Pages

Tuesday, January 3, 2012

ငါးပင်စိမ်းငရုတ်သီးစပ်…

 မြန်မာပြည်ပြန်ရောက်ကတည်းက အသီးအရွက်တွေပဲ နေတိုင်းချက်စားနေတာ ဒီနေ့တော့ ဈေးကိုရောက်လို့ ငါးတစ်ကောင်ကို ငါးရာနဲ့ဝယ်ပြီး ပင်စိမ်းရွက်၊နံနံပင်၊ငရုတ်သီးစိမ်း စတာတွေနဲ့ ငရုတ်သီးစပ် ဟင်းတစ်ခွက် ပထမဆုံး ချက်စားဖြစ်တယ်။ ကိုယ့်မြေကိုယ်ရေမှာဆိုတော့ အသီးအရွက်တွေကလည်း ပေါတယ်ဗျာ။ မုန့်ညှင်းဖူး တွေဆို လတ်လတ်ဆပ်ဆပ်နဲ့ ကြော်စားရတာ အတော်ကောင်းတာပဲ။

 ဆီသိပ်မပါပေမဲ့ စားလို့ကောင်းတယ်နော်...

ဈေးထဲကိုရောက်ရင် အသားတန်းဘက်ကို ခြေဦးမလှည့်ဘူး။ စိမ်းစိမ်းစိုစိုနဲ့ ဈေးပေါတဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ် တွေပဲ မရိုးရအောင် ချက်စားတယ်။ အသားကလည်း ဈေးကြီးတယ်ဗျ။ ငါးကတော့ ဈေးပေါတယ်။ ဒါပေမဲ့ အသားဆိုရင်ကို စိတ်ထဲကဘယ်လိုကြီးမှန်းမသိဘူး။ သုံးနှစ်နီးပါးလောက် အသားငါးတွေ စားလာရတော့ အသီးအနှံပဲ စားချင်တော့တယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု ရောဂါလည်းကာကွယ်၊ ဈေးဖိုးလည်းသက်သာ ဆိုတော့ ကျွန်တော့်အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ အသီးအရွက်ဟင်းတွေလည်း မျိုးစုံနေအောင်ကိုချက်စားဖြစ်တယ်။ ဘလော့မှာ တင်ချင်ပေမဲ့ နှေးလွန်လှတဲ့ အင်တာနက် လိုင်းကြောင့် စာတောင်ပုံမှန်မရေးဖြစ်ဘူးဗျာ။ဒီနေ့တော့ ချက်စားဖြစ်တာလေးကို ဘလော့မှာတင်ဖို့ စိတ်အားထက်သန်နေလို့ နှေးလှတဲ့ အင်တာနက် လိပ်ဖိုးဖိုးကို စိတ်ရှည်လက်ရှည်စောင့်ပြီး ပုံလေးတွေပါတင်ပေးလိုက်ပါတယ်။

ချက်နည်းကတော့ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး ခရမ်းချဉ်သီးကို ကြက်သွန်နီ၊ ဆား၊ငပိ စတဲ့ ဟင်းခတ်လေးတွေထည့်ပြီး အရင်ချက်လိုက်ပါတယ်။ ပြီးမှ ကိုင်ပြီးသားငါးကိုထည့် ရေလေးနည်းနည်းဖြည့်ပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ ငါးမိနစ်လောက်နေတော့ ငါးတုံးတွေကို ဟိုဘက်သည်ဘက် လှည့်ပေးပြီး ငရုတ်သီးစိမ်းတောင့်ကို ဓားနဲ့ခွဲပြီး ထည့်ပါတယ်။ ဟင်းအရသာ မြည်းပြီး ဟင်းအိုးချခါနီးတော့ ပင်စိမ်းရွက်ရယ် နံနံပင်ရယ်ကို ရေဆေးပြီး အပေါ်ကအုပ်လိုက်ပါတယ်။ ပင်စိမ်းနဲ့ နံနံပင်လေးတွေ နွမ်းသွားတော့ ဟင်းအိုးကို ဖိုပေါ်ကချလိုက်တယ်။ ပင်စိမ်းနဲ့နံနံပင် နံ့လေးသင်းပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမြိန်စေမည့် ငါးဟင်းတစ်ခွက် စားဖို့အသင့်ပါပဲ။  ငါးဟင်းနဲ့တွဲဖက်စားသုံးဖို့ကိုတော့ မုန့်ညှင်းဖူး ကိုကြော်ပါတယ်။ အရည်သောက်ကတော့ ရွှေဖီမိုးလွတ် လဘက်ခြောက်နဲ့ ရေနွေးပေါ့ဗျာ။ အားလုံးပေါင်းမှ မြန်မာငွေတစ်ထောင်မပြည့်တဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းတစ်နပ် အတွက် အဆင်ပြေပါတယ်။ 

