Pages

Saturday, January 19, 2013

Happy New Year

မင်္ဂလာနှစ်သစ်ပါဗျာ.... နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စီးပွားရေး၊လူမှုရေး၊ ပညာရေးတွေ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ကျုပ်ရွှေညာသားလေးအတွက်တော့ ၂၀၁၃ ခုနှစ်ဟာ စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့နှစ်တစ်နှစ်ပဲဗျာ။ ၂၀၁၂ နောက်ဆုံးလတွေကလည်း စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်။ နာက်ပြီးမှတ်မှတ်ရရ ၂၀၁၂ ခုနှစ်ထဲမှာ ဘ၀အတွက် သတိတရ ဖြစ်စရာတွေလည်း တော်တော်များများဖြစ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်ကုန်ဆုံးတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကိုလည်း တစ်ယောက်ထဲအထီးကျန်စွာနဲ့ ဖြတ်သန်းခဲ့ရတယ်။ 

စိတ်တွေဖီးလွန်းတာနဲ့ ဘလော့ကိုလည်းပစ်ထားတာတော်တော်ကြာသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာလေး ကကျုပ်အတွက် စိတ်ထွက်ပေါက်လေး တခုဖြစ်တာမို့ ဘယ်လိုမှမျက်ကွယ်ပြုလို့ မရပါဘူး။ ဒီနှစ်ထဲမှာတော့ ပို့စ်အသစ်လေးတွေဲ့ အတတ်နိုင်ဆုံး မွမ်းမံသွားဖို့စိတ်ကူးထားပါတယ်။ လုပ်ဖြစ်အောင်လည်း ကြိုးစားမယ်ဗျာ...။ စာသင်ရတာကလည်း စာသင်ရတာ တစ်ပိုင်းပေါ့ဗျာ။ 

အားလုံးသော မိတ်ဆွေညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ...။

Sunday, November 11, 2012

အညာသားအတွေး...




ဂူဂယ်ကတွေ့တဲ့ပုံလေးပါ...။

တစ်ခါတစ်လေ စာတွေလုပ်ရင်း စိတ်တွေညစ်လာတဲ့အခါ ပညာသင်နေတာတွေကိုရပ် ရွာကိုပြန်ပြီး နွားသာကျောင်းချင်တော့တယ်။ ကိုယ့်ရွာမှာသာဆို နေပူထဲအလုပ်လုပ်ရတာကလွဲလို့ စိတ်ဖိစီးစရာ ဘာမျှမရှိဘူး။ ယာထဲကိုင်းထဲသွားလည်း အိမ်ပြန်ရောက်ရင်း အေးအေးလူလူ နားနေနိုင်တယ်။ လုပ်စရာရှိလည်း နောက်နေ့မှာ သွားလုပ်မပြီးလည်း ဘယ်သူမှ ဖိအားပေးမယ့်သူမရှိဘူး။ ကိုယ့်ယာကိုယ်ကိုင်း ကိုယ့်သဘောကျ လုပ်စမ်းပါ့။ ဒီမှာတော့ ဟုတ်ပါဘူး များလိုက်တဲ့ ဖိအားတွေ။ မနက်အိပ်ယာထကတည်းက စာလုပ်ရမယ်ဆိုတဲ့ စိတ်ကကြီးစိုးနေတော့ ဘယ်သွားသွား လွတ်လပ်တယ်ကိုရှိလှဘူးဗျာ။

ကျုပ်ဆယ်တန်းအောင်ခါစက ရွာကအစ်ကိုတွေက ပြောကြတယ်။ ကြိုးစားနော် တောင်သူများလုပ်မည် စိတ်မကူးနဲ့ ငါတို့ကိုသာကြည့် နေပူစပ်ခါးလုပ်ရတာ ပင်ပန်းတယ်ကွာတဲ့။ အဲ့ဒီတုန်းကတော့ ငယ်စိတ်ဆိုတော့ ပညာတွေသင်လိုက်မဟဲ့ ဘွဲ့တွေယူလိုက်မဟဲ့နဲ့ပေါ့။ အသက်လေးလည်းနှစ် ဆယ့်ငါးကျော်လို့ လူကြီးတစ်ပိုင်းထဲရောက်လာတော့ စာတွေသင်ရတာ စိတ်ကုန်ချင်လာတယ်။ ဒီတော့ တောသားပီပီ တောအတွေးတွေက ၀င်လာတယ်။


