Pages

Monday, September 22, 2025

အပြည့်အဝ မပျော်နိုင်ခဲ့တဲ့နေ့

ဒီနေ့ကိုမရောက်ခင် တိုင်းပြည်နိုင်ငံရေးအခြေအနေတွေကောင်းနေတုန်းအချိန်၊ ကိုယ်တိုင်လည်းဒီနေ့ကိုရောက်ဖို့အတွက် အခက်အခဲအကြပ်အတည်းပေါင်းများစွာကိုခုခံတော်လှန်နေချိန်တုန်းက အမေ့ဆီဖုန်းဆက်တိုင်း အမေကျနော်ဘွဲ့ယူရင်လာမှာလားလို့မေးဖြစ်တယ်။ ကိုယ့်စိတ်ကူးထဲမှာလည်းဒီတခါဘွဲ့ယူရင်တော့အဖေနဲ့အမေကိုမဖြစ်ဖြစ်အောင်ခေါ်မယ်လို့တွေးထားခဲ့တယ်။အမေကတော့သူလေယာဉ်မစီးရဲဘူးဆိုပြီး ရိုးရိုးပဲဝန်ခံပါတယ်။ ဟာ အမေကလည်း ထိုင်းနဲ့မြန်မာဒီလောက်နီးနီးလေးသိပ်မကြာပါဘူး လေယာဉ်နဲ့ခဏပဲစီးရမှာလို့ပြောတော့ အဲလောက်အမြင့်ကြီးမှာ တက်ပျံတဲ့စက်ကြီးနဲ့မလိုက်ရဲပါဘူးလို့ပဲပြန်ပြောတယ်။ နောက်တော့မှ အမေ့မှာအမြင့်ကိုကြောက်တဲ့စိတ်ရှိပုံရတယ်လို့တွေးမိပြီးထပ်ပြီးမမေးတော့ဘူး။ လာဖြစ်ရင်လည်းနီးမှပဲလမ်းကြောင်းရှာ စီစဉ်ပြီးခေါ်မယ်လို့တေးထားလိုက်တယ်။ အဖေကတော့ဘာမှထွေထွေထူးထူးမငြင်းဘူး။ ခေါ်ရင်တော့လာမှာပေါ့။ ကိုယ်ဒီရောက်ခါစ ဒီမှာနေရတဲ့အခြေအနေကိုပြောပြရင်း ကျောင်းသားဆောင်ရဲ့ ၁၅ ထပ်မြောက်မှာနေရတယ်အမေလို့ပြောတုန်းကလည်း ကိုယ့်အတွက်စိုးရိမ်နေတာ။ လူလေးနေရတဲ့အဆောင်ကလည်းမြင့်လိုက်တာ အောက်ထပ်တွေကိုပြောပြီးပြောင်းနေလို့မရဘူးလားရရင်အောက်ထပ်ပြောင်းနေပါ ဒီလောက်အမြင့်ကြီးမှာနေရတာအမေစိတ်ပူလို့တဲ့။ ကိုယ်ကပြောတော့ သူ့စိတ်ထဲမှာ ၁၅ ထပ်မြင့်တဲ့အဆောင်ဆိုတာကိုမြင်ယောင်ကြည့်မှာပေါ့လေ။ အဲဒီအဆောင်အမြင့်ကိစ္စလည်း နောက်ဖုန်းဆက်တိုင်းမေးလို့ စိတ်ချမ်းသာအောင် အောက်ထပ်ပြောင်းနေမယ်လို့ပဲပြောလိုက်ရတယ်။ တကယ်တော့ ကျောင်းပြီးမှပဲ ၁၅ ထပ်အဆောင်ပေါ်မှဆင်းလာခဲ့တာ။ သူတို့ကနိုင်ငံခြားကျောင်းသားတွေကို ဦးစားပေးအနေနဲ့ ၁၅ ထပ်ဆောင်မှာထားတာမို့ အောက်ထပ်တွေကို ပြောင်းနေလို့မရဘူး။ အောက်ထပ်တွေမှာက သူတို့ထိုင်းကျောင်းသားတွေပဲထားတာ။ ကိုယ်တွေကလည်းအေးအေးဆေးဆေးရှိလို့ အပေါ်ဆုံးထပ်မှာနေရတာကိုသဘောကျတယ်။ အားလုံးကို အပေါ်ဆုံးထပ်မှစီးပြီးမြင်ရတာဆိုတော့ ပတ်ဝန်းကျင်ရှု့ခင်းကလည်းတော်တော်သာယာတာလေ။ မြန်မာပြည်မှာနိုင်ငံရေးကပ်ဘေးမဆိုက်ခင်အထိတော့ အမေနဲ့ပုံမှန်ဖုန်းဆက် တခါတလေလည်းမက်ဆင်းဂျာဗွီဒီယိုကောနဲ့ပေါ့။ ကျောင်းမှာဘယ်လောက်ပဲခက်ခဲခဲ့ပါစေ အဆောင်ရောက်လို့အမေနဲ့ဖုန်းပြောလိုက်ရရင် အမေ့အသံက ကိုယ့်အတွက်အားဆေးတမျိုးပဲ။ ကိုယ်ဘာတွေလုပ်နေရတယ်ဆိုတာ အမေသေချာမသိပေမဲ့ ကျန်းမာရေးဂရုစိုက်ဖို့ အအိပ်အစားမှန်ဖို့အမြဲတမ်း သတိပေးတယ်။ အမေနဲ့ ဖုန်းပြောပြီးတိုင်းလည်း စိတ်ဓာတ်ခွန်အားတွေပြည့်နေသလိုမျိုးခံစားရတာခုချိန်အထိပဲ။ ရယူလိုခြင်းကင်းတဲ့ မိဘမေတ္တာဓာတ်ဟာ အေးမြလွန်းလှတယ်။ တိုင်းပြည်မအေးချမ်းဖြစ်နေချိန် ဘေးဒုက္ခမျိုးစုံနဲ့ ကြုံနေရတဲ့သူက ကိုယ်ကာယအားဖြင့်လုံခြုံနေတဲ့သူအတွက် အမြဲတမ်းစိုးရိမ်ပြီး စိတ်ပူနေတယ်။ မိဘတိုင်းရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာထင်ပါရဲ့။ ကျောင်းပြီးလို့ ဘွဲ့ယူခါနီးတော့ ကိုယ့်တိုင်းပြည်တွင်းအခြေအနေတွေကပိုဆိုးလာတာ သွားရေးလာရေးစိတ်မချရတာနဲ့အမေလည်းလေယာဉ်စီးရမှာကြောက်တာနဲ့ နောက်ဆုံးတော့ ကိုယ့်ရဲ့အဖေအမေကိုခေါ်ချင်တဲ့စိတ်ဆန္ဒကိုချိုးနှိမ်ပြီးတယောက်တည်းပဲဘွဲ့နှင်းသဘင်ကိုတက်ခဲ့တယ်။ ကြားထဲမှာ ကမ္ဘာကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင် ၂ ကြိမ်နောက်ဆုတ်ထားလိုက်ရလို့ ကိုယ်တွေနဲ့ကျောင်းပြီးတဲ့အသုတ်က ၂၀၂၄ စက်တင်ဘာမှဘွဲ့နှင်းသဘင်တက်ရောက်ခွင့်ရတယ်။ ဒါတောင် ၂၀၂၃ ခုနှစ်မှာပြီးတဲ့သူတွေနဲ့ပေါင်းပြီးပေးလို့။ ဒီနှစ် စက်တင်ဘာဆိုတော့ ဘွဲ့ယူပြီးတာတောင် ၁ နှစ်ပြည့်သွားပြီပေါ့လေ။ ဘွဲ့နှင်းသဘင်က မိုးတွင်းမှာဆိုတော့ မိုးကောင်းတဲ့ထိုင်းတောင်ပိုင်းရဲ့ရာသီဥတုက နေသာလိုက် မိုးရွာလိုက်ကြားထဲကပဲ ဘွဲနှင်းသဘင်တက်ခဲ့ရတယ်။ အမှတ်တရဓာတ်ပုံလည်း အားပါးတရမရိုက်လိုက်ရဘူး။ အမေ့ဆီကိုတော့ ဓာတ်ပုံပဲပို့ပေးနိုင်တယ်။ အမေရယ်ဘွဲ့နှင်းသဘင်ရက်မှာ မိုးရွာလိုက်တာဆိုတော့ အမေတို့မိသားစုက မိုးနက္ခတ်မလွတ်ဘူးထင်ပါရဲ့ အမေနဲ့အဖေမင်္ဂလာဆောင်တုန်းကလည်း မိုးရွာတယ်၊ လူလေးတို့ ရှင်ပြုတုန်းကလည်းမိုးရွာလို့ ဆိုင်းတွေဗုံတွေမိုးကာနဲ့အုပ်ထားရတယ်လို့ပြောတယ်။ မိသားစုမစုံလို့မပျော်နိုင်ရတဲ့ကြားမှာမိုးကပါထပ်ပြီးနှိပ်စက်လိုက်သေးတယ်။ နောက်ဆုံးတော့ ဘဝရဲ့ပညာရေးရည်မှန်းချက်တခု အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ ကိုယ့်ခေတ်တုန်းက ရွာမှာရှားရှားပါးပါးဆယ်တန်းနှစ်ချင်းပေါက်အောင်၊ တက္ကသိုလ်တက်ဘွဲ့ရ၊ တက္ကသိုလ်မှာဆရာဖြစ်၊ နိုင်ငံခြားပညာတော်သင်ဆုနဲ့ကျောင်းဆက်တက်ခွင့်ရတာတွေဟာ ပညာသင်နိုင်အောင် အဖေနဲ့အမေ ဆင်းဆင်းရဲရဲနဲ့ ကြိုးစားရုန်းကန်ပြီးထောက်ပံ့ပေးခဲ့တဲ့ကျေးဇူးကြောင့်သာမဟုတ်ရင် ဒီနေ့ ဒီအချိန်မှာ ဒီအခြေအနေကို ရောက်လာမှာမဟုတ်ပါဘူး။ အဖေနဲ့အမေအသက်ရှင်နေတုန်းမှာ အနီးကပ်ပြုစုပြီးကျေးဇူးဆပ်ခွင့်ရဖို့ကိုလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ မကြာတော့တဲ့ အချိန်မှာ အဖေနဲ့အမေ့ရင်ခွင်ကိုပြန်လည်ခိုလှုံခွင့်ရမယ်လို့လည်း အကြွင်းမဲ့ယုံကြည်ပါတယ်။ အဖေနဲ့အမေ ဘေးရန်ကင်းကွာပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။ အဖေနဲ့အမေရဲ့ သားလတ်၊ ၁၃၈၇ ခုနှစ် သီတင်းကျွတ်လဆန်း (၂) ရက် ၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၃) ရက်၊ အင်္ဂါနေ့