ဘလော့ကို လာလည်တဲ့သူတွေကိုတော့ ငါးဟင်းပုံလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်ဗျာ။ ရွှေညာသားလေး လက်ရာကို မြည်းစမ်းကြည့်ကြပါအုံးနော်။ လိုတာလေးတွေလည်း ပြောခဲ့အုံး။ နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်လေ….။ 

အားလုံးသော ဘလော့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးပါတယ်။

Sunday, January 1, 2012

နှစ်သစ်ဆုတောင်း

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးလိုက်ပါတယ်။ 2012 ခုနှစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ ဘ၀များကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ကြပါစေ...။ ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ...။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။

Thursday, November 10, 2011

အညာရှု့ခင်း

ရွှေညာသားလေး ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ရှု့ခင်းပုံလေးတွေပါ ကျုပ်တို့ရွာဘက်ကနေ မြင်ရတဲ့ ပုပ္ပားတောင်ကြီးရဲ့ပုံလေးတွေရယ် ရွာပတ်ဝန်းကျင်ကပုံလေးတွေရယ် အပျင်းပြေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်နော်။ အဝေးရောက် ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဓာတ်ပုံလေးတွေကြည့်ပြီး အညာအလွမ်း ရွာအလွမ်းတွေဖြေဖျောက်နိုင်ပါစေ...။

ကျွန်တော်တို့ ရွာဘက်က မြင်ရတဲ့ ပုပ္ပားတောင်မကြီးရဲ့ပုံပါ

ရွာမြောက်ဘက် ကျောက်တန်းပေါ်မှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်လေးပါ

ဒီမှာလည်း ရေသွားချိုးခဲ့သေးတယ် ရေတွေက ကျောက်ခဲကြားကနေ ဖြတ်ပြီး စီးဆင်းနေတာဆိုတော့ ကြည်လင်သန့်ရှင်းပြီး အေးမြနေတာပါပဲဗျာ...ပြန်ကိုမပြန်ချင်ဘူး....

ရေတံခွန်နားမှာ ဒီလိုကျောက်တုန်းတွေကလည်း အများကြီးပဲ
ရွာစာသင်ကျောင်းနားကမြင်ရတဲ့ ပုပ္ပားတောင်ရဲ့ ညနေခင်းအလှ
နေ၀င်ပြီးစ အချိန် ရွာမြောက်ဘက်က လယ်ကွင်းပြင်
ချောင်းထဲကို ရေချိုးသွားရင်း မသိအောင် ရိုက်ထားတာ တောင်ဘက်ရွာက ညီလေးတစ်ယောက်ပါ
ချောင်းရေကျထားတော့ ရေတွေကသန့်ပြီး အေးမြနေတာပဲ ရွာပြန်တုန်း ဒီနားကိုအမြဲသွားသွားပြီး ရေချိုးခဲ့တယ် ရေအိုင်ထဲဆင်းပြီး ရေမချိုးရတာ ကြာတော့ လက်ပစ်ကူးလိုက် ဘောင်ဘင်ခတ်လိုက်နဲ့ ချိုးလို့ကို မ၀ပါဘူးဗျာ....




