အမေ့အိမ်နဲ့ဝေးရာဆီကိုရောက်နေတဲ့ အညာသားတယောက်ပါ။ စိတ်အပန်းဖြေစရာနေရာလေးတခုအဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်။ လာရောက်လည်ပတ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Friday, September 26, 2025
ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း
Tuesday, September 23, 2025
အပြည့်အဝ မပျော်နိုင်ခဲ့တဲ့နေ့
Saturday, February 15, 2025
အညာသားလက်ရာ ငါးသလောက်ပေါင်း
ညနေပိုင်းကျောင်းကပြန်ရောက်တော့ ရေနွေးအိုးတည် ငါးမြုပ်အောင် ရေနွေးထပ်ထည့်ပြီး မီးအေးအေးနဲ့ ၂ ရေခမ်းအောင်ချက်တယ်။ ည ၉ နာရီခွဲပြီး ငါးရိုးအခြေအနေကိုစစ်ကြည့်တော့ လက်နဲ့ဖဲ့လိုရတဲ့ အခြေအနေဖြစ်နေပြီ။ အဲဒီနောက် ကြက်သွန်နီအခွံခွာပြီးသား အလုံးလိုက်၊ ကြက်သွန်ဖြူအမွှာ၊ ခရမ်းချဉ်သီးလေးစိပ်ထိုးထည့် ရေနွေးထပ်ထည့်ပြီး ထပ်ချက်တယ်။ ရေခမ်းခါနီးတော့ ငါးခေါင်းပိုင်းက အရိုးကို မြည်းကြည့်တာ နူးနေပြီ။ အဲဒီမှာ ငါးသလောက်အရိုးနူးအောင် ငါချက်တတ်ပြီ ဆိုပြီးထအော်တာပဲ။ အလုပ်တခု ကိုယ်တိုင်အစအဆုံး လုပ်လိုက်လို့ အဆင်ပြေသွားတဲ့အခါ ခံစားရတဲ့ ပီတိက ပြောမပြတတ်အောင်ပဲ။ ပီအိတ်ချ်ဒီလုပ်တဲ့ ကာလတလျှောက်မှာ အကြိမ်များစွာ မှားလိုက် ပြင်လိုက်နဲ့ နောက်ဆုံးအောင်မြင်သွားတိုင်း ခံစားရတဲ့ ခံစားမှုနဲ့အတူတူပဲ။ အဲဒီညက ကိုယ်ချက်တဲ့ ငါးဟင်းအိုးကို ကြည့်ပြီး ပျော်နေလိုက်တာများလေ။ နောက်နေ့က တပိုတွဲလပြည့်နေ့ဆိုတော့ နံနက်ပိုင်း ဘုရားဆွမ်းကပ်ဖို့အတွက် ဆွမ်းချက်ရင်း ငါးဟင်းအိုးကိုပါ နည်းနည်းထပ်နွှေးလိုက်တယ်။ မုံညှင်းရွက်နဲ့ပန်းမုံလာကို အမြန်လေးကြော်တယ်။ အားလုံးပြင်ဆင်ပြီးတော့ မြတ်စွာဘုရားရှင်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ရည်မှန်း၍ ငါးသလောက်ဟင်းနဲ့ ဆွမ်းကပ်လှူ၊ ဘုရားရှိခိုးပြီး ကျေးဇူးရှင်မိဘနှစ်ပါးနဲ့အတူ၊ (၇) ရက်သားသမီး၊ ၃၁ ဘုံ၊ အရပ်ဆယ်မျက်နှာ၊ အနန္တစကြာဝဠာ၌ ရှိကြကုန်သော ဝေနေယျများစွာ သတ္တဝါအားလုံးတို့အား နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန်၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြစေရန် မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်ကို အမျှဝေတယ်။ ကိုဗစ်ကာလ ၂၀၂၀ ဇွန်လမှာ အခန်းတွင်း ၁၄ ရက် ကွာရန်တင်းဝင်ရကတည်းက နံနက်တိုင်း ဆွမ်းကပ်လှူခဲ့တာ ယနေ့ထိ မပျက်သေးဘူး။ အဆိုးထဲက အကောင်းလို့ ဆိုရမည့် အလေ့အကျင့်လေးတခု ရလာခဲ့တာပေါ့။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စလုပ်စရာရှိပါစေ ဆွမ်းကပ်တာကိုတော့ မပျက်မကွက်လုပ်ပါတယ်။ ဘဝရဲ့အစိတ်အပိုင်းတခုလိုဖြစ်လာတော့ နံနက်မိုးလင်း အိပ်ရာထတာနဲ့ ဆွမ်းချက်၊ ဆွမ်းကပ်ဖို့လုပ်ရင်းနဲ့ နံနက်ပိုင်းကုသိုလ်ပြုရတာ အလေ့အကျင့်ဖြစ်လာတယ်။
Tuesday, January 28, 2025
ထီပေါက်ခြင်းနဲ့စတဲ့ ၂၀၂၅
Wednesday, January 15, 2025
အညာဆောင်းနဲ့ မီးဖို
Photo credit: New Light Myanmar Real Estate Facebook page
အခုရက်ပိုင်း အမေနဲ့ဖုန်းပြောတော့ အမေက ရွာဘက်မှာ အေးနေပြီတဲ့။ လူလေးတို့ဆီမှာရော ရာသီဥတုအေးလားလို့မေးတယ်။ အမေရေ ဒီမှာတော့ အခုထိ မိုးရွာတုန်းဆိုတော့ အမေကအံ့ဩလို့။ ကိုယ်နေတဲ့နေရာက မြန်မာနဲ့အိမ်နီးချင်းဆိုပေမဲ့ ပင်လယ်နဲ့နီးတဲ့ဘက်မို့ အနွေးထည်ဝတ်ရတဲ့ ဆောင်းတွင်းဆိုတာကမရှိသလောက်ပါပဲ။ နှစ်စဉ် ဖေဖော်ဝါရီလလောက်အထိ မိုးရွာတော့ မိုးကုန်တာနဲ့ မတ်လ ဧပြီလ ဆို နွေရာသီရောက်တော့တာ။ နွေရာသီကတော့ ပူတာမှ ခြစ်ခြစ်တောက်။ အမေက ရွာမှာအေးနေပြီ ပြောလို့ မီးမဖိုကြဘူးလားမေးတော့ လူလေးရေ အခုရွာကမင်းငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးတဲ့။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကရွာမှာဆောင်းဝင်ပြီဆိုတာနဲ့ တောထဲက သစ်တုံးခြောက်၊ သစ်ငုတ်ခြောက် ကြီးကြီးတတုံးအိမ်ကိုသယ်ပြီးအိမ်တလင်းသာမှာမီးဖိုထားကြတာ။ ညဆိုရင် နီးစပ်ရာသူ့အိမ်မီးဖိုဘေး စကားပြောရင်း ပြောင်းဖူးစေ့ခြွေ၊ ပဲနွှာရင်း ထန်းပြေမျှစ်မီးဖုတ်စားပြီး နွေးသောက်ရင်းနဲ့ သန်းခေါင်ကြက်တွန်မှ မီးဖိုဘေးက လူစုခွဲကြတာလေ။ ကိုယ်တွေက တောင်ဘက်အရီးမိသေးတို့ အိမ်ဝိုင်းထဲက မီးဖိုမှာသွားလှုံကြတာ။ အညာဆောင်းက ညဉ့်နက်လေအေးလေ မီးဖိုဘေးကမခွာချင်လေပဲ။ အမေကညီငယ်ကိုရင်ခွင်မှာပွေ့ပြီးမီးလှုံ ကိုယ်တွေက အမေ့ဘေးနားကပ်ပြီး အမေ့ကိုယ်ငွေ့ကို ရသလောက်ယူရင်း မီးလှုံတာ။ လူကြီးတွေပြောတဲ့စကားထဲ ကိုယ်လည်းနာလည်တာမဟုတ်ဘဲ သူတို့ရယ်ရင်လိုက်ရယ်နဲ့ ညလုံးပေါက်ထိုင်လည်း မအိပ်ချင်ဘူး။ တခါတလေ မီးဖိုရှင် အရီမိသေးက ထောပတ်ပဲပြုတ်ပူပူလေးကို ဆီးဆမ်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံသေးတာ။ အဲဒီအချိန်တုန်းကတော့ အခုခေတ်လို ဖုန်းတွေဘာတွေဆိုတာ ဘယ်နားနေမှန်းကိုမသိသေးတော့ တောသဘာဝပဲ တယောက်သိတာ တယောက် ဆောင်းတွင်းမီးဖိုဘေးမှာ မျှဝေကြရင်း အပမ်းဖြေကြတာကိုး။ တခါတလေများ ကြက်တွန်လို့သာ လူစုခွဲရတယ် ပြောစရာ စကားတွေက မကုန်သေးဘူး။ မီးဖိုဘေးကခွာလို့ အိမ်ကိုမရောက်သေးဘူး ချမ်းတာခိုက်ခိုက်တုန်လို့။ အိမ်ရောက်တော့ စောင်ပုံထဲဝင်ခွေတာပဲ။ ညီအစ်ကိုတတွေ အမေ့ဘေးမှာ တန်းစီပြီး အိပ်ကြရတာ ကိုယ်ငွေ့ရှိတဲ့သူက အနွေးဓာတ်ရတော့ သူ့ဘေးကိုအတင်းကပ်ပြီး ကွေးအိပ်ရတာ သတိရမိတယ်။ ကိုယ်တို့အိမ်မှာက အနွေးစောင်တို့ ဂွမ်းစောင်တို့ များများမရှိဘူး၊ အမေ့လက်ဖြစ် အညာစောင်ကြမ်း ၅ စပ်စောင် ၃ ထည်လောက်ဖြန့်ထပ်ပြီး ညီအစ်ကိုတတွေကို ခြုံပေးတာ။ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်နဲ့ ညီအစ် ကိုတတွေစောင်လုရတာလည်း အမော။ ကိုယ်ကတော့ အမေ့ဘေးနားကပ်အိပ်ရတာကို သဘောကျတယ်။ အမေ့ကိုယ်ငွေ့နွေးနွေးလေးက စောင်ခြုံတာထက်ပိုနွေးတယ်လို့ခံစားရတယ်။ ဒါပေမဲ့ အငယ်တွေရှိတော့ ကြာကြာကပ်ချင်ပေမဲ့ ကပ်လို့မရပါဘူး အငယ်တွေကိုပဲ ဦးစားပေးရတာများတယ်။ မနက်ဆိုလည်း မိုးလင်အောင် မအိပ်နိုင်ဘူး။ အိပ်ရာထပြီးတာနဲ့ မီးဖိုဘေးရောက်ပြီ။ မနက်ပိုင်းဆိုရင်တော့ ကိုယ့်အိမ်က မီးဖိုမှာပဲ အနွေးဓာတ်ရအောင် မီးလှုံ ထမင်းကြမ်းစားပြီး လုပ်ငန်းခွင် သွားဖို့ပြင်ဆင်ရတာ။ ဆောင်းတွင်းဆိုငရုတ်သီးဆွတ်၊ ပဲကြီးကောက်၊ နွားစာရိတ် ကုလားပဲပေါင်းနှုတ် စတဲ့အလုပ်တွေပေါ့။ ကိုယ်တွေကတော့ လေတန်းအောင်ပြီး ကျောင်းဆက်တက်တော့ ဆောင်းတွင်းနံနက်အစောဆို ကျောင်းတက်ဖို့သွားရတာ။ ကျောင်းက ရွာနဲ့ဝေးတဲ့ တခြားရွာမှာ သွားတက်ရတာဆိုတော့ ကျောင်းချိန်အမီသွားရတာ မီးလှုံဖို့အချိန်မရဘူး၊ တခါတလေ အရမ်းအေးလွန်းရင် လမ်းမှာ သစ်ကိုင်းခြောက်တွေ စုပုံမီးရှို့ပြီး အချမ်းပြေအောင် မီးလှုံရတဲ့အခါရှိရဲ့။ အနွေးထည်လည်း ဝယ်မဝတ်နိုင်တော့ ရွာအပြင်ရောက်တာနဲ့ ခါးကပုဆိုးကိုခြုံပြီးသွားတာပဲ။ နေထွက်ပြီး ကျောင်းရောက်ခါနီး လူမြင်ကွင်းမှ ပုဆိုးကို ပုံမှန်အတိုင်းပြန်ဝတ်တာ။
အညာဆောင်းတွင်မှာ မီးဖိုပြီးရင် နောက်ထပ်လွမ်းစရာတခုက တလင်းဝင်စအချိန် ပေါ်ဦး ပေါ် ဖျား ကောက်ညှင်းပေါင်းစားရတဲ့ အရသာကိုပေါ့။ ကိုယ်တွေမှာက လယ်ရယ်လို့ များများမရှိတော့ စပါးပေါ် ချိန်ဆို ဆွေမျိုးတွေ အရီးလေးတွေ ဦးကြီးတွေအိမ်က ပေါင်းလို့ ပေးတဲ့ ကောက်ညှင်းပေါင်းကိုသာ ညီအစ်ကိုတတွေ ဝေမျှစားရတာ။ ကိုယ့်လယ်ထွက် ကောက်ညှင်းဆန်ကို ပဲငရှန်စေ့ နိုင်နိုင်နဲ့ပေါင်းပြီး နှမ်းဆီမွှေးမွှေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှ လဲလို မရနိုင်ဘူး။ နည်းနည်းသိတတ်တဲ့အရွယ်ရောက်တော့ ဘုန်းကြီးကျောင်းသားလုပ်ရလို့ တလင်းတွင်းဝင်ချိန်ဆို ကိုယ်တွေက ရွာထဲကလာပို့သမျှ ကောက်ညှင်းပေါင်းကို ဦးဦးဖျားဖျား ဘုရားဆွမ်းကပ်၊ ဘုန်းကြီးကို ကပ်ပြီးတာနဲ့ အဝစားရတာ။ ဘုန်းကြီးကျောင်းသားဘဝမှာတော့ ရွာထဲကပို့သမျှ ဘုရားနဲ့ ဘုန်းကြီးပြီးရင် ကိုယ်ပဲ စားရတာများတယ်။ ကျောင်းသားလည်း များများမရှိတော့ လာပို့သမျှ ကုန်အောင်မစားနိုင်ဘူး။ အညာမှာ ဆောင်းဝင်ပြီဆိုတိုင်း ကိုယ်ကတော့ ငယ်ငယ်တုန်းက ကိုယ်ကြုံခဲ့ရသလိုမျိုးပဲ စိတ်ထဲမှာ အောက်မေ့နေတာမို့ အမေ့ကိုလည်း မေးဖြစ်တာ။ ဟုတ်တော့ လည်းဟုတ်ပါတယ်။ ကိုယ်တောင် အသက်က လေးထိပ်ပြောင်းနေပြီဆိုတော့ ရွာမှာ ကိုယ်အလယ်တန်းကျောင်းသားဘဝက အခြေအနေမျိုးတွေအတိုင်း မရှိနိုင်တော့ဘူးလေ။ နည်းပညာတိုးတက်တဲ့ခေတ်မှာ သဘာဝထင်းမီးဖိုကပေးတဲ့ အပူဓာတ်ကို တန်ဖိုးမထားတတ်ကြတော့ဘူး။ နိုင်ငံခြားဖြစ် အမွေးပွစောင်တွေနဲ့ အမွေးပွအနွေးထည်တွေနဲ့ အညာဆောင်းကို ခေတ်မီမီ အံတုနေကြပြီပေါ့။ လူထုအစိုးရခေတ်မှာ လျှပ်စစ်မီးပါချိတ်ပေးနိုင်ခဲ့လို့ ထမင်းဟင်းတောင် အိုးမည်းပေမခံ ကြတော့ဘူး လူလေးရေတဲ့။ အင်းပေါ့ လေ ကိုယ်တောင် ရွာနဲ့ဝေးနေတာ နှစ်ပေါင်း ၂၀ ကျော်လာပြီပဲ။ အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ အထူးအဆန်းတော့လည်းမဟုတ်ပါဘူးလေ။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ ထိတွေ့ခံစားခဲ့ရတဲ့ အညာဆောင်းနဲ့ တောဓလေ့ အငွေ့အသက်တွေအပေါ် မေ့ပျောက်လို့ မရနိုင်ပါဘူး။ ခေတ်ကောင်း စနစ်ကောင်းနဲ့ လူသားဆန်တဲ့ လူတွေ ပြန်လည်ဦးဆောင်တဲ့အခါ ရပ်နားထားတဲ့ ကိုယ့်တာဝန်ကို ပြန်လည်ထမ်းဆောင်ရင်း အညာဆောင်းရဲ့အအေးဓာတ်ကို အရီးလေးတို့အိမ်တလင်းက မီးဖိုဘေးမှာထိုင်ပြီး ခံစားချင်မိပါသေးတယ်။
အမေနဲ့ အညာဆောင်းမီးဖိုကိုလွမ်းဆွတ် သတိရရင်း
ရွှေညာသား
၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၂ ) ရက်
၁၅-၁-၂၀၂၅





