Pages

Friday, September 26, 2025

ထော်ကိုင်းတို့ အညာသားလက်ရာကို လျှာလည်သွားခြင်း

ကိုယ်ကအချက်အပြုတ်ဝါသနာပါလို့ ထိုင်းရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုယ်တိုင်ချက်စားတာ ယနေ့အထိပေါ့။ ထိုင်းအစားအစာတွေကိုလည်း ကြိုက်ပေမဲ့ နေ့စဉ်စားရတော့လည်း ငြီးငွေ့လာတယ်။ ကျောင်းထဲမှာလည်း တရက်ခြား ညနေပိုင်း ဟင်းချက်စရာအသီးအရွက်၊ အစားအသောက်နဲ့ ငါးရောင်းတဲ့ ဈေးလေးရှိလို့ ဟင်းချက်စရာဝယ်ရတာက အဆင်ပြေတယ်။ ချက်ပြုတ်ခြင်းက စိတ်ဖိစီးမှု ဖြေဖျောက်ရာဝါသနာတခုမို့ ဘယ်လောက်ပဲစာနဲ့ပင်ပမ်းပါစေ အချက်အပြုတ်တော့ မပျက်ကွက်စေရဘူး။ ကိုဗစ်တွေဖြစ်ပြီးနောက်ပိုင်းမှာ နံနက်တိုင်းဘုရားဆွမ်းကပ်တဲ့ကုသိုလ်ပါအကျင့်လုပ်ထားလို့အဲဒီအကျင့်ကနေ့စဉ်နံနက်တိုင်းမပျက်မကွက်လုပ်ရတဲ့ကုသိုလ်ဖြစ်နေပြီ။ ဆွမ်းကပ်ဖို့အတွက် အိပ်ရာအစောထပြီးချက်ပြုတ်တယ်။ နံနက်စာကိုလည်းအဆင်ပြေပြေစားနိုင်ပြီး နေ့လယ်စာအတွက် ထမင်းချိုင့်လည်းထည့်သွားတယ်။ ကိုယ်ကတော့ မြန်မာဟင်းလေးတွေချက်တဲ့အခါတိုင်း သူတို့နဲ့ထမင်းအတူစားဖြစ်တဲ့အခါ မြည်းကြည့်ခိုင်းတယ်။ သူတို့တွေအများစုက ဆိုင်ကနေဝယ်ပြီးစားကြလို့ ကိုယ့်ဟင်းကိုမကြိုက်တာလား၊ ရွံတာလားတော့မသိဘူး မြည်းခိုင်းရင် မစားကြဘူး။ တချို့တလေပဲ နည်းနည်းလေးတို့ကြည့်ရုံလောက် မြည်းကြည့်တယ်။ အဲဒီလိုသိပြီးနောက်ပိုင်း ဘာဟင်းပဲချက်ချက် ကိုယ့်ဘာသာပဲစားဖြစ်တာများတယ်။ ခုနောက်ပိုင်း အွန်လိုင်းပေါ်မှာ အစားအသောက်တွေစားပြကြ ချက်ပြကြနဲ့ဆိုတော့ တစ်တော့ပ်မှာ မြန်မာပြည်ကဟင်းချက်တဲ့ဗွီဒီယိုတွေကြည့်ပြီး စိတ်ဝင်စား လာဟန်တူပါရဲ့။ တရက်ကတော့ အွန်လိုင်းပေါ်မှာနာမည်ကြီးတဲ့ ဘာလချောင်ကြော်ကိုဝယ်ပြီး ကိုယ့်ကိုမြန်မာပြည်ကအရသာနဲ့တူလားမြည်းကြည့်ခိုင်းတယ်။ ရောင်းတဲ့သူက ထိုင်းလူမျိုးသူ့အဖွားက မြန်မာလူမျိုးမို့ သူ့အဖွားကြော်နည်းအတိုင်း ကြော်ထားတာပါပေါ့၊ စီးပွားဖြစ်လုပ်ရောင်းနေတာဆိုတော့ အရသာက သိပ်တော့မဆိုးပါဘူး ဒါပေမဲ့ ကိုယ့်အကြိုက်တော့ မဟုတ်ဘူး။ သူတို့ကမြည်းကြည့် ခိုင်းတော့လည်း မြည်းပြီး ကိုယ့်အထင်ကို ပြောပြလိုက်တယ်။ ဘာလချောင်ကြော်တတ်သလားမေးတော့ ဒီထက်ကောင်းအောင်တောင်ကြော်တတ်သေးဆိုပြီး ပြောလိုက်တာ။ အဲဒါဆိုကြော်ခဲ့လေ သူတို့စားကြည့်မယ် မြန်မာအစားအစာတွေစိတ်ဝင်စားလို့ဆိုပြီး တောင်းဆိုလာတယ်။ တကယ်တော့ ဘာလချောင်ကို ကိုယ်တိုင်ဖြစ်ဖြစ်မြောက်မြောက်ကြော်ဖူးတာမဟုတ်ဘူး။ သူတို့ကိုအာမခံထားပြီးမှမကြော်ဖူးဘူးပြောရင်လည်း မကောင်းလို့ ပုစွန်ခြောက်ရှိတာနဲ့ သေချာလေးကြော်ပေးလိုက်တယ်။ ပထမဆုံးလက်ရာဆိုပေမဲ့ အရသာကကိုယ်ကိုယ်တိုင်တောင်မယုံနိုင်အောင်အစပ်တည့်လှတယ်။ တနင်္ဂနွေမှာကြော်ထားပြီး တနင်္လာနေ့ ကျောင်းဖွင့်တော့ ဗူးနဲ့ထည့်ပြီးယူသွားတယ်။ ကိုယ်ကနေ့လယ်စာ စားတာနောက်ကျလို့ သူတို့တွေနေ့လယ်စာစားတဲ့အချိန် ဘာလချောင်ကြော်ဗူးသွားပေးပြီး ဒါငါကြော်ခဲ့တဲ့ဘာလချောင်ကြော် မြည်းကြည့်ပြီး ဝယ်စားတဲ့အရသာနဲ့ဘာကွာလဲပြောပြဆိုပြီး ဗူးလိုက်ပေးခဲ့တယ်။ ဗူးဖွင့်ပြီး မြင်လိုက်ကတည်းက စားချင်စရာလေး မွှေးနေတာပဲနဲ့ စားလိုက်တာလူ ၁၀ ယောက်လောက်ဝိုင်းစားနေတဲ့ထမင်းဝိုင်းမှာ ကိုယ့်ဘာလချောင်ကြော်ဗူးက လက်ဆင့်ကမ်းပြီး စားကြ ကောင်းတယ်ပြောကြနဲ့တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်စားကြတယ်။ ထိုင်းမလေးတယောက်ကတော့ အဆောင်ကသူ့သူငယ်ချင်းကိုကျွေးချင်လို့ နည်းနည်းခွဲပြီးယူသွားတာ သူ့သူငယ်ချင်းကလည်း စားလို့အရမ်းကောင်းတယ်လို့ပြောတယ်တဲ့။ အဲဒီဘာလချောင်ကြော်ကနေ လျှာစည်းပေါက်သွားတာ၊ နောက်တခါလည်းကြော်ပေးအုံးနော် ကျသင့်တာကို သူတို့ပိုက်ဆံပေးမယ်တဲ့။ နောက်တကြိမ်တော့ သူတို့ပုစွန်ခြောက် ဝယ်လာပေးလို့ လိုအပ်တာကိုယ်မှာရှိတာဖြည့်ကြော်ပြီး ဗူးနဲ့ထည့်ပေးထားလိုက်တယ်။ သူတို့ရဲ့နေ့လယ်စာထမင်းဝိုင်းမှာ ဘာလချောင်ကြော်က ဟင်းတမည်ပါနေရော။ ကိုယ်ချက်တာကို အားပါတရ စားကြတာကိုမြင်တာနဲ့တင် ပျော်ရွှင်မှုပီတိဖြစ်ပြီး ပိုက်ဆံယူဖို့လည်းစိတ်ကူးမဖြစ်မိဘူး။ ကိုယ့်စေတနာ ကိုယ့်ကုသိုလ်ပဲလို့တွက်ထားလိုက်တယ်။ အလှူကြီးတောင် လှူရသေးတာ သူတို့ကြိုက်တာ ကိုယ်ချက်ပေးရတာလည်း လှူဒါန်းမှုတမျိုးပဲပေါ့။ သူတို့စားကြတာလည်း တဗူးကို အလွန်ဆုံးကြာမှ သုံးလေး ရက်ပဲကြာတယ်။ကိုယ်နေတဲ့ နေရာမှာကပုစွန်ခြောက်ဝယ်ရတာက နည်းနည်းဈေးကြီးလို့ ကမ်းခြေဘက်ကမြို့ကိုရောက်မှပဲ ပုစွန်ခြောက်များများဝယ်ထားပြီး ကြော်ပေးတော့မယ်။ နောက်ထပ်သူတို့ကြိုက်တဲ့ဟင်း ၂ မျိုးကျန်သေးတယ်။ စာနဲ့ပတ်သက်ပြီး ကိုယ့်ကိုချီးကျူးတိုင်း မင်းတို့ထင်လို့ပါ ငါက အပင်စိုက်တာနဲ့ ထမင်းဟင်းချက်တာကိုပဲ ငါ့ကိုယ်ငါ ယုံကြည်မှုအပြည့်ရှိတယ်လို့။ ကိုယ့်ကိုယ်ကိုယ်လည်းသတိထားမိတယ် အပင်စိုက်တာနဲ့ ဟင်းချက်တာဆို ကိုယ်တိုင်လည်းပျော်သလို ယုံကြည်မှုလည်းအပြည့်ရှိတယ်။ ကိုယ်ချက်တာကို စားမိရင် အနည်းဆုံးနောက်တခါလောက်တော့ထပ်စားချင်စိတ်ဖြစ်တယ်ပေါ့။ နောက်ပို့စ်တွေမှပဲ ကျန်တဲ့ဟင်းတွေထပ်တင်တော့မယ်ဗျ။ ကျောင်းလည်းပြီးပြီဆိုတော့ အညာသားချက်ဖြစ်တာလေးတွေ ပြန်တင်တော့မယ်။ ငယ်ငယ်ကအကြောင်းလေးတွေလည်း ပြန်ရေးအုံးမယ်။
အညာသားလက်ရာ ထော်ကိုင်းတွေကြိုက်တဲ့ ပုစွန်ခြောက် ဘာလချောင်ကြော်ပါ လာရောက်လည်ပတ်အတွက်ကျေးဇူးတင်ပါတယ်ဗျာ။

(၇) ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်းဆိုးမင်းညစ်ဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေ။ 
လေးစားမှုဖြင့်
အညာသား 
၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း(၅) ရက်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့။

Tuesday, September 23, 2025

အပြည့်အဝ မပျော်နိုင်ခဲ့တဲ့နေ့

 
ဒီဝတ်ရုံကို တရားဝင် ဝတ်ဆင်ခွင့်ရဖို့အတွက် ၅ နှစ်နီးပါး အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။ ရုန်းကန်နေတုန်းမှာတော့ ဖိအားတွေပေါ့။ တခါတလေလည်း လွှတ်ချလိုက်ချင်စိတ်ဖြစ်ခဲ့တယ်။ အရာအားလုံးကိုကျော်ဖြတ်ပြီးလို့ ဒီဝတ်ရုံကိုဝတ်ဆင်လိုက်ရတဲ့အခါမှာတော့ ငါလုပ်နိုင်ခဲ့ပါလားဆိုတဲ့အတွေးနဲ့ပြုံးမိတယ်။ တကယ်တော့ ပါရဂူဘွဲ့ဆိုတာ လူတယောက်ရဲ့ သည်းခံနိုင်စွမ်း စူးစမ်းလိုစိတ်နဲ့ ဇွဲ လုံ့လ ဝီရိယတို့ကို တဆင့်ချင်းအသေးစိတ်စိစစ်စမ်းသပ်ဖော်ထုတ်တာပါပဲ။

ဒီနေ့ကိုမရောက်ခင် တိုင်းပြည်နိုင်ငံရေးအခြေအနေတွေကောင်းနေတုန်းအချိန်၊ ကိုယ်တိုင်လည်းဒီနေ့ကိုရောက်ဖို့အတွက် အခက်အခဲအကြပ်အတည်းပေါင်းများစွာကိုခုခံတော်လှန်နေချိန်တုန်းက အမေ့ဆီဖုန်းဆက်တိုင်း အမေကျနော်ဘွဲ့ယူရင်လာမှာလားလို့မေးဖြစ်တယ်။ ကိုယ့်စိတ်ကူးထဲမှာလည်းဒီတခါဘွဲ့ယူရင်တော့အဖေနဲ့အမေကိုမဖြစ်ဖြစ်အောင်ခေါ်မယ်လို့တွေးထားခဲ့တယ်။အမေကတော့သူလေယာဉ်မစီးရဲဘူးဆိုပြီး ရိုးရိုးပဲဝန်ခံပါတယ်။ ဟာ အမေကလည်း ထိုင်းနဲ့မြန်မာဒီလောက်နီးနီးလေးသိပ်မကြာပါဘူး လေယာဉ်နဲ့ခဏပဲစီးရမှာလို့ပြောတော့ အဲလောက်အမြင့်ကြီးမှာ တက်ပျံတဲ့စက်ကြီးနဲ့မလိုက်ရဲပါဘူးလို့ပဲပြန်ပြောတယ်။ နောက်တော့မှ အမေ့မှာအမြင့်ကိုကြောက်တဲ့စိတ်ရှိပုံရတယ်လို့တွေးမိပြီးထပ်ပြီးမမေးတော့ဘူး။ လာဖြစ်ရင်လည်းနီးမှပဲလမ်းကြောင်းရှာ စီစဉ်ပြီးခေါ်မယ်လို့တေးထားလိုက်တယ်။ အဖေကတော့ဘာမှထွေထွေထူးထူးမငြင်းဘူး။ ခေါ်ရင်တော့လာမှာပေါ့။ ကိုယ်ဒီရောက်ခါစ ဒီမှာနေရတဲ့အခြေအနေကိုပြောပြရင်း ကျောင်းသားဆောင်ရဲ့ ၁၅ ထပ်မြောက်မှာနေရတယ်အမေလို့ပြောတုန်းကလည်း ကိုယ့်အတွက်စိုးရိမ်နေတာ။ လူလေးနေရတဲ့အဆောင်ကလည်းမြင့်လိုက်တာ အောက်ထပ်တွေကိုပြောပြီးပြောင်းနေလို့မရဘူးလားရရင်အောက်ထပ်ပြောင်းနေပါ ဒီလောက်အမြင့်ကြီးမှာနေရတာအမေစိတ်ပူလို့တဲ့။ ကိုယ်ကပြောတော့ သူ့စိတ်ထဲမှာ ၁၅ ထပ်မြင့်တဲ့အဆောင်ဆိုတာကိုမြင်ယောင်ကြည့်မှာပေါ့လေ။ အဲဒီအဆောင်အမြင့်ကိစ္စလည်း နောက်ဖုန်းဆက်တိုင်းမေးလို့ စိတ်ချမ်းသာအောင် အောက်ထပ်ပြောင်းနေမယ်လို့ပဲပြောလိုက်ရတယ်။ တကယ်တော့ ကျောင်းပြီးမှပဲ ၁၅ ထပ်အဆောင်ပေါ်မှဆင်းလာခဲ့တာ။ သူတို့ကနိုင်ငံခြားကျောင်းသားတွေကို ဦးစားပေးအနေနဲ့ ၁၅ ထပ်ဆောင်မှာထားတာမို့ အောက်ထပ်တွေကို ပြောင်းနေလို့မရဘူး။ အောက်ထပ်တွေမှာက သူတို့ထိုင်းကျောင်းသားတွေပဲထားတာ။ ကိုယ်တွေကလည်းအေးအေးဆေးဆေးရှိလို့ အပေါ်ဆုံးထပ်မှာနေရတာကိုသဘောကျတယ်။ အားလုံးကို အပေါ်ဆုံးထပ်မှစီးပြီးမြင်ရတာဆိုတော့ ပတ်ဝန်းကျင်ရှု့ခင်းကလည်းတော်တော်သာယာတာလေ။ မြန်မာပြည်မှာနိုင်ငံရေးကပ်ဘေးမဆိုက်ခင်အထိတော့ အမေနဲ့ပုံမှန်ဖုန်းဆက် တခါတလေလည်းမက်ဆင်းဂျာဗွီဒီယိုကောနဲ့ပေါ့။ ကျောင်းမှာဘယ်လောက်ပဲခက်ခဲခဲ့ပါစေ အဆောင်ရောက်လို့အမေနဲ့ဖုန်းပြောလိုက်ရရင် အမေ့အသံက ကိုယ့်အတွက်အားဆေးတမျိုးပဲ။ ကိုယ်ဘာတွေလုပ်နေရတယ်ဆိုတာ အမေသေချာမသိပေမဲ့ ကျန်းမာရေးဂရုစိုက်ဖို့ အအိပ်အစားမှန်ဖို့အမြဲတမ်း သတိပေးတယ်။ အမေနဲ့ ဖုန်းပြောပြီးတိုင်းလည်း စိတ်ဓာတ်ခွန်အားတွေပြည့်နေသလိုမျိုးခံစားရတာခုချိန်အထိပဲ။ ရယူလိုခြင်းကင်းတဲ့ မိဘမေတ္တာဓာတ်ဟာ အေးမြလွန်းလှတယ်။ တိုင်းပြည်မအေးချမ်းဖြစ်နေချိန် ဘေးဒုက္ခမျိုးစုံနဲ့ ကြုံနေရတဲ့သူက ကိုယ်ကာယအားဖြင့်လုံခြုံနေတဲ့သူအတွက် အမြဲတမ်းစိုးရိမ်ပြီး စိတ်ပူနေတယ်။ မိဘတိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာထင်ပါရဲ့။ ကျောင်းပြီးလို့ ဘွဲ့ယူခါနီးတော့ ကိုယ့်တိုင်းပြည်တွင်းအခြေအနေတွေကပိုဆိုးလာတာ သွားရေးလာရေးစိတ်မချရတာနဲ့အမေလည်းလေယာဉ်စီးရမှာကြောက်တာနဲ့ နောက်ဆုံးတော့ ကိုယ့်ရဲ့အဖေအမေကိုခေါ်ချင်တဲ့စိတ်ဆန္ဒကိုချိုးနှိမ်ပြီးတယောက်တည်းပဲဘွဲ့နှင်းသဘင်ကိုတက်ခဲ့တယ်။ ကြားထဲမှာ ကမ္ဘာကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင် ၂ ကြိမ်နောက်ဆုတ်ထားလိုက်ရလို့ ကိုယ်တွေနဲ့ကျောင်းပြီးတဲ့အသုတ်က ၂၀၂၄ စက်တင်ဘာမှဘွဲ့နှင်းသဘင်တက်ရောက်ခွင့်ရတယ်။ ဒါတောင် ၂၀၂၃ ခုနှစ်မှာပြီးတဲ့သူတွေနဲ့ပေါင်းပြီးပေးလို့။ ဒီနှစ် စက်တင်ဘာဆိုတော့ ဘွဲ့ယူပြီးတာတောင် ၁ နှစ်ပြည့်သွားပြီပေါ့လေ။ ဘွဲ့နှင်းသဘင်က မိုးတွင်းမှာဆိုတော့ မိုးကောင်းတဲ့ထိုင်းတောင်ပိုင်းရဲ့ရာသီဥတုက နေသာလိုက် မိုးရွာလိုက်ကြားထဲကပဲ ဘွဲနှင်းသဘင်တက်ခဲ့ရတယ်။ အမှတ်တရဓာတ်ပုံလည်း အားပါးတရမရိုက်လိုက်ရဘူး။ အမေ့ဆီကိုတော့ ဓာတ်ပုံပဲပို့ပေးနိုင်တယ်။ အမေရယ်ဘွဲ့နှင်းသဘင်ရက်မှာ မိုးရွာလိုက်တာဆိုတော့ အမေတို့မိသားစုက မိုးနက္ခတ်မလွတ်ဘူးထင်ပါရဲ့ အမေနဲ့အဖေမင်္ဂလာဆောင်တုန်းကလည်း မိုးရွာတယ်၊ လူလေးတို့ ရှင်ပြုတုန်းကလည်းမိုးရွာလို့ ဆိုင်းတွေဗုံတွေမိုးကာနဲ့အုပ်ထားရတယ်လို့ပြောတယ်။ မိသားစုမစုံလို့မပျော်နိုင်ရတဲ့ကြားမှာမိုးကပါထပ်ပြီးနှိပ်စက်လိုက်သေးတယ်။ နောက်ဆုံးတော့ ဘဝရဲ့ပညာရေးရည်မှန်းချက်တခု အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ ကိုယ့်ခေတ်တုန်းက ရွာမှာရှားရှားပါးပါးဆယ်တန်းနှစ်ချင်းပေါက်အောင်၊ တက္ကသိုလ်တက်ဘွဲ့ရ၊ တက္ကသိုလ်မှာဆရာဖြစ်၊ နိုင်ငံခြားပညာတော်သင်ဆုနဲ့ကျောင်းဆက်တက်ခွင့်ရတာတွေဟာ ပညာသင်နိုင်အောင် အဖေနဲ့အမေ ဆင်းဆင်းရဲရဲနဲ့ ကြိုးစားရုန်းကန်ပြီးထောက်ပံ့ပေးခဲ့တဲ့ကျေးဇူးကြောင့်သာမဟုတ်ရင် ဒီနေ့ ဒီအချိန်မှာ ဒီအခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ အဖေနဲ့အမေအသက်ရှင်နေတုန်းမှာ အနီးကပ်ပြုစုပြီးကျေးဇူးဆပ်ခွင့်ရဖို့ကိုလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ မကြာတော့တဲ့ အချိန်မှာ အဖေနဲ့အမေ့ရင်ခွင်ကိုပြန်လည်ခိုလှုံခွင့်ရမယ်လို့လည်း အကြွင်းမဲ့ယုံကြည်ပါတယ်။ အဖေနဲ့အမေ ဘေးရန်ကင်းကွာပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
လေးစားမှုဖြင့်
အညာသား 
၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၂) ရက် ၊ 
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၃) ရက်၊ အင်္ဂါနေ့။

Saturday, February 15, 2025

အညာသားလက်ရာ ငါးသလောက်ပေါင်း

ဘဝမှာ ဟင်းအမျိုးမျိုးချက်ဖူးခဲ့လှပေမဲ့၊ ငါးသလောက်ဟင်းကိုတော့ ဒီတကြိမ်ပထမဆုံးချက်ဖူးတာပါပဲ။ မြန်မာပြည်မှာတုန်းကလည်း သူများချက်တာစားဖူးပေမဲ့ ကိုယ်တိုင်တခါမှမချက်ဖူးခဲ့ပါဘူး။ ကျနော်စိတ်ထဲမှာက ငါးသလောက်ဆိုရင် pressure cooker နဲ့ချက်မှအရိုးနူးတယ်လို့ပဲထင်ထားတာ။ အဲဒါကြောင့် တခါမှ ချက်ကြည့်ဖို့ မစဉ်းစားခဲ့ပါဘူး။ အဓိက ကတော့ လေလုံးအိုး pressure cooker မရှိတာလည်းပါမှာတော့။ ဒီတခါတော့ ကျောင်းထဲက ညနေပိုင်း ဟင်းချက်စရာအသီးအရွက်၊ ငါးနဲ့ အစားအစာ ရောင်းတဲ့ဈေးလေးမှာ ငါးသလောက်ရောင်းနေတာတွေ့လို့ စမ်းပြီးချက်ကြည့်ဖို့ စိတ်ကူးရတာနဲ့ ငါးသလောက်အနေတော် တကောင်ဝယ်ခဲ့တယ်။ ဒီမှာက အသားဈေးပေါတယ်လို့ ပြောနိုင်ပေမဲ့ ငါးတို့ ပုစွန်တို့ ပင်လယ်စာတို့ဆို ဈေးနည်းနည်းမြင်တယ်။ ကျောင်းထဲမှာ တဆင့်လာရောင်းကြတာမို့လည်းအပြင်ထက်တော့ ဈေးပိုတယ်။ ကျနော်က အသားငါးထက် အသီးအရွက်ပိုစားတဲ့သူမို့ ငါးတို့ ပုစွန်တို့ကို တခါတရံမှပဲဝယ်စားဖြစ်တယ်။ ငါးသလောက် ဝယ်လာခဲ့ ပြီးတော့ ချက်နည်းကို ယူကျု့မှာရှာကြည့်တယ်။ တချို့လည်း ထမင်းပေါင်းအိူးနဲ့ ပေါင်းနည်းပြထားတာတွေ့တယ်။ အရိုးနူးအောင်ချက်ဖို့ဆိုရင် အချိန်တော််တော် ပေးရမှာမို့ ဝယ်မိတာမှားပြီလားလို့တွေးမိသေးတယ်။ နောက်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့စမ်းကြည့်မယ်ဆိုပြီး ထမင်းပေါင်းအိုးမသုံးဘဲ ကိုယ့်မှာရှိတဲ့ non-stick frying pan နဲ့ပဲချက်ဖြစ်တယ်။ ပထမဆုံး ငါးကိုသန့်စင် အရသာနဲ့ ရှာလကာရည်နည်းနည်းထည့်နှပ်ထားပြီး၊ အနှစ်အတွက် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူချင်း‌ထောင်းကို ဆီသတ်တယ်။ အဲဒီနောက် အရသာနယ်ထားထဲငါးသလောက်ထည့်ပြီး လုံးတယ်။ ခဏနေတော့ ငါးကိုအထက်အောက်လှန်ပေးပြီး ငါးမြုပ်အောင် ရေနွေးထည့် အဖုံးပိတ်ပြီး မီးအေးအေးနဲ့နှပ်ထားလိုလတယ်။ ကျောင်းကအပြန်မှ စချက်တာမို့ ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ၁ နာရီချက်ပြီး မီးပိတ်ထားလိုက်တယ်။ နောက်နေ့ နံနက်ကျတော့ ထမင်းချက်ရင်း ညကကျန်တဲ့ရေကိုခမ်းအောင် မိနစ် ၃၀ လောက်ထပ်တည်ထားလိုက်တယ်။ ပုံမှန်အတိုင်းဆို ငါးဟင်းက မိနစ် ၃၀ လောက်ဆိုကျက်တာမို့ ငါးအရိုးနူးအောင် ဘယ်လောက်ကြာကြာ ချက်ရမလဲပဲလို့ စိတ်ကတွေးနေတာ။ 



ညနေပိုင်းကျောင်းကပြန်ရောက်တော့ ရေနွေးအိုးတည် ငါးမြုပ်အောင် ရေနွေးထပ်ထည့်ပြီး မီးအေးအေးနဲ့ ၂ ရေခမ်းအောင်ချက်တယ်။ ည ၉ နာရီခွဲပြီး ငါးရိုးအခြေအနေကိုစစ်ကြည့်တော့ လက်နဲ့ဖဲ့လိုရတဲ့ အခြေအနေဖြစ်နေပြီ။ အဲဒီနောက် ကြက်သွန်နီအခွံခွာပြီးသား အလုံးလိုက်၊ ကြက်သွန်ဖြူအမွှာ၊ ခရမ်းချဉ်သီးလေးစိပ်ထိုးထည့် ရေနွေးထပ်ထည့်ပြီး ထပ်ချက်တယ်။ ရေခမ်းခါနီးတော့ ငါးခေါင်းပိုင်းက အရိုးကို မြည်းကြည့်တာ နူးနေပြီ။ အဲဒီမှာ ငါးသလောက်အရိုးနူးအောင် ငါချက်တတ်ပြီ ဆိုပြီးထအော်တာပဲ။ အလုပ်တခု ကိုယ်တိုင်အစအဆုံး လုပ်လိုက်လို့ အဆင်ပြေသွားတဲ့အခါ ခံစားရတဲ့ ပီတိက ပြောမပြတတ်အောင်ပဲ။ ပီအိတ်ချ်ဒီလုပ်တဲ့ ကာလတလျှောက်မှာ အကြိမ်များစွာ မှားလိုက် ပြင်လိုက်နဲ့ နောက်ဆုံးအောင်မြင်သွားတိုင်း ခံစားရတဲ့ ခံစားမှုနဲ့အတူတူပဲ။ အဲဒီညက ကိုယ်ချက်တဲ့ ငါးဟင်းအိုးကို ကြည့်ပြီး ပျော်နေလိုက်တာများလေ။ နောက်နေ့က တပိုတွဲလပြည့်နေ့ဆိုတော့ နံနက်ပိုင်း ဘုရားဆွမ်းကပ်ဖို့အတွက် ဆွမ်းချက်ရင်း ငါးဟင်းအိုးကိုပါ နည်းနည်းထပ်နွှေးလိုက်တယ်။ မုံညှင်းရွက်နဲ့ပန်းမုံလာကို အမြန်လေးကြော်တယ်။ အားလုံးပြင်ဆင်ပြီးတော့ မြတ်စွာဘုရားရှင်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ရည်မှန်း၍ ငါးသလောက်ဟင်းနဲ့ ဆွမ်းကပ်လှူ၊ ဘုရားရှိခိုးပြီး ကျေးဇူးရှင်မိဘနှစ်ပါးနဲ့အတူ၊ (၇) ရက်သားသမီး၊ ၃၁ ဘုံ၊ အရပ်ဆယ်မျက်နှာ၊ အနန္တစကြာဝဠာ၌ ရှိကြကုန်သော ဝေနေယျများစွာ သတ္တဝါအားလုံးတို့အား နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန်၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြစေရန် မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်ကို အမျှဝေတယ်။ ကိုဗစ်ကာလ ၂၀၂၀ ဇွန်လမှာ အခန်းတွင်း ၁၄ ရက် ကွာရန်တင်းဝင်ရကတည်းက နံနက်တိုင်း ဆွမ်းကပ်လှူခဲ့တာ ယနေ့ထိ မပျက်သေးဘူး။ အဆိုးထဲက အကောင်းလို့ ဆိုရမည့် အလေ့အကျင့်လေးတခု ရလာခဲ့တာပေါ့။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စလုပ်စရာရှိပါစေ ဆွမ်းကပ်တာကိုတော့ မပျက်မကွက်လုပ်ပါတယ်။ ဘဝရဲ့အစိတ်အပိုင်းတခုလိုဖြစ်လာတော့ နံနက်မိုးလင်း အိပ်ရာထတာနဲ့ ဆွမ်းချက်၊ ဆွမ်းကပ်ဖို့လုပ်ရင်းနဲ့ နံနက်ပိုင်းကုသိုလ်ပြုရတာ အလေ့အကျင့်ဖြစ်လာတယ်။ 


ဟင်းအိုးနဲ့ ပန်းကန်ထဲက အရောင်ကွာနေတာက မီးမဖွင့်ဘဲ ဓာတ်ပုံရိုက်ထားလို့ပါ။ အရသာကတော့ ကောင်းမှကောင်းပါပဲဗျာ။

အရိုးပါနူးပြီး စားလို့ကောင်းတဲ့ ငါးသလောက်ဟင်းပါ။ တယောက်တည်းဆိုတော့ ၃ ရက်လောက် စားလိုက်ရတယ်။ ငါးသလောက်ဟင်းစားရင် အကြောတက်တယ်လို့ပြောကြတာ ကျနော်တော့ သိပ်ပြီးသတိမထားမိလိုက်ဘူး။ ငါးသလောက်ဟင်းစားပြီးတဲ့ နေ့လည်ပိုင်းမှာတော့ အိပ်ချင်စိတ်နည်းနည်းဖြစ်လို့ ဌာနမှာခဏနားရင်း ဆယ်မိနစ်လောက် ခုံပေါ်ခေါင်းချပြီး အိပ်လိုက်သေးတယ်။ နောက်ရက်တွေမှာတော့ သရက်သီးထောင်းနဲ့တွဲပြီးစားဖြစ်တယ်။ အကြောတက်တတ်တဲ့အစားအစာကို အချဉ်လေးနဲ့ထိန်းတော့ နည်းနည်းသက်သာတာပေါ့။


အားလုံးကိုယ်စိတ်နှစ်ဖြား ကျန်းမာချမ်းသာပြီး မင်းဆိုးမင်းညစ်ဘေးမှ ကင်းဝေးကြပါစေဗျာ။
အညာသား
၁၃၈၆ ခုနှစ် တပိုတွဲလပြည့်‌ကျော် (၃) ရက်၊ စနေနေ့
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်

Tuesday, January 28, 2025

 ထီပေါက်ခြင်းနဲ့စတဲ့ ၂၀၂၅



ဆုကြေးမများပေမဲ့ ထီမကြာခဏပေါက်တတ်လို့ အလုပ်ကထိုင်းတွေကပါ ကျနော့်ကိုကံကောင်းသူလို့ အမြဲတမ်းနောက်ပြောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံကထီလိုမျိုး အက္ခရာတွေမပါဘဲ ဂဏန်း ၆ လုံးတည်းဆိုတော့ နီးစပ်နိုင်ခြေများလို့ ကံစမ်းဖြစ်တယ်။ ကျနော် ထီထိုးတယ်ဆိုတာကလည်း တွက်ချက်ပြီးတော့ထိုးတာမျိုးမဟုတ်ပါဘူး။ ထီဆိုင်ရောက်လို့ ထီလက်မှတ်တွေမြင်တဲ့အခါ ကိုယ့်စိတ်ရဲ့တိမ်းညွှတ်မှုအဖြစ်ဆုံးလက်မှတ်ကိုပဲ ရွေးထိုးတာများတယ်။ ဒီလိုထိုးတာကပဲ နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆု မကြာခဏပေါက်တယ်ဆိုပါတော့။ ရှေ့ ၃ လုံးတူ သို့မဟုတ် နောက် ၃ လုံးတူလို့ ဘတ် ၄၀၀၀ ဆု မှတ်မိသလောက် နှစ်ကြိမ်ပေါက်ဖူးတယ်။ သူတို့လည်း ထီထိုးတာကြာပြီး ၂ လုံးတူလေးတောင် မပါဖူးတော့ ကိုယ်က မကြာမကြာတူလို့ ကံကောင်းတယ်လို့ ပြောကြတာ။ ၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ထွက်တဲ့ထိုင်းထီမှာတော့ ကိုယ်ဝယ်ထားတဲ့ လက်မှတ်က ရှေ့သုံးလုံးတူလို့ ဘတ် ၄၀၀၀ ရလိုက်တယ်။ ပုံမှန်ထွက်နေ့ကျ ၁၆ ရက်နေ့က သူတို့နိုင်ငံရဲ့ ဆရာများနေ့နဲ့ တိုက်နေလို့ နောက်တရက်ဆုတ်လိုက်တာ။ ဖြစ်ချင်တော့ အဲဒီရက်ပိုင်းမှာ ဓာတ်ခွဲခန်းအလုပ်နဲ့ဗျာများနေတာမို့ သိပ်မအားဘူး။ မိုးကလည်းရွာနေသေးတော့ လူက ပင်ပမ်းတာရော အလုပ်အသွားအပြန်မိုးမိတာရောနဲ့ နေသိပ်မကောင်းလို့ ၁၆ ရက်နေ့ အလုပ်ပြီးတော့ အဆောင်ကိုအစောပြန်ခဲ့တယ်။ အဆောင်ရောက်တရေးအိပ်ပြီး ညနေပိုင်းမှာ မနက်ဖြန်မှ ထီထွက်မှာ ထီထိုးလို့ရသေးတယ်ဆိုပြီး စိတ်ကနှိုးဆော်လာတာ။ အဲဒါနဲ့မိုးလည်းစဲနေတုန်း
ထီဝယ်နေကျအဖွားဆိုင်ဘက်သွားပြီး ထီတစောင်ဝယ်တယ်။ လွန်ခဲ့တဲ့  ၂ ရက်လောက်တုန်းက အိပ်မက်ထဲမှာ
ဂဏန်း ၄ လုံး စာအုပ်မှာရေးမှတ်လိုက်တာ ပြန်သတိရလို့ နောက်ဆုံး ၂ လုံး ၂၇ နဲ့ဆုံးတဲ့ ထီလက်မှတ်ယူလိုက်တယ်။ အပြန်လမ်းမှာ နောက်ထပ်တဆိုင်ကို ဝင်ကြည့်တော့ နောက်ထပ်တစောင်တွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုံမှန်ဆို ၁ စောင်ပဲထိုးနေကျပေမဲ့ တခါတလေ ၂ စောင်ဖြတ်တယ်။ အဲဒီနေ့ကတော့ နောက်တဆိုင်ကို ဝင်မိလျက်သားမို့ တစောင်ထပ်ဝယ်လိုက်တယ်။ နောက်နေ့ထီထွက်တော့ နောက်ဆုံး ဂဏန်း ၂ လုံးကြည့်ပြီး ငါမပေါက်ဘူး လို့နေနေတာ။ ထီလက်မှတ်ထုတ်ကြည့်ပြီး ဂဏန်းတွေ ရိုက်ထည့်စစ်ကြည့်တော့မှ ရှေ့ ၃ လုံးတူပြီး ဘတ် ၄၀၀၀ ဆုပေါက်တာသိရတယ်။ အလုပ်မှာဆိုတော့ သူတို့ကလည်း ထီထွက်တဲ့နေ့ဆို ကျနော့်ဆီပဲ အာရုံစိုက်နေတာမို့ မပြောလို့လည်း မဖြစ်တော့ ငါ ၃ လုံးတူတယ်လို့ပြောလိုက်တယ်။ အားလုံးက လုပ်ခုပ်ဝိုင်းတီးပြီး ဂုဏ်ယူကြောင်း ပြောကြတယ်။ မင်းသိပ်ကံကောင်းတာပဲ ဂဏန်းဘယ်လိုရလဲဆိုပြီး ဝိုင်းမေးကြတယ်။ ဒီတခါတော့ ငါအိပ်မက်မက်တာ နောက်ဆုံး ၂ လုံးမှတ်မိလို့ နောက်ဆုံး ၂ လုံးကိုရွေးတာ ပေါက်တာက ရှေ့ ၃ လုံးတူတာလို့ ပြောလိုက်တယ်။ ထီဆုငွေထုတ်ပြီးတော့ အားလုံးကို သူတို့ဝယ်နေကျအအေးဆိုင်က သူတို့ကြိုက်တဲ့အအေး မှာပြီးတိုက်လိုက်တယ်။ ကံကတော့ ကောင်းတယ် ဒါပေမဲ့ ဆုငယ်လေးပဲဆိုတော့ မင်းတို့ကိုလည်း အများကြီး မကျွေးနိုင်ဘူးလို့၊ နောက်တခါဆုကြီးပေါက်ရင် ပင်လယ်စာဘူဖေး လိုက်ကျွေးမယ် ဆုကြီးပေါက်အောင် ဆုတောင်းပေးကြလို့ပဲပြောလိုက်တယ်။ ဆုကြေးနည်းပေမဲ့ ပေါက်တဲ့အခါတိုင်းတော့ အအေး သို့မဟုတ် မုန့် ကျွေးဖြစ်ပါတယ်။ ကံကောင်းခြင်းကို ထပ်ပွှားခြင်းပေါ့။ သူတို့လည်း ကိုယ်ကသတိတရနဲ့ဝယ်ကျွေးလို့ ဝမ်းသာပြီး ကျေးဇူးတင်ကြတယ်။ နောက်ထပ်ဆုကြီးတွေပေါက်ဖို့လည်း ဆုတောင်းပေးကြတယ်။ နောက်ထွက်မည့် အကြိမ်မှာ ပထမဆုကြီးပေါက်ရပါလို၏။

အားလုံးကျန်းမာ‌ပျော်ရွှင်ပြီး ဘေးဘယာဝေးကွာကြပါစေ
အညာသား
၁၃၈၆ ခုနှစ် ပြာသိုလ်လကွယ်နေ့
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်

Wednesday, January 15, 2025

အညာဆောင်းနဲ့ မီးဖို

Photo credit: New Light Myanmar Real Estate Facebook page

အခုရက်ပိုင်း အမေနဲ့ဖုန်းပြောတော့ အမေက ရွာဘက်မှာ အေးနေပြီတဲ့။ လူလေးတို့ဆီမှာရော ရာသီဥတုအေးလားလို့မေးတယ်။ အမေရေ ဒီမှာတော့ အခုထိ မိုးရွာတုန်းဆိုတော့ အမေကအံ့ဩလို့။ ကိုယ်နေတဲ့နေရာက မြန်မာနဲ့အိမ်နီးချင်းဆိုပေမဲ့ ပင်လယ်နဲ့နီးတဲ့ဘက်မို့ အနွေးထည်ဝတ်ရတဲ့ ဆောင်းတွင်းဆိုတာကမရှိသလောက်ပါပဲ။ နှစ်စဉ် ဖေဖော်ဝါရီလလောက်အထိ မိုးရွာတော့ မိုးကုန်တာနဲ့ မတ်လ ဧပြီလ ဆို နွေရာသီရောက်တော့တာ။ နွေရာသီကတော့ ပူတာမှ ခြစ်ခြစ်တောက်။ အမေက ရွာမှာအေးနေပြီ ပြောလို့ မီးမဖိုကြဘူးလားမေးတော့ လူလေးရေ အခုရွာကမင်းငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးတဲ့။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကရွာမှာဆောင်းဝင်ပြီဆိုတာနဲ့ တောထဲက သစ်တုံးခြောက်၊ သစ်ငုတ်ခြောက် ကြီးကြီးတတုံးအိမ်ကိုသယ်ပြီးအိမ်တလင်းသာမှာမီးဖိုထားကြတာ။ ညဆိုရင် နီးစပ်ရာသူ့အိမ်မီးဖိုဘေး စကားပြောရင်း ပြောင်းဖူးစေ့ခြွေ၊ ပဲနွှာရင်း ထန်းပြေမျှစ်မီးဖုတ်စားပြီး နွေးသောက်ရင်းနဲ့ သန်းခေါင်ကြက်တွန်မှ မီးဖိုဘေးက လူစုခွဲကြတာလေ။ ကိုယ်တွေက တောင်ဘက်အရီးမိသေးတို့ အိမ်ဝိုင်းထဲက မီးဖိုမှာသွားလှုံကြတာ။ အညာဆောင်းက ညဉ့်နက်လေအေးလေ မီးဖိုဘေးကမခွာချင်လေပဲ။ အမေကညီငယ်ကိုရင်ခွင်မှာပွေ့ပြီးမီးလှုံ ကိုယ်တွေက အမေ့ဘေးနားကပ်ပြီး အမေ့ကိုယ်ငွေ့ကို ရသလောက်ယူရင်း မီးလှုံတာ။ လူကြီးတွေပြောတဲ့စကားထဲ ကိုယ်လည်းနာလည်တာမဟုတ်ဘဲ သူတို့ရယ်ရင်လိုက်ရယ်နဲ့ ညလုံးပေါက်ထိုင်လည်း မအိပ်ချင်ဘူး။ တခါတလေ မီးဖိုရှင် အရီမိသေးက ထောပတ်ပဲပြုတ်ပူပူလေးကို ဆီးဆမ်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံသေးတာ။ အဲဒီအချိန်တုန်းကတော့ အခုခေတ်လို ဖုန်းတွေဘာတွေဆိုတာ ဘယ်နားနေမှန်းကိုမသိသေးတော့ တောသဘာဝပဲ တယောက်သိတာ တယောက် ဆောင်းတွင်းမီးဖိုဘေးမှာ မျှဝေကြရင်း အပမ်းဖြေကြတာကိုး။ တခါတလေများ ကြက်တွန်လို့သာ လူစုခွဲရတယ် ပြောစရာ စကားတွေက မကုန်သေးဘူး။ မီးဖိုဘေးကခွာလို့ အိမ်ကိုမရောက်သေးဘူး ချမ်းတာခိုက်ခိုက်တုန်လို့။ အိမ်ရောက်တော့ စောင်ပုံထဲဝင်ခွေတာပဲ။ ညီအစ်ကိုတတွေ အမေ့ဘေးမှာ တန်းစီပြီး အိပ်ကြရတာ ကိုယ်ငွေ့ရှိတဲ့သူက အနွေးဓာတ်ရတော့ သူ့ဘေးကိုအတင်းကပ်ပြီး ကွေးအိပ်ရတာ သတိရမိတယ်။ ကိုယ်တို့အိမ်မှာက အနွေး‌စောင်တို့ ဂွမ်းစောင်တို့ များများမရှိဘူး၊ အမေ့လက်ဖြစ် အညာစောင်ကြမ်း ၅ စပ်စောင် ၃ ထည်လောက်ဖြန့်ထပ်ပြီး ညီအစ်ကိုတတွေကို ခြုံပေးတာ။ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်နဲ့ ညီအစ် ကိုတတွေစောင်လုရတာလည်း အမော။ ကိုယ်ကတော့ အမေ့ဘေးနားကပ်အိပ်ရတာကို သဘောကျတယ်။ အမေ့ကိုယ်ငွေ့နွေးနွေးလေးက စောင်ခြုံတာထက်ပိုနွေးတယ်လို့ခံစားရတယ်။ ဒါပေမဲ့ အငယ်တွေရှိတော့ ကြာကြာကပ်ချင်ပေမဲ့ ကပ်လို့မရပါဘူး အငယ်တွေကိုပဲ ဦးစားပေးရတာများတယ်။ မနက်ဆိုလည်း မိုးလင်အောင် မအိပ်နိုင်ဘူး။ အိပ်ရာထပြီးတာနဲ့ မီးဖိုဘေးရောက်ပြီ။ မနက်ပိုင်းဆိုရင်တော့ ကိုယ့်အိမ်က မီးဖိုမှာပဲ အနွေးဓာတ်ရအောင် မီးလှုံ ထမင်းကြမ်းစားပြီး လုပ်ငန်းခွင် သွားဖို့ပြင်ဆင်ရတာ။ ဆောင်းတွင်းဆိုငရုတ်သီးဆွတ်၊ ပဲကြီးကောက်၊ နွားစာရိတ် ကုလားပဲပေါင်းနှုတ် စတဲ့အလုပ်တွေပေါ့။ ကိုယ်တွေကတော့ လေတန်းအောင်ပြီး ကျောင်းဆက်တက်တော့ ဆောင်းတွင်းနံနက်အစောဆို ကျောင်းတက်ဖို့သွားရတာ။ ကျောင်းက ရွာနဲ့ဝေးတဲ့ တခြားရွာမှာ သွားတက်ရတာဆိုတော့ ကျောင်းချိန်အမီသွားရတာ မီးလှုံဖို့အချိန်မရဘူး၊ တခါတလေ အရမ်းအေးလွန်းရင် လမ်းမှာ သစ်ကိုင်းခြောက်တွေ စုပုံမီးရှို့ပြီး အချမ်းပြေအောင် မီးလှုံရတဲ့အခါရှိရဲ့။ အနွေးထည်လည်း ဝယ်မဝတ်နိုင်တော့ ရွာအပြင်ရောက်တာနဲ့ ခါးကပုဆိုးကိုခြုံပြီးသွားတာပဲ။ နေထွက်ပြီး ကျောင်းရောက်ခါနီး လူမြင်ကွင်းမှ ပုဆိုးကို ပုံမှန်အတိုင်းပြန်ဝတ်တာ။

အညာဆောင်းတွင်မှာ မီးဖိုပြီးရင် နောက်ထပ်လွမ်းစရာတခုက တလင်းဝင်စအချိန် ပေါ်ဦး ပေါ် ဖျား ကောက်ညှင်းပေါင်းစားရတဲ့ အရသာကိုပေါ့။ ကိုယ်တွေမှာက လယ်ရယ်လို့ များများမရှိတော့ စပါးပေါ် ချိန်ဆို ဆွေမျိုးတွေ အရီးလေးတွေ ဦးကြီးတွေအိမ်က ပေါင်းလို့ ပေးတဲ့ ကောက်ညှင်းပေါင်းကိုသာ ညီအစ်ကိုတတွေ ဝေမျှစားရတာ။ ကိုယ့်လယ်ထွက် ကောက်ညှင်းဆန်ကို ပဲငရှန်စေ့ နိုင်နိုင်နဲ့ပေါင်းပြီး နှမ်းဆီမွှေးမွှေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှ လဲလို မရနိုင်ဘူး။ နည်းနည်းသိတတ်တဲ့အရွယ်ရောက်တော့ ဘုန်းကြီးကျောင်းသားလုပ်ရလို့ တလင်းတွင်းဝင်ချိန်ဆို ကိုယ်တွေက ရွာထဲကလာပို့သမျှ ကောက်ညှင်းပေါင်းကို ဦးဦးဖျားဖျား ဘုရားဆွမ်းကပ်၊ ဘုန်းကြီးကို ကပ်ပြီးတာနဲ့ အဝစားရတာ။ ဘုန်းကြီးကျောင်းသားဘဝမှာတော့ ရွာထဲကပို့သမျှ ဘုရားနဲ့ ဘုန်းကြီးပြီးရင် ကိုယ်ပဲ စားရတာများတယ်။ ကျောင်းသားလည်း များများမရှိတော့ လာပို့သမျှ ကုန်အောင်မစားနိုင်ဘူး။ အညာမှာ ဆောင်းဝင်ပြီဆိုတိုင်း ကိုယ်ကတော့ ငယ်ငယ်တုန်းက ကိုယ်ကြုံခဲ့ရသလိုမျိုးပဲ စိတ်ထဲမှာ အောက်မေ့နေတာမို့ အမေ့ကိုလည်း မေးဖြစ်တာ။ ဟုတ်တော့ လည်းဟုတ်ပါတယ်။ ကိုယ်တောင် အသက်က လေးထိပ်ပြောင်းနေပြီဆိုတော့ ရွာမှာ ကိုယ်အလယ်တန်းကျောင်းသားဘဝက အခြေအနေမျိုးတွေအတိုင်း မရှိနိုင်တော့ဘူးလေ။ နည်းပညာတိုးတက်တဲ့ခေတ်မှာ သဘာဝထင်းမီးဖိုကပေးတဲ့ အပူဓာတ်ကို တန်ဖိုးမထားတတ်ကြတော့ဘူး။ နိုင်ငံခြားဖြစ် အမွေးပွစောင်တွေနဲ့ အမွေးပွအနွေးထည်တွေနဲ့ အညာဆောင်းကို ခေတ်မီမီ အံတုနေကြပြီပေါ့။ လူထုအစိုးရခေတ်မှာ လျှပ်စစ်မီးပါချိတ်ပေးနိုင်ခဲ့လို့ ထမင်းဟင်းတောင် အိုးမည်းပေမခံ ကြတော့ဘူး လူလေးရေတဲ့။ အင်းပေါ့ လေ ကိုယ်တောင် ရွာနဲ့ဝေးနေတာ နှစ်ပေါင်း ၂၀ ကျော်လာပြီပဲ။ အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ အထူးအဆန်းတော့လည်းမဟုတ်ပါဘူးလေ။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ ထိတွေ့ခံစားခဲ့ရတဲ့ အညာဆောင်းနဲ့ တောဓလေ့ အငွေ့အသက်တွေအပေါ်  မေ့ပျောက်လို့ မရနိုင်ပါဘူး။ ခေတ်ကောင်း စနစ်ကောင်းနဲ့ လူသားဆန်တဲ့ လူတွေ ပြန်လည်ဦးဆောင်တဲ့အခါ ရပ်နားထားတဲ့ ကိုယ့်တာဝန်ကို ပြန်လည်ထမ်းဆောင်ရင်း အညာဆောင်းရဲ့အအေးဓာတ်ကို အရီးလေးတို့အိမ်တလင်းက မီးဖိုဘေးမှာထိုင်ပြီး ခံစားချင်မိပါသေးတယ်။


                                                                                   အမေနဲ့ အညာဆောင်းမီးဖိုကိုလွမ်းဆွတ် သတိရရင်း

                                                                                                                        ရွှေညာသား 

                                                                                                ၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၂ ) ရက်

                                                                                                ၁၅-၁-၂၀၂၅