထက်
ကြုံတဲ့အခါစားတာမျိုးလောက်ပဲရှိတယ်။တခါတလေယူကျူ့ကအစားအသောက်ပြုလုပ်တဲ့ဗွီဒီယိုတွေမှာ
ကင်မ်ချီလုပ်နည်းကိုဝင်ကြည့်ဖြစ်တယ်။ဒါပေမဲ့စမ်းပြီးလုပ်ကြည့်ဖို့တော့စိတ်ကူးမရှိခဲ့ဘူး။အမှန်အတိုင်းပြောရရင်ကိုယ့်ဆီကမုန့်ညှင်းချဉ်ကိုပဲလွယ်လွယ်လုပ်စားဖြစ်တာများတယ်။ဒီတစ်ခါတော့ကွန်ပျူတာဌာနမှာ
တက်နေတဲ့ညီမတွေကကင်မ်ချီလုပ်စားတာကိုသူတို့မိုင်ဒေးမှာတင်တာတွေ့လို့တစ်ဗူးလောက်ပေးပါလို့ စပြီး
ကွန်မန့်ဝင်ရေးရင်းကသူတို့ကတကယ်ထင်ပြီးဗူးလိုက်တော့မရှိတော့ဘူးဆရာစားချင်တယ်ဆိုနည်းနည်းခွဲပေးမယ်ဆိုပြီးကျောင်းအားချိန်ညနေပိုင်းဌာနထိလာပေးသွားတာကနေမြန်မာမိတ်ကင်မ်ချီကိုစားဖူးပြီးကိုယ်တိုင်
ဖန်တီးကြည့်ချင်စိတ်ဖြစ်တာနဲ့စမ်းလုပ်ကြည့်တာပါ။

ချိုချဉ်အရသာလေးနဲ့ ထမင်းမြိန်တဲ့ ကင်မ်ချီ 

တရုတ်မုန့်ညှင်းဖြူကိုမူရင်းကိုရီးယားလိုအပင်လိုက်ထက်ခြမ်းခွဲမဟုတ်ဘဲတစ်လက်မခန့်လှီးဖြတ်ဆားနဲ့နယ်
ထားပြီးမုန့်လာဥနီ၊မုန်လာဥဖြူ၊ကြက်သွန်မြိတ်၊တွေကိုသင့်တော်တဲ့အရွယ်အစားရအောင်ဖြတ်တောက်ပြင်ဆင်ထားပါတယ်။အနှစ်အတွက်ကိုတော့ပြောင်းဖူးမှုန့်အနည်းငယ်ကိုရေဖျော်၍ပျစ်လာအောင်ကျိုပြီး အအေးခံထားပါတယ်။ကြက်သွန်ဖြူ၊ချင်းအနည်းငယ်ညက်အောင်ထောင်း၊အရောင်အတွက်ငရုတ်သီးအနှစ်
မရှိလို့ မုန်လာဥနီအနည်းငယ်ကိုခြစ်ပြီးအနီရောင်ရအောင်ထည့်ပါတယ်။ပန်းသီးတစ်လုံးကိုလည်းခြစ်ပြီးထည့်ပါတယ်။ကျိုထားတဲ့ပြောင်းဖူးကော်အနှစ်ထဲကိုထောင်းထားတဲ့ကြက်သွန်ဖြူ၊ချင်း၊မုန့်လာဥနီခြစ်ထားတာရယ်
ပန်းသီးခြစ်ထားတာရယ်သကြားနဲ့ဆားထည့်ပြီးသမအောင်မွှေပါတယ်။အနှစ်အဆင်သင့်ဖြစ်တဲ့အခါဆားနယ်ထားတဲ့မုန့်ညှင်းဖြူကိုရေဆေး၊လှီးဖြတ်ထားတဲ့ကြက်သွန်မြိတ်၊မုန်လာဥဖြူနီနဲ့ကြက်သွန်ဖြူမြိတ်လိုမျိုးနာမည်သေချာမသိထိုင်းဆန်ခေါက်ဆွဲကြော်မှာသုံးတဲ့အရွက်တစ်စည်းပါဖြတ်ထည့်ပြီးသမအောင်မွှေပါတယ်၊
အစပ်အရသာအတွက်ငရုတ်သီးလှော်မှုန့်အနည်းငယ်ထည့်ပါတယ်။အားလုံးသမသွားတဲ့အခါအရသာအနေအထားမြည်းပြီးလေလုံတဲ့ဖန်ဗူးသို့မဟုတ်ပလပ်စတစ်ဗူးထဲကိုသိပ်ထည့်ပြီးအခန်းအပူချိန်မှာပဲနှစ်ည
ထားပါတယ်။တစ်ညထားပြီးချိန်မှာကိုပဲအနံ့ကမွှေးလာပါပြီ။ကြက်သွန်ဖြူမြိတ်ကအနံ့ပိုထွက်တယ်ထင်ပါတယ်၊ ကင်မ်ချီနံ့စစ်စစ်မဟုတ်ပေမဲ့တော်တော်လေးဆွဲဆောင်မှုရှိပါတယ်။နှစ်ညထားပြီးချိန်မှာစားလို့ရပါပြီ
ကျနော်ကတော့ဗူးကိုလေလုံအောင်ပိတ်ပြီးဌာနကရေခဲသေတ္တာထဲမှာထည့်ထားပါတယ်။အဲ့ဒီအချိန်ကစပြီး
ကိုယ်တိုင်လုပ်တဲ့ကင်မ်ချီကိုမနားတမ်းအားပေးတာနှစ်ပတ်လောက်စားလိုက်ရပါတယ်။ကင်မ်ချီပေးတဲ့
ညီမလေးတွေကိုလည်းကိုယ့်လက်ရာပြန်မြည်းခိုင်းတော့သူတို့လုပ်တာထက်ပိုစားကောင်းတယ်လို့ချီးကျူး
ကြတယ်။ဘာပဲဖြစ်ဖြစ်လေကိုယ်လက်ရာကိုကောင်းတယ်ပြောရင်ချက်ရသူတိုင်းကျေနပ်တာပါပဲ။


ကြက်သားကြိတ်သားနဲ့ကင်မ်ချီ ချဉ်စပ်ကြော်


နောက်ပိုင်းကျန်တာကိုတော့ ကြက်သားကြိတ်ထားတာရယ်အာလူးရယ်ရောပြီးချဉ်စပ်ကြော်စားတယ်။
ခေါက်ဆွဲသုပ်တဲ့အခါကင်မ်ချီကိုအချဉ်အဖြစ်တွဲစားတယ်။ကြက်ဥရယ်အာလူးရယ်ကင်မ်ချီရယ်ရောပြီး
တခါကြော်စားတယ်။အနံ့သင်းသင်းလေးနဲ့ချိုချဉ်အရသာကင်မ်ချီကတစ်မျိုးစားလို့ကောင်းပါတယ်။နောက်လည်းအချိန်ရရင်လုပ်ပြီးဌာနကရေခဲသေတ္တာထဲမှာသိမ်းထားအုံးမယ်။ငံပြာရည်ချက်တစ်ဗူးလောက်နဲ့ဆို
စားဖြစ်တယ်။Labမှာညစားစားဖြစ်တာများတော့နေ့လယ်ကတည်းကထမင်းဝယ်ထားလိုက်ရင်ဟင်းအတွက်
ပူစရာမလိုတော့ဘူး။


ကြက်ဥ အာလူး နဲ့ ကင်မ်ချီ ကြော်

ချိုချဉ် ဆိမ့်လေးနဲ့ ထမင်းမြိန်တဲ့ ကင်မ်ချီ ဟင်းတခွက်

စာတွေနဲ့စိတ်ဖိစီးတဲ့အခါကျနော့်အတွက်အပန်းဖြေစရာတစ်ခုကတော့အခုလိုမျိုးဟင်းခွက်လေးတွေဖန်တီး
ချက်ပြုတ်ရတာပါပဲ။စာဖတ်ခြင်းတရားနာခြင်းအိပ်စက်ခြင်းတွေကလည်းစိတ်ဖိစီးမှုပြေပျောက်စေသလိုဝါသနာပါရာအစားအသောက်တခုခုကိုကိုယ်တိုင်ချက်ပြုတ်ရခြင်းကလည်းအပမ်းပြေပါတယ်။