ရွာကအကိုတွေကိုလည်း ပြောပြချင်သေး နေပူထဲမှာ လုပ်ရတာက ကိုယ့်စိတ်ကိုယ်ပိုင်တယ်ဗျ မလုပ်ချင် လှဲအိပ်နေလိုက် ဘယ်သူမှ လာပြီးဖိအားမပေးဘူးလို့။ စာသင်ရတာက မလုပ်ချင်ဘူးဆိုပြီး နေပြန်ရင်လည်း ကိုယ်ပဲမရမှာဆိုးတဲ့ပူပန်စိတ်ကြီးရယ်၊ ဆရာကငါ့ကိုမေးလို့များ မရရင်ဆိုတဲ့ ပူပန်စိတ်ရယ် ငါအိပ်နေလို့မဖြစ်သေးပါဘူး သူများတွေ စာလုပ်နေကြမှာပဲဆိုတဲ့ ပူပန်စိတ် စတဲ့ပူပန်မှုပေါင်း သောင်းခြောက်ထောင်နဲ့ အိပ်တာလည်း မဖြောင့် စားတာလည်းမဖြောင့် သွားတာလည်း မဖြောင့် အတော်ကိုဆိုးသဗျာလို့ နေပူမှာအလုပ်လုပ်နေရတဲ့ ရွာက ကျုပ်အစ်ကိုတွေကို ပြောပြချင်သဗျာ။

သူတို့တွေဘက်ကကြည့်တော့လည်း ဒီကောင်တွေ ပညာသင်ရတာ အရိပ်ထဲမှာနေပြီး ဖောင်တိန်လေးကိုင် စာလေးရေး သက်သက်သာသာရှိလှမယ်လို့ ထင်ကြမှာပေါ့လေ။ အဲ့ဒီလိုလုံးဝမထင်လိုက် ကြပါနဲ့ဗျာ။ကျုပ်တို့က  နေမပူပေမဲ့ ခေါင်းပူတယ်အစ်ကိုတို့ရေ။ အစ်ကိုတို့တစ်တွေနေပူတာက ခမောက်လေးဆောင်းလိုက် ရင်အေးသွားမှာ။ ချောင်းရိုးထဲဆင်းပြီး ရေစိမ်လိုက်ရင် အေးမြသွားမှာဗျ။ ဒီမှာခေါင်းပူတာက ဘာနဲ့မှ အေးအောင် လုပ်လို့မရဘူး။ အဲယားကွန်းလည်း မစွမ်းဆောင်နိုင်ဘူး။ တကယ်ဗျာဖြစ်ချင်တာဖြစ် ဆိုပြီးရွာကိုပြန်ပြေးလာလို့ရရင်သိပ်ကောင်းမှာပဲ။

ရွာမှာဆို အမေ့ရင်ခွင်မှာလည်း အေးအေးဆေးဆေးနေရသေး။ အမေချက်တဲ့ ဆီပါလေကာ ချဉ်ပေါင်ရေကျဲ ဟင်းနဲ့ ထမင်းမြိန်သေးဗျာ။ ဒါတွေကို အမေ့ပြောပြတော့ အို...  ငါ့သားနှယ် စိတ်ဆင်းရဲခံပြီး အဲ့ဒီလောက် လုပ်မနေနဲ့တဲ့ ငါ့သား တတ်သင့်သလောက်တတ်ထားပြီပဲ တော်ရောပေါ့တဲ့။ အမေ့စကားတွေက ရိုးရိုးရှင်းရှင်းနဲ့ နားထောင်လို့ကောင်းလိုက်တာဗျာ။ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက် ညည်းလေ့ရှိတဲ့ စကားလေးကိုလည်း သတိရမိသေး...ဘာတဲ့ တစ်နေ့ကျတော့ ဒါတွေကထားခဲ့ရမှာပါတဲ့။ ဘယ် ပီအိတ်ခ်ျဒီ၊ ဘယ် အမ်အက်စ်စီ ကမှ ကိုယ့်ကို မကယ်နိုင်ပါဘူးတဲ့။ သူပြောတာလည်း ဟုတ်တော့ ဟုတ်သားပဲဗျ။ ဒါပေမဲ့ အဲ့ဒီတစ်နေ့ဆိုတာက ဝေးဝေးလား နီးနီးလား ဆိုတာ မသိတာခက်တယ်လေ။ အဲ့ဒီတစ်နေ့ ဆိုတာမရောက်ခင် ရပ်တည်ဖို့ကလည်း ရှိသေးသကိုး။

ဘာမှကိုမသိတော့ပါဘူးဗျာ...။ သိတာတစ်ခုကတော့ ကိုယ့်ရွာကိုပြန် ရသမျှလေးနဲ့ တင်းတိမ်ရောင့်ရဲပြီး ပူပန်မှုကင်းကင်းနဲ့ အမေ့အိမ်မှာ အေးအေးချမ်းချမ်း နေချင်တာပဲသိတော့တယ်။ စာတွေလည်း လုပ်ချင်စိတ် မရှိတော့ဘူး။ ငယ်ငယ်လေးကတည်းက အခုအသက်အရွယ်ထိ လုပ်လာခဲ့တဲ့ စာတွေ ရှေ့ဆက်ပြီးလည်း လုပ်နေရအုံးမှာပဲ ပြီးတယ်လို့လည်း ရှိမှာမဟုတ်ဘူး။ အဲ့ဒီတော့ ကိုယ့်အညာကိုပြန်ပြီး  စာဥတို့၊ ခင်နှောင်းတို့၊ လုံးတင်တို့၊ ဖိုးတုတ်တို့၊ သံချောင်းတို့နဲ့ ယာထွန်၊ ပျိုးနှုတ်၊ ပေါင်းသင်မြေဆွ တစ်ဦးကိုတစ်ဦး နောက်ပြောင်ကြရင်း အပူအပင်ကင်းတဲ့ အညာသားဘ၀ ကိုပဲ ပြန်လိုချင်တော့တယ်။ သူငယ်ချင်းတို့ရေ ငါတော့ ခေါင်းတွေပူလွန်းလို့ ရူးချင်နေပြီကွာ....။ မင်းတို့ကိုလည်း သိပ်ပြီး သတိရတာပဲ။


စိတ်ဖိစီးမှု့များကြောင့် ထွက်ပေါက်တခုအနေဖြင့် ရေးချလိုက်ခြင်းဖြစ်ပါသည်။ ကျုပ်ရွှေညာသားလေး၏ ကိုယ်ပိုင်အတွေးစိတ်ကူး များသာဖြစ်ပါသည်။ မည်သူ့ကိုမျှမရည်ရွယ်ပါ။ လာလည်သည့်အတွက် ကျေးဇူး တင်ပါသည်။

အားလုံးကိုလေးစားလျက်
မျိုးခန့်(စကားဝါမြေ)



Thursday, November 1, 2012

အမေ့အိမ်ကိုလွမ်းတယ်....

အခုတစ်လော ဘာရယ်မသိဘူး အမေ့အိမ်ကို အရမ်းသတိရတယ်ဗျာ...။ ရောက်တာလည်း တစ်လကျော်ကျော်လောက်ပဲ ရှိသေးတယ်...။ ဖုန်းလည်းအမေ့ဆီကို မကြာမကြာဆက်ဖြစ်တယ်...။ ကိုယ့်အခက်အခဲကို အမေ့နဲ့ဖုန်းဆက်ရင်း ရင်ဖွင့်ရတယ်။ စာတွေကလည်း အသစ်တွေသင်နေရတာမို့ အမေ့ကိုအဆင်မပြေကြောင်း ပြောပြမိတယ်...။အမေ့ကတော့ ငါ့သား စိတ်ပင်ပန်းခံပြီး မနိုင်တာကို လိုက်လုပ်မနေနဲ့နော်တဲ့...။ ကျန်းမာရေးကိုဂရုစိုက် လူထက်ဘယ်ဟာမှတန်ဖိုးမရှိဘူးတဲ့။  အမေကလွဲပြီး ကျန်တဲ့သူတွေက ဘယ်သူမှနားလည်မပေးကြဘူး...။ အသစ်သင်ရတော့လည်း အသစ်တွေသိတာပေါ့တဲ့ဗျာ။ မှန်တော့မှန်ပါတယ် ဒါပေမဲ့ အသစ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မထိတွေ့ခဲ့ဖူးတဲ့ အသစ်လေ။ ဘယ်အခြေခံကနေစပြီး ဘယ်ဟာကိုနားလည်ရမှာလည်။ ဒီကလူကြုံနေရတဲ့ အခက်အခဲကို မသိရှာကြတော့ သူတို့ကိုလည်း အပြစ်မဆိုချင်ပါဘူး။ ဒါပေမဲ့ အမေတစ်ယောက်သာ နားလည်ပေးတယ်။ လူကတော့ အတော်လေးကို ပင်ပမ်းတယ်ဗျာ..။ စိတ်ဖိစီးမှု့များလာရင် အားလုံးကိုမေ့ပြီး တရားနာတယ်။အမေ့ကိုလွမ်းတဲ့အခါ အမေနဲ့သက်ဆိုင်တဲ့ သီချင်းလေးတွေကို နားထောင်တယ်...။ အခုသီချင်းလေးကလည်း ရွှေညာသားလေးအကြိုက်တွေထဲ အမေသီချင်းတစ်ပုဒ်ပါ။ကျွန်တော်လို့ အမေအိမ်နဲ့ ခွဲပြီး ပင်လယ်ရပ်ခြားမှာ ဘ၀တိုးတက်မှု့တွေဖွေနေတဲ့သူများ အလွမ်းပြေနားဆင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။


ကျွန်တော်နေရာလေးကို လာလည်းရင်း အိမ်အလွမ်းတွေ ဖြေဖျောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားလေး ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။

Saturday, August 25, 2012

အညာက မိုးခေါင်ရာသီမြင်ကွင်း

ဓာတ်ပုံလေးတွေတင်မယ်ဆိုပြီးကတည်းက အင်တာနက်လိုင်းတွေကျနေတာကြောင့် မတင်ဖြစ်တာဗျာ။ ဒီနေ့တော့ အင်တာနက်လေး ပြန်တက်လာလို့ အိပ်ရေးပျက်ခံပြီး ကြိုးစားတင်ပေးလိုက်ပါတယ်။ မိုးခေါင်နေတာကြောင့် အခုချိန်အထိ လယ်တွေမစိုက်ရသေးလို့ လယ်ကွင်းပြင်က စိမ်းစိမ်းစိုစိုမဟုတ်ပါဘူး။  ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲဗျာ။

 မိုးတိမ်တွေကတော့ ပုံထဲမှာလို တက်နေတာပါပဲ...ဒါပေမဲ့ ညိုသာညို မပြိုတဲ့မိုးပါ....

 ရွာမြောက်ဘက်က လယ်ကွင်းပြင်ပါ...အရင်နှစ်တွေကဆို ပျိုးနှုတ်သူတွေ ကောက်စိုက်သမတွေ နဲ့စည်ကားနေတဲ့နေရာပေါ့....ဒီနှစ်တော့ ဒီအတိုင်းပဲရှိသေးတယ်...

 နှစ်တိုင်းရေတွေဖွေးနေတဲ့ ရွာအနောက်ဘက်က ကန် လည်း ဘောလုံးကွင်းဖြစ်နေပါတယ်....


သူတို့လည်း လယ်ထွန်ပျိုးနှုတ်စရာမရှိတော့ အခုလိုပဲ ပျော်ပျော်ပါးပါး ဘောလုံးကန်နေကြရဲ့....

တိမ်တွေကိုခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးလည်း မိုးရွာအောင်မတတ်နိုင်တော့ဘူး...

ရွာချောင်းရေပြင်ကတော့ ရေမကျသေးသည့်အတွက် ကြည်လင်နေဆဲပါ....



Sunday, August 12, 2012

ရွာအပြန်တစ်ခေါက်....

ဒီတပတ်ကျောင်းပိတ်ရက်မှာ ရွှေညာသားလေး ရွာကိုခဏပြန်ဖြစ်တယ်။ ခဏဆို တကယ့်ကိုခဏပါပဲ။ ညရောက် မနက်ပြန်ပဲ။ ဆွေမျိုးတွေအိမ်တောင် စေ့အောင်မလည်ခဲ့ရပါဘူး။ ဦးကြီး ဒွေးလေးတွေက မင်းဟာ လာတဲ့အခါလေးများ အေးအေးဆေးဆေးတော့နေပါအုံးပေါ့တဲ့။ သူတို့တွေကတော့ သူတို့အတွေးနဲ့သူတို့ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပဲလေ ကိုယ်ကအဲ့လိုနေလို့ရအောင် လွတ်လပ်တာမှမဟုတ်တာနော်။ ဒီလိုပဲ သူတို့ကို နားလည်အောင်ပြောပြပြီး ပြန်ခဲ့ပါတယ်။ 

ရွှေညာသားလေးတို့ ရွာမှာ တောင်သူလယ်သမား အများစုနေထိုင်တာဆိုတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းက သူတို့တွေအတွက် အရေးပါလှတယ်။ မိရိုးဖလာ လုပ်ကိုင်စားသောက်လာတဲ့ လုပ်ငန်းဆိုတော့လည်း ပင်ပမ်းပေမဲ့ လုပ်စားနေကြရတာပါပဲ။ ဒီကြားထဲမှာ မိုးလေ၀သက မမှန်တော့ ပင်ပမ်းရကျိုးမနပ်ဘူးပေါ့ဗျာ။ အခုနှစ်ဆိုလည်း မိုးက အတော်လေး ခေါင်တာ။ အရင်နှစ်တွေက ဒီအချိန်ဆို လယ်တွေစိုက်နေပြီတဲ့။ အခုနှစ်တော့ လယ်စိုက်ဖို့ဝေးလို့ ပျိုးထောင်တာတောင် အပင်မပေါက်နိုင်ဘူးတဲ့လေ။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရတော့လည်း စိတ်မကောင်းဖြစ်မိတယ်။ ရွှေညာသားလေးလည်း ဒီဘ၀တွေကိုဖြတ်သန်းလာရတာဆိုတော့ သူတို့ခံစားချက်ကို နားလည်ပေးနိုင်တယ်လေ။ ရွှေညာသားလေး ရွာမှတုန်းက အခုလိုမိုးဦးကျနောက်ကျတဲ့ နှစ်ဆိုရင် ရွာအနောက်ဘက်က တောင်ရိုးတွေပေါ်ကို ဦးလေးတွေ အဒေါ်တွေနဲ့ နွားစာရှာခဲ့ဖူးတယ်။ မိုးခေါင်ပြီဆိုရင် လူစာထက် နွားစာက တော်တော်လေး ခက်ခဲတာ။ လူစာက သူများဆီမှာ ကူးပြီး(ချေး) စားလို့ရသေးတယ်။ နွားစာကျတော့ အဲ့ဒီလိုမရဘူးလေ။

မိုးကောင်းတဲ့နှစ်ဆိုရင်တော့ ၀ါဆိုဝါခေါင်ဆိုရင် ပြောင်းဖူးတွေလည်းပေါ်နေပြီ။ ရွာမြောက်ဘက်က လယ်ကွင်းပြင်မှာလည်း ရေတွေတဖွေးဖွေးနဲ့ ပျိုးနှုတ်ကောက်စိုက် လယ်ထွန် စတဲ့ မိုးတွင်းပန်းချီကားချပ်ကြီးက အသက်ဝင်စွာလှုပ်ရှားနေပြီပေါ့။ ဒါပေမဲ့ ဒီနှစ်ရွာပြန်တော့ ဒီပန်းချီကားချပ်ကြီးကို မြင်ရမည့်အစား ပတ်ကြားအက်တွေမပျောက်သေးတဲ့ လယ်ကွက်တွေနဲ့ အရွက်တွေခြောက်နေတဲ့ ပြောင်းဖူးခင်းတွေ မိုးမျှော်နေတဲ့ ၀ါဖျော့ဖျော့ စပါးပျိုးခင်းတွေကိုသာ မြင်ခဲ့ရတယ်။

မိုးတိမ်တောင်တွေကတော့ ညနေစောင်းရင် အနောက်တောင်ဆီက တက်တက်လာတာပဲတဲ့။ ဒါပေမဲ့ ညိုသာညိုတယ် မရွာတဲ့မိုးဖြစ်နေတာ ကြာပြီတဲ့လေ။ တွေ့တဲ့သူကို လယ်တွေစိုက်ရပြီလား၊ နှမ်းခင်းရော ဘယ်နှယ့်နေတုန်း စသဖြင့် မေးကြည့်တော့ လယ်ကတော့ကွာ ဒီနှစ်မျိုးဆုံးလောက်ပါတယ်။ နှမ်းကတော့ မျိုးလေးလောက် ပြန်ရလိမ့်အုံးမလားလို့ပဲ စတဲ့အားမရှိတဲ့အဖြေလေးတွေပေးကြတယ်။ နောက်ပြီးပြောသေးတယ် မင်းတို့ပညာတတ်တွေပဲ ဟန်ကျတယ် ဘယ်တော့မှမိုးမခေါင်ဘူးတဲ့။ မိုးတော့မခေါင်ဘူးပေါ့ဦးလေးရယ် ဒါပေမဲ့ ကိုယ့်ရပ်ကိုယ်ဒေသမှာ မိုးခေါင်တယ်ဆိုတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ရွှေညာသားလေးလည်း တောင်သူလယ်သမားဘ၀က ဆင်းသက်လာသူတစ်ယောက်မို့ ကိုယ်က အဆင်ပြေပြေ စားသောက်နေရပေမဲ့ ကိုယ့်ဒေသ ကိုယ်ရပ်ရွာမှာ မိုးလေးဝသမကောင်းဘူးဆိုတော့ ဘယ်လိုလုပ်ပြီး ၀မ်းသာနိုင်ပါ့မလဲလေ။

ချောင်းထဲကိုရေချိုး ဆင်းရင်း ရွာမြောက်ဘက်က ခြောက်သွေ့နေတဲ့ လယ်ကွင်းပြင်တွေနဲ့ တိမ်တွေခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်ကြီးရဲ့ ပုံလေးတွေကို တင်ပေးပါအုံးမယ်။ ပုပ္ပားတောင်ကြီးလည်း တိမ်တွေ ခမောက်ဆောင်းနေပေမဲ့ မိုးမရွာတော့ဘူး။ အရင်တုန်းကဆိုရင် ပုပ္ပားတောင်ကြီးဟာ ကျွန်တော်တို့ရွာလေးရဲ့ မိုးလေ၀သအချက်ပြ သင်္ကေတတစ်ခုပါ။ အခုတော့ သူလည်း သူ့တာဝန်ကိုပုံမှန်အတိုင်း ထမ်းဆောင်နေပေမဲ့ မိုးတွေကတော့ ညိုသာညို ပြိုမလာခဲ့ပါဘူး။ မိုးမရွာလို့ စိတ်အားငယ်နေတဲ့ ရွာသူရွာသား ဦးကြီးဦးလေးတွေရဲ့ မျက်နှာတွေကို မြင်ရလို့ ရွှေညာသားလေးလည်း စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ပြီး အလုပ်ဌာနရှိရာဆီသို့ ပြန်လာခဲ့ပါတယ်။ စိတ်ထဲမှာတော့ မိုးတွေမြန်မြန် ရွာသွန်းပါစေလို့သာ ဆုတောင်းနေမိပါတယ်။