Pages

Sunday, April 10, 2011

တေးလက်ဆောင်

သင်္ကြန်သီချင်းတွေ နားထောင်တိုင်း မရိုးနိုင်တဲ့ သီချင်းလေးတွေထဲမှာ “မြူမှောင်ဝေကင်း” ဆိုတဲ့သီချင်းလေး ကလည်း တစ်ပုဒ်အပါအ၀င်ပဲနော်။ သင်္ကြန်ဒိုးသံ တွေများများမပါပေမဲ့ သံစဉ်လေးက ငြိမ့်ညောင်းပြီး နားထောင်ရတာ ကျက်သရေရှိလှတယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာတုန်းက မောင်မယ်သစ်လွင် ကြိုဆိုပွဲလုပ်တိုင်း ဖျော်ဖြေရေးပိုင်းကို ဒီသီချင်းလေးနဲ့စပြီးဖွင့်တာ နှစ်စဉ်ပါပဲ။ ကျွန်တော်သူ့ငယ်ချင်း တစ်ယောက်က အကနဲ့ဖျော်ဖြေတယ်။ ဒူးလောက်ထိတဲ့ သူ့ဆံကေသာမှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ပြီးတော့ ငြိမ့်ငြိမ့်ညောင်းညောင်း ကပြတာကလည်း သီချင်းနဲ့လိုက်ဖက်လှတယ်။ ခေတ်စနစ်တွေ ပြောင်းလာတော့ နောက်များဆို သင်္ကြန်ဒိုးသံမှ ကြားရပါအုံးမလား မသိဘူးနော်။ အခုနောက်ပိုင်း သီချင်းအတော်များများက သင်္ကြန်သီချင်းလို့သာ ပြောတယ် သင်္ကြန်ဒိုးသံကို မပါတော့ဘူးဗျာ။ ကျောင်းမှာဆရာမတွေကို သင်္ကြန်ရောက်ခါနီးရင် သင်္ကြန်အကြောင်းတွေကို ပြောပြောပြတာ။ သင်္ကြန်သီချင်းနဲ့ အကတွေ ရေကစားကြတာတွေကို  ပြတော့ သူတို့ပါပျော်ပြီး လက်ကလေးတွေ မချိုးတတ်ချိုးတတ်နဲ့ လိုက်ကတယ်။ အဲ့ဒီလောက်အထိ ကျွန်တော်တို့ သင်္ကြန်ဒိုးက စိတ်ကိုပျော်ရွှင်စေတာဗျ။ ဒီခေတ်ဆိုပုံ ကပုံတွေများ ပြလိုက်ရင်တော့ အရင်က ကိုယ်ပြောထားတာတွေက လိမ်ညာပြီးပြောတယ်လို့ တောင်ထင်သွားနိုင်တယ်။ ဒါပေမဲ့လေ သွားပြောပြန်ရင်လည်း  ဒီခေတ်ကြီးမှာ ပြောတဲ့သူတာ အရူးဖြစ်မှာလေ။ ဒါကြောင့် ကျွန်တော်ရှာတွေ့တဲ့ အရင်တုန်းက “မြူမှောင်ဝေကင်း” သီချင်းလေးကို အလည်လာရင်း နားဆင်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ကျက်သရေရှိလှတဲ့ သင်္ကြန်ရေသဘင်ဒိုးနဲ့ သင်္ကြန်သီချင်းတွေ ပျောက်ပျက်သွားမှာကို စိုးရိမ်မိတယ်ဗျာ။


အလည်လာရောက်ကြတဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတစ်တွေ အားလုံး နှစ်သစ်မှာ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေ...

သူငယ်ချင်းနဲ့ ဈေးဝယ်တစ်ခေါက်

ဈေးအပေါ်မျက်နှာကျက်မှာ အလှဆင်ထားတဲ့ ပန်းလုံးတွေ

 
ဒီနေ့ ကျောင်းပိတ်ရက်မှာ သူငယ်ချင်း တစ်ယောက်က ဈေးဝယ်သွားတာ အဖော် လိုက်ခဲ့ပေးဖို့ခေါ်လို့ သူနဲ့လိုက်သွား ဖြစ်တယ်။ ဒီနေ့မနက်အိပ်ယာထကတည်းက အပြင်မှာ ရာသီဥတု ကလည်း နှင်းတွေ ကျနေလို့ အဆောင်မှာပဲ ဇိမ်နဲ့ကွေးမယ်ဆိုပြီး စဉ်းစားထားတာ။ ဈေးဝယ်ဆိုတော့လည်း နဲနဲစိတ်ဝင်စားတာနဲ့ သူငယ်ချင်းလည်း အဖော်ရအောင်ဆိုပြီး နှင်းတွေကြားမှာပဲ ထွက်လာခဲ့ပါတယ်။ လမ်းသွားရတာကတော့ သိပ်ပြီးတော့ အဆင်မပြေ လှဘူးဗျာ။ မြန်မာပြည်က ရွှံ့ဗွက်တွေအစား ဒီမှာတော့ နှင်းဗွက်တွေထဲမှာ သွားခဲ့ရတယ်။

ဆိုင်ရောက်တော့လည်း ပစ္စည်းတွေကလိုချင်စရာ တွေကြည့်ပဲ။ အစကတော့ ဘာမှမ၀ယ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ ဟိုကြည့်ဒီကြည့်နဲ့ ဈေးနှုန်းကလည်း တ၀က်ဈေးပဲလို့ ရေးထားတော့ စိတ်ကဘယ်လိုမှ မရတော့ဘူး။ ပုံမှန်ရောင်းတာ တစ်ထောင်ဆိုရင် ငါးရာနဲ့ရမှာလေဗျာ ဟဲ..ဟဲ.. တောသားပဲလေနော့။ ကိုယ့်အထွာနဲ့ကိုပေါ့။ အဲ့ဒါနဲ့ နွေရာသီမှာ ၀တ်ဖို့ အပေါ်ဝတ်အကျီင်္တစ်ထည် နဲ့ ကင်မရာထည့်ဖို့ အိတ်လေးတစ်လုံး ၀ယ်လာဖြစ်တယ်။ အဆောင်က သူငယ်ချင်းတွေ ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ သူတို့ကလည်း လိုချင်တယ်ပြောတာနဲ့  သူငယ်ချင်းနှစ်ယောက် အတွက်ပါ အင်္ကျီတစ်ထည်စီ ၀ယ်လာပေးလိုက်တယ်။အလကားမဟုတ်ဘူးနော်။ အဆောင်ရောက်တော့ ပိုက်ဆံ ပြန်တောင်းတာပေါ့ဗျာ (ဟဲ…ဟဲ)။
သူတို့ကလည်း မသိရင်တော့ လူအစစ်တွေအလား

မြန်မာပြည်မှာတော့ ဈေးဝယ်လို့ပြီးရင် မုန့်ဟင်းခါးဆိုင်တို့၊ ကြာဇံဟင်းခါးဆိုင် တို့ကို သွားတာပေါ့ဗျာ။ ဒီမှာတော့  မက်ဒေါ်နယ် လို့ခေါ်သလား (ဟမ်ဘာဂါလို့ခေါ်သလား) မပြောတတ်ပါဘူး သူငယ်ချင်းနှစ်ယောက် အဲ့ဒီဆိုင်တန်းတွေဘက်ကို ရောက်သွား ပါတယ်။ တောသားဆိုတော့ အမှန်အတိုင်းပြောရရင် အဲ့ဒီလို အစားအစာ တွေကိုသိပ်ပြီး ခံတွင်းမတွေ့လှဘူးဗျ။ သူငယ်ချင်းတွေနဲ့ ဟမ်ဘာဂါစားရင် တစ်ခုကို ကုန်အောင် အတော်လေး စားယူရတယ်။ အဲ့ဒါနဲ့ ဆိုင်တွေကိုလျှောက်ကြည့်တော့ ထမင်းကြော်တွေ၊ ခေါက်ဆွဲကြော်တွေကို ဒယ်အိုးနဲ့ မဟုတ်ဘဲ မီးဖိုပလိပ်ပြား ပေါ်မှာ ဓားတွေနဲ့ခုတ်စင်းပြီး ကြော်နေတာ တွေ့တာနဲ့ စိတ်ဝင်စားလို့ သူငယ်ချင်းကို အဲ့ဒီဆိုင်မှာ သွားစားဖို့မဲဆွယ် လိုက်ပါတယ်။ ဟမ်ဘာဂါ ကိုတော့ အရင်နှစ်ခါလောက် စားဖူးပြီးသားမို့ စားချင်စိတ် မရှိတော့ဘူး။ သူငယ်ချင်းကလည်း နှစ်ခါမပြောရပါဘူး နှစ်ယောက်သား ဆိုင်ကို ရောက်သွားပါလေရော။ ဆိုင်ရောက်တော့ ကောင်တာမှာ ထိုင်တဲ့တစ်ယောက်က အာရှသားဖြစ်ဟန်တူပါတယ်။ ဖော်ဖော်ရွေရွေပါပဲ။ အစားအစာတွေအကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ခေါက်ဆွဲကြော်(ဆိုင်မှာရေးထားတာတော့ спаго တဲ့) တစ်ပွဲနဲ့ သူငယ်ချင်းက ထမင်းကြော်တစ်ပွဲ မှာလိုက်ပါတယ်။

Friday, April 8, 2011

အညာ သနပ်ခါး

သနပ်ခါးပင်

လာလည်ကြတဲ့ ကျွန်တော့်အစ်မနှမတွေအတွက် အညာသနပ်ခါး လက်ဆောင်ပေးမယ်နော်။ သနပ်ခါးက ကျွန်တော်တို့ဆီမှာ တကုတက စိုက်တာတော့ သိပ်မရှိဘူးဗျ။ ကိုယ့်ယာခင်းနားမှာ အလေ့ကျ ပေါက်တာလေးတွေကို ပြုပြင်ထားကြတယ်။ အသုံးပြုချင်တော့ ခုတ်ပြီး သုံးလို့အဆင်ပြေတယ်။အရမ်း ရှားရှားပါးပါး မဟုတ်ဘူးပေါ့။ တောထဲထွက်ရင် သနပ်ခါးအပင်လေးတွေ တွေ့နိုင်ပါတယ်။ နေရာတိုင်း တော့ မဟုတ်ဘူးနော်။ အညာဒေသမှာ သနပ်ခါးက အညာသူလုံမပျိုတို့ရဲ့ အလှပြင်ပစ္စည်း တခုဖြစ်ပြီး အညာနေပူ ဒဏ်ကိုလည်း ကာကွယ်ပေးတယ်။ အညာသူတွေ တောထဲထွက်ရင် သနပ်ခါးဘဲကြား လိမ်းတယ် ဆိုတာ မျက်နှာကို နေပူဒဏ်ကနေ ကာကွယ်နိုင်အောင်လို့ပါ။ သနပ်ခါးတုံးနဲ့ ကျောက်ပြင် ကတော့ အညာက အိမ်တိုင်းလိုလိုမှာ ရှိပါတယ်။ ကျွန်တော်တို့ကို အမေက ငယ်ငယ်ကတည်းက သနပ်ခါးကို လိမ်းလိမ်းပေးတယ်။ ငယ်ငယ်ကဆို ရေချိုးပြီးရင် သနပ်ခါးသွေးပြီးသားတွေ ပါးစပ်ထဲခွံ့တာကို အတော်ကြောက်တာ။ စကားပြောတတ်တဲ့ အရွယ်အထိ ရေချိုးပြီးတိုင်း သနပ်ခါးခွံ့ကျွေးသေးတယ်။ ကျန်းမာရေး ကောင်းတယ်တဲ့လေ။ အရသာက ခါးသက်သက်နဲ့ဆိုတော့ ကလေးတွေ ဘယ်ကြိုက်မလဲနော်။ မကြိုက်လည်း ကြောက်တော့ စားရတာပါပဲ။ ငယ်ငယ်က ကျောင်းသွားရင် ရွာကျောင်းက ဆရာမက မျက်နှာမှာ သနပ်ခါးပါမလာရင် ရိုက်တယ်ဗျ။ ယောကျာ်းလေးတွေလည်း လိမ်းရတာပဲ။ ငယ်သေးတဲ့ အရွယ်ဆိုတော့ ကျန်တာတွေ ဘာမှမစဉ်းစားဘူး။ တခါတလေကျတော့ ဖြစ်သလိုပဲ မှန်မကြည့်ဘဲ ဟိုပွတ်ဒီပွတ် ပွတ်သွားလိုက်တာပဲ။ သနပ်ခါးပါရင် ပြီးတာပဲလေ မဟုတ်ဘူးလား။ ကျွန်တော်ကလည်း လက်ဆောင်ပေးမလို့ဆိုပြီး ငယ်ငယ်ကအကြောင်းတွေ ပြန်ပြောနေမိပြန်တယ်။ ဆောတီး ဆောတီး။

သနပ်ခါးပွင့်
သနပ်ခါးအမျိုးအစား ဘယ်လောက်ရှိလဲတော့ ကျွန်တော် သေချာမသိဘူးနော်။ ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး၊ အညာသနပ်ခါး စတာတွေတော့ ကြားဖူးတယ်။ လိမ်းလို့ရတာတော့ အတူတူပဲ ဖြစ်မှာနော်။ ကျွန်တော့် အစ်မနှမတွေကတော့ ကျွန်တော့်ထက် ပိုသိလောက်တယ်။ ကျွန်တော်တို့ ဆီမှာတော့ သနပ်ခါးပင်က အလေ့ကျ ပေါက်တာနဲ့ လူစိုက်တဲ့ အပင်ဆိုပြီးနှစ်မျိုးရှိတယ်။ အပင်ရဲ့အပွေးကို ကြည့်ပြီးတော့ ခွဲလို့ရပါတယ်။  လူစိုက်တဲ့ သနပ်ခါးက အပွေးထူတယ်။နှစ်ထပ်ပွေးပေါ့။ သူက ရောင်းပန်းလှတယ်။ အလေ့ကျပေါက်တဲ့ သနပ်ခါးကတော့ အပွေးက တစ်ထပ်ထဲပဲ ဒါပေမဲ့ မွှေးတာကတော့ အလေ့ကျပေါက်တာက ပိုပြီးမွှေးတယ်ဗျ။ အနံ့လေးက ပိုပြီးသင်းတယ်။ အလေ့ကျပေါက်တဲ့ သနပ်ခါးကို သုံးဖူးသူက ရွာတွေကို ဆင်းပြီးဝယ်ကြတယ်။ ကျွန်တော်တို့ ဆီမှာ စိုက်သနပ်ခါးကတော့ သိပ်မရှိဘူး။ ရွာဦးဘုန်းတော်ကြီး ကျောင်းမှာတော့ အပင် တစ်ရာနီးပါးလောက်ရှိတယ်။ ကျန်တာကတော့ ကိုယ့်ယာတောမှာ ပြုပြင်ထားတဲ့ အလေ့ကျပေါက်တဲ့ သနပ်ခါးပင်လေးတွေပဲ ရှိတယ်။

သနပ်ခါးသီးအစိမ်း

နောက်တခုက ယာတောမဟုတ်တဲ့နေရာ တောထဲ တွေပေါ့ အဲ့လိုနေရာမျိုးမှာ ကျတော့ အပင်လေး တွေကသိပ်မမြင့်ဘူး။ အမြင့်က ဒူးလောက်သာသာ ပဲရှိတယ်။ ပင်စည်ကို လိမ်းလို့မရသေးပေမဲ့ အမြစ်တွေက အတော်လေး မွှေးတယ်ဗျ။ အဲ့ဒီအပင်တွေကတော့ ဆိတ်ကျောင်း၊ နွားကျောင်း သမားတွေရဲ့ လက်ချက် မိမိသွားတယ်။ သူတို့က အမြစ်ကိုတူးယူကြတာလေ။ အလေ့ကျ ပေါက်တဲ့ သနပ်ခါးပင်က တစ်ထပ်ပွေးဆိုပေမဲ့ တော်တော် လေးမာတယ်။ အသွေးခံတာပေါ့။ ကြာကြာသွေးလို့ ရတယ်ပြောတာနော်။ အပင်ရင့် နေရင် အပွေးတွေက ရဲပြီးပြောင်လာတာ။ စိုက်တဲ့အပင်ကကျတော့ အဲ့ဒီလောက်ရင့်ဖို့ဆိုရင် အကြာကြီး စောင့်ရတယ်။ ဥာဏ်ကူတာလေးတွေလည်း ကျွန်တော်သိသလောက် ပြောပြအုံးမယ်နော်။ တချို့က သနပ်ခါးပင်ကို နဲနဲလေးရင့်ခါနီးရင် အုတ်နီခဲတွေကိုထုချေ အရည်ဖျော်ပြီး သုတ်လိမ်းပေးတယ်။ နောက်ပြီး မြေကြီးအနီမှုန့်တွေကိုလည်း အရည်ဖျော်ပြီး သုတ်လိမ်းတတ်ကြတယ်။ သဘာဝ အတိုင်းရင့်တာနဲ့ ဥာဏ်ကူထားတာနဲ့က ကြည့်တာနဲ့ သိနိုင်ပါတယ်။ ကျွန်တော့်အစ်မတွေ သနပ်ခါးတုံး ၀ယ်တဲ့အခါ သတိပြုလို့ရတာပေါ့။

ကျွန်တော်နဲ့ အသီးတစ်ရာအညာတခုသီချင်း

“ခေါင်းလောင်းသံ…တညံညံပေးတဲ့…ရွာကျောင်းကို…ပြေးမြင်မိရင်…သတိရလေတယ်…သူငယ်ချင်းရေ…
တို့များငယ်ငယ်တုန်းက…ရွာအ၀င်လမ်းဆီကနေ…လက်ချင်းယှက်ကာ…ပြေးကာလွှားကာ…ကျောင်းတက် လာကြတာတွေ…မေ့နိုင်ပါမလား…မင်းတို့ငါတို့…ငယ်ငယ်တုန်းကလေ…” ဆိုတဲ့ တေးသံရှင် တွံတေး သိန်းတန်ရဲ့ “အသီးတစ်ရာ အညှာတခု” သီချင်းလေးကို နားထောင်ရင်း ကျွန်တော်ရှစ်တန်းနှစ်တုန်းက အဖြစ်အပျက်လေးကို သတိရမိတယ်။ ဘာရယ်တော့မဟုတ်ဘူး အရင်တုန်းက အဖြစ်လေးတွေက တခါတလေ မှာပြန်တွေးကြည့်ရင် ရယ်စရာလိုလို၊ လွမ်းစရာလိုလို စိတ်ထဲမှာပေါ်ပေါ်လာတယ်ဗျာ။

ကျွန်တော်တို့ ကျောင်းတက်ခဲ့ရတာလေးတွေကို အရင်ရေးခဲ့ဖူးပါတယ်။ ရွာကနေကျောင်းသွားတက်ရတာက သုံးမိုင်လောက်ဝေးတယ်။ မိတ္ထီလာ၊ကျောက်ပန်းတောင်း ကားလမ်းပေါ်က “လက်ပံပျား” ဆိုတဲ့ရွာကို နေ့ချင်းပြန် ကျောင်းသွားတက်ရတာ။ ကြက်သားကြော်တွေ အရမ်းပေါတဲ့ ရွာပေါ့။ ကျွန်တော် ကျောင်းတက်ခဲ့တုန်းကတော့ ထမင်းဆိုင်တွေနဲ့ စည်စည်ကားကားပါပဲ။ နောက်ပိုင်းတော့ ဖြတ်သွားဖြတ်လာလောက်ပဲ ဆိုတော့အရင်ကလောက် စည်ကားသေးလား မပြောတတ်တော့ဘူး။ လက်ပံပျားဆိုရင် ကြက်သားကြော် ပေါတယ်ဆိုတာ တော်တော်များများ သိကြတယ်။ ဒါတွေထားပါတော့လေ။ ပြောချင်တာလေးကို မရောက်ဘဲနေတော့မယ်။

ကျွန်တော်ရှစ်တန်းနှစ်တုန်းက ကျောင်းအာစရိယ ပူဇော်ပွဲမှာ နှစ်စဉ်နဲ့မတူ အစီအစဉ်လေး တခုထည့်တယ်။ အခါတိုင်းနှစ်တွေမှာတော့ အာစရိယပူဇော်ပွဲဆိုရင် ကျောင်းအုပ်ဆရာမကြီးက နှုတ်ဆက်စကားပြော၊ ဆရာဆရာမတွေကိုကန်တော့၊ အတန်းတိုင်းအလိုက် ဆုရသူတွေကို ဆုပေး အဲ့ဒါလောက်ပါပဲ။ ကျွန်တော်ရှစ်တန်းနှစ် ရောက်တော့ အာစရိယပူဇော်ပွဲမှာ ပထမဆုံး ဖျော်ဖြေရေး အစီအစဉ်စပြီး ထည့်ပါတယ်။ အဲ့ဒီအချိန်တုန်းက ကာရာအိုကေ တွေလည်းစပြီးခေတ်စားခါစ အချိန်ပေါ့။ ဆရာတွေက အတန်းခေါင်းဆောင်တွေကို သီချင်းဆိုချင်သူများ စာရင်းကောက်ခိုင်းပါတယ်။ မိမိဆိုမည့် သီချင်းခေါင်းစဉ်နဲ့ နာမည်တွဲပြီး စာရင်းပေးကြရတယ်။ ရွာခံတွေကတော့ သူ့ထက်ငါ အပြိုင်စာရင်းတွေ ပေးကြတယ်။ ကျွန်တော်တို့လို နဘေးရွာတွေက ကျောင်းလာတက်တဲ့ သူတွေက တစ်ယောက်မှ မပေးကြဘူး။ မဆိုရဲလို့လား ရှက်လို့လားတော့ မပြောတတ်ဘူးဗျာ။ အဲ့ဒါနဲ့ ကျွန်တော်လည်း စိတ်ထဲက မခံချင်စိတ်လေးနဲနဲ ဖြစ်လာတယ်။ ဆိုဖို့စာရင်းပေးရအောင်လည်း သီချင်းက ကောင်းကောင်းမဆိုတတ်။ အဲ့ဒါနဲ့ ကိုယ်ရတဲ့သီချင်းလေးတွေ ပြန်ပြီး စိတ်ထဲမှာ ဆိုကြည့်တော့ “အသီးတစ်ရာ အညှာတခု” ဆိုတဲ့ သီချင်းလေးကို သွားပြီးသတိရတယ်။ သူက ကျက်ထားတာလည်း မကြာသေးဘူးဆိုတော့ ဆိုရတာ အဆင်ပြေလောက်တယ်ဆိုပြီး အဲ့ဒီသီချင်းနဲ့ စာရင်းပေးလိုက်တယ်။


ကျွန်တော်တို့ရွာမှာ သီချင်းကျက်တယ်ဆိုတာကလည်း တောထဲတောင်ထဲ နွားကျောင်းသွားရင်ပဲဖြစ်ဖြစ်၊ ထင်းခွေရင်းပဲဖြစ်ဖြစ် တောထဲရောက်တာနဲ့ တီးလုံးမပါ ဗလာသီချင်း အော်ပြီးဟဲတတ်ကြတာ အညာသားတိုင်း သိကြမှာပါ။ နားထောင်မည့်သူမရှိ၊ လက်ခုပ်တီးမည့်သူမရှိ၊ ကဲ့ရဲ့မည့်သူလည်းမရှိ ဆိုတော့ ဆိုရတာ အားပါးတရပဲဗျာ။ အသံကုန် ဟစ်ပြီးကို အော်ဆိုတာ။ ပြီးတော့ သီချင်းကလည်း တစ်ပုဒ်ထဲမဟုတ်ဘူး ရသမျှသီချင်းက တစ်ပုဒ်စလိုက်ရင် နောက်ကအကုန်လုံး သူ့ဘာသာ ပါလာတာပဲ။ အညာသူတွေလည်း ဆိတ်ကျောင်းရင်း၊ ပေါင်းနှုတ်ရင်း၊ ထင်းခွေရင်းသီချင်းအော်ဆိုတတ်ကြတယ်။ လွတ်လပ်သလားမမေးနဲ့ စိတ်ပါလို့ကတော့ ကြိုက်သလောက် အော်ဆိုစမ်း မိုက်လည်းမလိုဘူး တီးဝိုင်းလည်းမလိုဘူး။

ကျွန်တော်လည်း တောထဲမှာတီးလုံးဗလာနဲ့ ကျင့်ထားတာတော့ အဆင်ကိုပြေနေတာပဲဗျ။ အဲ့ဒီသီချင်းကို ကြိုက်လည်း ကြိုက်တော့ ကျက်ရတာလွယ်မှလွယ်။ ကျောင်းသားတွေနဲ့လည်း သက်ဆိုင်နေတယ်လေ။ အဲ့ဒါနဲ့ အာစရိယပူဇော်ပွဲနေ့မရောက်ခင် ကျောင်းပိတ်ရက်မှာ တောထဲကို နွားကျောင်းထွက်ပြီး အသံကုန်ဟစ်တော့တာပဲ။ ကိုယ့်ကီးနဲ့ ကိုတော့ အဆင်ကိုပြေနေတာပဲ။ ဒါနဲ့ သီချင်းအသံစစ်မယ့်နေ့ ရောက်လာပါတယ်။ ပွဲမှာ ဖျော်ဖြေရေးတာဝန်ကျတဲ့ ဆရာက စာရင်းပေးသူအကုန်လုံးကို မဆိုခိုင်းဘူး။ စင်ပေါ်ရောက်မှ အပေါက်အလမ်း မတည့်ဖြစ်နေမှာစိုးလို့ အသံစစ်ပြီး အဆင်ပြေသူကိုပဲ ရွေးမယ်ဆိုတော့ နဲနဲတော့ အားလျှော့ထားလိုက်ပါတယ်။ ကိုယ်က တီးလုံးမပါ ဗလာချည် ကျင့်ထားသူ နောက်ပြီး မိုက်ဆိုတာကိုလည်း သူများကိုင်ပြီး ဆိုတာလောက်ပဲ မြင်ဖူးတာလေ။ ကိုယ့်ရွာမှာက ကာရာအိုကေဆိုတာ ဝေးလို့ တီဗွီတောင် ရှိတာမဟုတ်ဘူး။ အဲ့ဒါနဲ့ စာရင်းကလည်း ပေးပြီးသားဆိုတော့ အသံစစ်ရာ ကာရာအိုကေရုံကို ဆရာနဲ့အတူလိုက်သွားပါတယ်။ သူများတွေဆိုတာတော့ သိပ်အကောင်းကြီး မဟုတ်ပေမယ့် သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲဗျာ။

Wednesday, April 6, 2011

ပန်းသီးထောင်း၊စွယ်တော်ရွက်နဲ့ ဖလန်ပင် ဘယ်လိုတော်စပ်သလဲ…


ပန်းသီးပင်
သူငယ်ချင်းတွေက ပြောကြတယ် မင်းတို့အညာကလူတွေက အစားအစာကို ကြံကြံဖန်ဖန် စားတတ်ကြတယ်တဲ့။ ကျွန်တော်ဒီကို ရောက်ခါစ ပန်းသီးတွေ သီးချိန် တစ်နေ့ကျောင်းကအပြန် ကားစောင့်နေရင်း ကားမှတ်တိုင် နားကပန်းသီးပင်ကနေ ပန်းသီးနုလေး တစ်လုံးကိုခူးပြီး ပါးစပ်နဲ့ကိုက်ကြည့်လိုက်တယ်။ပန်းသီးပင်ကိုပထမဆုံး မြင်ဖူးတဲ့ တောသားကျွန်တော့်အတွက် စူးစမ်းချင်တာကလည်း ပါတာ ပေါ့ဗျာ။အဲ့ဒါနဲ့ ပန်းသီးကို ကိုက်ကြည့်တော့ အရသာက ချဉ်စူးစူးနဲ့ အညာက သရက်သီးအစိမ်း အရသာမျိုးလေး ခံစားမိတယ်ဆိုရင်ပဲ မျက်စိထဲမှာ လုပ်စားဖို့အတွက်က ချက်ချင်း ပေါ်လာတယ်။ဒီလောက်ချဉ်တဲ့ ပန်းသီးအနု လေးတွေကို ထောင်းစားကြည့်ရင် မဆိုးလောက်ဘူးဆိုပြီး အစမ်းအနေနဲ့ လေးငါးဆယ်လုံးလောက်  လွယ်အိတ်ထဲ ခူးထည့်လာလိုက်ပါတယ်။

သိချင်စိတ်(စားချင်စိတ်)များနေလွန်းလို့ အဆောင်ရောက်တော့ အ၀တ်ကိုတောင် မလဲနိုင်ဘဲ ခူးလာခဲ့တဲ့ ပန်းသီးနုလေးတွေကို ငရုတ်သီး၊ကြက်သွန်ဖြူလေးနဲ့ ရောပြီး ထောင်းကြည့်ပါတယ်။ ခဏကြာတော့ ငရုတ်ဆုံထဲမှာ မသိရင်တော့ သရက်သီးစိမ်းထောင်းလေးလား ထင်ရတယ်။ တကယ်တော့ ပန်းသီးထောင်းပေါ့နော်။ အဲ့ဒီပန်းသီးထောင်းလေးနဲ့ ထမင်းပူပူလေးကို ဆီဆမ်းပြီး တွဲစားလိုက်တာ ချွေးတွေများဖြိုင်ဖြိုင်ကျလို့ဗျာ။ အထက်မှာပြောခဲ့တဲ့ စကားလေးက သူငယ်ချင်းတွေက အဲ့ဒီပန်းသီးထောင်း စားပြီး ကောက်ချက်ချတဲ့ စကားလေးပါ။ နောက်တော့ ကျွန်တော်အညာသား စည်းဖောက်လိုက်တာ ကျွန်တော်တို့နေတဲ့ မြို့တင်မဟုတ်ဘူး တခြားမြို့တွေက ညီအစ်ကိုမောင်နှမတွေဆီအထိ ပန်းသီးထောင်း သတင်းက ပြန့်သွားတယ်ဗျ။ ကျွန်တော်လည်း နောက်နေ့ကျတော့ ပန်းသီးတွေကို များများခူးပြီး အ၀ ထောင်းစားလိုက်တယ်။ မှတ်ကရော။
ပန်းသီးအစိမ်း

အဲ့ဒီကစလို့ ပန်းသီးမမှည့်ခင် စပ်ကြား မီးဖိုချောင်မှာ ပန်းသီးကို ထောင်းလို့တစ်သွယ်၊ ချက်လို့တစ်ဖုံ၊ ကြော်လို့တစ်မျိုး၊ အမျိုးမျိုး လုပ်စားကြတာ နောက်နှစ်ကျတော့ ပန်းသီးတွေ မသီးရဲတော့အောင်ပဲဗျာ။ပန်းသီးကလည်း စားလို့ ကောင်းသလား မမေးပါနဲ့။ အစိမ်းလေးတွေကို ခရမ်းချဉ်သီးလေးနဲ့ ရောချက်ရင် အညာက သရက်သီးစိမ်း ဟင်းလေးလား ထင်ရတယ်။ ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းသဗျ။ ငါးပိလေးနဲ့ ကြော်စား တော့လည်း မရမ်းသီးကြော် လေးလိုလို စားရတာ ခံတွင်းအတွေ့သား။ ထမင်းစားတဲ့အခါ အချဉ်တစ်မယ် အတွက် မပူရတော့ဘူးပေါ့။ ငါးပိရည်ကျိုနဲ့ဆိုလည်း တို့စားလို့ကောင်းသေးတယ်။ ပန်းသီးနုလေးတွေကို လေးစိတ် စိပ်ပြီး ငံပြာရည်လေးရယ် ငရုတ်သီးမှုန့်လေးရယ်၊ ရောနယ်ပြီး သုပ်လိုက်ရင် သရက်သီးစိမ်းသုပ် (မိန်းခလေးတို့အကြိုက်) အတိုင်းပဲ အတော်စားလို့ကောင်းတယ်။

စွယ်တော်ပင်
ပန်းသီးထောင်းအကြောင်း ပြောနေတာနဲ့ ပေးထားတဲ့ ခေါင်းစဉ်ကိုတောင် မေ့နေပြီ။ အခုလည်း သူငယ်ချင်း တွေနဲ့ ငြင်းခုံရင်း ဒီပို့လေးရေးလိုက်တာပါ။ စစ်ကူ တောင်းတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်အညာသား အမှန်အတိုင်း ပြောရရင် စွယ်တော်ပင်ကို မြို့ရောက်မှ စမြင်ဖူးတာ။ မှတ်မှတ်ရရ တက္ကသိုလ်ရောက်မှ ကျောင်းဝိုင်းထဲမှာ စတွေ့ဖူးတာပဲ။ အဲ့ဒီကတည်းက ရွာက တောထဲမှာရှိတဲ့ ဖလန်ပင်နဲ့ နှိုင်းယှဉ်ကြည့်နေမိတာ။“စွယ်တော်ရွက်ကလေးများလို နှစ်လွှာ ပေါင်းမှ တစ်ရွက်ဖြစ်ပါရစေ” ဆိုတဲ့စာသားကိုတော့ ရင်းနှီးနေတာ ကြာပေါ့။ ရုက္ခဗေဒမှာတော့ မျိုးရင်းတူရာ အပင်အုပ်စုတွေ ရှိတာသိကြမှာပေါ့။ အခုပြောတဲ့ စွယ်တော်နဲ့ ဖလန်ပင်ကလည်း မျိုးရင်းတူအုပ်စု ဖြစ်မယ်ထင်တယ်။ နောက်တစ်မျိုးရှိသေးတယ် စွယ်တော်ရွက်လိုပုံစံပဲ အပွင့်တော့ကွဲတယ်။ အဲ့ဒီအပင်ကိုတော့ ကျွန်တော်တို့ဆီမှာ လိပ်ပြာပင်လို့ခေါ်တယ်။ သူ့ကိုတော့ တွေ့ရတာ နည်းပါတယ်။ ပြီးမှ ပုံလေးတွေ ယှဉ်ကြည့်နော်။ စွယ်တော်ရွက်ကို ဟင်းချိုချက်စားလို့ရတယ်ဆိုတာပဲ သိတယ်။ ကျန်တာတော့ ဘယ်မှာ သုံးလဲဆိုတာ မသိတော့ဘူး။