ပို့စ် အသစ်တင်မယ်လို့ ကြံလိုက်တိုင်း အလုပ်လေးတွေက ပေါ်ပေါ်လာလိုက်၊ အင်တာနက်လိုင်းက နှေးလိုက်နဲ့ မတင်ဖြစ်တာ...ဒီနေ့တော့ စောစောထပြီး ကြိုးစားကြည့်တာ အောင်မြင်သွားတယ်....။ 

လာရောက်အားပေးကြတဲ့ ကျွန်တော့်မိတ်ဆွေ အွန်လိုင်း ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။

Sunday, October 9, 2011

သီတင်းကျွတ်ပြီ...

ဘာလိုလိုနဲ့ သီတင်းကျွတ်လတောင်ရောက်လာပြီနော်... သီတင်းကျွတ်ဘုရားပွဲနဲ့ ဝေးနေတာ သုံးနှစ်လောက် ကြာသွားပြီဆိုတော့ ဒီနှစ် သီတင်းကျွတ်ဘုရားပွဲကို ပြန်ပြီးဆင်နွှဲဖို့ ရွှေညာသားတို့ အားခဲထားတယ်ဗျ။ အလုပ်ကိစ္စလေးတွေနဲ့မို့ ပြန်ရောက်ကတည်းက ရွာကို တစ်ညအိပ်ပဲ ရောက်သေးတယ်။ ရွာကဆွေမျိုးတွေက မင်း ငါတို့ရွာလာပြီး တစ္ဆေခြောက်တာလားတဲ့။ ပြောမယ်ဆိုလည်း  ပြောစရာပဲလေ။ ကျွန်တော်သွားတာကလည်း ညရောက်မနက်ပြန်ဆိုတော့ ဆွေမျိုးတွေအိမ်ကိုတောင် နှံ့အောင်မရောက်ခဲ့ဘူး။ ၀န်းထမ်းဆိုတော့လည်း နေချင်သလိုနေလို့မရဘူးလေ တာဝန်ဆိုတာကလည်း ရှိသေးတော့ ဆွေမျိုးတွေကို သီတင်းကျွတ်မှပဲ အေးအေးဆေးဆေး လာခဲ့မယ်ဆိုပြီး နှစ်သိမ့်ခဲ့ရတယ်။ 

ဟော အခုသီတင်းကျွတ်ပြန်တော့လည်း ကျောင်းမှာက အလုပ်တွေကများသား။ ကျောင်းသားတွေ ကျောင်းပိတ်ပေမဲ့ ဆရာတွေမှာက ကျောင်းပိတ်ရက်ဆိုတာမရှိဘူးဗျာ။ ဒေးပြီးတော့ အဝေးသင်စာမေးပွဲ အဝေးသင်စာမေးပွဲပြီးတော့ ဒေးတွေကျောင်းပြန်ဖွင့်နဲ့ ဆက်တိုက်ပါပဲ။ အဝေးသင်ကလည်း အခုမှ တစ်သုတ်ပဲ ဖြေရသေးတယ်။ နောက်ထပ်နှစ်သုတ်ကျန်သေးတယ်ဆိုပဲ။ ဒုတိယအသုတ်ဖြေမယ့်အချိန်က ရွာဘုရားပွဲရက်နဲ့ တိုက်နေလို့ အခန်းစောင့်ရက်ကို နောက်ဆုံးနေ့တွေမှ ပါရင်ကောင်းမှာပဲလို့ စိတ်ထဲကနေ ဆုတွေတောင်းနေမိတယ်။ ရွာဘုရားပွဲနဲ့ ဝေးနေခဲ့တာ ကြာပြီဆိုတော့ ဒီနှစ်ကို အတော်လေး အားခဲထားတာ။ ပြန်ရောက်ပြီးကတည်းက ရွာမှ ငယ်ပေါင်းသူငယ်ချင်းတွေနဲ့လည်း စကားကို အေးအေးဆေးဆေး မပြောရသေးဘူးလေ။ နောက်ပြီး ရွာဘုရားပွဲမှာ ကျွေးတဲ့ ဖရုံသီးနဲ့ ၀က်သားရောချက်တဲ့ ဟင်းကိုလည်း မစားရတာ ကြာလှပေါ့။ အခုအချိန်က ရွှေညာသားတို့ ရွာမှာ ဖရုံသီးတွေ အတော်လေးပေါတာလေ။ နှစ်စဉ် ရွာဘုရားပွဲဆိုရင် ဖရုံသီးနဲ့ဝက်သားရောချက်ပြီး ကျွေးနေကြမို့ ဒီနှစ်လည်း အစဉ်အလာ မပျက်ကျွေးမှာသေချာတယ်။

