Pages

Saturday, July 9, 2011

အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်

တာ့ တာ....!!!!
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်တဲ့အနေနဲ့ ဒီပို့စ်လေးကို ကျွန်တော်ရေးခဲ့ပါတယ်။ ဒါလေးက ကျွန်တော်ရဲ့ နောက်ဆုံးပို့စ်လေး လည်းဖြစ်ချင်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အိမ်ကိုရောက်ရင် အွန်လိုင်းဆိုတာနဲ့က အဆက်ပြတ်သွားဖို့ သေချာသလောက်ရှိတာကြောင့်ပါ။ အတတ်နိုင်ဆုံးတော့ ရေးနိုင်အောင် ကြိုးစားပါ့မယ်။ တကယ်တော့ ကျွန်တော် ဘလော့ လောကကိုရောက်တာ ငါးလနီးပါးလောက်ပဲ ရှိပါတယ်။ ဒီငါးလအတွင်း ကျွန်တော်စိတ်ထဲ ရှိတာလေးတွေကို ရေးသားမျှဝေခွင့် ရတဲ့အတွက် အတော်လေးကျေနပ်မိပါတယ်။ နောက်ပြီးတော့ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ကျွန်တော်ရေးသမျှ တင်သမျှလေးတွေကို လာရောက်အားပေးကြတဲ့ အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတွေကို ကျေးဇူးအထူးတင်မိပါတယ်။

လူတွေကို မမြင်ဖူးပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အားလုံးကို ရင်းနှီးနေပါတယ်။ ကျွန်တော့်မိတ်ဆွေများလည်း ရွှေညာသားလေးဆိုတာကို မမြင်ဖူးပေမဲ့ စိတ်ထဲကတော့ အညာသား အသားမည်းမည်းလေးကို မြင်ယောင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုဒီပို့စ်ရေးတဲ့ အချိန်ထိတော့ သကြားခဲဖြစ်နေတယ်ဗျ။ နေပူမခံရတာကြာလို့လေ။ သိပ်တော့ မကြာတော့ပါဘူး ထန်းလျက်ခဲ ပြန်ဖြစ်တော့မှာ (အသားမည်းတော့မှာပြောတာနော်)။

ဘာပဲပြောပြောလေ ဒီလိုနေရာကိုရောက်လို့ အင်တာနက်ဆိုတာကို ဖောဖောသီသီ သုံးရပြီး အွန်လိုင်းမိတ်ဆွေတွေ အချင်းချင်း စကားလုံးလေးတွေနဲ့ သိကြ၊ခင်ကြ၊ ရင်နှီးကြပေမဲ့ ရွှေညာသားလေး ဘယ်တော့မှမမေ့ပါဘူး။ ရေးသာရေးနေရတယ် စိတ်ထဲမှာတော့ တစ်မျိုးကြီး ခံစားရတယ်ဗျာ။ အမေက ပြောဖူးတယ်။ သူ့အကိုအကြီးဆုံး ကျွန်တော့်ဦးလေးက တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျတာ။ ရွာကို အလည်လာပြီး ပြန်မည့်နေ့ညရောက်ရင် ဘယ်သူနဲ့မှ စကားမပြောတော့ဘူးတဲ့။  ဘုရားစင်လုပ်ထားတဲ့ အိမ်တိုင်ကိုမှီပြီးတော့ ငိုတာတဲ့လေ။ ကျွန်တော်လည်း ဦးလေးရဲ့ တူပဲလေနော့။ ပိုရင်သာပိုမယ် လိုတော့မလိုဘူး။ ဒါကြောင့် စာတွေများများမရေးတော့ဘူးနော်။ ရှေ့ဆက်ရေးရင် ကိုယ့်အကြောင်းကိုယ်သိတယ်။ တော်ကြာ မျက်ရည်တွေချောင်းစီးနေလိမ့်မယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပါ။ ကျွန်တော်ရွှေညာသားလေးက အားလုံးကိုခင်တယ်၊ လေးစားတယ်၊ ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။ မျက်စိလည်လမ်းမှားလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အခါအခွင့်သင့်လို့ အညာကိုရောက်ခဲ့ရင် ရွှေညာသားလေးတို့ရွာကို အလည်လာခဲ့ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ အညာသူအညာသားတွေက ဆင်းရဲပေမဲ့ ခင်တတ်ပါတယ်၊ ဖော်ရွေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ရောက်ခဲ့ရောက်ခဲ့ လာလည်ကြပါနော်။ အသားမည်းမည်းနဲ့ ရွှေညာသားလေးက အမြဲကြိုဆိုလျက်ပါဗျာ…။

 
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့ကြပါစေလို့ ရွှေညာသားလေးက ဆုတောင်မေတ္တာပို့သခဲ့ပါတယ်ဗျာ…။




ဘိုင့် ဘိုင်...

Wednesday, July 6, 2011

အညာက အင်ကြင်းပန်း

အပွင့်လေးတွေက ဒီလိုဝါ၀ါလေးတွေနဲ့ လှလှပပ

အပင်အကြောင်းလေးတွေ မရေးဖြစ်တာကြာပြီဗျာ။ ဒီနေ့တော့ ဂူဂယ်မှာလျှောက်လည်ရင်း ကျွန်တော်တို့ ရွာနားက တောင်ရိုးတွေပေါ်မှာပေါများစွာတွေ့ရတဲ့ အင်ကြင်းပန်းပုံလေးတွေ့မိလို့ ဗဟုသုတအဖြစ်နဲ့ရယ်၊ နှုတ်ဆက်တဲ့ပို့စ် တခုအဖြစ်နဲ့ တင်ပေးလိုက်ပါတယ်။ မြို့မှာ ခေါ်တဲ့အင်ကြင်းပန်းပုံကို မြင်ပြီးကတည်းက ဒီအင်ကြင်းပန်းပုံလေးတွေကို လိုက်ရှာကြည့်တာ မတွေ့ဘူး။ ဒီနေ့မှ သူရဲ့ရုက္ခဗေဒ နာမည်လေးတွေ့လို့ ဂူဂယ်မှာရှာလိုက်တော့ ပုံလေးတွေပါ တွေ့ရတယ်။ ၀မ်းသာလိုက်တာဗျာ။ မြို့မှာခေါ်တဲ့ အင်ကြင်းပန်းပွင့်က အကြီးကြီးတွေပဲ။
အပေါ်ကပုံလေးက အပွင့်ရယ် အရွက်ရယ် အသီးရယ်ပေါ့

 ဒါလေးတွေက အဖူးနဲ့အပွင့်ရောလျက်

 သဘာဝတရားကို မလွန်ဆန်နိုင်ရှာတော့ နောက်ဆုံးမှာ မြေခရတာကလည်း ဓမ္မတာပဲလေနော့...။

အခုကျွန်တော်ပြောတဲ့ အင်ကြင်းက အပွင့်သေးသေးလေးတွေနဲ့ နွေရာသီမှာ ပွင့်တာ။ တန်ခူး၊ကဆုန်လဆိုရင် ပွင့်တယ်။ ကျွန်တော်တို့ ဆီမှာတော့ နွေရာသီပူပူပြင်းပြင်းအချိန်ပေါ့။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ တခြားအပင်တွေက အရွက်တွေကြွေကျ အင်ကြင်ပင်တွေက ပင်လုံးပြည့် အဖူးအပွင့်တွေဝေနေအောင်ပွင့်တယ်။ တောင်ရိုးပေါ်များရောက်ရင် အင်ကြင်းပန်းနံ့တွေ သင်းပျံ့နေတာပဲ။ ရွာမှာတုန်းကတော့ အင်ကြင်းပန်းပွင့်ချိန်ဆိုရင် တောင်ရိုးပေါ်ကို သူငယ်ချင်းတွေနဲ့ တောလည်ရင်း အင်ကြင်းပန်းတွေသွားသွားခူးတယ်။ ရွာရောက်ရင် ရွာဦးဘုန်းကြီးကျောင်းကို သွားလှူတယ်။ အိမ်တိုင်းက ဘုရားစင်မှာလည်း အင်ကြင်းပန်းတွေ ဝေနေအောင်တင်ကြတယ်ဗျ။ အပွင့်လေးတွေက အ၀ါရောင်လေးတွေနဲ့ ကြည့်လို့အတော်လေးလှတယ်။ အဖူးလေးတွေ ကလည်း တစ်မျိုးလှတာပါပဲ။ အနံ့ကလည်း မွှေးမှမွှေးပေါ့။
 ဟော့ဒီလို ကိုင်းတံကျဲကျဲလေးတွေကြားမှာ အရွက်မပါဘဲ အဖူးနဲ့အပွင့်တွေသာလျှင်ပွင့်တတ်တယ်ဗျ...။



ပါလာတဲ့အရွက်လေးတွေကလည်း ပန်းပွင့်တွေနဲ့အပြိုင်အ၀ါရောင်လေးတွေနော်...။

အင်ကြင်းသားကို လယ်ယာလုပ်ငန်းသုံး အသုံးအဆောင်တွေမှာ သုံးကြတယ်။ နွားထမ်းပိုးတုံး၊ လှည်းဝင်ရိုး စသဖြင့်ပေါ့။ ကျွန်တော် အင်ကြင်းပင်ကို ကောင်းကောင်းမှတ်မိနေတာကတော့ ရွာမှာတုန်းက အဒေါ်နဲ့ တောင်ရိုးပေါ်ကို နွားစာသွားခူးနေကျမို့ပါ။ ကျွန်တော်တို့ဆီမှာ မိုးဦးကျခါစ မြက်နုမပေါက်သေးခင်ဆို တောင်ရိုးပေါ်က သစ်ရွက်တွေကို ခူးပြီး ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက် စတာတွေနဲ့ ရောပြီးကျွေးကြတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ အင်ကြင်းရွက်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ပေါ့။ တခြားအရွက်တွေရော အင်ကြင်းရွက်တွေပါ ရောပြီး ခူးရတယ်။
အပွင့်ပြီးတော့ အသီးလာတာကလည်း ဓမ္မတာ


ဒီပုံလေးကလည်း ကဗျာဆန်ဆန်နဲ့ လှနေသေးတယ်...။
မြေခနေတဲ့ အင်ကြင်းပန်းလေးတွေကလည်း တစ်မျိုးချစ်စရာဗျ...။

ဒါကတော့ မြို့ကခေါ်တဲ့ အင်ကြင်းပန်းပုံလေးပါ

အဒေါ်ကတော့ ကျွန်တော့်ကို အင်ကြင်းရွက်တွေပဲ အများဆုံး ခူးခိုင်းတယ်။ နောက်ပြီးပြောသေးတယ် အင်ကြင်းရွက်က နွားဝတယ်တဲ့လေ။ နွားတွေကလည်း အင်ကြင်းရွက်ကို အတော်လေး ကြိုက်တယ်ထင်ပါ့ဗျာ။ သစ်ရွက်စိမ်းတွေရောထားတဲ့ ပြောင်းရိုးခြောက်၊ကောက်ရိုးခြောက်တွေများ ကျွေးရင်း ထည့်လို့ကိုမနိုင်ဘူး။ သူတို့အတွက်လည်း လူတွေ ဟင်းကောင်းနဲ့ ထမင်းစားရသလိုမျိုးနေမှာပေါ့နော်။ ကဲ ပြောရင်းနဲ့ ရွာက တောင်ရိုးပေါ်ကိုတောင်ပြန်ရောက်ချင်ပြီဗျာ။ မသိသေးသူတွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး အညာက အင်ကြင်းပင်အကြောင်းလေး မျှဝေပေးလိုက်တာပါ။ ပုံ လေးတွေပါ ရှာရသလောက် တင်ပေးလိုက်တယ်။ ကြည့်ရှု့ခံစားပြီး အပန်းဖြေအလွမ်ဖြေသွားကြပါအုံးနော်...။

(All photos from Google images)

အားလုံးပဲ လာရောက်လည်ပတ်ကြတဲ့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

Sunday, July 3, 2011

တေးလက်ဆောင်

ဒီသီချင်းလေးထဲကလိုပဲ အကြင်နာ၊မေတ္တာစေတနာတွေနဲ့ နွေးထွေးနေတဲ့ အမေ့အိမ်ကို မကြာခင်ပြန်ရတော့မှာမို့ ကျွန်တော်နဲ့အတူ အလွမ်းပြေ နားဆင်နိုင်အောင် ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်အပါအ၀င် အမေ့အိမ်နဲ့ ဝေးကွာနေကြရတဲ့ သားသမီးတိုင်း နွေးထွေးလှတဲ့ အမေ့အိမ်လေးဆီကို ပြန်ချင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူတစ်ပါးတိုင်းပြည်တွေ ဘယ်လောက်ပဲ တိုးတက်ဖွံဖြိုး တယ်ဆိုပေမဲ့ မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အမေ့အိမ်လေးကတော့ ကျွန်တော်တို့ သားသမီးတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်လေးပါ။ ကျွန်တော်ကတော့ ဒီသီချင်းလေးကို နားထောင်ရတဲ့အချိန်တိုင်း အမေ့အိမ်လေးကို လွမ်းလို့ မျက်ရည်ကျမိတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အေးမြတဲ့ အမေ့အိမ်လေးဆီကို အောင်မြင်မှု့တွေ ရင်မှာပိုက်ပြီး ပြန်လာနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်...။


Tuesday, June 28, 2011

အညာပဲဟင်းချို၊ ပန်းသီးထောင်းနဲ့ ငါးပိရည်

အညာပဲဟင်းချို ပူပူလေးပါ
ပန်းသီးထောင်း ချဉ်ချဉ်လေး

ဒီနေ့ ကျွန်တော်ချက်စားဖြစ်တာလေးကတော့ အညာပဲဟင်းချို၊ ပန်းသီးထောင်းနဲ့ ငါးပိရည် ပါ။ အညာပဲဟင်းချို ဆိုတာက ဘာရယ်မဟုတ်ပါဘူး အိမ်မှာဆို ပဲဟင်းချို ချက်ရင် ခွေးတောက်ရွက်၊ ဆူးပုပ်ရွက်၊ ကျီးအာရွက် စတဲ့ မိုးကျရင် ထွက်တတ်တဲ့ အရွက်လေးတွေနဲ့ ရောနှောပြီး  ချက်တတ်လို့ အညာပဲဟင်းချိုလို့ နာမည်တတ်လိုက်တာပါ။ ချက်တာကတော့ လွယ်လွယ်ကူကူမို့ မပြောတော့ပါဘူးနော်။ နောက်တစ်မျိုးကတော့ ပန်းသီးထောင်း။ အညာမှာဆိုရင်တော့ ပဲဟင်းချိုချက်ရင် အချဉ်ထောင်းလေးနဲ့ တွဲစားတယ်။ ပဲဟင်းနဲ့လိုက်ဖက်တာတွေကတော့ မန်ကျည်းသီးစိမ်းထောင်း၊ သရက်သီးစိမ်းထောင်း၊ သရက်ချဉ်သုပ်၊ ငါးပိကြော်၊ ငါးခြောက်ကြော်၊ စတာလေးတွေနဲ့ လိုက်ဖက်တယ်ဗျ။ ကျွန်တော်ဆီမှာတော့ အဲ့ဒါတွေကမရှိလို့ သရက်သီးနဲ့မန်ကျည်းသီးစိမ်းအစား ပန်းသီးအစိမ်းလေးတွေကို ထောင်းထားပါတယ်။ အငန်ကတော့ လက်ဆောင်ရထားတဲ့ ငါးပိရည်ကျိုထုပ် ကျန်နေတာလေးကို ဖျော်လိုက်ပါတယ်။

မပျစ်မကျဲ နဲ့ သောက်လို့အတော်ကောင်းတဲ့ ပဲဟင်းချို

ပန်းသီးထောင်းကလည်း မသိရင် သရက်သီးထောင်းလိုလိုနဲ့

ပဲဟင်းချိုထဲကိုတော့ အားလူသုံးလေးလုံး၊ မုန့်ညှင်းရွက် နဲ့ ကန်စွန်းရွက် နည်းနည်းစီ ထည့်လိုက်ပါတယ်။ အိမ်ကိုအလွမ်းပြေ ဟင်းလေးတွေချက်ပြီး ဒီနေ့စားဖို့ရာအတွက် ကိုယ်တိုင် စိတ်ကြိုက် စီမံချက်ပြုတ်ထားတယ်ဗျာ။ လာလည်တဲ့သူတွေလည်း စားသွားကြအုံးနော်။ ပန်းသီးထောင်းကတော့ အညာမှာ စားလို့မလွယ်နိုင်ဘူး။ ဒီမှာကျတော့လည်း ပေါလိုက်တဲ့ ပန်းသီးတွေ သရက်သီးတွေကျနေတာပဲဗျာ။ မှည့်လာရင် စားတဲ့ သူတောင်မရှိဘူး။ ကျွန်တော်တော့ ပန်းသီးအစိမ်းကို ခရမ်းချဉ်သီးနဲ့ငရုတ်သီးစပ်လေးလည်း ချက်စားတယ်။ အခုဆို ပန်းသီးတွေ ပေါနေပြီဗျ။ အချဉ်ကြိုက်သူများ အတွက်တော့ အဆင်ကိုပြေနေတာပဲဗျို့။ ကဲ အောက်မှာ ပုံလေးတွေ တင်ပေးလိုက်တယ် ကိုယ့်အိမ်လို သဘောထားပြီး အားမနာတမ်းသာ သုံးဆောင်သွားကြဗျ...။

နှစ်မျိုးထဲလည်း စားလို့မြိန်ပါတယ်နော့...

 ဒါလေးကတော့ သုံးမျိုးလုံးကို တွဲရိုက်ထားတာ

နယ်ပြီးသားလေးဆိုတော့ အဆင်သင့်စားလို့ရတာပေါ့ဗျာ...

အရသာကတော့ ဆွေမျိုးမေ့လောက်ရဲ့

ဟော့ဒါလေးက မြန်မာတိုင်းကြိုက်တဲ့ ငါးပိရည်ကျိုပါ... နံနံပင်လေးများပါ ထည့်ထားတယ်..။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ...။

Sunday, June 26, 2011

***ဖိုးလုံးတို့ လယ်စောင့်တဲလေး***


လယ်တောထဲက လယ်စောင့်တဲ(photo from google)

မိုးရာသီရောက်လို့ အနောက်တောင်ဆီက မိုးတိမ်တောင် မည်းမည်းတွေ တရိပ်ရိပ်နဲ့ တက်လာပြီဆိုရင် အမျိုးအမည်မဖော်တတ်တဲ့ ဝေဒနာတစ်ခုက ရင်ထဲကို အလိုလို ရောက်လာတတ်သည်။ လွမ်းစရာလိုလို၊ ဆွေးစရာလိုလိုနဲ့ ခံစားရတာ ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။ ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား ဆိုတာကိုပင် မဝေခွဲတတ်အောင်ပါ။

လယ်ယာထွန်ယက်စိုက်ပျိုးပြီးတဲ့ တစ်ခုသော နေ့လည်ခင်းမှာ ဖိုးလုံးတစ်ယောက် လယ်တောဆီသို့ ခိုင်းနွားနှစ်ကောင်ကိုဆွဲပြီး နွားကျောင်းထွက်လာခဲ့သည်။ သည်လယ်တောလေးက ဖိုးလုံးအဖေရဲ့အမွေရထားတဲ့ လယ်မိသားစုလေးဖြစ်သည်။ ယခင်က ဖိုးလုံးရဲ့ ဖခင် ဦးသာဒွန်း ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ခဲ့တဲ့ လယ်ကွက်လေးတွေပေါ့။ အခုတော့ ဦးသာဒွန်းမရှိတော့ပြီမို့ သားဖြစ်သူ ဖိုးလုံးက ဦးစီးပြီး လုပ်ကိုင်စိုက်ပျိုးလာတာ ဒီနှစ်ပါဆိုရင် သုံးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။

ကျေးလက်တောရွာ တောင်သူလယ်သမားတို့ ဓလေ့ ကိုယ်လုပ်ကိုင်စားသောက်ရာ လယ်တောယာတောမှာ မိုးတွင်းအခါမိုးခိုဖို့၊ နွေအခါ နေခိုရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ လယ်စောင့်တဲလေးများ ဆောက်ထားတတ်ကြသည်။ လမ်းသွားလမ်းလာ မည်သူမဆို ၀င်ရောက်ခိုနားနိုင်သော နေရာလေးများပင်ဖြစ်သည်။ လယ်စောင့်တဲလေးများက မိုးရာသီမှာတော့ ပတ်ဝန်းကျင် လယ်ကွက်ထဲမှာ စိုက်ပျိုးထားတဲ့ စပါးပင်ပျိုတွေ၊ ရေဖွေးဖွေး လယ်ကွင်းပြင်ထဲမှာဖူးပွင့်နေကြတဲ့ ကြာဖြူကြာနီပန်းတွေနဲ့အတူ အားမာန်အပြည့်နဲ့ တည်ရှိနေတတ်သည်။ ဆောင်းနဲ့နွေအခါများမှာတော့ ရိတ်သိမ်းပြီးစ စပါးရိုးပြတ်ပင်ငုတ်တွေ၊ ပတ်ကြားအက်စပြုနေပြီဖြစ်တဲ့ လယ်ကွင်းတွေနဲ့ ကောက်ရိုးပုံတွေကြားမှာ အားငယ်နွမ်းလှစွာ တည်ရှိနေတတ်သည်။

နွားတွေကို လယ်ကွင်းနဲ့ဝေးရာ စားကျက်မှာ ချည်ထားခဲ့ပြီး လယ်တောက လယ်စောင့်တဲလေးဆီသို့ ဖိုးလုံးလျှောက်လာခဲ့သည်။ အိမ်မှ ထွက်လာတုန်းကတော့ နေပူနေသည်။ အခုကျတော့လည်း အစောကပူနေသော နေမင်းကြီးက မိုးတိမ်တောင်တွေကြားမှ ရေးရေးသာ မြင်ရတော့သည်။ မကြာခင် မိုးရွာတော့မည်ကို လယ်တောမှာကြီးပြင်းလာတဲ့ ဖိုးလုံးတစ်ယောက် ကောင်းကောင်းသိလိုက်ပါ၏။


လယ်ကွင်းပြင်တွေ(photo from google)

လယ်စောင့်တဲလေးထဲကို ၀င်ပြီး ပါလာတဲ့ ပခုံးတင်ပုဆိုးနဲ့ တောထဲထွက်တိုင်း လွယ်နေကျ ဖျင်ကြမ်းလွယ်အိတ်လေးကို တဲတိုင်မှာ ချိတ်ပြီး ကွပ်ပျစ်လေးပေါ်မှာ ထိုင်လိုက်သည်။ ဖိုးလုံးတို့ တဲလေးက သိပ်ပြီး ကျယ်ကျယ်ဝန်းဝန်းတော့ မဟုတ်ပါ။ မိုးခိုတဲဆိုပေမယ့် ထိုင်လို့၊လှဲလို့ရအောင် ကွပ်ပျစ်လေးပါ စီထားလေသည်။ ဘေးကလည်း ထန်းရွက်လေးတွေနဲ့ ကာရံထားသည်။ မိုးလုံလေလုံ လယ်စောင့်တဲလေး ဖြစ်သည်။
ကွပ်ပျစ်ပေါ်ထိုင်လျက် တဲအပြင်ဆီကို လှမ်းကြည့်လိုက်တော့ ၀န်းကျင်တခိုက အုံ့အုံ့ဆိုင်းဆိုင်းနဲ့ လွမ်စေအောင်ဖန်နေလေသည်။ လယ်ကွင်းပြင်ကို ဖြတ်သန်း တိုက်ခတ်လာသော လေထဲမှာ မိုးငွေ့မိုးသက်တို့နှင့်အတူ ကောက်ပင်ပျိုတို့ရဲ့အနံ့က ပါလာသည်။ အုံ့ဆိုင်းနေသော ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း ဖိုးလုံးရဲ့ အတွေးစိတ်က လွန်ခဲ့သော နှစ်နှစ်ခန့်က မိုးရာသီမှာဖြစ်ခဲ့သော ဖြစ်ရပ်လေးဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

လွန်ခဲ့သော နှစ်နှစ် ဖိုးလုံး ခုနစ်တန်းကျောင်းသားဘ၀ကဖြစ်သည်။ မိုးတွေ သည်းသည်းရွာတဲ့ မိုးရာသီတစ်နေ့မှာ ဖိုးလုံးတစ်ယောက် သူ့ဖခင် ဦးသားဒွန်းနဲ့အတူ လယ်ရေဆီးဖို့ သူတို့လယ်ကွင်းဆီသို့ သားအဖ နှစ်ယောက် ပေါက်ပြားကိုယ်စီနဲ့ ထွက်ခဲ့သည်။ မိုးရွာနေတုန်းမို့ ဦးခေါင်းမှလွဲပြီး ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲရွှဲစိုနေသည်။ လယ်ကွက်ထဲရောက်တော့ သားအဖနှစ်ယောက် ကျိုးနေသော လယ်ကန်သင်းမှာ တစ်ယောက်တစ်နေရာစီ ပေါက်ပြားကိုယ်စီနဲ့ လယ်ကွက်ထဲမှ မြေကြီးကို တူးဆွပြီး စီးထွက်နေသော လယ်ရေတို့ကို တားဆီးနေသည်။ လယ်ထဲမှာ ရေတင်ကျန်ရစ်မှ လယ်စိုက်ဖို့ရာအတွက် အဆင်ပြေသည်မဟုတ်လား။

ထိုစဉ်မှာပဲ မိုးရေကြားထဲမှ မသည်းမကွဲ အော်သံတခုကို ဖိုးလုံးကြားလိုက်သည်။ ပေါက်ပြားနဲ့ မြေကြီးကို တူးဆွနေရာမှ အော်သံလာရာဆီသို့ ဖိုးလုံးလှမ်းကြည့်လိုက်တော့ ပေါက်ပြားကိုင်ပြီး လဲကျလုနီးနီးဖြစ်နေသော သူ့ဖခင် ဦးသာဒွန်းကို မြင်လိုက်ရသည်။ လက်ထဲမှ ပေါက်ပြားကိုချခဲ့ပြီး ဖခင်ရှိရာဆီသို့ ပြေးသွားလိုက်သည်။ အနားရောက်သွားတော့ လဲတော့မလိုလို ဖြစ်နေသော ဖခင်ကို တွဲပြီး လယ်စောင့်တဲဆီသို့ ခေါ်လာခဲ့သည်။ တဲထဲရောက်တော့ ဖခင်ဖြစ်သူရဲ့ ပါးစပ်မှ “ပိုးထိတယ်”ဆိုတဲ့ မသဲမကွဲ စကားသံကို နောက်ဆုံးကြားလိုက်ရပြီး  ဖခင်ဖြစ်သူ ဦးသာဒွန်းတစ်ယောက် ဖိုးလုံးတို့ သားအမိနဲ့ လူ့လောကကြီးကို လယ်စောင့်တဲလေးထဲမှာပဲ စွန့်ခွာသွားခဲ့သည်။ လယ်ကန်သင်းမှာ ခိုအောင်းနေတဲ့ လယ်သမားတို့၏ အကြီးဆုံးရန်သူ ကိုမြွေပွေး က ဦးသာဒွန်းကို မိသားစုနဲ့သေကွဲခွဲလိုက်လေသည်။

အဲ့ဒီနှစ်က ဖိုးလုံးကျောင်းတ၀က်တပျက်နဲ့ ကျောင်းထွက်ခဲ့ရသည်။ သားကို ပညာတတ်ဖြစ်စေချင်တဲ့ ဦးသာဒွန်းကတော့ သူ့သားမောင်ကို လယ်တောထဲမှာပဲ ထားခဲ့ပြီး လောကကြီးကို ကျောခိုင်းသွားခဲ့သည်။ ဖခင်မရှိတော့သည်နောက်မှာတော့ ဖိုးလုံးလည်း မိခင်နဲ့အတူ လယ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်လာခဲ့တာ သုံးနှစ်အတွင်းမှာ ကျွမ်းကျင်နိုင်နင်းစွာ လုပ်တတ်လာခဲ့သည်။ မိုးရာသီရောက်လို့ ဒီလယ်ကွင်းတွေမှာ ထွန်ယက် စိုက်ပျိုးရပြီဆိုရင် လယ်စောင့်တဲလေးထဲမှာ သူ့ကိုထားပြီး လောကထဲက ထွက်သွားတဲ့ သူ့ဖခင်ကိုတော့ အမြဲတမ်း သတိရမိသည်။ “အဖြစ်ဆိုးလိုက်တာအဖေရယ်”လို့ စိတ်ထဲက ရေရွတ်မိသည်။ ဖခင်အကြောင်းတွေကို တွေးရင်းတွေးရင်းက ရင်ထဲမှာ ဆို့နင့်လာပြီး မျက်ရည်တို့က ပါးပြင်ပေါ်သို့ စီးဆင်းလာသည်။

မိုးစက်မိုးပေါက်တို့ တဲခေါင်မိုးပေါ်ကို အရှိန်နဲ့ကျရောက်လာသံ ကြားတော့မှ ဖိုးလုံးရဲ့အတွေးစိတ်တို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အပြင်မှာသည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်တို့နဲ့အပြိုင် ဖိုးလုံးမျက်ဝန်းဆီမှ မျက်ရည်စတို့ကလည်း ပါးပြင်ပေါ်သို့ တသွင်သွင် စီးကျလို့နေလေသည်။


ပြာလဲ့လဲ့ကောင်းကင်နဲ့ လယ်ကွင်းပြင်တွေ(photo from google)

ဖိုးလုံး တဲကို ရောက်ခါစက အုံ့ဆိုင်းနေသော မိုးတိမ်တောင်တို့သည် အားမာန်အပြည့်နဲ့ ရွာသွန်းပြီးတဲ့အခါ ကောင်းကင်တစ်ခွင်လုံး ကြည်လင်သွားတော့သည်။ ဖိုးလုံးလည်း ပါးပြင်မှ မျက်ရည်တို့ကို ပုဆိုးခါးပုံစနဲ့ မသုတ်လိုက်ပြီး ခမောက်ကို ဆောင်းလို့ ခိုင်းနွားနှစ်ကောင် ချည်ထားခဲ့ရာ နွားစားကျက်ဆီသို့ ထွက်လာခဲ့လေသည်။ မိုးရွာပြီးစ နေရောင်အောက်က ကောင်းကင်ထက်မှာ ကျေးငှက်လေးတွေ ပျော်ရွှင်မြူးထူးနေကြသည်။ လယ်ကွင်းဘေးက ရေရိုးထဲမှာတော့ အစောတုန်းက ရွာသွန်းလိုက်သော မိုးရေတို့ကြောင့် ရိုးရေတွေ အရှိန်ပြင်းစွာ စီးဆင်းနေလေသည်။ စိမ်းစိမ်းစိုနေသော လယ်ကွင်းပြင်တွေ ကြားမှ ဖိုးလုံးတို့ လယ်စောင့်တဲလေးကတော့ နေရောင်အောက်မှာ မလှုပ်မယှက် ပကတိ ငြိမ်သက်နေလေသည်။ တဲနဲ့ ခပ်လှမ်းလှမ်းက နွားစားကျက်ထဲမှာတော့ ဖိုးလုံးတစ်ယောက် သူ့ကျေးဇူးရှင် ခိုင်းနွားကြီး နှစ်ကောင်ကို ဗိုက်ဝစေဖို့ နေရာရွှေ့ပြီး ချည်ကျောင်းနေလေ၏။ 
 
ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။