Pages

Tuesday, January 28, 2025

 ထီပေါက်ခြင်းနဲ့စတဲ့ ၂၀၂၅



ဆုကြေးမများပေမဲ့ ထီမကြာခဏပေါက်တတ်လို့ အလုပ်ကထိုင်းတွေကပါ ကျနော့်ကိုကံကောင်းသူလို့ အမြဲတမ်းနောက်ပြောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံကထီလိုမျိုး အက္ခရာတွေမပါဘဲ ဂဏန်း ၆ လုံးတည်းဆိုတော့ နီးစပ်နိုင်ခြေများလို့ ကံစမ်းဖြစ်တယ်။ ကျနော် ထီထိုးတယ်ဆိုတာကလည်း တွက်ချက်ပြီးတော့ထိုးတာမျိုးမဟုတ်ပါဘူး။ ထီဆိုင်ရောက်လို့ ထီလက်မှတ်တွေမြင်တဲ့အခါ ကိုယ့်စိတ်ရဲ့တိမ်းညွှတ်မှုအဖြစ်ဆုံးလက်မှတ်ကိုပဲ ရွေးထိုးတာများတယ်။ ဒီလိုထိုးတာကပဲ နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆု မကြာခဏပေါက်တယ်ဆိုပါတော့။ ရှေ့ ၃ လုံးတူ သို့မဟုတ် နောက် ၃ လုံးတူလို့ ဘတ် ၄၀၀၀ ဆု မှတ်မိသလောက် နှစ်ကြိမ်ပေါက်ဖူးတယ်။ သူတို့လည်း ထီထိုးတာကြာပြီး ၂ လုံးတူလေးတောင် မပါဖူးတော့ ကိုယ်က မကြာမကြာတူလို့ ကံကောင်းတယ်လို့ ပြောကြတာ။ ၂၀၂၅ ဇန်နဝါရီလ ၁၇ ရက်နေ့ထွက်တဲ့ထိုင်းထီမှာတော့ ကိုယ်ဝယ်ထားတဲ့ လက်မှတ်က ရှေ့သုံးလုံးတူလို့ ဘတ် ၄၀၀၀ ရလိုက်တယ်။ ပုံမှန်ထွက်နေ့ကျ ၁၆ ရက်နေ့က သူတို့နိုင်ငံရဲ့ ဆရာများနေ့နဲ့ တိုက်နေလို့ နောက်တရက်ဆုတ်လိုက်တာ။ ဖြစ်ချင်တော့ အဲဒီရက်ပိုင်းမှာ ဓာတ်ခွဲခန်းအလုပ်နဲ့ဗျာများနေတာမို့ သိပ်မအားဘူး။ မိုးကလည်းရွာနေသေးတော့ လူက ပင်ပမ်းတာရော အလုပ်အသွားအပြန်မိုးမိတာရောနဲ့ နေသိပ်မကောင်းလို့ ၁၆ ရက်နေ့ အလုပ်ပြီးတော့ အဆောင်ကိုအစောပြန်ခဲ့တယ်။ အဆောင်ရောက်တရေးအိပ်ပြီး ညနေပိုင်းမှာ မနက်ဖြန်မှ ထီထွက်မှာ ထီထိုးလို့ရသေးတယ်ဆိုပြီး စိတ်ကနှိုးဆော်လာတာ။ အဲဒါနဲ့မိုးလည်းစဲနေတုန်း
ထီဝယ်နေကျအဖွားဆိုင်ဘက်သွားပြီး ထီတစောင်ဝယ်တယ်။ လွန်ခဲ့တဲ့  ၂ ရက်လောက်တုန်းက အိပ်မက်ထဲမှာ
ဂဏန်း ၄ လုံး စာအုပ်မှာရေးမှတ်လိုက်တာ ပြန်သတိရလို့ နောက်ဆုံး ၂ လုံး ၂၇ နဲ့ဆုံးတဲ့ ထီလက်မှတ်ယူလိုက်တယ်။ အပြန်လမ်းမှာ နောက်ထပ်တဆိုင်ကို ဝင်ကြည့်တော့ နောက်ထပ်တစောင်တွေ့တာနဲ့ ဝယ်လိုက်တယ်။ ပုံမှန်ဆို ၁ စောင်ပဲထိုးနေကျပေမဲ့ တခါတလေ ၂ စောင်ဖြတ်တယ်။ အဲဒီနေ့ကတော့ နောက်တဆိုင်ကို ဝင်မိလျက်သားမို့ တစောင်ထပ်ဝယ်လိုက်တယ်။ နောက်နေ့ထီထွက်တော့ နောက်ဆုံး ဂဏန်း ၂ လုံးကြည့်ပြီး ငါမပေါက်ဘူး လို့နေနေတာ။ ထီလက်မှတ်ထုတ်ကြည့်ပြီး ဂဏန်းတွေ ရိုက်ထည့်စစ်ကြည့်တော့မှ ရှေ့ ၃ လုံးတူပြီး ဘတ် ၄၀၀၀ ဆုပေါက်တာသိရတယ်။ အလုပ်မှာဆိုတော့ သူတို့ကလည်း ထီထွက်တဲ့နေ့ဆို ကျနော့်ဆီပဲ အာရုံစိုက်နေတာမို့ မပြောလို့လည်း မဖြစ်တော့ ငါ ၃ လုံးတူတယ်လို့ပြောလိုက်တယ်။ အားလုံးက လုပ်ခုပ်ဝိုင်းတီးပြီး ဂုဏ်ယူကြောင်း ပြောကြတယ်။ မင်းသိပ်ကံကောင်းတာပဲ ဂဏန်းဘယ်လိုရလဲဆိုပြီး ဝိုင်းမေးကြတယ်။ ဒီတခါတော့ ငါအိပ်မက်မက်တာ နောက်ဆုံး ၂ လုံးမှတ်မိလို့ နောက်ဆုံး ၂ လုံးကိုရွေးတာ ပေါက်တာက ရှေ့ ၃ လုံးတူတာလို့ ပြောလိုက်တယ်။ ထီဆုငွေထုတ်ပြီးတော့ အားလုံးကို သူတို့ဝယ်နေကျအအေးဆိုင်က သူတို့ကြိုက်တဲ့အအေး မှာပြီးတိုက်လိုက်တယ်။ ကံကတော့ ကောင်းတယ် ဒါပေမဲ့ ဆုငယ်လေးပဲဆိုတော့ မင်းတို့ကိုလည်း အများကြီး မကျွေးနိုင်ဘူးလို့၊ နောက်တခါဆုကြီးပေါက်ရင် ပင်လယ်စာဘူဖေး လိုက်ကျွေးမယ် ဆုကြီးပေါက်အောင် ဆုတောင်းပေးကြလို့ပဲပြောလိုက်တယ်။ ဆုကြေးနည်းပေမဲ့ ပေါက်တဲ့အခါတိုင်းတော့ အအေး သို့မဟုတ် မုန့် ကျွေးဖြစ်ပါတယ်။ ကံကောင်းခြင်းကို ထပ်ပွှားခြင်းပေါ့။ သူတို့လည်း ကိုယ်ကသတိတရနဲ့ဝယ်ကျွေးလို့ ဝမ်းသာပြီး ကျေးဇူးတင်ကြတယ်။ နောက်ထပ်ဆုကြီးတွေပေါက်ဖို့လည်း ဆုတောင်းပေးကြတယ်။ နောက်ထွက်မည့် အကြိမ်မှာ ပထမဆုကြီးပေါက်ရပါလို၏။

အားလုံးကျန်းမာ‌ပျော်ရွှင်ပြီး ဘေးဘယာဝေးကွာကြပါစေ
အညာသား
၁၃၈၆ ခုနှစ် ပြာသိုလ်လကွယ်နေ့
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်

Wednesday, January 15, 2025

အညာဆောင်းနဲ့ မီးဖို

Photo credit: New Light Myanmar Real Estate Facebook page

အခုရက်ပိုင်း အမေနဲ့ဖုန်းပြောတော့ အမေက ရွာဘက်မှာ အေးနေပြီတဲ့။ လူလေးတို့ဆီမှာရော ရာသီဥတုအေးလားလို့မေးတယ်။ အမေရေ ဒီမှာတော့ အခုထိ မိုးရွာတုန်းဆိုတော့ အမေကအံ့ဩလို့။ ကိုယ်နေတဲ့နေရာက မြန်မာနဲ့အိမ်နီးချင်းဆိုပေမဲ့ ပင်လယ်နဲ့နီးတဲ့ဘက်မို့ အနွေးထည်ဝတ်ရတဲ့ ဆောင်းတွင်းဆိုတာကမရှိသလောက်ပါပဲ။ နှစ်စဉ် ဖေဖော်ဝါရီလလောက်အထိ မိုးရွာတော့ မိုးကုန်တာနဲ့ မတ်လ ဧပြီလ ဆို နွေရာသီရောက်တော့တာ။ နွေရာသီကတော့ ပူတာမှ ခြစ်ခြစ်တောက်။ အမေက ရွာမှာအေးနေပြီ ပြောလို့ မီးမဖိုကြဘူးလားမေးတော့ လူလေးရေ အခုရွာကမင်းငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးတဲ့။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်တုန်းကရွာမှာဆောင်းဝင်ပြီဆိုတာနဲ့ တောထဲက သစ်တုံးခြောက်၊ သစ်ငုတ်ခြောက် ကြီးကြီးတတုံးအိမ်ကိုသယ်ပြီးအိမ်တလင်းသာမှာမီးဖိုထားကြတာ။ ညဆိုရင် နီးစပ်ရာသူ့အိမ်မီးဖိုဘေး စကားပြောရင်း ပြောင်းဖူးစေ့ခြွေ၊ ပဲနွှာရင်း ထန်းပြေမျှစ်မီးဖုတ်စားပြီး နွေးသောက်ရင်းနဲ့ သန်းခေါင်ကြက်တွန်မှ မီးဖိုဘေးက လူစုခွဲကြတာလေ။ ကိုယ်တွေက တောင်ဘက်အရီးမိသေးတို့ အိမ်ဝိုင်းထဲက မီးဖိုမှာသွားလှုံကြတာ။ အညာဆောင်းက ညဉ့်နက်လေအေးလေ မီးဖိုဘေးကမခွာချင်လေပဲ။ အမေကညီငယ်ကိုရင်ခွင်မှာပွေ့ပြီးမီးလှုံ ကိုယ်တွေက အမေ့ဘေးနားကပ်ပြီး အမေ့ကိုယ်ငွေ့ကို ရသလောက်ယူရင်း မီးလှုံတာ။ လူကြီးတွေပြောတဲ့စကားထဲ ကိုယ်လည်းနာလည်တာမဟုတ်ဘဲ သူတို့ရယ်ရင်လိုက်ရယ်နဲ့ ညလုံးပေါက်ထိုင်လည်း မအိပ်ချင်ဘူး။ တခါတလေ မီးဖိုရှင် အရီမိသေးက ထောပတ်ပဲပြုတ်ပူပူလေးကို ဆီးဆမ်းပြီး ရေနွေးကြမ်းနဲ့ ဧည့်ခံသေးတာ။ အဲဒီအချိန်တုန်းကတော့ အခုခေတ်လို ဖုန်းတွေဘာတွေဆိုတာ ဘယ်နားနေမှန်းကိုမသိသေးတော့ တောသဘာဝပဲ တယောက်သိတာ တယောက် ဆောင်းတွင်းမီးဖိုဘေးမှာ မျှဝေကြရင်း အပမ်းဖြေကြတာကိုး။ တခါတလေများ ကြက်တွန်လို့သာ လူစုခွဲရတယ် ပြောစရာ စကားတွေက မကုန်သေးဘူး။ မီးဖိုဘေးကခွာလို့ အိမ်ကိုမရောက်သေးဘူး ချမ်းတာခိုက်ခိုက်တုန်လို့။ အိမ်ရောက်တော့ စောင်ပုံထဲဝင်ခွေတာပဲ။ ညီအစ်ကိုတတွေ အမေ့ဘေးမှာ တန်းစီပြီး အိပ်ကြရတာ ကိုယ်ငွေ့ရှိတဲ့သူက အနွေးဓာတ်ရတော့ သူ့ဘေးကိုအတင်းကပ်ပြီး ကွေးအိပ်ရတာ သတိရမိတယ်။ ကိုယ်တို့အိမ်မှာက အနွေး‌စောင်တို့ ဂွမ်းစောင်တို့ များများမရှိဘူး၊ အမေ့လက်ဖြစ် အညာစောင်ကြမ်း ၅ စပ်စောင် ၃ ထည်လောက်ဖြန့်ထပ်ပြီး ညီအစ်ကိုတတွေကို ခြုံပေးတာ။ ဟိုဘက်ဆွဲလိုက် ဒီဘက်ဆွဲလိုက်နဲ့ ညီအစ် ကိုတတွေစောင်လုရတာလည်း အမော။ ကိုယ်ကတော့ အမေ့ဘေးနားကပ်အိပ်ရတာကို သဘောကျတယ်။ အမေ့ကိုယ်ငွေ့နွေးနွေးလေးက စောင်ခြုံတာထက်ပိုနွေးတယ်လို့ခံစားရတယ်။ ဒါပေမဲ့ အငယ်တွေရှိတော့ ကြာကြာကပ်ချင်ပေမဲ့ ကပ်လို့မရပါဘူး အငယ်တွေကိုပဲ ဦးစားပေးရတာများတယ်။ မနက်ဆိုလည်း မိုးလင်အောင် မအိပ်နိုင်ဘူး။ အိပ်ရာထပြီးတာနဲ့ မီးဖိုဘေးရောက်ပြီ။ မနက်ပိုင်းဆိုရင်တော့ ကိုယ့်အိမ်က မီးဖိုမှာပဲ အနွေးဓာတ်ရအောင် မီးလှုံ ထမင်းကြမ်းစားပြီး လုပ်ငန်းခွင် သွားဖို့ပြင်ဆင်ရတာ။ ဆောင်းတွင်းဆိုငရုတ်သီးဆွတ်၊ ပဲကြီးကောက်၊ နွားစာရိတ် ကုလားပဲပေါင်းနှုတ် စတဲ့အလုပ်တွေပေါ့။ ကိုယ်တွေကတော့ လေတန်းအောင်ပြီး ကျောင်းဆက်တက်တော့ ဆောင်းတွင်းနံနက်အစောဆို ကျောင်းတက်ဖို့သွားရတာ။ ကျောင်းက ရွာနဲ့ဝေးတဲ့ တခြားရွာမှာ သွားတက်ရတာဆိုတော့ ကျောင်းချိန်အမီသွားရတာ မီးလှုံဖို့အချိန်မရဘူး၊ တခါတလေ အရမ်းအေးလွန်းရင် လမ်းမှာ သစ်ကိုင်းခြောက်တွေ စုပုံမီးရှို့ပြီး အချမ်းပြေအောင် မီးလှုံရတဲ့အခါရှိရဲ့။ အနွေးထည်လည်း ဝယ်မဝတ်နိုင်တော့ ရွာအပြင်ရောက်တာနဲ့ ခါးကပုဆိုးကိုခြုံပြီးသွားတာပဲ။ နေထွက်ပြီး ကျောင်းရောက်ခါနီး လူမြင်ကွင်းမှ ပုဆိုးကို ပုံမှန်အတိုင်းပြန်ဝတ်တာ။

အညာဆောင်းတွင်မှာ မီးဖိုပြီးရင် နောက်ထပ်လွမ်းစရာတခုက တလင်းဝင်စအချိန် ပေါ်ဦး ပေါ် ဖျား ကောက်ညှင်းပေါင်းစားရတဲ့ အရသာကိုပေါ့။ ကိုယ်တွေမှာက လယ်ရယ်လို့ များများမရှိတော့ စပါးပေါ် ချိန်ဆို ဆွေမျိုးတွေ အရီးလေးတွေ ဦးကြီးတွေအိမ်က ပေါင်းလို့ ပေးတဲ့ ကောက်ညှင်းပေါင်းကိုသာ ညီအစ်ကိုတတွေ ဝေမျှစားရတာ။ ကိုယ့်လယ်ထွက် ကောက်ညှင်းဆန်ကို ပဲငရှန်စေ့ နိုင်နိုင်နဲ့ပေါင်းပြီး နှမ်းဆီမွှေးမွှေးနဲ့ စားရတဲ့ အရသာက ဘာနဲ့မှ လဲလို မရနိုင်ဘူး။ နည်းနည်းသိတတ်တဲ့အရွယ်ရောက်တော့ ဘုန်းကြီးကျောင်းသားလုပ်ရလို့ တလင်းတွင်းဝင်ချိန်ဆို ကိုယ်တွေက ရွာထဲကလာပို့သမျှ ကောက်ညှင်းပေါင်းကို ဦးဦးဖျားဖျား ဘုရားဆွမ်းကပ်၊ ဘုန်းကြီးကို ကပ်ပြီးတာနဲ့ အဝစားရတာ။ ဘုန်းကြီးကျောင်းသားဘဝမှာတော့ ရွာထဲကပို့သမျှ ဘုရားနဲ့ ဘုန်းကြီးပြီးရင် ကိုယ်ပဲ စားရတာများတယ်။ ကျောင်းသားလည်း များများမရှိတော့ လာပို့သမျှ ကုန်အောင်မစားနိုင်ဘူး။ အညာမှာ ဆောင်းဝင်ပြီဆိုတိုင်း ကိုယ်ကတော့ ငယ်ငယ်တုန်းက ကိုယ်ကြုံခဲ့ရသလိုမျိုးပဲ စိတ်ထဲမှာ အောက်မေ့နေတာမို့ အမေ့ကိုလည်း မေးဖြစ်တာ။ ဟုတ်တော့ လည်းဟုတ်ပါတယ်။ ကိုယ်တောင် အသက်က လေးထိပ်ပြောင်းနေပြီဆိုတော့ ရွာမှာ ကိုယ်အလယ်တန်းကျောင်းသားဘဝက အခြေအနေမျိုးတွေအတိုင်း မရှိနိုင်တော့ဘူးလေ။ နည်းပညာတိုးတက်တဲ့ခေတ်မှာ သဘာဝထင်းမီးဖိုကပေးတဲ့ အပူဓာတ်ကို တန်ဖိုးမထားတတ်ကြတော့ဘူး။ နိုင်ငံခြားဖြစ် အမွေးပွစောင်တွေနဲ့ အမွေးပွအနွေးထည်တွေနဲ့ အညာဆောင်းကို ခေတ်မီမီ အံတုနေကြပြီပေါ့။ လူထုအစိုးရခေတ်မှာ လျှပ်စစ်မီးပါချိတ်ပေးနိုင်ခဲ့လို့ ထမင်းဟင်းတောင် အိုးမည်းပေမခံ ကြတော့ဘူး လူလေးရေတဲ့။ အင်းပေါ့ လေ ကိုယ်တောင် ရွာနဲ့ဝေးနေတာ နှစ်ပေါင်း ၂၀ ကျော်လာပြီပဲ။ အရာရာတိုင်းဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာမို့ အထူးအဆန်းတော့လည်းမဟုတ်ပါဘူးလေ။ ကိုယ့်စိတ်ထဲမှာတော့ ငယ်ငယ်က ကိုယ်တိုင်ကြုံခဲ့ ထိတွေ့ခံစားခဲ့ရတဲ့ အညာဆောင်းနဲ့ တောဓလေ့ အငွေ့အသက်တွေအပေါ်  မေ့ပျောက်လို့ မရနိုင်ပါဘူး။ ခေတ်ကောင်း စနစ်ကောင်းနဲ့ လူသားဆန်တဲ့ လူတွေ ပြန်လည်ဦးဆောင်တဲ့အခါ ရပ်နားထားတဲ့ ကိုယ့်တာဝန်ကို ပြန်လည်ထမ်းဆောင်ရင်း အညာဆောင်းရဲ့အအေးဓာတ်ကို အရီးလေးတို့အိမ်တလင်းက မီးဖိုဘေးမှာထိုင်ပြီး ခံစားချင်မိပါသေးတယ်။


                                                                                   အမေနဲ့ အညာဆောင်းမီးဖိုကိုလွမ်းဆွတ် သတိရရင်း

                                                                                                                        ရွှေညာသား 

                                                                                                ၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၂ ) ရက်

                                                                                                ၁၅-၁-၂၀၂၅

Wednesday, July 17, 2024

အညာသားနဲ့မှို

မရောက်တာကြာတဲ့ ဘလော့အိမ်လေးဆီကို ပြန်ရောက်ဖြစ်လို့ မိုးရာသီအမှတ်တရပို့စ်လေးတင်လိုက်ပါတယ်။ မိုးရာသီ ရောက်ပြီဆိုတော့ အညာမှာ သဘာဝမှိုတွေပေါက်ဖို့ လည်း တာစူနေလောက်ပြီ။ မိုးကောင်းတဲ့နှစ်ဆို ဝါဆိုလမှာ တောင်ရိုးမှို တောင်ပို့မှိုနဲ့ ငှက်ဆွတ်မှိုတွေပေါက်ကြတယ်။ ကျနော်ကတော့ အညာကိုပြန်မရောက်တာကြာပါပြီ။ ဆယ်တန်းအောင်ပြီးကတည်းက အညာနဲ့ဝေးခဲ့တာပါ။ ငယ်ငယ်ကတည်းက အညာမှာပဲကြီးပြင်းခဲ့ရသူမို့ အညာဓလေ့ စရိုက်လေးတွေက‌တော့ ခုချိန်အထိ ရင်ထဲမှာရှိနေဆဲပါ။ ဘယ်တော့မှလည်းမေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ဘယ်နိုင်ငံပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် အညာသားလို့ပဲခံယူထားတယ်။ လက်ရှိရောက်နေတဲ့ နေရာကလည်း မြန်မာနဲ့ရေမြေဆက်နေတယ်လို့ပဲပြောလို့ရတယ်။ ‌ကျောင်းဝန်းကြီးက ကျယ်ဝန်းပြီး သစ်ပင် သစ်တောတွေကလည်း ပေါတော့ မိုးရာသီဆိုရင် အသီးအရွက်တွေလည်း ပေါတယ်။ ကျနော်က‌တော့ အစားအစာချက်ပြုတ်ရတာကို ဝါသနာပါလို့ ကျောင်းဝန်းထဲမှာ အလေ့ကျပေါက်တဲ့အပင်တွေ စားလို့ရတဲ့ အသီးအရွက်တွေဆိုရင် ခူးပြီးချက်စားတယ်။ မိုးရာသီးဆိုရင် မှိုတွေပေါက်တော့ စားကောင်းတဲ့မှိုဆိုရင် နှုတ်ပြီးတော့ ချက်စားတယ်။ ဒီပုံထဲကမှိုတွေက အညာမှာတော့ ငှက်ဆွတ်မှို (ငှက်ခြွေစားမှို) လို့ခေါ်ကြတယ်။ မနှစ်တုန်းက ကျောင်းထဲမှာတွေ့တုန်းက နှုတ်ပြီးပုံရိုက်ထားတာ။ 
အဲဒီမှိုတွေ တွေ့တဲ့နေ့က ထူးဆန်းတယ်ပြောရမလား တိုက်ဆိုင်တယ်ပြောရမလားမသိဘူး။ ကျနော် ကျောင်းသွားနေကျလမ်း ကျောင်းဝန်းတနေရာ အဆောင်တွေနောက်မှာ သစ်တောအုပ်လေးရှိတယ်။ အဲဒီသစ်တော လေးထဲက လျှောက်လမ်းလေးအတိုင်း နေ့စဉ်ဖြတ်လျှောက်ပြီး ဌာနကိုသွားနေကျပေါ့။ အဲဒီနေ့ မနက်ပိုင်း ကျောင်းကိုလာ‌ သစ်တောအုပ်လေးဖြတ်တော့ အပင်တွေအောက်ခဏလှည့်ကြည့်ရင်း ဒီလိုမြေမျိုးတွေက တို့အညာမှာဆို ငှက်ဆွတ်မှိုတွေ ပေါက်တတ်တာလို့ စိတ်ထဲက ခဏတွေးမိလိုက်တယ်။ အဲလိုတွေးပြီး ဌာနကိုသွား လုပ်စရာရှိတာလုပ်ပြီး ညနေပိုင်းမှာ ကျောင်းထဲမှာ တရက်ခြားဖွင့်တဲ့ ညနေခင်း ဟင်းချက်စရာနဲ့ အစားအစာရောင်းတဲ့ ညနေခင်းဈေးလေးကို ခဏသွားတယ်။ အဲဒီဈေးသွားတဲ့လမ်းကလည်း မနက်တုန်းက ဖြတ်လာတဲ့ တောအုပ်လေးဘေးကပဲ သွားရတာမို့ လမ်းလျှောက်ရင်း မနက်က ကိုယ်တွေးမိတဲ့ မှိုအကြောင်း သတိရပြီး တောအုပ်လေးထဲကိုကြည့်လိုက်တာ ငှက်ဆွတ်မှိုတွေပေါက်နေတာမှ အများကြီးပဲ။ အဲဒါနဲ့ ဈေးကိုမသွားသေးဘဲ မှိုတွေနှုတ်နေတာ ပါလာတဲ့ လက်ဆွဲအိတ်နဲ့အပြည့်ပဲ။ လွန်ခဲ့တဲ့ ၂ ရက်ခန့်က ပေါက်နေတာဖြစ်မယ်။ တချို့မှိုတွေကတော့ ပိုစားနေပြီ။ အားလုံးနှုတ်လိုက်တာ ၂ ကီလိုလောက်ရှိတယ်။ မှိုနှုတ်ပြီးမှ ဈေးကိုသွား ဈေးမှာဟင်းချက်စရာဝယ်ရင်း မှိုနဲ့ချက်ဖို့ ဗမာပင်စိမ်းရွက်နဲ့ ငရုတ်သီးစိမ်းပါ တခါတည်းဝယ်ခဲ့တယ်။
ဌာနကိုပြန်ရောက်တော့ မှိုတွေကိုပြတာ သူတို့လည်းဝမ်းသာနေကြတယ်။ စားလို့ရတယ် ယူကြအုံးမလားဆိုတော့ မယူတော့ဘူးတဲ့။ ကိုယ်တယောက်တည်းအဝကို ချက်စားပစ်လိုက်တယ်။ 
နောက်တခု ထူးဆန်းတာက အဆောင်ကို မှိုထည့်ယူဖို့ ဌာနမှာ ပလပ်စတစ်အိတ်ရှာတော့ သူတို့တွေ ဆိုင်က ထမင်းပါဆယ်မှာစားတဲ့အခါ ထမင်းဗူးစုထည့်တဲ့ အိတ်တလုံးတွေ့တယ်။ ကြွတ်ကြွတ်အိတ်ဆိုဒ်ကြီးပါပဲ အဲဒီအိတ်ပေါ်မှာ ရေထားတာက ၂၄၆ တဲ့။ ဘာကိုရေးတာလဲတော့ ကိုယ်လည်းသေချာမသိဘူး။ အဲဒီမှာ သတိရပြီး ငါမှိုတွေ တွေ့က အတိတ်ကောင်းတယ် ဒီဂဏန်းနဲ့ ထီထိုးအုံးမှပဲဆိုပြီး နောက်ရက် ထီဆိုင်ရောက်တော့ အဲဒီ ဂဏန်း ၃ လုံးပါတဲ့ ထီလက်မှတ် ၂ စောင်ဝယ်ခဲ့လိုက်တယ်။ အဲဒီလ ထိုင်းထီထွက်တော့ နောက် ၂ လုံးတူဆုမှာ ကိုယ်ဝယ်တဲ့ လက်မှတ်က နံပတ် ၄၆ ဖြစ်နေတယ်။ ၂ လုံးတူရင် ဘတ် ၂ ထောင်ဆိုတော့ လက်မှတ် ၂ စောင်မို့ ဘတ် ၄၀၀၀ ရလိုက်သေးတယ်။ မှိုတွေ့ရင် ကံကောင်းတယ်လို့ အယူအဆရှိကြတာမို့ အမှတ်တရပါပဲ။ ဌာနမှာ အဲဒီဂဏန်း ရာဇဝင်ကို ပြန်ပြောပြတော့ သူတို့ကလည်း ယုံတောင်မယုံကြဘူး။ အိတ်ကိုရိုက်ထားတဲ့ ဓာတ်ပုံပါ ပြမှ အံ့ဩနေကြတယ်။ ကိုယ့်ဆရာမကလည်း မင်းက ကံအရမ်းကောင်းတာတဲ့။ ထီ ၂ လုံးတူကလည်း ခဏခဏ ပေါက်လို့ ဌာနက ထိုင်းတွေအားလုံးက ကိုယ့်ကို ထီကံကောင်းသူဆိုပြီး အမြဲတမ်းပြောကြတယ်။ ထီထွက်တဲ့နေ့ဆို သူတို့မျက်လုံးတွေက ကိုယ့်ဆီမှာပဲ။ သူတို့ဆို ထိုးတာကြာပြီ တခါမှ မပေါက်ဖူးသေးဘူးတဲ့။ ကိုယ်က ၂ လုံး ဘတ် ၂၀၀၀ မကြာခဏပေါက်တော့ သူတို့က ဂဏန်းဘယ်ကရလဲမေးကြတယ်။ တွက်ပြီးထိုးတာလားလို့လည်းမေးကြတယ်။ မဟုတ်ဘူးလို့ ငါက ထီဆိုင်ရောက်မှ ငါ့စိတ်က ဆန္ဒရှိတဲ့လက်မှတ်ကိုပဲ ရွေးတာလို့ပြောလိုက်တယ်။ တကယ်လည်း မတွက်တတ်ပါဘူး။ တခုတော့ရှိတယ် ထီထိုးသွားရင်း ပတ်ဝန်းကျင်ကိုတော့ ဂရုစိုက်တယ်။ နံပတ်လေးတွေ အမှတ်မထင် မြင်တာမျိုးဆို အဲဒီဂဏန်ပါတဲ့ ထီလက်မှတ်ကို ရွေးတယ်။ အတိတ်ကောက်တယ်ဆိုရမလားမသိဘူး။ ဘယ်နှစ်ကြိမ်မြောက်လဲတော့ မမှတ်မိတော့ဘူး တခါပေါက်တုန်းကလည်း ထီထွက်မည့်နေ့ မတိုင်ခင်တရက် ညနေပိုင်း ထီသွားထိုးတော့ လမ်းသွားရင်းနဲ့ စာရွက်အပိုင်းလေးတခု ရုတ်တရက်ကြည့်လိုက်တော့ ၆၈ ဆိုတဲ့ ဂဏန်းလေး ၂ လုံးရေးထားတာတွေ့တယ်။ ဘဏ်တို့ ဆေးရုံတို့မှာ တန်းစီဖို့ ယူရတဲ့ ဖြတ်ပိုင်းလေးလို့ထင်တာပါပဲ။ ကိုယ်လမ်းသွားရင်း တွေ့လိုက်တာနဲ့ ထီဆိုင်ရောက်တော့ အဲဒီဂဏန် ၂ လုံးနဲ့ ဆုံးတဲ့ ထီလက်မှတ်ယူခဲ့လိုက်တယ်။ နောက်နေ့ထီထွက်တော့ နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆုက ကိုယ့်လက်မှတ်ရဲ့ နောက်ဆုံး ၂ လုံးဖြစ်နေတယ်။ ဘုရားတရားလုပ်လို့ပဲလားတော့ မသိဘူး နောက်ဆုံး ၂ လုံးတူ ဘတ် ၂၀၀၀ ဆုက မကြာခဏပေါက်တယ်။ နောက်ပိုင်းတော့ သူတို့က ဂဏန်းဘယ်ကရလဲမေးရင် ငါ ‌တနေ့ကို ဘုရား ၂ ကြိမ် ရှိခိုးတယ်လို့ဖြေလိုက်တယ်။ နောက် ၃ လုံးတူ ဘတ် ၄၀၀၀ ဆုလည်း တခါ ပေါက်ဖူးတယ်။



သဘာဝစစ်စစ် ငှက်ဆွတ်မှို 

အညာသားလက်ရာ မှိုပင်စိမ်းဟင်း

မြန်မာပြည်သားအားလုံး အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။ ၇ ရက်သားသမီးအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 
ရွှေညာသား

၁၃၈၆ ခုနှစ် ဝါဆိုလဆန်း (၁၂) ရက်

၁၇ ဇူလိုင်လ ၂၀၂၄ 


Saturday, January 23, 2021

အညာသားလက်ရာ ပဲပြုတ်နဲ့ ဟင်းစုံ

ကိုဗစ်ကာလ အညာသားကိုယ်တိုင် ချက်စားဖြစ်သမျှဟင်းတွေထဲက မှတ်တမ်းတင်ထားမိတဲ့ ဟင်းခွက်လေးတွေပါ...။


ပဲပြုတ်



ပဲပြုတ်ဆီဆမ်းနဲ့ငါး‌ခြောက်ကြေ်

ပဲပြုတ်ထမင်းကြေ်
မြင်ခွာရွက်သုပ်

ပဲသီးသုပ်

 အမေ့လက်ရာသတိရလို့ချက်စားဖြစ်တဲ့ ငါးပိချက်

ပေါက်ပန်းဖြူရွက်ပြုတ်နဲ့တို့စရာအစုံ
ငါးပိချက်နဲ့တို့စရာအစုံ
သခွားသီးသုပ်

ကြက်သားနဲ့ရွှေဖရုံသီး


ပဲကြာဇံ
ပိန္နဲသီးနဲ့ဆူးပုတ်ရွက်

ဒီဟင်းခွက်တွေကတော့ ကိုဗစ်ကာလမှာ စတေးအက်အဆောင် မဟုတ်ဘဲ ပုံမှန်ကျောင်းသွား အလုပ်လုပ်ပြီး
ကျောင်းထဲကညနေခင်းဈေးမှာ ကိုဗစ်စည်းကမ်းနဲ့အညီစျေးဝယ်ပြီးချက်စားဖြစ်တဲ့ ဟင်းလေးတွေပါ။
လာရောက်လည်ပတ်ကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်။ ကိုဗစ်ရောဂါဘေးမှလည်းကင်းဝေးကြပါစေ။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၂ ခုနှစ် ပြာသိုလ် လဆန်း (၁၁) ရက်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်
စနေနေ့။

Saturday, December 19, 2020

ဆီးဖြူသီးသနပ်

 အခုရက်ပိုင်း မိုးမရွာတဲ့ညနေခင်းတွေမှာ ကျောင်းထဲကကန်ကိုပတ်ပြီးလမ်းလျှောက်ဖြစ်တယ်။ ညနေ ၇ နာရီလောက်အထိ ပြေးသူ လမ်းလျှောက်သူတွေများတာကြောင့် ကျောင်းက ၇ နာရီလောက်မှပြန်ပြီးလူနည်းတဲ့အချိန်မှကန်ကို သုံးပတ်ရောက်အောင်လမ်းလျှောက်တယ်။ ကျနော်ကခြေလှမ်းမြန်သူမို့ တပတ်ကို ၁၃ မိနစ်ပဲကြာတယ်။ ပြေးမယ်ဆိုရင်တော့ အချိန်တိုတာပေါ့ ဒါပေမဲ့ နှလုံးက သိပ်ပြီး အမောခံလို့မရတာကြောင့် ဖြေးဖြေးမှန်မှန်ပဲလမ်းလျှောက်ဖြစ်တယ်။ ထိန်းသိမ်းမှု့ကောင်းတော့ကန်ရေပြင်က အမြဲတမ်းကြည်လင်နေပြီး ကန်ပတ်လမ်း တစ်လျှောက်မှာ သစ်ပင်တွေလည်း စုံနေအောင်စိုက်ထားတယ်။ လမ်းလျှောက်ရင်းတခါတခါ ပန်းရနံ့ရလို့သထိထားကြည့်တော့ ကန်ပတ်လမ်းအ‌ပေါ်ဘက်မှာ စကားဖြူပင်တွေတန်းစီပြီးစိုက်ထားတာ အများကြီးပဲ။ အဲ့ဒီစကားဖြူပန်းတွေပွင့်ချိန်ဆို ကန်ပတ်လမ်းတစ်လျှောက်မွှေးကြိုင်နေတာပါပဲ။ နံနက်အစောနဲ့ညနေခင်းလမ်းလျှောက်ရင်း လေကောင်းလေသန့်နဲ့အတူပန်းရနံ့ကိုပါတဝကြီးရှုရှိုက်နိုင်တယ်။

နောက်တခု ကန်ဘောင်နဲ့အနီးဆုံးမှာကတော့ဆီးဖြူပင်နဲ့တခြားအရိပ်ရသစ်ပင်တွေတန်းစီပြီးစိုက်ထားတယ်။ ဆီးဖြူသီး သီးတဲ့အချိန်ဆို အသီးတွေကအပင်အောက်ကြွေကျနေတာ ကောက်သူသိပ်မရှိဘူး။ တချို့လည်း နည်းနည်းပါးပါးကောက်ကြတယ်။ အပင်တွေကမြင့်တာမို့တက်ခူးဖို့လည်းမလွယ်ပါဘူး။ လေတိုက်လို့ကြွေကျတာကိုပဲ ကောက်နိုင်တာ။ အဲ့ဒါကြောင့် ကန်ဘေး လမ်းလျှောက်ရင်း ဆီးဖြူသီးအကြွေကောက်ပြီး ဆီးဖြူသီးသနပ်လုပ်ထားတာ မျှဝေလိုက်ပါတယ်ဗျ။

သနပ်ပြုလုပ်နည်းကလည်းအလွန်လွယ်ပါတယ်။ ဆီးဖြူသီးကိုကျက်အောင်ပြုတ်ပြီးအအေးခံထားပါတယ်။ အေးသွားတဲ့အခါအစေ့ကိုဖယ်ပြီးဆားအရသာမှုန့်ထည့်ပြီးငရုတ်ဆုံနဲ့ညက်အောင်ထောင်းပါတယ်။ အဲ့ဒီနောက် ကြက်သွန်ဖြူဆီချက်ချက် အေးသွားတဲ့အခါ ထောင်းထားတဲ့ဆီးဖြူသီးကို ကုလားလေးမဆလာထည့် ဆီချက်နဲ့ရောမွှေပြီး ဗူးထဲကိုထည့်လေလုံအောင်ပိတ်ထားပါတယ်။ ၂ ညလောက်ထားပြီးရင် ဆီးဖြူသီးသနပ်စားလို့ရပါပြီ။ ကျနော်ကတော့ ကျောင်းကို ထမင်းချိုင့်ယူသွားတာမို့ ဟင်းတစ်ခွက်အလွယ်ရပါတယ်။


အော်ဂဲနစ်ဆီးဖြူသီး


ဆီးဖြူသီးသနပ် အားလုံးပြင်ဆင်ပြီး ပုံ


မဆလာနံ့သင်းသင်းနဲ့ထမင်းမြိန်စေတဲ့ ဆီးဖြူသီးသနပ်ပါခင်ဗျ

ဆီးဖြူသီးသနပ်ကို ပဲဟင်းချို၊ ဘူးသီးဟင်းခါး၊ ငါး‌ပိကောင်ကြော်၊ ငါးခြောက်မီးဖုတ်တို့နဲ့တွဲပြီးစားလို့ အလွန်လိုက်ဖက်ပါတယ်။ အဖန်အရသာကထမင်းမြိန်စေပြီး ခံတွင်းလည်းလိုက်စေပါတယ်။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးလိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျ။ လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်

ရွှေညာသား

၁၃၈၂ ခုနှစ် နတ်တော်လဆန်း (၅) ရက်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၉) ရက်