ဘယ်အရပ်ဘယ်ဒေသ ပဲရောက်ရောက် ကျွန်တော့်အတွက်တော့ ကိုယ့်ရပ်ကိုယ့်ရွာက ဓလေ့စရိုက် လေးတွေကို အမြဲတမ်း သတိရတယ်။ အညာဓလေ့ သီတင်းကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တဲ့ သူတွေကလည်း ပေါမှပေါလေ။ ဒါကြောင့် သူငယ်ချင်း အချင်းချင်းတွေ့ရင် "ဟေ့ကောင် မင်း သီတင်းမကျွတ် သေးဘူးလား" ဆိုပြီး စကြတယ်။ ဆိုလိုတာက ဟေ့ကောင် မင်း မင်္ဂလာမဆောင် သေးဘူးလားလို့ သွယ်ဝိုက်ပြီး မေးတာပေါ့။ သီတင်းမကျွတ်တဲ့ သူတွေက ၀ါဆိုဦး ရောက်ရင် မင်္ဂလာဆောင်ကြတယ်။ ဒီနှစ်က အညာမှာ မိုးတွေကလည်း ကောင်းချက် လွန်ရောပဲ။ နှမ်းတွေလည်း ရကြတယ်။ အညာက တောင်သူတွေ လယ်ယာလုပ်ငန်း အဆင်ပြေကြတယ်လို့ ဆိုရမှာပေါ့။ စပါးတွေကတော့ အနှံတွေထွက်တဲ့လယ်ကထွက်၊ တချို့လယ်တွေက ဖုံးတုန်း လုံးတုန်း ပေါ့။ ဒီအကြောင်းတွေက ရွာပြန်ရောက်လို့ သိရတာမဟုတ်ရပါဘူး၊ ရွာကညီဝမ်းကွဲတစ်ယောက် အဝေးသင်လာဖြေရင်း ပြောပြလို့ သိရတာပါ။

နောက်ပြီး သူကပြောသေးတယ် အကို ရွာပြန်မလာတော့ဘူးလားတဲ့။ ဒီနှစ်ရွာဘုရားပွဲက ကထိန်နဲ့ တွဲပြီး လုပ်မှာ၊ ကထိန်ကလည်း အရင်နှစ်တွေကလို တစ်ဦးတည်း ကထိန်မဟုတ်ဘူး စုပေါင်းဘုံကထိန် လုပ်မှာတဲ့လေ။ အလိုလိုမှ ရွာကိုပြန်ချင်နေပါတယ်ဆို သူကလာပြီး နှိုးဆွနေသေးတယ်။ အဲ့ဒီတော့ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်မှာပေါ့၊ ကျောင်းမပိတ်ရင် ခွင့်တင်ပြီးတော့ကို ပြန်လာခဲ့မယ်လို့ ပြောလိုက်တယ်။ ပြီးတော့မေးလိုက်သေးတယ်  အကို သီတင်းကျွတ်တော့မှာလားတဲ့ဗျာ။ ဒီမေးခွန်းအတွက် အဖြေပေးစရာက မရှိတော့ အင်း သီတင်းတော့ မကျွတ်သေးဘူးကွာ ၀ါဆိုဦးမှပဲလို့ ဖြေလိုက်ရတယ်။ ဘာခက်လဲနော့ ၀ါဆိုဦးကျတော့ သီတင်းကျွတ်မှလို့ ပြောင်းလိုက်ယုံပဲလေ ဟဲဟဲ...။

ရွာကပြန်လာရင်တော့ ဘုရားပွဲအကြောင်းလေးတွေကို ပြန်ရေးပေးမယ်နော်။ မြန်မာပြည်က ကွန်နက်ရှင်နဲ့ ဓာတ်ပုံလေးတွေတော့ တင်လို့ မလွယ်ဘူးဂျာ...။ ကျွန်တော်အတွက် ဒီလောက် စာလေးရေးလို့ရတာကိုပဲ သိန်းဆုပေါက်သလို ခံစားပြီး ၀မ်သာပီတိဖြစ်ရတယ်။ အဝေးရောက်နေတဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေလည်း သီတင်းကျွတ်လား ၀ါဆိုဦးလား အစီအစဉ်ရှိရင် အသိပေးအုံးနော်...။ လက်ဖွဲ့လေး ဘာလေး ပို့ပေးရအောင်လို့ပါ။ ကျွန်တော်ကတော့ တခုသော သီတင်းကျွတ်မှာ ဖြစ်မှာပေါ့ ဘယ်သီတင်ကျွတ်လဲ ဆိုတာကတော့.....။

ဒီနှစ်သီတင်းကျွတ်ကတော့ အဖိုးအဖွားတွေကို ကန်တော့ရင်း၊ မရောက်တာကြာပြီဖြစ်တဲ့ ရွာကဘုရားပွဲကို ဆင်နွှဲရင်း၊ မစားရတာ ကြာပြီဖြစ်တဲ့ ဖရုံသီးများများ ၀က်သားနည်းနည်း ရောချက်တဲ့ အညာဟင်းလေးကို သွားလွေးရင်း၊ သူငယ်ချင်းတွေထဲက သီတင်းကျွတ်မည့်သူကို လက်ဖွဲ့ရင်း ရွာကိုပြန်ဖို့ အစီအစဉ်တွေ ဆွဲထားလေရဲ့ဗျာ....။

လိုက်ချင်တဲ့သူတွေကို စရိတ်ငြိမ်းခေါ်ပါတယ်...စာရင်းပေးလို့ရပါပြီ.....။
အစားအသောက်ကတော့ ဘုရားပွဲကကျွေးတဲ့ အညာထမင်းဟင်းပေါ့ဗျာ။ နောက်ပြီး ပုပ္ပားတောင် အနီးတ၀ိုက်က ထွက်တဲ့ ရခိုင်ငှက်ပျောသီး ၀၀တုတ်တုတ်တွေရယ်၊ အညာမုန့်ဆီကြော်တွေရယ်လည်း ကျွေးအုံးမယ်။
အားလုံးကို လေးစားလျက် 
ရွှေညာသားလေး

Friday, October 7, 2011

သဘာဝတရား၏အဆုံးအဖြတ်များ

  • ကံချင်းတူလျှင် ဥာဏ်သာတဲ့သူက အနိုင်ရတယ်။
  • ဥာဏ်ချင်းတူလျှင် ဝီရိယသာတဲ့သူက အနိုင်ရတယ်။
  • ဝီရိယချင်းတူလျှင် စည်းကမ်းရှိတဲ့သူက အနိုင်ရတယ်။
  • စည်းကမ်းရှိတာချင်းတူလျှင် စေတနာရှိတဲ့သူက အနိုင်ရတယ်။
  • စေတနာရှိတာချင်းတူလျှင် ရိုးဖြောင့်တဲ့သူက အနိုင်ရတယ်။
  • ရိုးဖြောင့်တာချင်းတူလျှင် အပြောချိုသူက အနိုင်ရတယ်။  
အထက်က စာသားလေးတွေက တစ်ဆောင်တည်းနေ ရုံးဝန်ထမ်းအစ်ကို တစ်ယောက်ရဲ့အခန်းကို အလည်သွားရင်းနဲ့ သဘောကျလို့ကူးလာတာလေးပါ။ ကျွန်တော်ညီအစ်ကိုမောင်နှမတွေအတွက် မျှဝေပေးတာပါ။ ဘဝမျိုးစုံကို ဖြတ်သန်းနေကြရတဲ့ ကျွန်တော်တို့ လောကီလူသားတွေအတွက် တစ်ထောင့်တစ်နေရာကတော့ အသုံးတည့်မည်ထင်ပါတယ်။
အားလုံးကို လေးစားလျက်
ရွှေညာသားလေး