Pages

Saturday, February 18, 2012

သမီးအချစ်....မြေးအနှစ်ဆိုတာ ဒါမျိုးထင်တယ်....

ကျွန်တော်တို့ လူသားတွေလောကမှာ သားအချစ် မြေးအနှစ် ဆိုပြီးပြောတတ်ကြတယ် မဟုတ်လား။ အခုကျွန်တော်ပြောချင်တာလေးက လူသားတွေလောက် အသိဥာဏ်မရှိတဲ့ ခွေးတွေမှာလည်း အဲ့ဒီလို အဖြစ်မျိုး ရှိတယ်ဆိုတာကိုပါ။ အဆောင်မှာ ခွေးတွေပေါတာက စပြီးပြောရင်တော့ အရှည်ကြီးပါပဲ။ အရင်ရောက်နှင့်တဲ့ အကိုဆရာတွေက ကျွေးထားလို့ အဆောင်မှာ ခွေးတွေအများကြီးပါပဲ။ အဲ့ဒီအထဲကမှ အကိုတစ်ယောက် အစာကျွေးရင် ခေါ်တဲ့ နာမည်တွေကို မှတ်မိနေတာကတော့ လုံးလုံး၊ ကျားမ(ဂျားမ)၊ ဗိုက်ပူမ၊ မိနက် စတဲ့ နာမည်တွေပါပဲ။ ခွေးဆိုပေမဲ့ နာမည်ခေါ်လိုက်ရင် နားလည်တယ်ဗျ။ သူ့နာမည်နဲ့သူ ခေါ်လိုက်ရင်ပြေးလာတာပဲ။
 ဂျားမနဲ့သူ့ကလေး လေးတွေ


သူကတော့ မြေးလေးတွေနဲ့အတူအိပ်နေတဲ့ ဂျားမအမေ ဗိုက်ပူမပါ

သူတို့တွေထဲက မိနက်ဆိုတဲ့ ခွေးမကြီးက မိုးရာသီမှာ ခွေးကလေး လေးကောင်မွေးတယ်။ အဲ့ဒီလေးကောင်ကလည်း အခု တော်တော်လေးကြီးနေကြပြီပေါ့။ သူတို့ကိုလည်း နာမည်တွေပေးထားသေးတယ်။ ကျွန်တော်ပေးထားတဲ့ တစ်ကောင်ကတော့ ဘုတ်ဘုတ် တဲ့။ ခွေးမည်းမလေး အမွေးစုတ်ဖွားလေးနဲ့မို့ ငယ်ငယ်လေးကတည်းက ဘုတ်ဘုတ် ဆိုပြီးခေါ်တာ အခုလည်း ဘုတ်ဘုတ်ဆိုရင် သုတ်သုတ်ပြေးလာတတ်နေပြီဗျ။ ကျန်တဲ့သုံးကတော့ အောင်နက်၊ ကုတ်ကျား(ဂုတ်ကျား)၊ မိနီ၊ အောင်နက် ဆိုပြီး ခေါ်ကြတယ်။ ဘုတ်ဘုတ်ကတော့ အားလုံးထဲမှာ အလည်ဆုံး အသွက်ဆုံးပဲ။ ကျွေးချင်အောင်လည်း တတ်ပါ့ဗျာ။ သူငယ်ချင်း တစ်ယောက်ကဆို ဘုတ်ဘုတ်ကို သမီးလို့ ခေါ်တယ်။ ဒါလည်း နာလည်တာပဲ။ သမီးလို့ခေါ်တဲ့သူကို ပိုပြီးခင်သေးတယ်။ ကျောင်းကပြန်လာရင် အမြီးကို ပြုတ်ကျမတတ် ခါယမ်းပြီး ပြေးကြိုတယ်။ ကျောင်းမှာ ကျောင်းသူကျောင်းသားတွေနဲ့ အမြဲထိတွေ့နေရတော့ အဆောင်ရောက်ရင် ယောင်လည်လည်နဲ့ နေရတာပျင်းဖို့ကောင်းတယ်။ ဘုတ်ဘုတ်တို့တွေ ရှိတော့ သူတို့ကို စလိုက်၊ ရိုက်လိုက်နဲ့ အပျင်းပြေတယ်။


ကလေးတွေနဲ့နွေးနွေးထွေးထွေးအိပ်နေတဲ့ ဗိုက်ပူမ

ဒီနှစ်ဆောင်းတွင်းမှာ ကျားမ(ဂျားမ)က ခွေးလေး လေးကောင်မွေးတယ်။ ရွာဘက်မှာ ဆိုရင်တော့ ခွေးလေးကောင် မွေးရင် ခွေးကုတင် လို့ခေါ်တာကြားဖူးတယ်။ အဲ့ဒီအထဲမှာ အမကတစ်ကောင် အထီးကသုံးကောင်ပါတယ်။ ဂျားမက အရင်နှစ်တုန်းက ဗိုက်ပူမမွေးထားတဲ့ ခွေးမလေးပေါ့။ ဒီနှစ်တော့ သူကလည်း ကလေးအမေဖြစ်နေပြီ။ ခွေးလေးတွေ မွေးခါစတုန်းကတော့ အဆောင်နဲ့ဝေးရာမှာပဲ မျက်စေ့ပွင့်တော့ အဆောင်နားကို ရွှေ့ထားပေးလိုက်တာ အခုတော့ ဂျားမကလေးတွေက အခန်းရှေ့မှာ ပြေးလွှားဆော့ကစားနေကြပြီ။ ညနေပိုင်းကျောင်းကပြန်ရောက်ရင် သူတို့လေးတွေနဲ့ ဆော့ရတာ အပျင်းပြေတယ်ဗျ။

Sunday, February 5, 2012

အန္တဂူ ရေလည်ဘုရား...

မိတ္ထီလာကန်ထဲက အန္တဂူရေလည်ဘုရား ပုံလေးများပါ။ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်တော့လည်း တင်ရတာက အဆင်မပြေလို့ မတင်ဖြစ်ဘူး။ စာတွေလည်း ရေးဖြစ်ပေမဲ့ ကွန်နက်ရှင်အခက်အခဲကြောင့် ပို့စ်အနေနဲ့ မတင်ဖြစ်ဘူး။ အင်တာနက်လိုင်းတွေ မြန်မြန်ကောင်းပါစေလို့သာ ဆုတောင်းနေမိတယ်ဗျာ။ အခုလည်း စိတ်ရှည်ရှည်ထားပြီး ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။ 




အဝေးရောက်နေသူတွေအတွက် အလွမ်းပြေပေါ့ဗျာ...

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်....။ လာရောက်လည်ပတ်တဲ့အတွက်လည်း ရွှေညာသားလေးက ကျေးဇူးအထူးတင်ပါတယ်ဗျာ...

Tuesday, January 3, 2012

ငါးပင်စိမ်းငရုတ်သီးစပ်…

 မြန်မာပြည်ပြန်ရောက်ကတည်းက အသီးအရွက်တွေပဲ နေတိုင်းချက်စားနေတာ ဒီနေ့တော့ ဈေးကိုရောက်လို့ ငါးတစ်ကောင်ကို ငါးရာနဲ့ဝယ်ပြီး ပင်စိမ်းရွက်၊နံနံပင်၊ငရုတ်သီးစိမ်း စတာတွေနဲ့ ငရုတ်သီးစပ် ဟင်းတစ်ခွက် ပထမဆုံး ချက်စားဖြစ်တယ်။ ကိုယ့်မြေကိုယ်ရေမှာဆိုတော့ အသီးအရွက်တွေကလည်း ပေါတယ်ဗျာ။ မုန့်ညှင်းဖူး တွေဆို လတ်လတ်ဆပ်ဆပ်နဲ့ ကြော်စားရတာ အတော်ကောင်းတာပဲ။

 ဆီသိပ်မပါပေမဲ့ စားလို့ကောင်းတယ်နော်...

ဈေးထဲကိုရောက်ရင် အသားတန်းဘက်ကို ခြေဦးမလှည့်ဘူး။ စိမ်းစိမ်းစိုစိုနဲ့ ဈေးပေါတဲ့ အသီးအရွက် လတ်လတ်ဆတ်ဆတ် တွေပဲ မရိုးရအောင် ချက်စားတယ်။ အသားကလည်း ဈေးကြီးတယ်ဗျ။ ငါးကတော့ ဈေးပေါတယ်။ ဒါပေမဲ့ အသားဆိုရင်ကို စိတ်ထဲကဘယ်လိုကြီးမှန်းမသိဘူး။ သုံးနှစ်နီးပါးလောက် အသားငါးတွေ စားလာရတော့ အသီးအနှံပဲ စားချင်တော့တယ်။ ကျန်းမာရေးအတွက်လည်း အထောက်အကူပြု ရောဂါလည်းကာကွယ်၊ ဈေးဖိုးလည်းသက်သာ ဆိုတော့ ကျွန်တော့်အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ အသီးအရွက်ဟင်းတွေလည်း မျိုးစုံနေအောင်ကိုချက်စားဖြစ်တယ်။ ဘလော့မှာ တင်ချင်ပေမဲ့ နှေးလွန်လှတဲ့ အင်တာနက် လိုင်းကြောင့် စာတောင်ပုံမှန်မရေးဖြစ်ဘူးဗျာ။ဒီနေ့တော့ ချက်စားဖြစ်တာလေးကို ဘလော့မှာတင်ဖို့ စိတ်အားထက်သန်နေလို့ နှေးလှတဲ့ အင်တာနက် လိပ်ဖိုးဖိုးကို စိတ်ရှည်လက်ရှည်စောင့်ပြီး ပုံလေးတွေပါတင်ပေးလိုက်ပါတယ်။

ချက်နည်းကတော့ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး ခရမ်းချဉ်သီးကို ကြက်သွန်နီ၊ ဆား၊ငပိ စတဲ့ ဟင်းခတ်လေးတွေထည့်ပြီး အရင်ချက်လိုက်ပါတယ်။ ပြီးမှ ကိုင်ပြီးသားငါးကိုထည့် ရေလေးနည်းနည်းဖြည့်ပြီး အဖုံးအုပ်ထားလိုက်ပါတယ်။ ငါးမိနစ်လောက်နေတော့ ငါးတုံးတွေကို ဟိုဘက်သည်ဘက် လှည့်ပေးပြီး ငရုတ်သီးစိမ်းတောင့်ကို ဓားနဲ့ခွဲပြီး ထည့်ပါတယ်။ ဟင်းအရသာ မြည်းပြီး ဟင်းအိုးချခါနီးတော့ ပင်စိမ်းရွက်ရယ် နံနံပင်ရယ်ကို ရေဆေးပြီး အပေါ်ကအုပ်လိုက်ပါတယ်။ ပင်စိမ်းနဲ့ နံနံပင်လေးတွေ နွမ်းသွားတော့ ဟင်းအိုးကို ဖိုပေါ်ကချလိုက်တယ်။ ပင်စိမ်းနဲ့နံနံပင် နံ့လေးသင်းပြီး ငရုတ်သီးစပ်စပ်လေးနဲ့ ထမင်းမြိန်စေမည့် ငါးဟင်းတစ်ခွက် စားဖို့အသင့်ပါပဲ။  ငါးဟင်းနဲ့တွဲဖက်စားသုံးဖို့ကိုတော့ မုန့်ညှင်းဖူး ကိုကြော်ပါတယ်။ အရည်သောက်ကတော့ ရွှေဖီမိုးလွတ် လဘက်ခြောက်နဲ့ ရေနွေးပေါ့ဗျာ။ အားလုံးပေါင်းမှ မြန်မာငွေတစ်ထောင်မပြည့်တဲ့ ဟင်းတစ်ခွက်နဲ့ ထမင်းတစ်နပ် အတွက် အဆင်ပြေပါတယ်။ 

ဘလော့ကို လာလည်တဲ့သူတွေကိုတော့ ငါးဟင်းပုံလေးတွေနဲ့ပဲ ဧည့်ခံလိုက်ပါတယ်ဗျာ။ ရွှေညာသားလေး လက်ရာကို မြည်းစမ်းကြည့်ကြပါအုံးနော်။ လိုတာလေးတွေလည်း ပြောခဲ့အုံး။ နောက်တစ်ခါ ချက်ရင် ပြင်လို့ရအောင်လေ….။ 

အားလုံးသော ဘလော့မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးပါတယ်။

Sunday, January 1, 2012

နှစ်သစ်ဆုတောင်း

အားလုံးသော အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရွှေညာသားလေး ဆုတောင်းပေးလိုက်ပါတယ်။ 2012 ခုနှစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်တဲ့ ဘ၀များကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ကြပါစေ...။ ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး၊ ပညာရေး၊ ဘာသာရေး လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆက်လက်ဆောင်ရွက်နိုင်ကြပါစေ...။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။

Thursday, November 10, 2011

အညာရှု့ခင်း

ရွှေညာသားလေး ရွာပြန်တုန်းက ရိုက်ခဲ့တဲ့ ရှု့ခင်းပုံလေးတွေပါ ကျုပ်တို့ရွာဘက်ကနေ မြင်ရတဲ့ ပုပ္ပားတောင်ကြီးရဲ့ပုံလေးတွေရယ် ရွာပတ်ဝန်းကျင်ကပုံလေးတွေရယ် အပျင်းပြေ ကြည့်ရအောင် တင်ပေးလိုက်ပါတယ်နော်။ အဝေးရောက် ကျွန်တော့်ညီအစ်ကိုမောင်နှမတွေ ဓာတ်ပုံလေးတွေကြည့်ပြီး အညာအလွမ်း ရွာအလွမ်းတွေဖြေဖျောက်နိုင်ပါစေ...။

ကျွန်တော်တို့ ရွာဘက်က မြင်ရတဲ့ ပုပ္ပားတောင်မကြီးရဲ့ပုံပါ

ရွာမြောက်ဘက် ကျောက်တန်းပေါ်မှာ သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေတံခွန်လေးပါ

ဒီမှာလည်း ရေသွားချိုးခဲ့သေးတယ် ရေတွေက ကျောက်ခဲကြားကနေ ဖြတ်ပြီး စီးဆင်းနေတာဆိုတော့ ကြည်လင်သန့်ရှင်းပြီး အေးမြနေတာပါပဲဗျာ...ပြန်ကိုမပြန်ချင်ဘူး....

ရေတံခွန်နားမှာ ဒီလိုကျောက်တုန်းတွေကလည်း အများကြီးပဲ
ရွာစာသင်ကျောင်းနားကမြင်ရတဲ့ ပုပ္ပားတောင်ရဲ့ ညနေခင်းအလှ
နေ၀င်ပြီးစ အချိန် ရွာမြောက်ဘက်က လယ်ကွင်းပြင်
ချောင်းထဲကို ရေချိုးသွားရင်း မသိအောင် ရိုက်ထားတာ တောင်ဘက်ရွာက ညီလေးတစ်ယောက်ပါ
ချောင်းရေကျထားတော့ ရေတွေကသန့်ပြီး အေးမြနေတာပဲ ရွာပြန်တုန်း ဒီနားကိုအမြဲသွားသွားပြီး ရေချိုးခဲ့တယ် ရေအိုင်ထဲဆင်းပြီး ရေမချိုးရတာ ကြာတော့ လက်ပစ်ကူးလိုက် ဘောင်ဘင်ခတ်လိုက်နဲ့ ချိုးလို့ကို မ၀ပါဘူးဗျာ....




ပို့စ် အသစ်တင်မယ်လို့ ကြံလိုက်တိုင်း အလုပ်လေးတွေက ပေါ်ပေါ်လာလိုက်၊ အင်တာနက်လိုင်းက နှေးလိုက်နဲ့ မတင်ဖြစ်တာ...ဒီနေ့တော့ စောစောထပြီး ကြိုးစားကြည့်တာ အောင်မြင်သွားတယ်....။ 

လာရောက်အားပေးကြတဲ့ ကျွန်တော့်မိတ်ဆွေ အွန်လိုင်း ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေဗျာ...။