လာလည်ကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း (၇) ရက်
၂၀၁၉ ခု နိုဝင်ဘာလ ၃ ရက်

Tuesday, October 29, 2019

My mini Garden


နေရတဲ့အဆောင်က နှစ်ယောက်ခန်း ကော်ရစ်ဒါက အဝတ်လှန်းဖို့လောက်ပဲ ထုတ်ပေးထားတာကို အပင်လေးတွေ စိုက်ထားတာ အခုတော်တော်လေးစိမ်းစိုနေပြီ။အပေါ်တန်းပေါ်ကတစ်ပင်ကစပျစ်ပင်ပါ။
သူငယ်ချင်းတစ်ယောက်ပြန်တော့အခန်းဖော်ကလိုချင်ဆိုတာနဲ့ယူထားပေးတာ။သူကရေကိုပုံမှန်မလောင်း
ပေးလို့ကိုယ်တိုင်ပဲပြုစုပေးနေတာ။အောင်မဲညိုပင်လည်းအစေ့လေးတွေယူပြီးထည့်ထားတာအခုအညွှန့်တွေ
ထွက်ပြီးတန်းပေါ်ကိုတက်နေပြီ။မနှစ်ကစိုက်ပျိုးရေးဈေးပွဲနောက်ဆုံးနေ့မှာသစ်ခွပင်သုံးပင်ဝယ်ပြီးစိုက်ထား
တာကတော့အဟာရကျွေးတာမမှန်လို့လား နေပူလို့ပဲလားမပြောတတ် အပင်သစ်လေးတွေထွက်ပေမဲ့
ပန်းကတော့ခုချိန်ထိတုတ်တုတ်မျှမလှုပ်သေးဘူး။ဇော်စိမ်းပင်ကလည်းဘုရားပန်းလဲတော့အမြစ်တွေထွက်နေ
တာနဲ့ရေသန့်ဗူးကိုထိပ်ပိုင်းဖြတ်ပြီးရေနဲ့ထည့်ထားတော့အမြစ်တွေထွက်ပြီးစိမ်းနေတာ။ရွှေလာငွေလာဂမုန်း
ပင်ရယ်ပိန်းပန်းပင်ရယ်ရှမ်းနံနံပင်ရယ်ငရုတ်ပင်ရယ်နဲ့ကျောင်းပြန်ရင်သူတို့နားရေလောင်းပေါင်းသင်၊
မနက်အိပ်ယာထဘုရားသောက်တော်ရေစွန့်တာလည်းသူတို့ပဲလောင်း။စိတ်ညစ်ရင်သူတို့ကြားဝင်ဟိုပြင် ဒီရွှေ့လုပ်တာနဲ့စိတ်ညစ်တာတွေပျောက်။ကျနော့်အတွက်တော့အဆောင်(၁၅)ထပ်မှာရှိတဲ့ကိုယ်ပိုင်ပန်းခြံလေးပါပဲ။ဌာနမှာလည်းအင်ဒိုးစိုက်တဲ့ပန်းအိုးလေးနှစ်ပင်စိုက်ထားသေးတယ်။ကျောင်းသားအားလုံးထဲမှာကိုယ့်နေရာ လေးကစိမ်းစိမ်းစိုစိုနဲ့မို့ဝင်သမျှကစိတ်ဝင်စားကြတယ်။ကိုယ့်အတွက်ကတော့စိမ်းစိမ်းစိုစိုမြင်ရရင်စိတ်ကြည်အောင်လို့ရယ်စိုက်ရပျိုးရတာလည်းဝါသနာပါလို့ရယ်ပါ။

လာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်တွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူတင်ရှိပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား