Pages

Sunday, July 29, 2018

ကြောင်လျှာသီးကြော်

 ကြောင်လျှာသီးကိုငါးခြောက်အသေးလေးတွေနဲ့ငရုတ်သီးစပ်ပင်စိမ်းအုပ်ပြီးကြော်ထားတာပါ။
တော်တော်တွေ့ရခဲတဲ့ကြောင်လျှာသီးကိုကျောင်းထဲကညနေခင်းဈေးမှာတွေ့တုန်းဝယ်ပြီးချက်စားတာ။
အခါးအရသာရှိတဲ့အသီးအရွက်တွေထဲမှာအကြိုက်ဆုံးအသီးပါ။အဖူးအပွင့်အစိုအခြောက်၊အရွက်နုပြုတ်
အသီးအကုန်စားလို့ရတဲ့အပင်ဖြစ်ပါတယ်။မျှတ်မှတ်ရရဒီကိုမလာခင်ထီလာကအဆောင်မှာအမေက ငါးနီတူခြောက်နဲ့ကြောင်လျှာသီးကြော်ပြီးကျွေးလိုက်သေးတယ်။လေယာဉ်တက်ဖို့ရန်ကုန်ဆင်းခါနီး
ထီလာကိုအမေလာနှုတ်ဆက်တဲ့နေ့ကပေါ့။ထီလာမှာထမင်းအတူချက်စားတဲ့သူငယ်ချင်းကအမေ့လက်ရာ
ကြောင်လျှာသီးကြော်ကိုစားပြီးကျနော့်ကိုမင်းနဲ့မင်းအမေလက်ရာကတထပ်တည်းပဲနော်တဲ့။ကျနော့်အတွက်
ကတော့အမေ့လက်ရာကစားလို့ပိုကောင်းတယ်လို့။

အခုဒီဟင်းကိုလည်းဘေးအခန်းကစိုက်ပျိုးရေးဌာနကအစ်ကိုတစ်ယောက်ကိုပေးစားတော့ အညာသားလက်ရာကိုသဘောကျသွားတယ်။နောက်ဈေးမှာကြောင်လျှာသီးတွေ့ရင်သူဝယ်ခဲ့မယ် ချက်ကျွေးပါအုံးတဲ့း) ဒါတင်မကသေးဘူးမြန်မာပြည်အလည်ပြန်တုန်းချက်စားဖို့ ချက်နည်းပါတခါတည်းမေးသွားတယ်။ ဟင်းချက်တဲ့အခါ ကိုယ်တိုင်စားလို့ကောင်းမှ သူများလည်းစားကောင်းမယ်လို့မှတ်ယူပြီးချက်တာမို့လားမသိဘူး စားဖူးသူတော်တော်များများကတော့
နောက်တခါတမ်းတကြတာများတယ်း)ကြုံတုန်းကြွားတာပါး)
ကြောင်လျှာသီးကြော်နည်းကတော့ - ကြောင်လျှာသီးကိုလက်တလုံးခန့်အရွယ်လှီးပြီးဆားနည်းနည်းနဲ့ပျော့အောင်နယ်ထား
ဒယ်အိုးထဲမှာကြက်သွန်နီဖြူခရမ်းချဉ်သီးတစ်လုံးပါးပါးလှီးထည့်ပြီးဆီသတ်
ငါးပိသင့်တော်သလိုထည့်မွှေပြီးအစောကနယ်ထားတဲ့ကြောင်လျှာသီးတွေကိုရေဆေးထည့်
ဆီသတ်ထားနဲ့ရေအနည်းငယ်ထည့်ပြီးအဖုံးအုပ်ထားပါ။ပြီးရင်ကြောင်လျှာသီးမြုပ်အောင်
ရေထပ်ထည့်ပြီးမီးအေးအေးနဲ့တည်ထားပါ။ငါးနီတူသို့မဟုတ်ငါးခြောက်ပုစွန်ခြောက်အဆင်ပြေရာတခုခုကို
ရေဆေးပြီးထည့်ပါ။အစပ်အရသာအတွက်ငရုတ်သီးစိမ်းငါးတောင့်ကိုအလုံးကွဲထောင်းပြီးထည့်ပါ။
နောက်ဆုံးမှာကြောင်လျှာသီးနဲ့ငါးခြောက်ကျက်ရင်အရသာအပေါ့အငန်မြည်းပြီးပင်စိမ်းရွက်အုပ်ပါ။
ခါးစပ်စပ်အရသာနဲ့ထမင်းမြိန်စေတဲ့ကြောင်လျှာသီးကြော်ချက်ဟင်းတခွက်စားဖို့အသင့်ရပါပြီ။ 

ခါးစပ်စပ်အရသာလေးနဲ့ထမင်းမြိန်စေတဲ့ အညာသားလက်ရာ ကြောင်လျှာသီးငါးခြောက်ချက်

ကြက်ဥ၊အာလူးကြော်ထမင်းသုပ်

ဒါက အဆောင်အောက်က သဘောင်္သီးထောင်းဆိုင်က ဝယ်စားတာ အဲ့ဒီနေ့က နှာစေးခေါင်းကိုက်နေလို့ ငရုတ်သီးစပ်စပ်မှာလိုက်တာ တဝက်ကျအောင်မနည်းစားရတယ် စပ်လည်းစပ် စားလို့လည်းကောင်း မုန့်ဟင်းခါးဖတ်နဲ့တွဲစား ရေနွေးပါသောက်တော့ တကိုယ်လုံးချွေးတွေထွက်ပြီး နှာစေးတာရော ခေါင်းကိုက်တာရောပျောက် ငရုတ်သီးစပ်တာက ဗိုက်တွေပါအောင့်တယ်း)

လာလည်ကြတဲ့မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေ
ပြည့်ဝကြပါစေဗျာ။ လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Saturday, July 21, 2018

Pattaya ကမ်းခြေသို့ အလည်တစ်ခေါက်

ဇူလိုင်လ ပထမပတ်ထဲက ပတ္တရား ကမ်းခြေမှာ ဓာတုဗေဒဆိုင်ရာ ကွန်ဖရင့် ကို ဌာနကဆရာဆရာမ
ကျောင်းသူကျောင်းသားတွေနဲ့တက်ရောက်ခဲ့ပါတယ်။သူတို့နိုင်ငံရဲ့ပညာရေးစနစ်အတိုင်းအတာတခုအထိ
ရောက်နေတာကိုမြင်တွေ့ခဲ့ရတာအားကျမိသလို့ကိုယ့်ဆီကအခြေအနေနဲ့ပြန်ယှဉ်ကြည့်တော့ကိုယ်မလာခင်
အချိန်ထိကတော့အားရစရာမရှိသေးပါဘူး။အပြောတွေနဲ့ပဲအချိန်ကုန်နေတာအများစုပါ။ကွန်ဖရင့်မှာအနောက်
နိုင်ငံတွေကပါမောက္ခတွေပါလာပြီးသူတို့နည်းပညာတွေမျှဝေကြတယ်။ပြင်သစ်၊နယူးဇီလန်၊ကိုရီးယား၊တရုတ်၊ ဂျပန်၊အမေရိကစတဲ့နိုင်ငံဓာတုဗေဒဆိုင်ရာပါမောက္ခတွေလာကြတယ်။ပညာတွေမျှဝေကြတယ်။အားကျအတုယူ
စရာတွေအများကြီးရခဲ့တယ်။ကိုယ်တွေဆီကတော့နိုင်ငံတကာကွန်ဖရန့်လုပ်ဖို့နေနေသာသာပြည်တွင်းက
ဘာသာဆိုင်ရာကွန့်ဖရန့်တောင်အနိုင်နိုင်ရယ်။ဆိုတော့လက်တွေ့သုတေသနကိုအားပေးတဲ့ပညာရေးစနစ်တခု
ကိုယ်တွေမသေခင်အမြန်ဆုံးပေါ်ပေါက်ပါစေလို့ဆုတောင်းရင်းကိုယ်တတ်နိုင်တဲ့ဘက်ကအထောက်အကူပြုဖို့
ကြိုးစားနေပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးပြောစရာတွေရှိပေမဲ့မပြောဘဲနေတာပိုပြီးအန္တရာယ်ကင်းလို့ကိုယ်
ဘာမျှမစွမ်းဆောင်နိုင်သေးခင်မှာဘာမှမပြောတာပဲကောင်းပါတယ်။အခုတော့ပတ္တရားကမ်းခြေကရိုက်ခဲ့တဲ့
ဓာတ်ပုံလေးတွေနဲ့ပဲလာလည်တဲ့သူတွေကိုဧည့်ခံလိုက်ပါတယ်။



 ခိုလန်ကျွန်းကို ရှပ်ပြေးယာဉ်နဲ့သွားလည်ကြတာ။ပထမဆုံးစီးဖူးတာမို့ကြောက်လိုက်တာမိနစ်နှစ်ဆယ်
လောက်အသက်မှန်မှန်မရှုရဲပါဘူး။ကမ်းခြေကိုမြင်ရမှသက်ပြင်းချနိုင်တယ်။

တောင်ပေါ်ကိုကားနဲ့တက်သွားပြီးမြင်ရတဲ့နေရာတခုပါ။ကော်ဖီဆိုင်ကနေရိုက်ထားတာ။

 လမ်းတွေကောင်းတာသဘောကျလို့
 နောက်တစ်နေရာအသွားကားပေါ်မှရိုက်ထားတာ
 သာယာတဲ့ရှု့ခင်းတွေ

 Jelly Fish သောင်တင်နေတာ ခြေထောက်နဲ့သွားတို့တော့သူငယ်ချင်းတွေကသတိပေးမယ် မလုပ်နဲ့တဲ့ အဆိပ်ရှိတယ်လို့ပြောတယ်။ ကြားဖူးပေမဲ့အနီးကပ်မမြင်ဖူးတော့တို့ကြည့်တား)

အဲ့ဒီဘီးလေးတွေနဲ့တောင်ပေါ်တက်ကြတာ စီးကြည့်ချင်မိတယ်

ဒီအသက်အရွယ်အထိ မြန်မာပြည်က ကမ်းခြေတွေကို တစ်ခေါက်မှမရောက်ဖူးသေးတဲ့ ကျနော့်အတွက်တော့ အရင်ကကြားဖူးခဲ့တဲ့ ပတ္တရားကမ်းခြေကို မမျှော်လင့်ဘဲကိုယ်တိုင်ရောက်တဲ့အခါ
ပျော်ရွှင်မိပါတယ်။

လာရောက်လည်ပတ်ကြတဲ့ချစ်မိတ်ဆွေအွန်လိုင်းညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား