Pages

Monday, January 22, 2018

အညာသား နဲ့ ငှက်ဆွတ်မှို


 သစ်ရွက်ကြွေတွေကြားမှာ အခုလိုလေးတွေ ပေါက်နေတာ

ကျောင်းကိုရောက်ကတည်းက ကျောင်းဝန်းထဲ လမ်းလျှောက်ဖြစ်တဲ့အခါ သစ်ပင်အောက်တွေရောက်ရင်
ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်မိတယ်။ မိုးက တစွတ်စွတ်ရွာနေတာမို့ သစ်ဆွေးမြေဆွေးကောင်းတဲ့နေရာဆို
မှိုတွေပေါက်ချင်စရာအခြေအနေမျိုးပေါ့။ မှိုတွေပေါက်တတ်တဲ့ တောတောင်သဘာဝပတ်ဝန်းကျင်နဲ့ အတော် အသင့်ရင်းနီးနေသူမို့ ရောက်တဲ့နေရာမှာ စူးစမ်းလေ့လာခြင်းအလေ့အထလေးကကိုယ်နဲ့ကပ်ပါနေတယ်။ နောက်တခု သစ်သီးသစ်ပင်တွေကိုလည်း စိုက်ရပျိုးရ ဝါသနာပါတော့ ဒီတခါရောက်တဲ့ကျောင်းက ကိုယ့်အတွက်တော့တကယ့်ကို သာယာပြီး ပြည့်စုံတဲ့နေရာတခုလို့ ပြောနိုင်ပါတယ်။ ကျယ်ဝန်းတဲ့ကျောင်း ဖြစ်တာနဲ့အညီ သစ်ရိပ်ဝါရိပ် အလှစိုက်သစ်ပင် ရာသီအလိုက်ပွင့်တဲ့ပန်းပင် နဲ့ တော်တော်ကိုအမျိုးစုံပြီး
အေးချမ်းလှတဲ့နေရာတခုလည်းဖြစ်ပြန်တယ်။ စကားဝါ နဲ့ စကားဖြူပင်တွေ ဖူးပွင့်ချိန်များဆို တကျောင်းလုံး
စကားပန်းနံ့တွေကြိုင်လှိုင်နေတော့တာ။ ကျောင်းကနေအဆောင်ကိုအပြန် စကားပင်တန်းတွေအောက်က
ဖြတ်လျှောက်တဲ့အခါ စကားဝါပန်းနံ့ကို ရှုရှိုက်ရတဲ့အရသာက မြန်မာပြည်က ပုပ္ပားကိုပြန်ရောက်နေသလိုမျိုး
ခံစားရသလို အမောလည်းပြေစေတယ်။


ကျောင်းပိတ်ရက်တနေ့ ကိစ္စတခုနဲ့ အပြင်ကိုသွားဖို့ ဖြတ်နေကျတောအုပ်လမ်းလေးထဲအတိုင်းလျှောက်လာ ရင်းလမ်းဘေးဝဲယာမှာ မှိုတွေပေါက်နေလိုက်တာ တော်တော်ကိုများပါတယ်။ စမြင်ကတည်းက ငှက်ဆွတ်မှို အသေးစားလေးတွေဆိုတာ သိပေမဲ့ စားကောင်းတဲ့မှို ဟုတ်မဟုတ် သေချာအောင်စစ်ရင်း ဘေးပတ်ဝန်းကျင်ကို ပါလိုက်ကြည့်တော့ မှိုပေါက်နေတဲ့ နေရာကတော်တော်လေး ကျယ်တာကိုတွေ့လိုက် ရတယ်။ ပျော်လိုက်သည့်ဖြစ်ချင်းပေါ့ မနက်စောစောမှာ မှိုရသည့်မျက်နှာ ဘယ်လိုသာဖြစ်နေမလဲ စဉ်းစားသာကြည့်ပေတော့။ အပြင်သွားဖို့ကလည်း အရေးကြီး ဒီမှိုတွေကိုလည်း ထားခဲ့ရမှာစိတ်မချနဲ့ ချီတုံချတုံဖြစ်နေတုန်း ပတ်ဝန်းကျင်အနေအထားအကဲခတ်တော့ တော်ယုံလူသိပ်မရောက်တဲ့နေရာဖြစ်တာ
ရယ် စေ့စေ့စပ်စပ်မကြည့်လျှင်မမြင်နိုင်တဲ့ အနေအထားမို့ အသာထားခဲ့ပြီး အပြင်ကကိစ္စကို အပြေးနှင်ပြီး
သွားရှင်းလိုက်တယ်။ 



အပြင်ကအပြန်မှာတော့ မပြေးရုံတမည် ခြေလှမ်းများနဲ့ မှိုတွေရှိရာဆီသို့သာ ဦးတည်ပြီးလျှောက်လာခဲ့တယ်
ထင်တဲ့အတိုင်းတပါးသူတွေမရောက်တာလားမမြင်တာလားမသိမှိုတွေကအသွားတုန်းကလိုပဲခြေရာလက်ရာ မပျက်ပြန်တွေ့ရတော့မှ စိတ်ကိုဒုန်းဒုန်းချပြီး အေးအေးဆေးဆေး မှိုနှုတ်ခြင်းလုပ်ငန်းစပါတော့တယ်။
အပွင့်အနည်းငယ်သေးတာမို့ တပွင့်ချင်း တပွင့်ချင်း စိတ်ရှည်လက်ရှည်နဲ့ တွေ့သမျှ အဖူး အငုံ အပွင့် အားလုံးကို ထိုင်နှုတ်လိုက်တယ်။ ညပိုင်းတုန်းကမှ ပေါက်ထားဟန်ရှိလို့ အားလုံးက လတ်ဆတ်နေတော့
နှုတ်ရတာ အဆင်ပြေတယ်။ မှိုတွေ အားလုံးနှုတ်ပြီးချိန်မှာတော့ တပိဿာ နီးပါလောက်ရှိတာမို့ဒီလိုစားလို့ ကောင်းတဲ့မှိုမျိုး များများစားစား ဒီတခါရဖူးတာပဲလို့ ကိုယ့်ကိုယ်ကိုယ်ပြောရင်းအဆောင်ဆီပြန်ခဲ့တယ်။

 ဟင်းမချက်ခင် မှတ်တမ်းတင်
 
ခရမ်းချဉ်သီး ပင်စိမ်းရွက် ငရုတ်သီးစိမ်း တို့နဲ့ အရသာရှိတဲ့ မှို ဟင်းပါ
 
အဆောင်ရောက်တော့ မိန်းခလေးဆောင်မှာနေတဲ့ မြန်မာကျောင်းသူတွေကို မှိုစားအုံးမလားမေးတော့
မစားရဲတာလားမစားချင်တာလားအားလုံးကတော်ပြီဆိုတာနဲ့ကိုယ့်ဘာသာပဲ အခန်းမှာရေသေချာဆေးပြီး
စိတ်တိုင်းကျချက်စားလိုက်ပါတယ်။တခြားမြန်မာယောကျာ်းလေးတွေနဲ့စုပြီးမှိုဟင်းနဲ့ထမင်းလက်ဆုံစားဖြစ်
ကြတယ်။တချို့ကစားရမှာခပ်ရွံ့ရွံ့ဖြစ်နေလို့ ဘာမှမဖြစ်တဲ့အကြောင်း ရဲရဲကြီးအာမခံပြီး ကိုယ်တိုင်အရင်စား ပြတော့မှ စိတ်အေးလက်အေးစားကြတယ်။ အဲ့ဒီနေ့က ညနေစာလည်း မှိုဟင်း နောက်တနေ့ တရက်လုံး
မှိုဟင်း နောက်ရက် မနက်စာပါ မှိုဟင်းနဲ့ စားပစ်လိုက်တယ်။ အညာမှာဆိုရင်တော့ အကျိုးအပဲ့လောက်ပဲ
အိမ်မှာချက်ပြီး ကျန်တာကို ပြေးရောင်းတာပေါ့ ငှက်ဆွတ်မှိုက ဈေးလည်းကောင်းတယ်လေ။ ဒီမှာတော့
ထွက်လည်းမရောင်းတော့ဘူး ကိုယ့်ဘာသာပဲ အ၀ချက်စားလိုက်တော့တယ်။

အညာသားလက်ရာ မှို ဟင်း
 
အဖေနဲ့အမေ့ဆီဖုန်းဆက်တော့ မှို ရတဲ့အကြောင်း အားပါးတရ ကြွားလိုက်ပါသေးတယ်။ အမေကတော့ မှိုတွေ့တယ်ပြောတော့ မှိုလည်းပေါက်တာပဲလားလို့ မေးလို့ ရယ်နေရသေးတယ်။ နောက်နှစ်တွေလည်း ဒီနေရာမှာ မှို တွေထပ်ပေါက်သေးရင် အညာသားနဲ့ သူတို့ပြန်တွေ့ကြအုံးမှာပေါ့။ 

ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မှို ရသောမျက်နှာကဲ့သို့ ထာဝရ ပြုံးနိုင်ကြပါစေဗျာ။ 

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား



Sunday, January 7, 2018

မိုး​တွင်းမှာ တွန် တဲ့ ဥသြ


 အညာသားနေတဲ့ အဆောင် ၁၅ ထပ် အခန်းဝရံတာမှမြင်ရတဲ့ ကျောင်းထဲကရေကန်

မြန်မာပြည်မှာအေးတယ်လို့ပြောနေကြချိန်ကျနော်ရောက်ရှိနေတဲ့ထိုင်းနိုင်ငံတောင်ပိုင်းရာသီဥတုကတော့ တကယ့်ထူးဆန်းလှပါဘိ။ရောက်ခါစတုန်းကဆောင်းရာသီရယ်လို့မရှိဘူးနွေနဲ့မိုးပဲရှိတယ်နွေကအရမ်းပူတယ်
ဆိုတာလောက်တော့သိထားတယ်။မိုးကာလဒီလောက်ရှည်လိမ့်မယ်လို့တွေးမထားတော့ဒီဇင်ဘာလရောက် လာတော့မိုးကုန်တော့မယ်ပဲမှတ်တာပေါ့။ဒါပေမဲ့ထင်တာနဲ့လွဲတကယ့်မိုးရာသီအလားရွာလိုက်တိတ်လိုက်နဲ့
နိုဝင်ဘာအကုန်ဒီဇင်ဘာအစမှာမိုးတွေစွေနေလိုက်တာတကယ့်မနားတမ်းပါပဲ။တရက်ကများဆိုမိုးတွေသည်းပြီး
ဖားအော်သံတွေပါကြားနေရလို့ကိုယ့်နားကိုတောင်မယုံနိုင်အောင်ဖြစ်ရတယ်။

ဒါပေမဲ့ဒီဇင်ဘာလဆန်းလောက်ကတည်းကဥသြတွန်သံတွေနေရာတိုင်းကကြားရတာယနေ့အထိတိုင်ပဲဗျ။
မြန်မာပြည်မှာနွေရာသီမှဥသြတွန်သံတခါတရံကြားရတတ်တာမို့ဥသြသံကလည်းထူးဆန်းနေပါတယ်။မနက်
အိပ်ယာထရင်လည်းဥသြတွန်သံကြားရတတ်တယ်။နေ့လယ်နေ့ခင်းဆိုလည်းဟိုဟိုဒီဒီမှဥသြတွန်သံကြားရ
တယ်။ဒါပေမဲ့ရာသီဥတုကတော့မိုးရာသီပါပဲနေပူနေရင်းကမိုးထရွာ၊နေ့ခင်းတနေ့လုံးနေသာပြီးညပိုင်းကျ
မိုးသည်းတတ်တယ်။ဒါကြောင့်မိုးရာသီနဲ့ဥသြတွန်သံက သဘာဝကျလို့နေတယ်။

ကျောင်းဝန်းတခိုသစ်ပင်တွေပေါများလှသလိုကျောင်းနောက်ခံကလည်းတောင်တန်းကြီးနဲ့ရေကန်သာမို့
သစ်တောများကျေးဇူးကြောင့်ပဲမိုးကောင်းနေသလားမပြောတတ်ပါဘူးလေ။မထင်မှတ်ဘဲထထရွာတဲ့မိုးကို
တော့အသားမကျသေးတာအမှန်ပါ။အဆောင်ကလည်းအပေါ်ဆုံးအထပ်မှာနေရတော့အခန်းနောက်ဘက်
ဝရံတာကနေဆိုမြင်ရတဲ့ရှု့ခင်းကပုံထဲအတိုင်းရေကန်ကိုအပေါ်စီးကမြင်နေရတယ်။ညနေဆိုကန်ကိုပတ်ပြီး
လမ်းလျှောက်လို့ကောင်းတယ်၊ပြေးတဲ့သူလည်းပြေးကြတယ်။မနက်ပိုင်းဆိုလည်းလမ်းလျှောက်သူပြေးသူနဲ့
စည်ကားနေတယ်။

ကျနော်အတွက်တော့တခါတရံညနေပိုင်းလမ်းဆင်းလျှောက်ပေမဲ့အဆောင်ဝရံတာကနေလှမ်းမျှော်ကြည့်ရင်း ဥသြသံနဲ့အတူလွမ်းဆွတ်ရတာကများများပါ။မိုးရွာပြီဆိုဝရံတာကိုထွက်ပြီးကန်ရေပြင်ပေါ်မိုးစက်တွေကျတာ
ကိုငေးပြီးဘယ်ဆီမှန်းမသိလွမ်းမိတယ်။လွမ်းပါတယ်ဆို ကိုရွှေဥသြက ပိုလွမ်းအောင်ဖန်လေသလားမသိ
မိုးရွာထဲမှာကို တွန်နေတော့တယ်။

အားလုံးနှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လုပ်ငန်းဆောင်တာကိစ္စအဝဝအဆင်ပြေ
ချောမွေ့ကြပါစေလို့ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Tuesday, January 2, 2018

ကောင်းဆိုးနှစ်ဖြာ မျက်နှာစာအုပ်ရွာ


ဖေ့စ်ဘွတ်ဟူသော လူမှုကွန်ယက်ပေါ်ပေါက်လာကတည်းက ကျနော်တို့တတွေ အဲ့ဒီအရာနဲ့တနေ့တနေ့
တော်တော်လေးအချိန်ကုန်လာကြတယ်။လူတစ်ယောက်၏တနေ့တာလုပ်ငန်းဆောင်တာအပြင်နေမှု့ထိုင်မှု
စားမှု့သောက်မှု့မှအစ စိတ်ခံစားအဆုံး တနေရာတည်းမှာ စုစည်းဖော်ပြနိုင်သလို အများရဲ့အမြင်တွေကို
တခဏချင်းမှာကောင်းတာဆိုးတာသဘောကျတာမကျတာစတဲ့တုန့်ပြန်မှုတွေရနိုင်တော့ဘာပဲဖြစ်ဖြစ်အသုံးဝင်
လှတယ်ဆိုရပါမယ်။သို့သော်လည်းထိုအရာစတင်အသက်ဝင်လာပြီးကတည်းက လူမှုဆက်ဆံရေးနယ်ပယ်
မှာတဦးကိုတဦးပြောတာဆိုတာ အလေးဂရုထားမှုတဖြည်းဖြည်းဆုတ်ယုတ်လာကြတာကတော့တကယ့်
ရလဒ်တခုပါပဲ။နည်းပညာထွန်းကားတိုးတက်လာသည်နှင့်အမျှလူသားတို့၏မူလပင်ကိုယ်အရည်အသွေးတွေ
ဆုတ်ယုတ်လာကြတာလည်းနောက်ဆက်တွဲဆိုးကျိုးတခုပါ။

တချိန်ကအချင်းချင်းအပြင်မှာတွေ့လျှင်နေကောင်းလားဆိုတဲ့မိတ်ဆက်စကားလုံးလေးတောင်တဖြည်းဖြည်း
ကြားရတာနည်းလာပါပြီ။ဘယ်နေရာမှာတွေ့တွေ့အရင်ဆုံးလုပ်တဲ့အလုပ်ကလက်ထဲမှာပါတဲ့ဖုန်းကိုမြှောက်
ပြီးပုံစံအမျိုးမျိုးနဲ့ဓာတ်ပုံရိုက်ဘယ်သူနဲ့ဘယ်ဝါနဲ့ဘယ်မှာဘယ်လိုတွေ့ဘာလုပ်ဘာစားစတဲ့ဖော်ပြချက်လေး
တွေနဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာအချိန်နဲ့တပြေးညီတင်ပြလိုက်တာနဲ့သူနှင့်သူငယ်ချင်းဖြစ်ထားသောသူတွေ
အားလုံးမြင်တွေ့ကြားသိပြီးနှစ်သက်တာမနှစ်သက်တာရယ်တာပြောင်တာစတဲ့ထင်မြင်ချက်လေးတွေ
အချိန်တိုအတွင်းမှာတန်းစီပြီးလိုက်တာတချို့ကစိတ်ထဲကထင်မြင်ချက်လေးကိုသူတင်တဲ့ပုံအောက်မှာ
စကားလုံးလေးတွေနဲ့ချန်ထားပုံတင်တဲ့သူကပြန်ချေပနဲ့တကယ်တမ်းတွေ့ဆုံရတဲ့အကြောင်းအရင်းကိုမေ့ပြီး 
ဖေ့စ်ဘွတ်နဲ့သာအချိန်ကုန်ကြပါတော့တယ်။

ကူးစက်မြန်တဲ့ဒီအလေ့အထကလူကြီးလူလတ်လူငယ်နဲ့ရဟန်းသံဃာအချို့ပါမကျန်တွင်တွင်ကျယ်ကျယ်
အသုံးများလာတာကတော့တကယ့်စိုးရိမ်စရာအခြေအနေတခုပါ။ကောင်းသောဘက်ကကြည့်လျှင်အကျိုး
ဆိုးတဲ့ဘက်ကကြည့်လျှင်အပြစ်ဆိုသလို၎င်းကိုအခြေခံပြီးဖြစ်ပွားလာတဲ့ရာဇ၀တ်မှု့တွေကလည်းနေ့စဉ်နဲ့
အမျှပါပဲ။ဟုတ်တာရောမဟုတ်တာရောအဆင်ခြင်ဥာဏ်မဲ့ယုံကြည်လွယ်ကြတဲ့လူ့သဘာဝကိုအခွင့်ကောင်း
ယူကာလိမ်လည်လှည့်ဖြားပြီးကျူးလွန်တဲ့ပြစ်မှု့တွေကလည်းနေ့စဉ်ကြားသိနေရပါတယ်။ကုမ္ပဏီဝန်ထမ်းက
ကုမ္ပဏီအကြောင်း၊အရောင်းစာရေးကအရောင်းဆိုင်အကြောင်းကျောင်းဆရာဆရာမကစာသင်ခန်းအကြောင်း
ကျောင်းသူကျောင်းသားကနေ့စဉ်အတန်းထဲကအကြောင်းစတဲ့သက်ဆိုင်ရာနယ်ပယ်အလိုက်ပြောကြဖြန့်ကြ
ဝေကြမျှကြနဲ့၂၁ ရာစုလူအစည်အကားဆုံးနယ်ပယ်တခုဖြစ်လို့လာနေပါတယ်။

ယခင်ကမြို့နေလူတန်းစားအတွက်သာအီလက်ထရောနစ်ပစ္စည်းတွေအသုံးများခဲ့ပေမဲ့ယနေ့အချိန်အခါမှာ
တော့တောရောရွာပါမကျန်အီလက်ထရောနစ်ပစ္စည်းတွေရဲ့သားကောင်တွေဖြစ်လို့နေပါပြီ။နွားကျောင်းသား
လည်းဖုန်းကိုင်ကောက်စိုက်သမလည်းဖုန်းနဲ့ရွာဦးကျောင်းဆရာတော်လည်းဖုန်းနဲ့အရင်ကမရှိခဲ့တဲ့ယဉ်ကျေး
မှုတွေကျေးလက်တောရွာတွေမှာပါထွန်းကားပြီးဘိုးဘွားအစဉ်အဆက်ကရှိခဲ့တဲ့မြန်မာ့ရိုးရာယဉ်ကျေးမှု့
ကျေးလက်ဓလေ့စရိုက်တွေကတော့တဖြည်းဖြည်းပျောက်ကွယ်စပြုနေပါပြီ။ကျနော်တို့ငယ်ငယ်ကလသာည
များဆိုထုပ်ဆီးတိုးတမ်းကစားကြ၊ကြက်ဖခွပ်တမ်းကစားကြ၊ညောင်ပင်တစ္ဆေ၊တွတ်ထိုး၊လွန်ဆွဲစတဲ့ကျေးလက်
ကစားနည်းတွေအခုနောက်ပိုင်းရွာတွေမှာမတွေ့ရသလောက်ပါပဲ။ထိုကစားနည်းတွေအစားလသာညရော
လမိုက်ညပါမကျန်ကြည့်နိုင်တဲ့ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေရုပ်ရှင်ဗွီဒီယိုစတဲ့ဖျော်ဖြေရေးဆိုင်ရာပစ္စည်း
တွေကလည်းအိမ်တိုင်းနီးပါးအသုံးပြုနိုင်နေကြပါပြီ။

ဖေ့စ်ဘွတ်အသုံးပြုခြင်းကကျေးလက်တောရွာမှာပါကူးစက်ပျံ့နှံ့နေတာဖေ့စ်ဘွတ်သုံးစဉ်တလျှောက်တက်တက်
လာသောပို့စ်တွေကသက်သေထူလျက်ပါ။ရွာအလှူအကြောင်းလည်းဖေ့စ်ဘွတ်မှာတွေ့တယ်၊ရွာမင်္ဂလာဆောင်
သတင်းလည်းဖေ့စ်ဘွတ်မှာတွေ့ရတယ်၊သာရေးနာရေးအစလူပျောက်ကြေငြာအဆုံးဖေ့စ်ဘွတ်တခွင်မှာ
လိုတယ်ဆိုတာမရှိအောင်ကိုစုံလွန်းလှပါတယ်။အဲ့ဒီအထဲကစာရေးသူတို့နယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်လေး
တခုပါ။တယောက်နဲ့တစ်ယောက်လိုင်းပေါ်မှာခင်ကြပုံတွေဖလှယ်ကြနဲ့နောက်ဆုံးအပြင်မှာတွေ့ဖို့ချိန်းဆိုပြီး
ရွာကမိန်းမငယ်တစ်ယောက်ထိုသူချိန်းဆိုရာကိုသွားတွေ့ခဲ့တယ်။တကယ်တမ်းလိုင်းပေါ်မှာပြတုန်းကတော့
ရုပ်ချောတဲ့သူများပုံကိုကိုယ့်ပုံလုပ်ပြဆင်ခြင်တုံတရားနည်းတဲ့ကျေးလက်သူအပျိုပေါက်စအဟုတ်ထင်ပြီး
မောင်ကြီးကိုမှမရရင်လုံမသေရပါတော့မယ်အထိစွဲလမ်းဒါကိုအခွင့်ကောင်းယူပြီးတဖက်ကလိမ်လည်လှည့်ဖြား
နောက်ဆုံးရေတိမ်နစ်ခါနီးမှသလိုက်ရတာကကိုယ့်အဖေအရွယ်သွားတောင်မစုံတော့တဲ့အိမ်ထောင်သည်
ဖြစ်နေလို့အရှက်တကွဲအကျိုးနဲ့ဖြစ်ရတဲ့ဖြစ်စဉ်လေးပါ။လိုင်းပေါ်ကစကားတွေကိုယုံကြည်ပြီးအပြင်မှာတွေ့
အသက်ကိုပါရန်ရှာခံရတဲ့ကျေးလက်တောသူရိုးရိုးအအလေးတွေလည်းတော်တော်များများပါပဲ။

တချို့လည်းဖေ့စ်ဘွတ်စာမျက်နှာကတွေ့ကြဆုံကြပြီးအမှန်တကယ်ချစ်ခင်စုံမက်ပြီးအဆင်ပြေသွားကြတဲ့
စုံတွဲတွေလည်းအများအပြားရှိပါတယ်။အဲ့ဒီယဉ်ကျေးမှုထွန်းကားလာတော့တစ်ယောက်အကြောင်းတစ်
ယောက်သိဖို့အချိန်ပေးလေ့လာအိမ်ထောင်ဘက်ရွေးတဲ့အလေ့အထပျောက်ကွယ်သွားပါတော့တယ်။
ခုမြင်ခုကြိုက်ခေါ်ရာလိုက်ခဏတာပျော်ရွှင်မှုအတွက်တဘ၀လုံးပေးလိုက်ရတဲ့အဖြစ်တွေလည်းများလှပါ
တယ်။ယခင်ကသမီးရည်းစားချိန်းတွေ့တယ်ဆိုတာတကယ့်လျှို့ဝှက်တဲ့ကိစ္စတခုဖြစ်ခဲ့ပေမယ့်ယနေ့ခေတ်
မှာတော့ဒီလိုချိန်းတွေ့တာသည်ပင်ဂုဏ်ယူစရာကိစ္စတခုသဖွယ်မိန်းခလေးကဖေ့စ်ဘွတ်မှာတင်သလို
ယောကျာ်းလေးကလည်းဖေ့စ်ဘွတ်မှာပေါ်တင်တွဲပြဖက်ပြနမ်းပြပွေ့ပြချီပြနဲ့တော်တော်လေးကိုအဆင်ပြေ
လို့နေပါတယ်။သမီးရည်းစားတွဲလည်းလူသိရှင်ကြား၊ကွဲပြန်တော့လည်းလူသိရှင်ကြားလျှို့ဝှက်စရာဆိုတာ
မရှိတော့လောက်အောင်ကိုပွင့်လင်းလာတဲ့ယနေ့ခေတ်မှာအများစုကတော့ဒါတွေနဲ့ပဲကိုယ့်ရဲ့တန်ဖိုးရှိတဲ့
အချိန်တွေကုန်မှန်းမသိကုန်လွန်နေစေပါတော့တယ်။စာရေးသူလည်းတဦးအပါအ၀င်ဖြစ်ခဲ့ပေမဲ့တွေးမိတဲ့
အတွေးလေးတွေရေးတာရှယ်တာတခါတလေကိုယ့်စိတ်ခံစားချက်ကိုရေးတာတင်တာလူတိုင်းဗဟုသုတ
တိုးပွားစေမည့်ပို့စ်လေးတွေအတွေးစာစုလေးတွေပြန်လည်ဝေမျှတာကအဓိကပါ။နောက်ဆုံးလုံးဝမသုံးဖို့
ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ကိုယ့်ကိုယ်တမ်းတမ်းတတဖြစ်စရာလူမရှိသလိုကိုယ်လည်းတမ်းတနေရ
မည့်သူမရှိဘူးဆိုတာသိလိုက်ရတာပါပဲ။ကိုယ်မရှိရင်မဖြစ်ဘူးလို့ထင်နေတဲ့အတွေးတာတကယ်တမ်းတွေး
ကြည့်တော့ကိုယ်မရှိလည်းဖြစ်တဲ့အရာတွေချည်းပါပဲ။

ဒါကြောင့် ၂၀၁၈ ခုနှစ်ဆန်းတဲ့ညမှာပဲ ဖေ့စ်ဘွတ်ဆိုတဲ့ အကောင်းအဆိုး ဒွန်တွဲနေတဲ့ နေရာတခုကနေ အပြီးတိုင်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကိုသုံးခဲ့တဲ့ အချိန်မှာကောင်းသောအချက်တွေလည်း များစွာရရှိခဲ့ပါတယ်။ငယ်ငယ်ကကွဲကွာသွားခဲ့တဲ့ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ပြန်ဆုံစည်းရတယ်ဆရာ
ဆရာမတွေလည်းပြန်တွေ့ရတယ်၊မသိတဲ့အကြောင်းအရာတွေတော်တော်များများဖေ့စ်ဘွတ်ကတဆင့်သိခွင့်
ရခဲ့တယ်။ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး ဆိုတဲ့စကားကိုလက်ကိုင်ထားပြီး သုံးမယ်ဆိုရင်တော့
တကယ်အသုံးဝင်လှပါတယ်။ဒါပေမဲ့ ဘေးဖြစ်အောင်သုံးမယ်ဆိုရင်တော့ တန်ဖိုးရှိလှတဲ့ ကျနော်တို့ရဲ့ အချိန်တွေဖေ့စ်ဘွတ်သုံးရင်းနဲ့ ကုန်ဆုံးသွားရမှာ အင်မတန် နှမြောစရာကောင်းလှပါတယ်။ ကျနော်တစ်ယောက်တည်းခံစားချက်အမြင်နဲ့ကိုယ့်ကိုယ်ကိုပြန်သုံးသပ်ကြည့်တဲ့အခါ ကျနော်တို့မှာလုပ်စရာ တွေအများကြီးကျန်ပါသေးတယ်။ သမိုင်းဆိုင်ရာ စာအုပ်စာပေတွေလေ့လာရအုံးမယ်၊ တခြားတိုးတက်ရာ တိုးတက်ကြောင်း စာကောင်းပေမွန်တွေဖတ်ရအုံးမယ်။ ကိုယ်တတ်ထားတဲ့ပညာနဲ့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်း ကိုယ်နိုင်ငံအတွက် တတ်နိုင်တဲ့ဖက်ကနေ အထောက်အကူပြုဖို့ရှိသေးတယ်။ ဒါတွေကို
ဘေးချိတ်ပြီး စားလည်းဖေ့စ်ဘွတ် သွားလည်းဖေ့စ်ဘွတ် အိပ်လည်းဖေ့စ်ဘွတ် နိုးလည်း ဖေ့စ်ဘွတ် တဘွတ်ထဲ ဘွတ်နေကြမည်ဆိုရင်ဖြင့် နဂိုးကတည်းက နောက်တန်းမှာရှိခဲ့တဲ့ ရွှေနိုင်ငံ နောင်လည်း နောက်မှာပဲ ကျန်ခဲ့နေပါလိမ့်မည်။

မှတ်ချက်။        ။ မည်သူ့ကိုမျှထိခိုက်စေလိုခြင်းမရှိပါ။လူတိုင်းမှာကိုယ်ယုံကြည်ရာကိုလုပ်ခွင့်ရှိတာမို့
လွတ်လပ်စွာလုပ်ဆောင်နိုင်ပါတယ်။စာရေးသူဖေ့စ်ဘွတ်သုံးစဉ်အတွင်းကြုံခဲ့ရတဲ့အပေါ်မှာပြန်လည် ဆန်းစစ်ပြီးရေးသားခြင်းသာဖြစ်ပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး တန်းဖိုးရှိတဲ့အချိန်တွေ ကိုယ့်ဘ၀အတွက် အကျိုးရှိရှိ အသုံးပြုနိုင်ကြပါစေ။

လေးစားမှုဖြင့်-
ရွှေညာသား


Friday, December 29, 2017

မျှစ်နဲ့ချဉ်ပေါင်ကြော်

ထိုင်းကိုရောက်ပြီး ပထမဆုံး ချက်ဖြစ်တဲ့ဟင်းတခွက်ပါဗျ။ ထိုင်းအစားအစာတွေနဲ့ အဆင်ပြေသော်လည်း
မြန်မာဈေးဘက်ရောက်တော့ချဉ်ပေါင်ရွက်နဲ့မျှစ်တွေ့တာနဲ့ ဝယ်ပြီး မြန်မာပြည်အလွမ်းပြေ ကြော်စားဖြစ်ပါ
တယ်။
ချဉ်ပေါင်ရွက်နှစ်စည်းကို မျှစ်တထုပ်နဲ့ကြော်တာ သုံးရက်လောက်စားလိုက်ရတယ်။ အဆောင်အောက်ထပ်
ထမင်းဆိုင်က ထမင်းဖြူဝယ်ပြီး ချဉ်ပေါင်ကြော်နဲ့ ရေနွေးကြမ်းနဲ့ ကိုယ့်အခန်းမှာပဲ စားဖြစ်တယ်။ အခန်းမှာ
တခါတလေ ချက်ဖို့ ဒယ်အိုးနီတစ်လုံး ဝယ်ထားလိုက်တယ် အခန်းဖော်ကိုလည်း နားလည်အောင်ပြောပြ
မြန်မာအစားအစာလွမ်းတဲ့အခါ ဟင်းချိုတို့ ခေါက်ဆွဲပြုတ်တို့ သောက်ချင်တဲ့အခါ လွယ်အောင်လို့ဝယ်တာ
မင်းလည်း လိုအပ်ရင်သုံးလို့ရတယ်လို့တခါတည်း ငြိမ်းချမ်းရေးယူထားတယ်။

ဈေးဆိုင်ဘက်ရောက်တဲ့အခါ ဟင်းချက်စရာတွေမြင်ရင် ချက်ပြုတ်ချင်စိတ်ထထလာလို့ မနည်းထိန်းရတယ်။
ထိုင်းဟင်းတွေနဲ့အဆင်ပြေတယ်ဆိုပေမဲ့လည်း တခါတလေတော့မြန်မာလက်ရာလေးတွေကိုတမ်းတမိတာ
ပေါ့ဗျာ။

အိမ်ကအမေကတော့ အခုလိုဟင်းလေးတွေ ချက်စားဖြစ်တယ်ဆိုတော့ ၀မ်းတွေသာလို့ ချဉ်ပေါင်ရွက်ရှိတာပေါ့ ၀ယ်လို့ရတယ်လားနဲ့ ဖုန်းပြောဖြစ်ရင် ဒီကအကြောင်းတွေ အမေ့ကို ပြောပြရတာ မဟုတ်ရင်စိတ်ပူနေမှာစိုးလို့ အသက်သုံးဆယ်ကျော် တက္ကသိုလ်ဆရာဖြစ်နေပြီ အမေကတော့ အခုထိ ကလေးတစ်ယောက်လိုပဲ စိတ်ပူနေတုန်း မိဘမေတ္တာများ သားသမီးအပေါ်ဆို အမြဲကို အစွန်းထွက်နေ တတ်တာ ကြာလေပိုသိလာရလေပါပဲ။

ချစ်စွာသောအွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသား

Saturday, November 18, 2017

မိုးဗြဲဘုရားပွဲက မိသားစုထမင်းဆိုင်


အညာသား ထမင်းဟင်းချက်တတ်တာအမေ့ကျေးဇူးကြောင့်ဆိုတာအရင်တုန်းကလည်းရေးခဲ့ဖူးပါတယ်။
အမေက ဈေးရောင်းတာကိုဝါသနာပါတော့ အခုအချိန်ထိ ဈေးရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုနေတုန်း သားသမီးတွေကိုယ်စီအလုပ်တွေနဲ့ဖြစ်ကုန်ကြသော်လည်းအမေကတော့ဈေးရောင်းမပျက်ပါဘူး သားသမီးတွေကတခါတရံပေးတဲ့ပိုက်ဆံထက် အဖေနဲ့အမေဈေးရောင်းလို့ရတဲ့ပိုက်ဆံထဲက သားသမီးကိုပို့ပေးနေတုန်းပါ။ အိမ်ထောင်ကျတဲ့အစ်ကိုကြီးနဲ့ညီအတွက်လည်း လူကြုံရင်ကြုံသလို
သူဈေးရောင်းတဲ့အထဲကမီးဖိုချောင်အသုံးအဆောင်လေးတွေကို ချွေးမနှစ်ယောက်အတွက် အမြဲပို့ပေးတယ် ကျနော်နဲ့အမေဖုန်းပြောလို့အမေကအဲ့ဒီအကြောင်းတွေပြောတဲ့အခါ သူတို့အမေတွေဆီကဘာများပို့တာကြားဖူးလဲ အမေလို့ မေးတဲ့အခါ ငါ့သားရယ် သူတို့ကချွေးမဆိုပေမဲ့
မင်းအစ်ကိုကြီးနဲ့မင်းညီနဲ့ယူထားတော့အမေ့သမီးတွေပဲပေါ့ သူတို့မိဘတွေပေးတာမပေးတာထက်
အမေကတတ်နိုင်သလောက်ပို့ပေးတော့ သူတို့မ၀ယ်တန်တာမ၀ယ်ရဘူးပေါ့။ ကျနော်မနာလိုလို့ မဟုတ်ပေမဲ့ အမေလို ယောက္ခမမျိုးရှိတော့ရှိမယ် ဒါပေမဲ့ရှားမယ်လို့ထင်ပါတယ်။

အမေကဒါတင်အားမရသေးဘူး တပိုတွဲလရောက်လို့ မိုးဗြဲဘုရားပွဲ စခါနီးပြီဆို အိမ်ထောင်ရှင် သားသမီးတွေဆီရော အိမ်ထောင်မကျသေးတဲ့သားတွေဆီကိုရော သတင်းစကားပါးတတ်တယ် အမေဘုရားပွဲဈေးမှာ ထမင်းရောင်းမယ် အဲ့ဒါ မင်းတို့လာနိုင်တဲ့သူ လာကူပေးကြအုံး။ လူငှားလို့ရပေမဲ့ ရချင်းရ ကိုယ့်လူကိုယ်ပဲရစေချင်လို့ အလုပ်အားရင် ဘုရားပွဲတွင်းလာကူကြအုံးလို့ မှာလေ့ရှိတယ်။ အဓိက ကတော့အိမ်ထောင်ကျတဲ့သားနှစ်ယောက်နဲ့ချွေးမတွေကိုလာစေချင်တာ ကျနော်သိတယ်။ လူငှားခပေးရမှာအတူတူ ကိုယ့်မိသားစု ၀ိုင်းဝန်းလုပ်တော့ လူငှားခရယ်လိုမဟုတ်ဘဲ ရတာထဲက ထိုက်သင့်သလောက်ခွဲဝေပေးသလို ပြန်တဲ့အခါလည်း ပိုတဲ့မီးဖိုချောင်သုံး နနွင်းမှုန့်ကအ ငါးပိရည်ကျိုအဆုံး
ချွေးမတွေကိုအညီအမျှခွဲဝေပြီးထည့်ပေးလိုက်တယ်။

ပွဲတော်မစခင်ကတည်းက ကိုယ့်ဆိုင်ခန်းနေရာမှာ ယာယီတဲဆောက်ပြီး ပုံမှန်ရောင်းနေကျ ဈေးထဲကနေ ဘုရားပွဲဈေးထဲကိုရွှေ့ပြီးဈေးရောင်းတာ တပိုတွဲ လဆန်းကနေ လပြည့်ကျော် (၂) ရက်လောက်မှ 
ဆိုင်သိမ်းတာ။ ပွဲတော်ဈေးကာလတစ်လျှောက်ကတော့ အားလုံးပင်ပမ်းကြတယ်။ အမေကတော့
အမေကတော့ အပင်ပမ်းဆုံးပါ။ နေ့ရောညရော မီးဖိုနားကနေမခွာရဘူး ထမင်းအိုးနဲ့ ဟင်းအိုးတလှည့်စီ
ချက်ပေးနေရတာ။ အဖေနဲ့ကျနော်တို့ညီအစ်ကိုတစ်တွေက ဆိုင်ထဲလူလာအောင်ခေါ်တဲ့သူကခေါ် 
အဲ့ဒီတာဝန်ကို ညီအငယ်ဆုံးက တာဝန်ယူတယ်။ ထမင်းခူးတာ ထိုင်ခုံနေရာချတာ၊ ဟင်းမှာတာကို
ညီငယ်နဲ့သူ့အမျိုးသမီးက တာဝန်ယူတယ်။ ကျနော်နဲ့အမေက ဟင်းထည့်တဲ့နားမှာ တလှည့်စီ 
အမေ မောတဲ့အခါ ကျနော်က ဟင်းထည့် အမေက မီးဖိုဘေးသွားချက်ပြုတ်နဲ့ လက်မလည်အောင်ကို
ရောင်းရတဲ့ပွဲဈေးပါ။ တကယ်ပျော်လည်းပျော်သလို ဗိုက်ဆာလို့ ဆာမှန်းပင်မသိ တနေကုန်မှ ထမင်းတနပ်
ပဲစားရတဲ့ရက်လည်းရှိပါတယ်။

မြန်မာထမင်းဟင်းရောင်းတဲ့တခြားဆိုင်တွေရှိပေမဲ့ ကျနော်တို့မိသားစုဆိုင်က ငါးပိရည်ကျိုကောင်းလို့
လူပြောများတယ်။ အမေ့စေတနာလည်းပါတာပေါ့လေ ငါးပိရည်ကျိုကိုအဖြစ်မဟုတ်ဘဲ စားလို့ကောင်း
အောင်သေချာဖျော်၊အချဉ်ဟင်းဆိုလည်းတကယ့်အိမ်စားသလိုမျိုးချက်၊ရောင်းသူရောစားသူရောအဆင်
ပြေအောင်အမြတ်ငွေထက်စေတနာကိုရှေ့ထားလို့ထင်ပါရဲ့တကယ်ကိုရောင်းလို့ကောင်းပါတယ်။
ကျန်တဲ့ရက်တွေထက် တပိုတွဲလပြည့်နေကတော့မနက် (၆) နာခွဲ လောက်ကစပြီး ရောင်းလိုက်ရတာ
ညနေမှောင်တဲ့အထိကို မထိုင်ရပါဘူး။ ချက်သမျှဟင်းအကုန်ပြောင်၊ ထမင်းအိုးဆိုလည်း ဘယ်နှ်စ်ခါမှန်း
မသိပါဘူး။ ဆိုင်ရှိသမျှလူနဲ့မရလို့ ပွဲဈေးလည်လာတဲ့အသိတွေပါ ၀ိုင်းကူပြီးရောင်းရတဲ့အထိပါပဲ။
အဲ့လိုမျိုးရောင်းရတော့လည်း မောရမှန်းမသိ ပူရမှန်းမသိနဲ့ ပျော်မိတယ်။

တိုင်းရင်းသားတို့ထုံးစံ ဒီဆိုင်ကစားလို့ကောင်းတယ်ဆို နောက်နေ့တွေမှာသူတို့နဲ့နီးစပ်ရာလူကိုပါ
ခေါ်လာကြတာမို့ ပထမလာစားတဲ့သူအဆင်ပြေရင်နောက်ရက်လူခေါ်စရာမလိုဘူး ပွဲတော်တလျှောက်
မပြန်မချင်းလာအားပေးကြတာ။ ပဒေါင်၊ ကယား၊ ပအို့ဝ် ရှမ်း အများစုလာကြတာမို့ မြန်မာထမင်းဟင်း
မစားဖူးတဲ့တချို့က ဆိုင်နာမည်ကြည့်ပြီး ၀င်စူးစမ်းကြတာလည်းရှိတယ်။ သူတို့သဘောကျရင် နောက်နေ့
လာခဲ့အုံးမယ်ဆိုတဲ့စကားကမေးစရာမလိုဘူး သူတို့ဆီကအလိုလိုထွက်လာတာပဲ။ 

ငါးပိရည်ကျိုကြိုက်တဲ့သူများကတော့ ငရုတ်သီးစပ်စပ်ဖျော်ထားတာကို ထမင်းနဲ့ဖျော်စားတာလည်းတွေ့မိ
တယ်။ သူတို့အစပ်ကြိုက်တာကိုသိတော့ အမေက ငရုတ်သီးခြောက်အတောင့်လိုက်ကိုဆီနဲ့ကြော်ပြီး ပုလင်းဗူးနဲ့ထည့် ထမင်းဝိုင်းတိုင်းမှာထားပေးတယ်။ ငါးပိရည်ကျိုကိုလည်း ဖန်ပုလင်းနဲ့ထည့်ပြိး ဇွန်းတတ်
ပေးထားတယ်။ အတို့အမြှုပ်လည်းစုံအောင်ပြင်ထားတော့ ထမင်းမစားခင် ထမင်းစား စားပွဲမြင်တာနဲ့
စိတ်ဝင်စားပြီး ၀င်စားကြတာပါ။ ဆိုင်နာမည်ကလည်း မိသားစု မြန်မာထမင်းဆိုင် ဆိုပြီးပေးထားတော့
တကယ့်မိသားစု ဆန်ဆန်ထမင်းဝိုင်းလေးလိုပေါ့။ ချက်တဲ့ဟင်းလျာကတွေကလည်း ကျနော်တို့မိသားစုကို
အမြဲတမ်းချက်ပြုတ်ကျွေးလာတဲ့စားဖိုမှူးကြီးအမေကိုယ်တိုင်ဆိုတော့ အမေ့မေတ္တာစေတနာတွေက
မိသားစုအပေါ်ထားသလို ဆိုင်ကိုလာစားတဲ့ သူတိုင်းအပေါ်မှာ ထားတော့ စေတနာရောင်ပြန်ဟတ်တဲ့
အနေနဲ့ချက်သမျှကုန်တာပါပဲ။ ပွဲပြီးသွားတော့ အမေ့ခမြာလည်း တော်တော်ကိုမောသွားတာပါပဲ။ 
အမေတင်မဟုတ်ပါဘူး အကုန်လုံးမောကြတာပါပဲ။ အမေကတော့ မီးဖိုဘေးမှာနေရတာအများဆုံးမို့
မောတာအပြင် ပူတာပါ အပိုရတာပေါ့။ ဈေးရောင်းနေတုန်းတော့ မောတာပူတာကို ထည့်မတွက်အားဘူး
ဈေးရောင်းကောင်းတော့ အားလုံးကိုမေ့ပြီး ဈေးရောင်းနေရတာကိုပဲ ပျော်နေရှာတာပေါ့။

ကျနော်အတွက်တော့ ကျောင်းပိတ်ရက်နဲ့တိုက်လို့ သုံးရက်လောက်သွားကူတာဖြစ်ပေမဲ့ မပြန်ချင်အောင်
ကိုဆွဲဆောင်နေတော့ပါပဲ။ဒါပေမဲ့ အစိုးရ၀န်ထမ်းဖြစ်လေတော့ ကိုယ်ရေးကိုယ်တာကိစ္စထက် တာဝန်ကို
ဦးစားပေးရတော့ လပြည့်ကျော် (၁) ရက်နေ့ ဈေးရောင်းကောင်းတုန်း ဆိုင်မှာလူကျတုန်း မပြန်ချင်းသေးပေမဲ့ အမေ့ကိုနှုတ်ဆက်ပြီး ပြန်ခဲ့ရတယ်။ အမေကတော့ချက်ချင်းပြန်လို့ မျက်နှာမကောင်း
ပေမဲ့ သုံးရက်လောက်လာကူတာကိုပဲ ၀မ်းသာနေရှာတယ်။ ထီလာကိုပြန်ရောက်လို့ ဖုန်းနဲ့ပြောတဲ့အခါ
အမြတ်ငွေဘယ်လောက်ရတယ် အငယ်ကောင်စုံတွဲကို ပိုက်ဆံကဘယ်လောက် ဒီနှစ်အကြီးစုံတွဲက
မလာနိုင်လို့ သူတို့အတွက် မီးဖိုချောင်အသုံးအဆောင်နဲ့ချွေးမအတွက်ဘာဝယ်ပေးလိုက်တယ် သားကြီးအတွက် ဘာထည့်ပေးလိုက်တယ်နဲ့ ပြန်ပြောပြတယ်။

နောက်ပြီး ဈေးထဲက တခြားဆိုင်တွေက အမေ့ဆိုင်ကအရောင်းရဆုံး ဆန်ဘယ်နှစ်အိတ်ကုန်တာ
နဲ့ ကိုယ့်ထက်ဆိုင်ကြီးတွေကို ဘာမှမပြောကြဘူးသားရယ်တဲ့ အမေတို့ဆိုင်သေးသေးလေးရောင်းရတာ
ကို လူတိုင်းက၀ိုင်းပြောနေတယ်တဲ့။ ၀ယ်တဲ့သူအပေါ်ထားတဲ့အမေ့စေတနာကအကျိုးပေးတာပေါ့
အမေရယ်လို့ပဲပြန်ပြောရတယ်။ ကျနော်အတွက်ကတော့ နှစ်စဉ်နှစ်တိုင်း အဖေနဲ့အမေဦးစီးတဲ့
တနှစ်မှာတခါသာ ရောင်းဖို့အခွင့်အရေးရတဲ့ မိုးဗြဲပွဲက မိသားစု မြန်မာထမင်းဆိုင် ဆိုတဲ့ ဆိုင်းပုဒ်လေးကို
အဖေအမေအစ်ကိုညီငယ်တွေရဲ့မျက်နှာနဲ့အတူ တပိုတွဲလရောက်တိုင်း လွမ်းနေသတိရနေမှာပါ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း
ကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား