Pages

Friday, September 8, 2017

ဖက်သီး နဲ့ ငါးခြောက်ဟင်း

ဖက်ပွင့်ဖက်သီးတွေပေါ်ချိန်တုန်းက ချက်စားဖြစ်တဲ့ဟင်းတခွက်ပါ။ ဖက်ပွင့်ဖက်သီးလို့ကျနော်တို့ဆီမှာခေါ်တဲ့
နာမည်အတိုင်းပဲမှတ်ထားတာ။တခြားအခေါ်အဝေါ်လည်းရှိမှာပါ။ချက်ဖို့ပြင်ဆင်ရတာတော့နည်းနည်းလက်ဝင်
ပါတယ်။အမွှေးတွေပါတဲ့ဖက်သီးကိုလက်တဆစ်အရွယ်အပိုင်းလေးတွေပိုင်းပြီးအထဲကအူကိုစိတ်ရှည်လက်ရှည်
ထုတ်ပြီးချက်ထားတာ။အပေါ်ကအမွှေးတွေကိုခွာလို့ရပေမဲ့တော်တော်မလွယ်တဲ့အလုပ်မို့အူကိုပဲထုတ်ပြီး
ချက်ထားပါတယ်။

အရင်ဆုံးခရမ်းချဉ်သီးသုံးလုံးကြက်သွန်နီဖြူနဲ့အဆာပလာထည့်ပြီးအနှစ်ရတော့အူထုတ်ထားတဲ့ဖက်သီးကိုရေဆေး
ထည့်တယ်အဲ့ဒီနောက်ငါးရံ့ခြောက်အနေတော်တုံးရေဆေးပြီးထည့်ရေအနည်းငယ်ရောပြီးဟင်းအိုးဖုံးအုပ်ထားလိုက်
ပါတယ်။ဆယ်မိနစ်ခန့်ကြာတော့ငါးခြောက်နူးမနူးကြည့်ပြီးငရုတ်သီးအလုံးကွဲထောင်းထားတာရယ် နံနံပင်
သို့မဟုတ် ပင်စိမ်းရွက်လေးပါးပါးအုပ်ပြီးထမင်းပူပူနဲ့ရေနွေးလေးတွဲ၍သုံးဆောင်နိုင်ပါတယ်။ ဖက်သီးကအနည်းငယ်ခါးတဲ့အရသာလေးရှိလို့ ငါးခြောက်အငံဓာတ်လေး
နဲ့ထိမ်းပြီးစားလို့အင်မတန်ထမင်းမြိန်ပါတယ်။

ဖက်သီးကအမြဲတမ်းမရနိုင်ပါဘူး သူပေါ်တဲ့အချိန်မှသာရနိုင်တဲ့ဟင်းစားတမျိုးဖြစ်ပါတယ်။ဖက်ပွင့်ကိုလည်းဒီနည်းအတိုင်း
ငါးခြောက်သို့မဟုတ် ပုစွန်ခြောက်နဲ့ချက်စားနိုင်ပါတယ်။ဖက်ပွင့်ကိုတော့အခြောက်လှန်းပြီးသိမ်းထားလို့အဆင်ပြေတယ်။
နောက်တခါမှပဲဖက်ပွင့်ကြော်ထားတာလေးထပ်တင်ပေးအုံးမယ်ဗျာ။ထိုင်းကိုရောက်တော့ထမင်းအိုးဟင်းအိုးနဲ့ဝေးနေပြီ။
ချက်စားချင်သော်လည်းကျောင်းတွင်းဆောင်မှာနေရတာရယ်အခန်းဖော်ကိုအားနာတာရယ်ကြောင့်ကျောင်းကရောင်းတဲ့ ဆိုင်တွေမှာလည်း တနေ့တမျိုးမရိုးရအောင်ဝယ်စားလိုက်တော့တယ်။ချက်ပြုတ်ချိန်ကစာကြည့်ဖို့အတွက်ပိုလာတာပေါ့ဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား

Friday, September 1, 2017

ရွာအပြန် တောလည်တခေါက်

ကျောင်းပိတ်ရက်ရွာပြန်တုန်း မရောက်တာကြာတဲ့ တောင်ရိုးပေါ်ကို ရွှေကူသန် (လောက်သေရွက်)ခူးရင်း မှိုရှာရင်း
တောင်ရိုးပေါ်ရောက်ခဲ့တယ်။ ကိုယ်ရွာပြန်တဲ့အချိန်ကမှို တုန်းတဲ့အချိန်မို့ မျိုးစုံအောင်မရတော့ဘူး။ လောက်သေရွက်
ခူးရင်း မရမက မှိုရှာတာ အဖော်လိုက်ပေးတဲ့အစ်မက တောကျွမ်းတော့ မှိုတခါချက်လောက်ရသေးတယ်။
လောက်သေရွက်ကတော့အများကြီးပဲ တောထူလို့ ခြင်တွေကိုက်တာနဲ့ မြန်မြန်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့
ညနေစာအတွက် လေးလေးက မှို ကို ပင်စိမ်းအုပ်ပြီးငရုတ်သီးစပ်ကြော်ပေးတယ်။ မစားရတာကြာတော့စားလို့ကောင်း
တာထမင်းကိုထည့်လို့မနိုင်ဘူး။

 ရွာအနောက်ဘက်က ပြန်ဆည်ထားတဲ့ ကန် နဲ့ တိမ်ဖုံးနေတဲ့ ပုပ္ပားတောင်

 မှို ရှာရင်း ဓာတ်ပုံရိုက်
 အဲ့ဒီကျောက်တုံးတွေကြားထဲ တောင်ခြေကနေပြီး တက်လာတာ မှို လိုချင်တဲ့ ဇောနဲ့ မောလို့ မောမှန်းမသိဘူး
 အခုလို မှို လေးတွေ့တော့ အမောပြေရော :) အနီရောင်ကို မယ်သီလ မှို လို့ ခေါ်တယ်
 မှို အ၀ါကိုတော့ ကိုရင် မှို တဲ့ သူက စားလို့ ပိုပြီး ချို တယ် ည တုန်းကမှပေါက်တာဆိုတော့ လတ်ဆတ်နေတာပဲ
 ဟော့ဒီမှာ နောက်တပွင့် ကျနော်က မှို နီလေးတွေပဲတွေ့တယ်
 ရွှေကူသန်ရွက် ခေါ် လောက်သေရွက် လဘက်ခြောက်လုပ်သောက်တာ ဌာနရောက်တော့ 
ကျန်းမာရေးမကောင်းတဲ့ ဆရာဆရာမတွေကို ပေးသောက်လိုက်တယ် :)tr
မောင်နှမ နှစ်ယောက်ခူးတာ အရွက်တွေအများကြီးရခဲ့တယ် အိမ်ရောက်တော့ အဖွားက အရွက်ခြွေတာ ခွဲ တောင်း တလုံး
အပြည့် ဓာတုဗေဒသမားဆိုတော့ နေပူမလှန်းဘဲ အရိပ်ထဲမှာပဲအခြောက်ခံပြီး ကျောင်းကိုသယ်ခဲ့တယ်။

ကျနော်ဘလော့ခ် ပြန်ရေးလို့အဆင်ပြေပြီမို့ ပို့စ်အသစ်လေးတွေမကြာမကြာပြန်တင်နိုင်တော့မယ်ဗျ။ချစ်စွာသောညီအစ်ကို
မောင်နှမတွေကိုမျှဝေစရာတွေအများကြီးပဲ။ အားလုံးကိုယ်စိတ်နှ်စ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Monday, August 21, 2017

တတိယ​အကြိမ် ပြည်ပခရီး

ပျော်ရမှာ မနေရ တော်ရာမှာနေရ ဆိုတဲ့စကားက ကျနော့်အတွက်အမှန်ပဲဖြစ်နေသလားမပြောတတ်ပါဘူး။
တကယ်ဆိုအမေ့အိမ်မှာအတူတူနေချင်တာ၊ဆယ်တန်းအောင်ပြီးကတည်းက ပညာရေးကြောင့်အိမ်နဲ့ခွဲပြီး
မြို့ပေါ်ရောက်လာတာ။အဲ့ဒီပညာရေးကြောင့်ပဲမြို့ကနေတဆင့်တိုင်းတပါးကိုထပ်ရောက်ခဲ့ပြန်တာအခုတကြိမ်ဆို
တတိယအကြိမ်ရောက်လာခဲ့ပြီ။တကယ်တော့ပညာတော်သင်ဆုရဖို့ဆိုတာဝန်ထမ်းလောကမှာတော်တော်မလွယ်
လှပါဘူး။အခုနောက်ပိုင်းကိုယ်တိုင်ချိတ်ဆက်လို့ရရင်သွားခွင့်ပြုလို့အရင်ကထက်အခွင့်အလမ်းပိုများလာပေမဲ့
သွားတဲ့သူသိပ်မရှိသလောက်ပါပဲ။

အစိုးရချင်းချိတ်ဆက်ပြီးခေါ်တဲ့ပညာသင်ဆုအများစုကလည်းကိုယ်တွေဆီရောက်တဲ့အချိန်ဆိုသတ်မှတ်ရက်ကပ်
နေမှဘာမှပြင်ဆင်ချိန်မရတော့မှရောက်လာတာများတယ်။တကယ်ရောက်လာတော့လည်းကိုယ်စိတ်ဝင်စားတဲ့
ဘာသာရပ်နယ်ပယ်ဖြစ်နေတော့ရလိုရငြားဝင်ဖြေမိတယ်။ကံကောင်းတယ်ပဲဆိုရမလားမသိဘူးအစမ်းဝင်ဖြေရင်း
ပါပါသွားတာ။အခုတစ်ခေါက်လည်းပညာသင်ခေါ်လို့ဝင်ဖြေလိုက်တယ်ရေးဖြေနှုတ်ဖြေကနေတဆင့်ပြီးတဆင့်
စစ်ထုတ်လိုက်တာအင်္ဂလိပ်စာစစ်တဲ့အချိန်မှာတချို့ပြုတ်၊အင်တာဗျူးမှာပြုတ်နဲ့ကိုယ်အလှည့်ဘယ်တော့များရောက်
လာမလဲစိတ်ပူရင်းမျှော်ရတာတော်တော်မောတာပဲ။လူနှစ်ဆယ်ကျော်လောက်ကနေစစ်ရင်းစစ်ရင်းနဲ့နောက်ဆုံး
ဆန်ကာတင် ၇ ယောက်စာရင်းမှာကိုယ့်နာမည်ပါလာတော့ဝမ်းသာရပြန်တယ်။

အိမ်ကအမေကတော့ဒုတိယတစ်ခေါက်ပြန်လာကတည်းကစိတ်ပူရလွန်းလို့နောက်ထပ်မသွားရတော့ဘူးဆိုပြီး
ပြောရှာတယ်။အင်းပါအမေရယ် အမေရိကန်တို့ အင်္ဂလန်တို့လိုနိုင်ငံမျိုးဆိုရင်တော့သွားချင်သေးလို့ရယ်စရာစရင်း
အခုရတဲ့အာဆီယံပညာသင်ဆုကိုတိတ်တိတ်ကလေးဝင်ဖြေတယ်။အဖေကတော့ပညာရေးကိုတီးမိခေါက်မိရှိတော့
ငယ်တုန်းသွားရတာသွားသာသွားပဲ။ဖြေတာကိုအဖေ့အသိပေးပြီးအမေ့ကိုစိတ်ဆင်းရဲမှာစိုးလို့မပြောခိုင်းဘူး။နောက်ဆုံး
တကယ်သွားရမယ်ဆိုတော့မှဖွင့်ပြောပြီးတော်တော်လေးကိုနှစ်သိမ့်ရတယ်။အမေရယ်မိန်းခလေးတွေတောင်သွားနေ
ကြတာကျနော့်ကိုဘာလို့စိတ်မချတာလဲမေးတော့စိတ်ပူရလွန်းလို့ကလွဲပြီးဘာမှမပြောဘူး။

ဒီလိုနဲ့အခက်အခဲပေါင်းများစွာကိုတဆင့်ချင်းသည်းခံကျော်ဖြတ်ပြီးတဲ့နောက်ထိုင်းနိုင်ငံ Prince of Songkla University
မှာသုံးနှစ်တာပညာသင်ယူခွင့်ရခဲ့တယ်။အများအမြင်တော့ဆရာတော်တော်ကံကောင်းတယ်ပေါ့။ကိုယ်တိုင်အမြင်မှာ
အတိတ်က၀ဋ်ကြွေးပြန်ဆပ်နေရတယ်ထင်တာပဲ။ဘယ်လိုများသူများမိသားစုကိုဝေးအောင်ခွဲခဲ့လည်းမသိဘူး အခုတော့
ကိုယ်တိုင်အိမ်နဲ့ခွဲလိုက်ခဏပြန်ဆုံလိုက်ခွဲလိုက်ဖြစ်နေတာ။ဆယ်တန်းအောင်ခါစကအရှေ့ဘက်ရွာကနတ်ကတော်
မကြည်ကြည်ပြောတဲ့ ငါ့မောင်ကပညာနဲ့ကမ္ဘာပတ်ရမယ်လက္ခဏာ ဆိုတဲ့စကားကိုသာပြန်ကြားယောင်ရင်း သူ့စကား
တွေမှန်များမှန်နေပြီလားပေါ့။

မတတ်နိုင်ဘူးလေ ကံတရားကရောက်လာအောင်ဖန်တီးပေးတော့လည်းရလာတဲ့အပေါ်မှာပျော်ရွှင်အောင်နေရင်း
သင်ယူရအုံးမှာပေါ့။

အားလုံးကိုလေးစားလျက်
အညာသား


Saturday, July 22, 2017

မရောက်တာကြာတဲ့ အိမ်သို့

အားလုံးမင်္ဂလာပါဗျာ
ရွှေညာသားလည်းအိမ်သော့ပိတ်ပြီး ပျောက်နေတာ တော်တော်ကြာသွားပြီ
မရောက်ဖြစ်ပေမဲ့ ညီအစ်ကိုမောင်နှမအားလုံးကို အမြဲသတိရလျက်ပါ
အဓိကမလာဖြစ်တာက ဆိုးရွားလှသော အင်တာနက် ကွန်နက်ရှင်ကြောင့်ပါ
မကြာခင်မှာ ကိုယ့်အိမ်ကိုပြန်လာနိုင်တော့မယ်ဗျ ပြန်လာဖို့နောက်ထပ် အခွင့်အရေးတခု
လက်ဝယ်ပိုင်ပိုင်ရတော့မယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့
ကျနော်ဆုတောင်းမေတ္တာပို့သပါတယ်။

အစဉ်လေးစားမှုဖြင့်
ရွှေညာသား

Sunday, January 8, 2017

၂၀၁၆ အဆုံးသတ် နဲ့ ကံကောင်းခြင်းအစ ၂၀၁၇


 အလောင်းတော်ကဿပ
၂၀၁၆ ခုနှစ်ကတော့ ကျနော်အတွက်အကောင်းထက် အဆိုးတွေပဲများခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ဘ၀မှာအခက်အခဲဆိုတာကိုအငယ်လေးကတည်းကရင်ဆိုင်ခဲ့ရတာမို့သိပ်ပြီးမထူးဆန်းပေမဲ့
တကယ်တမ်းကြုံလာတော့လည်းနည်းနည်းတော့တုန်လှုပ်မိပါတယ်။
တကယ်ကိုစိတ်ဖိစီးမှုအများဆုံးဖြစ်ခဲ့ရတဲ့အချိန်တွေပါပဲ။ပညာရေးအတွက်ရော၊
မိသားစုအတွက်ရောလုပ်ငန်းခွင်အတွက်ပါဘက်ပေါင်းစုံကဖိစီးမှုတွေနဲ့များခဲ့ပါတယ်။
ကြုံတွေ့လာတဲ့အခက်အခဲမှန်သမျှကိုကြံ့ကြံ့ခံပြီးရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်လည်း
ကိုယ့်ကိုကိုယ်အတိုင်းအတာတခုအထိကျေနပ်ခဲ့တယ်။

အလုပ်ထဲမှာတော့ကိုယ်ကသူများလမ်းကြောင်းကိုမလိုက်ချင်သူ၊ခေါင်းမာသူတစ်ယောက်အဖြစ်
အများကသတ်မှတ်နိုင်တဲ့အခြေအနေလေးတွေရှိခဲ့တယ်။ပညာရေးမှာလည်းရောက်တဲ့နေရာမှာပဲ
လုံးဝရပ်တန့်ဖြစ်ဖို့စိတ်ကူးမိတဲ့အထိအကြောင်းလေးတွေရှိခဲ့တယ်။
မိသားစုအတွက်ကတော့သိပ်ပြီးလေးလံတဲ့ဖိစီးမှုမျိုးမဟုတ်ပေမဲ့အိမ်နဲ့မိဘကိုသံယောဇဉ်ကြီးတတ်တဲ့
မိမိပင်ကိုယ်ဗီဇကြောင့်ပင်ပန်းတာမျိုးလောက်ပါပဲ။အဖေနဲ့အမေ့ရင်ခွင်ကိုပြန်ခိုလှုံရတော့အဲ့ဒီဖိစီးမှုတွေ
လျော့ပါးသွားတယ်။

လောကမှာ အမှောင်နဲ့အလင်းဟာအမြဲဒွန်တွဲနေတာမို့ အမှောင်ကထာဝရမရှိနိုင်သလိုအလင်းကလည်း
ထာဝရမလင်းနေနိုင်ပါဘူး။၂၀၁၆ မှာအမှောင်ကျခဲ့တဲ့ကျနော်ဘ၀၂၀၁၇ နှစ်ဆန်းဆန်းချင်းမှာပဲ အာရုဏ်ဦးအလင်းရောင်လေးနဲ့အစပြုခဲ့တယ်။ ၂၀၁၆ ဟာကျနော်အတွက်ညဖြစ်ခဲ့တယ်ဆိုရင် ၂၀၁၇ ကတော့ကျနော်အတွက်ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့သစ်တခုအဖြစ်
မျှော်လင့်မိပါတယ်။

၂၀၁၆ ဒီဇင်ဘာနောက်ဆုံးရက်မှာဌာနမှူးဦးဆောင်ပြီးမုံရွာဘက်ကိုဘုရားဖူးထွက်ဖြစ်တယ်။
ဌာနမိသားစုနဲ့ပြည်တွင်းမှာပထမဆုံးသွားဖူးတဲ့ခရီးပါ။ဘုရာဖူးမထွက်ခင်ကံစမ်းတဲ့အနေနဲ့ဆယ်စောင်တွဲ
ထီတစ်စောင်ထိုးခဲ့တယ်။ပေါက်ဖို့မပေါက်ဖို့ထက်မိမိရဲ့ကံအခြေအနေကိုသိချင်လို့ကံစမ်းခြင်းပါ။
မြတ်စွာဘုရားရဲ့တရားတော်တွေနာယူမှတ်သားပြီးနောက်မှာဘယ်ဟာပဲလုပ်လုပ်
လောဘစိတ်သိပ်ပြီးမထားတော့ပါဘူး။ဘယ်လောက်တော့ရပါရစေလို့လည်းဆုမတောင်းတော့ပါဘူး။
ဘုရားရှိခိုးပြီးရင်တောင်ဆုမတောင်းဖြစ်တာကြာပါပီ။ကိုယ်လုပ်တဲ့အလုပ်တခုအတွက်ထိုက်တန်တဲ့
အကျိုးတော့နည်းနည်းများများရမှာပဲလို့ယုံကြည်မိလို့ဆုမတောင်းဖြစ်တော့ဘူး။

ဘုရားဖူးပြန်ရောက်တာ ဇန်န၀ါရီ (၁)ရက်နေ့ညမှာပါ။ နောက်နေ့မနက်ရုံးတက်တော့ကျနော်ထိုးထားတဲ့
ထီလက်မှတ်ကနေတသိန်းဆုပေါက်တယ်လို့သတင်းကြားရပါတယ်။တသိန်းဆိုတာတကယ်တော့များတဲ့
ပမာဏမဟုတ်ပါဘူး။သို့သော်လည်းကိုယ့်ကံလေးအထိုက်အလျောက်နလံထူလာပြီဆိုတာသိလိုက်ရလို့
ဝမ်းသာမိတယ်။ထီဆိုင်က ၅၀၀၀ နှုတ်ယူထားလိုက်တယ်။ကျနော့်လက်ထဲ ၉၅၀၀၀ လာပေးတယ်။ထီရောင်းတဲ့
ဦးလေးကြီးကို ၅၀၀၀ ပြန်ကန်တော့လိုက်တယ်။ဌာနမှဆရာဆရာမအားလုံး ကိုကြက်သားပေါက်စီ တစ်လုံးစီကုသိုလ်ပြုလိုက်တယ်။ပိုက်ဆံကျနော်လက်ထဲကိုရောက်ပြီးပြီးချင်းကျနော်စိတ်မှာဖြစ်ပေါ်လာတဲ့
စေတနာကြောင့်ကုသိုလ်ပြုတာကိုချက်ချင်းလုပ်ဖြစ်သွားတယ်။

အဖေ့အတွက် မာဖလာ တစ်ထည်၊ အမေအတွက် ခြုံထည်အကြီး တစ်ထည်အမှတ်တရ၀ယ်ပေးဖြစ်တယ်။
အမေကဆောင်းတွင်းဆိုအအေးကြောက်တတ်လို့အနွေးထည်ဒါမှမဟုတ်ခြုံထည်နှစ်စဉ်ဝယ်ပေးနေကြမို့
ဒီနှစ်တော့ခြုံထည်ကောင်းတာလေးဝယ်ပေးရလို့စိတ်ထဲမှာကြည်နူးပီတိဖြစ်မိတယ်။အမေနဲ့ဖုန်းပြောတော့
ကိုယ်ပြုဖြစ်တဲ့ကုသိုလ်လေးတွေအကြောင်းပြန်ပြောရင်းနဲ့အမေရယ်ဒီထက်များတဲ့ဆုများဖြစ်ခဲ့ရင်
အဖေနဲ့အမေကိုဒီထက်ကောင်းတဲ့အမှတ်တရလေးလုပ်ပေးနိုင်မှာနော်လို့ပြောတော့ လူလေးနောက်
ထပ်ဆုကြီးကြီးပေါက်ပါစေလို့အမေဆုတောင်းပေးပါတယ်တဲ့။

ဌာနကအစ်ကိုအစ်မတွေအားလုံးကလည်းပေါက်စီကျွေးရတဲ့အတွက်ကြောင့်နောက်ထပ်ထီပေါက်တာတွေ
စီနေပါစေလို့ဝိုင်းပြီးဆုတောင်းပေးကြပါတယ်။အထက်မှာပြောခဲ့သလိုပဲကျနော်လောဘစိတ်နဲ့ဘယ်ဟာကိုမျှ
မမျှော်လင့်ပါဘူး။ပုထုစဉ်လူသားမို့ရှိသင့်တဲ့လောဘတော့ရှိသေးတာပေါ့။ ၂၀၁၆ မှာ ရပ်သွားခဲ့တဲ့ဘာသာရေး
လုပ်ချင်စိတ်တွေ ၂၀၁၇ ဆန်းဆန်းချင်းပြန်ပေါ်လာတယ်။ ပဌာန်းရွတ်တာ၊တရားနာတာ၊တနိုင်ဘုရားဝေယျာဝစ္စလုပ်တဲ့စိတ်တွေပြန်နိုးကြားလာတာလည်းကိုယ်တိုင်
သတိထားမိတယ်။ဘာပဲဖြစ်ဖြစ် ၂၀၁၇ နှစ်ဟာကျနော်အတွက် လုပ်ချင်တာတွေလုပ်ဆောင်နိုင်ဖို့ ကံကောင်းခြင်းတွေယူဆောင်လာတဲ့အချိန်အပိုင်းအခြားလေးတခုဖြစ်မယ်ဆိုတာကိုတော့ယုံကြည်နေမိတယ်။

လာလည်ကြတဲ့ အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများလည်းကျနော်နဲ့အတူ ၂၀၁၇ ခုနှစ်တနှစ်လုံး
ကံကောင်းခြင်းတွေနဲ့ပိုင်ဆိုင်နိုင်ကြပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
၂၀၁၇ ခုနှစ်ကို စိတ်သစ် လူသစ် ကံကောင်းခြင်းအသစ်တွေနဲ့ စတင်လိုက်ပါတယ်။ နေ့စဉ်ကျနော်ပြုသမျှ တနိုင်ကုသိုလ်လေးတွေကိုလည်း ချစ်ညီအစ်ကိုမောင်နှမများအားလုံး ကျနော်နဲ့ထပ်တူအမျှရကြပါစေလို့
အမျှ ပေးဝေးပါတယ်ဗျာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

အားပေးမှုကိုအစဉ်လေးစားမှုဖြင့်
ရွှေညာသား