Pages

Wednesday, June 15, 2011

***အရီးတို့လယ် ကောက်စိုက်တုန်းက***

 
“နှင်းသစ်ရေ ဟေး နှင်းသစ် ခွေးကြည့်ပါအုံးအေ့”
“လာခဲ့ပါ အရီလေး ခွေးက ချည်ထားပါတယ်တော့”
“မသိဘူးလေအေ ညည်းတို့ခွေးက ဆိုးလှတယ်ပြောလို့ ကြည့်ခိုင်းရတာဟဲ့ ငါကခွေးဆို အတော်ကြောက်တာ တလောက မိတင်မှုံ အကိုက်ခံလိုက်ရတယ်ဆိုတာ ကြားကတည်းက ညည်းတို့အိမ်ကို လာသာလာရတာ ခပ်လန့်လန့်ရယ်အေ”
“အရီးလေးကလည်း ခွေးက အဲ့လောက်မဆိုးပါဘူးတော့ အရီးမိတင်မှုံက အသံမပေးဘဲ ၀င်လာတော့ ခွေးက သူစိမ်းဆိုတော့ ကိုက်လိုက်တာပေါ့ အသံပြုပြီး ကြည့်ခိုင်းရင် ရပါတယ်”
“အေးပါအေ ထားပါတော့ ငါလာရင်းကိစပြောရအုံးမယ် မနက်ဖြန် ငါတို့ မြောက်ပြင်က လယ်စိုက်မယ်အေ့ အဲ့ဒါ ညည်းတို့အိမ်က ကောက်စိုက်တစ်ယောက်ထည့်လိုက်အုံး လက်စားပေါ့အေ ညည်းတို့လယ်စိုက်တော့ ပြန်ခေါ်ပေါ့”
“ထည့်လိုက်ပါ့မယ် အရီးလေးရယ် အချင်းချင်းတွေပဲ တစ်လှည့်စီပေါ့ ကျုပ်တို့လယ်တွေက ရေမ၀င်သေးပါဘူး။ ရေ၀င်တော့ ပြန်ခေါ်မှာပေါ့ ထည့်လိုက်မယ် စိတ်ချ”
“အေးအေး ဒါဆို ညည်းတို့အိမ်က တစ်ယောက် ထည့်တွက်လိုက်မယ်နော် ငါ ထွေးလှတို့ ၀ိုင်းဘက်ကို သွားလိုက်အုံးမယ်အေ လယ်က သိပ်မကျယ်တော့ ၇ ယောက် ၈ ယောက်လောက်ပဲခေါ်မှာပါအေ”

ဒေါ်ဖွားစိန်တစ်ယောက် ရွာထဲကို ကောက်စိုက်သမ လိုက်ခေါ်နေခြင်းဖြစ်ပါသည်။ တောရွာဓလေ့ သူ့လယ်စိုက်ရင်ကိုယ်က လိုက်စိုက်ပေး ကိုယ့်လယ်စိုက်တော့ သူ့ကိုပြန်ခေါ် အဲ့ဒီလိုနဲ့ တစ်ယောက်တစ်လှည့် အခကြေးငွေဆိုတာကို အဓိကမထား လက်စားခေါ်ပြီး လယ်စိုက်ကြတယ်။ လယ်ရှင်ကတော့ ကြုံရာဟင်းနဲ့ ထမင်းတော့ကျွေးရတာပေါ့။

ရွာထဲမှာ ဘယ်သူ့လယ်ပဲ စိုက်စိုက် အခုလိုပဲ ကိုယ်နဲ့နီးစပ်ရာနီးစပ်ရာ လက်စားခေါ်ပြီး စိုက်လိုက်တာပါပဲ။ ပျိုးနှုတ်ကျတော့လည်း ယောကျာ်းသား လေးငါးယောက်ကို နေ့လည်နေ့ခင်း နွားကျောင်းရင်း ပျော်ပွဲစားခေါ်လိုက်ရင် ပြီးပြီ။ လယ်သမား အချင်းချင်းတွေမို့ ငွေးရေးကြေးရေးဆိုတာကို အဓိကထားပြီး စကားပြောနေစရာ မလိုပါဘူး။ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီ လုပ်ကိုင်ပေးကြတာပါပဲ။

အခုလည်း အရီးလေးဖွားစိန် ရွာထဲလှည့်ပြီး ကောက်စိုက်သမ ခေါ်လိုက်တာ တောင်ဝိုင်း၊ မြောက်ဝိုင်း၊ အရှေ့ဝိုင်း၊ အနောက်ဝိုင်း နှံ့တော့ ကောက်စိုက်သမ ရှစ်ယောက်က အဆင်ပြေသွားပါတယ်။ တစ်ရွာလုံးလှည့်ခေါ်ရတာကလည်း လယ်စိုက်တဲ့အချိန်ဆိုတော့ တစ်နေ့ကို သုံးလေးဦး တစ်ခါထဲစိုက်ကြတာမို့ တစ်ယောက်မရတော့ နောက်တစ်ယောက် ပြောင်းပြီးခေါ်ရလို့ပါ။

ကောက်စိုက်သမခေါ်ပြီးတော့ ဒေါ်ဖွားစိန် အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်မှာကလည်း မြို့က ညီမ၀မ်းကွဲရဲ့သား ဒေါ်ဖွားစိန်ရဲ့ တူတော်မောင် လင်းထွန်း ရွာကိုအလည်အပတ် ရောက်နေလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရှိသေးသည်။ လင်းထွန်းက မြို့ကလာတယ်ဆိုပေမဲ့ ငယ်ငယ်တုန်းက ရွာမှာပဲမွေးပြီး မြို့တက်သွားသူမို့ ရွာနဲ့သိပ်ပြီးမစိမ်းလှပါဘူး။ သူ့အစ်ကိုတွေလောက် ရွာကိုမရောက်ဖြစ်ပေမဲ့ တစ်နှစ်တစ်ခေါက်တော့ လာလည်တတ်သည်။ အခုလည်း လယ်စိုက်ချိန်မှာ ရောက်လာတာမို့ အလုပ်ကတော့ နဲနဲရှုပ်နေသည်။ သူ့ကိုလည်း ဂရုစိုက်ပြီးတော့ ဧည့်မခံနိုင်ပါဘူး။ လင်းထွန်းကလည်း အေးအေးဆေးဆေး သမားမို့ တော်သေးသည်။

“အမေရေ အမေ အရီးလေး လယ်စိုက်ခေါ်တာက ဘယ်နေ့လဲ”
ဒေါ်နှင်းသစ်ရဲ့ သမီး ပန်းမှုံက အမေဖြစ်သူကို မေးနေခြင်းဖြစ်သည်။
“မနက်ဖြန်လေ သမီးရဲ့ ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး မနက်ဖြန်က တောင်ဝိုင်းက လေးခင်လှတို့ကလည်း ခေါ်ထားတယ်လေ အစ်မထွေးခင်က လေးခင်လှတို့ လယ်စိုက်လိုက်မှာဆိုတော့ ကျုပ်က အရီးလေးတို့ လယ်ကို လိုက်ရမှာပေါ့”
“အင်း ညည်းက အရီးလေးတို့လယ်ကို လိုက်သွားလိုက်ပေါ့အေ မိခင်လှတို့လယ်က အကျယ်ကြီးရယ် လူကလည်း သိပ်မများဘူးဆိုတော့ တော်တော်စိုက်ရမှာ။ အဲ့ဒီလယ်က အရင်ကတည်းက တစ်ရက်ထဲ ဘယ်တော့မှမပြီးဘူး အနည်းဆုံး နှစ်ရက်လောက်တော့ စိုက်ရတယ်”
“ဟုတ်ကဲ့ပါ အမေ ဒါဆို ကျုပ်အရီးလေးတို့ လယ်ပဲ လိုက်သွားလိုက်မယ်”
ပန်းမှုံက အမေဖြစ်သူကိုပြောပြီး မနက်လယ်စိုက်လိုက်ရမှာမို့ အိပ်ယာစောစော ၀င်ခဲ့သည်။
*********************

Tuesday, June 14, 2011

အာလူးထမင်းလုံး

ဒီနေ့မနက်တော့ မနေ့ကကျန်တဲ့ ငါးဟင်းအနှစ်ရယ်၊ ငါးတစ်တုံးရယ်ကို ထမင်းရယ်၊ အာလူးပြုတ်ပြီးသားရယ် ရောနယ်ပြီး နံနံက်စာအတွက်ဖြေရှင်းလိုက်ပါတယ်။ သူများတွေဆီမှာဖတ်ဖူးတာတော့ လုပ်နည်းက တစ်မျိုးပါ။ ကျွန်တော်ကတော့ ရှိတာလေးကိုပဲ ဖြစ်သလိုလုပ်စားလိုက်တာ။ အောက်က ပုံလေးတွေ အတိုင်းပါပဲ။ မစားခင် ဓာတ်ပုံလေး ရိုက်ထားလို့ ဘလော့ခ်မှာတင်ပေးလိုက်ပါတယ်။ ထမင်းနယ်ပြီးသားကို လုံးထားတာမို့ အာလူးထမင်းလုံးဆိုပြီး နာမည်တတ်လိုက်တာပါ။





ထမင်းလုံးရယ်၊ ငရုတ်သီးတောင့်ကြော်၊ နံနံပင်နဲ့ ချဉ်ရည်ဟင်းလေးပါ တွဲပြီး နံနက်စာကို စားလိုက်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ ကြပါစေ...။

ချက်စားဖြစ်သော ဟင်းလေးများ

ရွှေညာသားလေးတို့ဆီမှာ နွေရာသီရောက်စပြုလို့ ဟင်းချက်စရာ အသီးအနှံတွေ ဈေးပေါလာပါပြီ။ ဗီယက်နမ်ဈေးမှာ မြန်မာပြည်ကလို အသီးအရွက်တွေ တော်တော်များများဝယ်လို့ရပါတယ်။ အသားဟင်းတွေချည်းပဲ စားနေရတာ တကယ်ကို ငြီးငွေ့စရာကောင်းတယ်ဗျာ။ ဒါကြောင့် အသီးအနှံတွေ ဈေးပေါတုန်း များများဝယ်စား ဖြစ်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက အသားကို သိပ်မစားဘူး။ အသီးအရွက်ကတော့ စားလို့ရတာဆိုရင် အကုန်စားတယ်။ ရွာမှာကြီးပြင်းလာရတာလည်း တခုပါမှာပေါ့လေ။

 ရွှေညာသားလက်ရာ မုန့်ညှင်းရွက် ချဉ်ရည်ဟင်းပါ


ရွာမှာက အသားငါးဆိုတာ လွယ်လွယ် မရဘူးမဟုတ်လား။ အလှူတို့၊ မင်္ဂလာဆောင်တို့ ရှိပါမှ အသားဟင်းဆိုတာ စားရတာလေ။ ကျန်တဲ့အချိန်ကတော့ ကြက်ဥတောင် အနပ်တိုင်း ပါတာမဟုတ်ဘူး။ တောရွာဓလေ့ ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေ၊ တောထဲတောင်ထဲက ရတဲ့ သစ်ရွက်သစ်ဖုတွေပဲ စားရတာများတော့ အသားငါးထက် အသီးအရွက်တွေကို ပိုပြီးခုံမင်တယ်။ တနေ့ကတောင် သူငယ်ချင်းက ဗီယက်နမ်ဈေးကို ခေါ်နေတာ။ မလိုက်ချင်ဘူးလို့ ငြင်းလိုက်တယ်။ ကိုယ့်အကြောင်းကို သိလို့ပါ။ ဈေးရောက်လို့ အသီးအရွက်တွေကိုမြင်ရင် စိတ်က ဘယ်လိုမှမထိန်းနိုင်ဘူး။ ၀ယ်ချင်တာလေ အားလုံးကလည်း ဈေးသိပ်မကြီးတော့ မြင်ရာကိုဝယ်ချင်နေတော့တာပဲ။ နောက်ပြီး အရင်တစ်ခေါက် တုန်းက ၀ယ်ထားတာလေးတွေလည်း ကျန်နေသေးလို့ပါ။ မဟုတ်ရင်တော့ လိုက်ဖြစ်မှာပေါ့။ 

 ဂေါ်ဖီလေးပါ ထည့်လိုက်သေးတယ်။နံနံပင်လည်း ထည့်ထားပါတယ်။ မွှေးမွှေးလေးနဲ့ သောက်လို့ အတော်ကောင်း။

ငါးဟင်းကတော့ ရေခဲသေတ္တာထဲ ထည့်ဖို့ဗူးထဲကိုတခါတည်း ထည့်ထားတာမို့ ဒီအတိုင်းပဲ ရိုက်လိုက်ပါတယ်။

မနေ့ကတော့ မုန့်ညှင်းရွက် ချဉ်ရည်နဲ့ ဆော်လမွန်ငါးဟင်း ချက်စားဖြစ်တယ်ဗျ။ အချဉ်ရည်ဟင်းကတော့ သူတို့ဆီက ချဉ်ပေါင်ရွက်နဲ့ ချက်တာပါ။ အရွက်ပုံစံမတူပေမဲ့ ချဉ်တာကတော့ ကျွန်တော်တို့ဆီက ချဉ်ပေါင်ရွက်လိုပါပဲ။ စားလို့ အတော်ကောင်းပါတယ်။ အဲ့ဒီအရွက်နဲ့ မုန့်ညှင်းရွက်ကို ရောပြီး ချဉ်ရည်သောက် ချက်စားပါတယ်။ ငါးကိုတော့ မကြော်တော့ပဲ ခရမ်းချဉ်သီး၊ ငရုတ်သီးတောင့်လေးထည့်၊ နံနံပင်လေးအုပ်ပြီး ချက်ပါတယ်။ တောသားဆိုတော့ တောစတိုင်ပဲ တတ်သလိုမှတ်သလို ချက်စားလိုက်ပါတယ်။ ဒါတောင် ငါးဟင်းက ဆီနည်းနည်း များသွားသေးတယ်။ အမေ့လက်ရာကိုတော့ မမှီသေးဘူးပေါ့နော့။ မကြာခင်တော့ အမေ့လက်ရာ ဟင်းလေးတွေ ပြန်စားရတော့မှာမို့ စိတ်ထဲမှာ ပျော်နေမိတယ်ဗျာ။ ကျွန်တော်ချက်တာလေးတွေလည်း အလည်လာရင်း မြည်းစမ်းသွားပါအုံးနော်။ ဟင်းချက်တဲ့ မမတွေလည်း အလုပ်တွေများနေတယ်ထင်တယ်။ ဟင်းအသစ် မတင်ကြဘူးဗျ။

ရွှေညာသားလက်ရာ ငါးဟင်းပါ။ နံနံပင်နဲ့ ငရုတ်သီးတောင့်လေးတွေပါ ထည့်ထားတယ်။ အားမနာတမ်း သုံးဆောင်သွားပါအုံးဗျာ။

လာလည်ကြတဲ့ ကျွန်တော် မိတ်ဆွေ ညီအစ်အကိုမောင်နှမတစ်တွေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ် ကိစ္စအ၀၀ အဆင်ပြေကြပါစေ။

မယ်အေးလှရဲ့ တစ်နေ့တာ

အညာရဲ့ နံနက်အစော မီးဖိုချောင်မြင်ကွင်း( photo from google)
“အောက် အီ အီး အွတ်” 
“တုန်…. တုန်….တုန်…” လင်းကြက်တွန်သံများနဲ့အတူ ရွာဦးကျောင်းမှ တုန်းခေါက်သံက ကျေးလက်နံနက်အာရုဏ်၏ တိတ်ဆိတ်ငြိမ်သက်မှု့ကို လှုပ်နှိုးလိုက်သည်။

“ခြစ်… ခြစ်...ခြစ်” အိပ်ယာဘေးသေတ္တာပေါ်မှာ ညကတည်းက အရန်သင့် တင်ထားသော ဓာတ်ဆီမီးခြစ်ကို ယူခြစ်ပြီး မယ်အေးလှတစ်ယောက် ရေနံဆီမီးခွက်ထွန်းညှိလိုက်သည်။

ယာတောကို သွားကြမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် နံနက်စာချက်ပြုတ်ပြင်ဆင်ဖို့ရာ မယ်အေးလှ တစ်ယောက် အိပ်ယာမှထခဲ့လေ၏။

မီးဖိုချောင်မှာ မီးခွက်ကိုထားခဲ့ပြီး အပေါ့အလေးသွားဖို့ အိမ်သာရှိရာ အိမ်နောက်ဖေးဆီသို့ လှမ်းလာခဲ့သည်။ ကိစ္စ၀ိစ္စ တွေပြီးတော့ လက်ဆေးသန့်စင်ပြီး မီးဖိုချောင်ဆီသို့ တစ်ခေါက်ပြန်လာခဲ့သည်။ ဆားအိုးထဲမှ ဆားအနည်းငယ်ကို ယူပြီး သွားတိုက်လိုက်သည်။ ပြီးတော့ စဥ့်အိုးမှရေကို ဖလားခွက်နဲ့ခပ်ပြီး မျက်နှာသစ်လိုက်ပါသည်။ နံနက်အစောမှာ ရေအေးအေးနဲ့ထိတွေ့မှု့က လူကိုလန်းဆန်းသွားစေတာတော့ အမှန်ပင်။  မျက်နှာသစ်ပြီးတော့ မီးဖိုမှာ မီးမွှေးပြီး ရေနွေအိုးကို ပထမဆုံး တည်လိုက်သည်။ ရေနွေးအိုးတည်ထားတုန်းမှာ ထမင်းချက်ဖို့အတွက် ဆန်ဆေးထားလိုက်သည်။ ရေနွေအိုးဆူတော့ ရေနွေးခရားမှာလ္ဘက်ခြောက်ထည့်ပြီး ရေနွေးခပ်ထားလိုက်သည်။ ထမင်းအိုးကို မီးဖိုပေါ်တင်ပြီး ထမင်းနဲ့စားဖို့ရာအတွက် စီမံရပြန်သည်။ ဒီမနက်တော့ ညကပြုတ်ထားတဲ့ ထောပတ်ပဲပြုတ်ကို ကြက်သွန်နီလေး ဆီသတ်ပြီး ပြန်ကြော်ပေးဖို့ ပြင်ဆင်ထားလိုက်သည်။ နောက်တစ်မျိုးကတော့ ခရမ်းချဉ်သီးကို မီးဖုတ်ပြီး ငရုတ်သီးလေးနဲ့ ထောင်းလိုက်မည်။ ဒီလောက်ဆိုရင် နံနက်အစော ထမင်းကြမ်းအတွက် အဆင်ပြေလောက်ပါ၏။

ထမင်းအိုးငှဲ့ပြီး ခဏကြာတော့ မီးဖိုထဲမှ မီးကျည်းခဲများကို ယက်ထုတ်ပြီးဘေးနားမှာ ထမင်းအိုးကို နှပ်ထားလိုက်သည်။ တဆက်တည်း ဆိုသလို ပဲပြုတ်ကြော်အိုးကို မီးဖိုမှာတင်ပြီး ကြော်လိုက်သည်။ ခရမ်းချဉ်သီးလေးတွေကိုလည်း သီတံမှာထိုးပြီး မီးခဲပေါ်မှာ တင်ထားလိုက်သည်။ ပဲပြုတ်ကြော်အိုး ကျက်တော့ ရေနွေးအိုးနောက်တစ်လုံး ထပ်တည်ထားလိုက်သည်။  တောထဲကို ရေနွေးဗူးထည့်ပေးလိုက်ရအုံးမည် မဟုတ်ပါလား။ အားလုံးပြင်ဆင်ပြီးတော့ နွားတင်းကုပ်ဆီသို့ သွား၍ ငဖြူနဲ့ငညိုကို နွားစာကျင်းမှာ ရွှေ့ချည်ပြီးနွားစာထည့်ကျွေးထားလိုက်သည်။ မိုးဦးကျစမို့ သူတို့နှစ်ကောင်လည်း ပင်ပမ်းလှသည်။ တိရစ္ဆာန်ပေမဲ့ သူ့တို့တာဝန်ကိုတော့ သူတို့သိသည်။ သခင်တွေ အိပ်ယာထကတည်းက သူတို့လည်း အိပ်ယာမှထပြီး စားဖို့ရာအတွက်စောင့်နေကြသည်။ မြေကြီးကို ရုန်းကန်ထွက်ယက်ရမှာဆိုတော့ သူတို့လည်း အားပြည့်ဖိုလိုသည်မဟုတ်ပါလား။

နွားတွေကို နွားစာကျင်းမှာကျွေးထားခဲ့ပြီးတော့ ညကစွန့်ထားတဲ့  နွားချေးတွေကိုကျုံးရပြန်သည်။ တံမြက်စည်းကိုကိုင်လို့ နွားတင်ကုပ်နဲ့ အိမ်ဝိုင်းထဲကို အမှိုက်လှဲကျင်း သန့်ရှင်းရေးလုပ်လိုက်သည်။ အရှေ့ကောင်းကင်ဆီမှ ရောင်နီလာတော့ ယောကျာ်းဖြစ်သူ ကိုဘမောင်နဲ့ သားသမီးတွေကို နှိုးလိုက်ပါသည်။

“ကိုဘမောင်…ကိုဘမောင် ထတော့တော် ရောင်နီလာပြီတော့ တော် ဒီနေ့ မြောက်တောကို ယာကျဲသွားမှာဆို ကျုပ် ငဖြူနဲ့ငညိုကိုလည်း အစာကျွေးထားပြီးပြီ”

ယောကျာ်းဖြစ်သူကို နှိုးပြီးပြန်တော့“လူလေး ထွေးမောင် သမီးအေးမိ ထကြတော့ကွယ် မိုးလင်းတော့မယ် မင်းတို့အဖေနဲ့ ယာကျဲလိုက်ရမှာ အမေအားလုံး အဆင်သင့် ပြင်ထားပြီးပြီ နေမပူခင် ယာထဲစောစော ရောက်တော့ သက်သာတာပေါ့ ထကြ ထကြ”

ယောကျာ်းနဲ့ သားသမီးတွေကို နှိုးပြီးတော့ မီးဖိုချောင်ထဲမှာ ဘုရားဆွမ်းတော်တင်ဖို့အတွက် ထမင်းအိုးထဲက ဦးဦးဖျားဖျား ထမင်းကိုခူးပြီး ပဲပြုတ်ကြော် ခရမ်းချဉ်သီးထောင်းလေးကို အပေါ်ကပုံလိုက်သည်။ သောက်တော်ရေခွက်မှာလည်း သောက်ရေအိုးမှ ရေကိုခပ်ဖြည့်ပြီး အိမ်ပေါ်ဘုရားစင်ရှိရာဆီသို့ တက်လာခဲ့သည်။ ဆွမ်းတော်ဗန်းကို ဘုရားစင်မှာတင်ပြီး ဖယောင်းတိုင်လေးတစ်တိုင်ကို ထွန်းညှိပူဇော်လိုက်သည်။ အဲ့ဒီနောက်တော့ တဘက်လေးကို ပခုံးပေါ်မှာတင်လို့ ဘုရားစင်ရှေ့မှာထိုင်ကာ လက်အုပ်ချီပြီး ဘုရားဆွမ်းတော်ကပ်ကို မတိုးမကျယ်လေး ဆိုပြီးဆွမ်းကပ်လိုက်သည်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့အမျှဝေပြီး ကြေစည်လေးပါ ထုလိုက်သည်။ ပါးစပ်မှလည်း အခုလို ဆွမ်းကပ်လှူရသော အကျိုးအားကြောင့် ယာတောကို သွားမည့် ယောကျာ်းဖြစ်သူနဲ့ သားသမီးတွေအတွက် ဘေးအန္တရာယ်မှ ကင်းဝေးစေကြောင်း ဆုတောင်းလိုက်သေးသည်။ မိုးဦးကျကာလဆိုတော့ နွေရာသီမှာတွင်းအောင်နေခဲ့တဲ့ ပိုးကောင်မွှားကောင်တွေက ညဆိုအစာထွက်ရှာ တတ်ကြသည်။ မနက်အစော တောထဲထွက်ရင် အဲ့ဒါလေးတွေတော့ သတိထားရသည်။ မြွေတို့ကင်းတို့လို အဆိပ်ရှိတဲ့ အကောင်တွေက တောင်သူလယ်သမားတွေအတွက် အသက်ကိုပင်ဒုက္ခပေးနိုင်သည် မဟုတ်ပါလား။

မယ်အေးလှ ဆွမ်းတော်ကပ်ပြီးတော့ ကိုဘမောင်လည်း မျက်နှာသစ်ပြီးလို့ နွားတွေကို နွားစာထပ်ထည့်ကျွေးနေသည်။ ထွေးမောင်နဲ့ အေးမိတို့ မောင်နှမလည်း ဖခင်နဲ့အတူ ယာတောသွားဖို့ အဆင်သင့်ပြင်ဆင်ပြီး ထမင်းကြမ်းစားကြသည်။ သူတို့သားအဖတစ်တွေ ထမင်းကြမ်းစားနေတုန်း မယ်အေးလှက မျိုးစေ့တောင်းမှာ မျိုးစေ့ထည့်ရင်းက

“ကိုဘမောင် နှမ်း ဘယ်လောက်ထည့်လိုက်ရမတုန်းတော့ မနှစ်က လေးဗူးကျဲတာ နဲနဲပါးသလားလို့ ပဲစင်းငုံကတော့ တစ်ပြည်ထည့်လိုက်မယ် နှမ်းကိုလည်း ဒီနှစ် ခြောက်ဗူးလောက်တော့ ထည့်လိုက်မယ်တော် ကြည့်ပြီးပက်ပေါ့။ သမီးအေးမိ အမေ ပဲလက်ကောက်စေ့နဲ့ ဖရုံစေ့လေးတွေထည့်ပေးလိုက်တယ် ယာခင်းမြောက်စပ်က ရှားပင်ခြောက်ကြီးနားမှာ စိုက်ထားလိုက်နော်”
“ကိုယ့်ယာခင်းနားဆိုတော့ ရောက်တဲ့အခါ လွယ်လွယ်ခူးစားလို့ရတာပေါ့..”
မျိုးစေ့ထည့်ပေးရင်းက သမီးဖြစ်သူကို မှာကြားနေသည်။ အားလုံး နံနက်စာ ထမင်းကြမ်းစားသောက်ပြီးတော့ မယ်အေးလှက ကိုဘမောင် ထွန်းရှဉ်းကောက်ရာတွင် ကူညီလုပ်ကိုင်ပေးရပြန်သည်။ ထွန်ရှဉ်းကောက်ပြီးတော့ သားဖြစ်သူထွေးမောင်က ထွန်ရှဉ်းကိုမောင်း သမီးဖြစ်သူ အေးမိက မျိုးစေ့တောင်းကို ရွက်လို့ ကိုဘမောင်တို့ သားအဖသုံးယောက် ယာတောကို ယာကျဲထွက်သွားကြတော့သည်။

တန်ဖိုးကြီး ပစ္စည်းတွေ ကင်းတဲ့ အညာမီးဖိုချောင်(photo from google)
သူတို့တွေထွက်သွားတော့ အိမ်မှာကျန်ခဲ့တဲ့ မယ်အေးလှက အငယ်ဆုံးကောင် ဖိုးသစ်ကို အိပ်ယာမှ နှိုးလိုက်သည်။ ဖိုးသစ်က အိမ်မှာအငယ်ဆုံးမို့ အိပ်ယာထအမြဲနောက်ကျတတ်သည်။ ဖိုးသစ်အိပ်ယာထပြီး မျက်နှာသစ် ကျောင်းသွားဖို့ ပြင်ဆင်ပြီးတော့ သားအမိနှစ်ယောက်အတူတူ ထမင်းကြမ်းစားကြသည်။ မယ်အေးလှတစ်ယောက်လည်း ရွာဦးကျောင်းက တုန်းခေါက်ကတည်းက အိပ်ယာမှထပြီး လုပ်လိုက်ရတာ အခုမှပဲထိုင်ရတော့သည်။ ဒါလည်း ကြာကြာထိုင်ရမည် မဟုတ်။ နံနက်စာ စားပြီးပြန်တော့ နေ့လည်စာ အတွက် ချက်ဖို့ကျန်သေးသည်။ သားအမိနှစ်ယောက် ထမင်းစားပြီးတော့ ဖိုးသစ်လည်း ကျောင်းသွားဖို့ လွယ်အိတ်ကို ကောက်လွယ်ပြီး ကျောင်းသို့ထွက်ခဲ့သည်။

Monday, June 13, 2011

အလည်ခရီးမှ အမှတ်တရ ဓာတ်ပုံလေးများ

အရင်ပို့စ်မှာ စာတွေနဲ့မို့ ဓာတ်ပုံလေးတွေ သိပ်ပြီးမထည့်လိုက်ရဘူး။ ဒါကြောင့် ဓာတ်ပုံလေးတွေပဲ သီးသန့် တင်ပေးလိုက်ပါတယ်။ အရုပ်ပြတိုက်မှာက ကင်မရာယူခွင့်မရပါဘူး။ ပိုက်ဆံများများပေးရင်တော့ ရိုက်ခွင့်ရမှာပေါ့။ အရုပ်လေးတွေကတော့ ရှေးကျတာကလွဲလို့ တခြားထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်တို့ဆီက ဘုရားပွဲဈေးမှာရောင်းတဲ့ အိုးပုတ်၊ချိုးရုပ် လေးတွေလိုပဲ ရွှံ့နဲ့လုပ်ထားတာ ပုံစံမျိုးစုံ၊ အရောင်မျိုးစုံပေါ့။  ဓာတ်ပုံထဲမှာ မပါလို့ ပြောပြတာပါ။ ကဲ အောက်ကဓာတ်ပုံလေးတွေ ကတော့ လျှပ်တစ်ပြတ် ရိုက်ချက်လေးတွေပေါ့။ ကြည့်ရှု့အားပေးသွားပါအုံးနော်။

 ဘုရားကျောင်းကို အဝေးမှလှမ်းမြင်ရတဲ့ပုံပါ


 ဘုရားကျောင်းပေါ်တက်တဲ့လမ်းပါ။ ကျွန်တော်တို့က တခြားလမ်းကနေ ပတ်ပြီး တက်ခဲ့ပါတယ်။


စားသောက်ဆိုင်ရှေ့တစ်နေရာ

 ဒီနေရာလေးကက သူတို့တွေ ဓာတ်ပုံလာရိုက်တဲ့နေရာပါ။ ရှု့ခင်းသာ သဘောမျိုးပေါ့ဗျာ။
 ပြုံးပျော်ကြည်နူးနေကြတဲ့ သတို့သားနဲ့သတို့သမီး။ နိုင်ငံခြားသားတွေက ဓာတ်ပုံဝိုင်းရိုက်တယ်ဆိုတာကို ပြောချင်လို့ထင်တယ် ကျွန်တော်တို့ကို ဓာတ်ပုံအတင်းရိုက်ခိုင်းတယ်။ သူတို့ကင်မရာသမားကလည်း ကျွန်တော်တို့ကို ပြန်ရိုက်ပေးသေးဗျာ။ ဒီအချိန်လောက်ဆို သတင်းစာထဲများ ပါပြီလားမသိဘူး။

 ဒါကတော့ ဘုရားကျောင်းရှေ့က ရုပ်ထုပါ။

ချဲဂဏန်းပေးနေတာထင်တယ် မြင်အောင်ကြည့်နော်။
 အပေါ်ကပုံက ဘုရားကျောင်းထဲကပုံပါ။ အထက်နားလေးက သုံးပုံက သူတို့ ဘုရားရယ်၊ ဘုရားသားတော်ရယ်၊ ဘုရားဝိညာဉ်ရယ်ပါတဲ့။ သုံးယောက်မဟုတ်ပါဘူးတဲ့။ တစ်ယောက်ထဲပါပဲ။ စရိုက်သုံးမျိုး ရှိတယ်ပြောတာလို့ထင်တာပဲ။ ဆရာမကတော့ နေကို ဥပမာပေးပြောတယ်။ နေက တခုတည်းပေမဲ့ အလင်းရောင်ပေးတယ်၊ အပူဓာတ်လည်းပေးတယ်၊ အဲ့ဒီသဘောပဲတဲ့ဗျာ။
ဒီပုံကတော့ ဘုရားကျောင်းထဲက ဘုန်းကြီးတွေပါ။ နှစ်ယောက် ဘာတွေပြောနေလဲတော့ မသိပါဘူး။ မသိမသာလေး လှမ်းရိုက်လာတာ။ ကျွန်တော်တို့ သွားတဲ့ကျောင်းက ဘုန်းကြီးတွေပဲ နေတာတဲ့။ မယ်သီလတွေပဲ နေတဲ့ကျောင်းလည်းရှိတယ်ပြောတယ်။ သူတို့တွေအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ သူများကို အကူအညီမတောင်းဘူးတဲ့ သူ့တို့ဘာသာပဲ လုပ်ကိုင်စားသောက်ကြတယ်ပြောတယ်။ စိုက်ပျိုးလို့ရတာကနေ ရောင်းချပြီး စားဖို့၊၀တ်ဖို့နဲ့ လိုအပ်တဲ့အသုံးအဆောင်ကို ၀ယ်ကြတယ်တဲ့။ လည်ပင်းမှာ ရွှေရောင်လက်ဝါးကပ်တိုင် ဆွဲထားတဲ့ ဘုန်းကြီးတွေလည်း တွေ့ခဲ့သေးတယ်။ သူတို့ကတော့ ရာထူးကြီးကြီးတွေ ဖြစ်မှာပေါ့။