Pages

Friday, February 22, 2013

ပိန္နဲသီးကြက်သား ငရုတ်သီးစပ်...

ဒီနေ့တော့ ကျောင်းကစောစောပြန်ရောက်တယ်။ နောက်ပြီး တနလာင်္နေ့လည်းပိတ်တာမို့ ဟင်းချက်စားဖို့ စိတ်ကူးမိတယ်ဗျာ။ မိုးကလည်း မနေ့ညကတည်းက ရွာနေတာ အခုထိမတိတ်သေးဘူး။ အင်း မိုးအေးအေး ဆိုတော့ ဘာဟင်းချက်စားရကောင်းမလဲ စဉ်းစားတော့ အပူအစပ် ဆိုရင်တော့ ရာသီဥတုနဲ့လည်းကိုက်ညီ တာမို့ ငရုတ်သီးစပ်ဟင်းချက်စားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ညတုန်းက အိပ်ရေးလည်း သိပ်မ ၀လို့ ခေါင်းကနည်းနည်းကိုက်နေသေးတယ်။ ဟင်းချက်ဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ အိမ်နားက ဈေးလေးကို သွားဖို့ထီးတစ်ချောင်း ကိုင်ပြီးထွက်လာခဲ့ပါတယ်။

ဈေးထဲရောက်တော့ ၀ယ်နေကျဖောက်သည်ဆီက ကြက်သွန်၊ ဂျင်း၊ ငရုတ်သီး စတာလေးတွေနည်းနည်းစီ ၀ယ်ပြီး သူ့ဆိုင်မှာပဲခဏထားခဲ့တယ်။ ဈေးထဲဆက်လျှောက်တော့ အသီးအရွက်တွေက စုံစုံလင်လင်မို့ ၀ယ်ချင်တာတွေကများနေတယ်။ ဘာဝယ်ရမလဲ စဉ်းစားရင်း ဟိုဆိုင်ကြည့်ဒီဆိုင်ကြည့်နဲ့ နောက်တော့ ပိန္နဲသီးစိပ်လေးတွေ့လို့ တစ်ဆယ်ဖိုး (မြန်မာငွေနဲ့ဆို နှစ်ရာ) ၀ယ်လိုက်ပါတယ်။ သူနဲ့ချက်စားဖို့ အတွက် ကြက်သား သုံးဆယ့်ငါး ကျပ်ဖိုးဝယ်ခဲ့တယ်။ မိုးကလည်း ရွာနေတာမို့ လိုအပ်တာလေးတွေမြန်မြန်ဝယ်ပြီး ခပ်သုတ်သုတ်ပြန်လာခဲ့ပါ တယ်။

ဒီဈေးလေးက အသီးအရွက်အသားငါး ၀ယ်ရတာ စူပါမားကတ်တွေနဲ့စာရင် အတော်လေးအဆင်ပြေတယ်။ လတ်လတ်ဆပ်ဆပ်လည်းရတယ်။ အိမ်နဲ့လည်းနီးတော့ ချက်ချင်မှခဏလေးပြေးဝယ်လိုက်လို့ရတယ်။ ၀ယ်လာခဲ့တာက ကြက်သားနဲ့ ပိန္နဲသီး ဆိုတော့သူတို့နှစ်ခုကို ပေါင်းပြီးဟင်းအစပ်လေးချက်ပါတယ်။ မိုးအေးတဲ့ရာသီဥတုနဲ့ကိုက်ညီအောင်ပေါ့ဗျာ။

နောက်ပြီးပထမဆုံး စမ်းပြီးချက်ရမှာမို့ ဘာကိုအရင်ချက်ရမယ်မသိဘူး။ ဒါနဲ့ကိုယ့်စိတ်ကူးနဲ့ကိုယ် ပိန္နဲသီးကို အရင်ဆုံး ပြုတ်လိုက်ပါတယ်။ အစိမ်းဆိုတော့အစေးလေးတွေနည်းနည်းပါလို့ပါ။ ပိန္နဲသီးပြုတ်နေတုန်းမှာ ကြက်သားအတွက်လိုအပ်တာလေးတွေကို ပြင်ဆင်ပါတယ်။ ကြက်သားကိုရေဆေး ငံပြာရည်၊ ဆား၊ နနွင်း စတာတွေထည့်ပြီး နယ်ထားပါတယ်။ စပါးလင် တစ်ပင်လည်းပါခဲ့တာမို့ ရေစင်အောင်ဆေးပြီး အပင်လိုက် ဓားရိုးနဲ့ကျေအောင်ထုပြီး ကြက်သားနဲ့ရောနယ်ထားလိုက်ပါတယ်။ ဟင်းအနှစ်အတွက် ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို အစ်မတစ်ယောက်ဆီကငှားထားတဲ့ ကြိတ်စက်လေးနဲ့ ကြိတ်လိုက်ပါတယ်။ ခရမ်းချဉ်သီး တစ်လုံးလည်းထည့်ကြိတ်ပါတယ်။ ကြက်သွန်နီကိုတော့ သပ်သပ်လှီးပါတယ်။ အတူတူရော ကြိတ်ရင် ကြက်သွန်ဖြူနံ့ပျောက်သွားတတ်တယ်လို့ အမေပြောဖူးလို့ပါ။ အားလုံးပြင်ဆင်ပြီးချိန်မှာတော့ ပိန္နဲ သီးလည်းကျက်သွားပါပြီ။ 

မီးဖိုပေါ်မှာဒယ်အိုးတင် အိုးပူလာတော့ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီကိုအရင်ကြော်ပါတယ်။ ကြက်သွန်နီနွမ်းသွားတော့ အစောကကြိတ်ထားတဲ့ အဆာပလာတွေထည့်ပြီးဆီသတ်ပါတယ်။ ဆီသတ်တာမွှေးလာတော့ နယ်ထားတဲ့ကြက်သားထည့်ပါတယ်။ ကြက်သားကိုမာသွားအောင် ရေအနည်း ငယ်ထည့်ပြီးလုံးပါတယ်။ ကြက်သားတွေမာသွားတော့မှ ပြုတ်ထားတဲ့ပိန္နဲသီးကိုထည့်ပြီး မိနစ်နှစ်ဆယ်ခန့် မီးအေးအေးနဲ့တည်ထားလိုက်ပါတယ်။ အပေါ့အငန်အတွက် ငံပြာရည်အနည်းငယ်ထည့် ဟင်းချိုမှုန့်အနည်း ငယ်ထည့်ပါတယ်။ အရသာအနေတော်ဖြစ်မှ ပင်စိမ်းရွက်အုပ်ပြီး မီးဖိုပေါ်ကချပါတယ်။ အခုဆိုရင်တော့ စပါးလင်၊ချင်း ငရုတ်သီးနဲ့ ပင်စိမ်းနံ့လေးမွှေးနေတဲ့ ကြက်သားပိန္နဲသီးဟင်းတစ်ခွက် အဆင်သင့်ဖြစ်ပါပြီ။ ဟင်းကိုမစားခင် ကတည်းက လူတစ်ကိုယ်လုံး ချွေးတွေကချွဲနေပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ်ချက်တာမို့ ကိုယ့်ပါးစပ်နဲ့တော့ အရသာကိုရှိနေတာပါပဲ။ 

 ကြက်သားပိန္နဲသီးဟင်းလေးပါ

ဟင်းကျက်တော့ မနက်ကျောင်းအပြန်တုန်းက လွယ်လွယ်သုပ်စားထားတဲ့ ခရမ်းချဉ်သီးသုပ်ကို သတိရလို့ ခရမ်းချဉ်သီးစိမ်းနှစ်လုံးကို ပါးပါးလှီးပြီးမြေပဲထောင်းရယ် ကြက်သွန်တစ်လုံးရယ် နံနံပင်ရယ် ရောသမမွှေပြီး သုပ်လိုက်ပါတယ်။ အစပ်ဟင်းနဲ့ တွဲစားဖို့ အချဉ်သုပ်တခွက်ပေါ့ဗျာ။ အရည်သောက်အတွက်ကိုတော့ ကျုပ်ရဲ့ပင်တိုင်စံ ဟင်းရည်သောက်ဖြစ်တဲ့ စံပယ်ပန်းလဘက်ခြောက်ရေနွေး ပူပူလေးပေါ့။ အားလုံးပြင်ဆင် ပြီးတော့ဝိုင်းဖွဲ့ပြီး အားရပါးရ လွေးလိုက်ပါတယ်။ အပြင်မှာမိုးလေးက တစ်ဖျောက်ဖျောက် အိမ်ထဲမှာတော့ ထမင်းစားရင်း ရူးရူးရှဲရှဲနဲ့ ချွေးတစ်လုံးလုံးပေါ့ဗျာ။ ရာသီဥတုနဲ့လိုက်ဖက်တဲ့ ဟင်းလေးနဲ့ မို့ထမင်းမြိန်ချက်တော့ မပြောပါနဲ့ဗျာ...။ 

 ဟင်းအိုးထဲမှာတုန်းက ဒီလိုလေးပါ....

ကြက်သား နဲ့ ပိန္နဲသီး ကွဲပြားအောင် အနီးကပ်ရိုက်ချက်... :)

 မချိုမချဉ်နဲ့ အရသာရှိတဲ့ ခရမ်းချဉ်သီးသုပ်လေး... :)

မစားဖူးသေးသူများအတွက် ချက်စားနိုင်အောင် နည်းလမ်းလေးဝေမျှပေးတာပါ...။ လာလည်ရင်းနဲ့ စိတ်အပန်းဖြေစရာ အနည်းငယ်ရသွားတယ်ဆိုရင် ကျေနပ်ပါတယ်။ လာရောက်လည်ပတ်သူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေဗျာ...။

မျိုးခန့်(စကားဝါမြေ)

Friday, February 15, 2013

တစ်ခါတစ်လေတော့လည်း ဒီလိုလေးနဲ့ပဲညစာစားရတယ်...

ဒီနေ့ညနေအတန်းချိန်နောက်ကျလို့ ကျောင်းကပြန်ရောက်မှပဲ မြန်မာကပါလာတဲ့ ငါးပိရည်ထုပ်လေးဖျော်ပြီး ခရမ်းသီးပြုတ်၊ပဲစောင်းလျားသီးပြုတ်၊ရေနွေးလေးနဲ့ညနေစာကို လွေးလိုက်ပါတယ်။  သြော်..ကျန်သေးတယ်ဗျ စီနီယာ အစ်မတစ်ယောက်ဆီက ဗူးသီးဟင်းခါလေးလည်းပါသေးတယ်။ကျောင်းကအပြန်ဆာဆာနဲ့ အားပါးတရ လွေးလိုက်တာ ပုံထဲက ထမင်းပန်းကန် တက်တက်စင်အောင် ပြောင်သွားတာပဲ။ အသားဟင်း မပေမဲ့ ထမင်းမြိန်တယ်ဗျာ။ ရွှေညာသားလေး ထမင်းစားရင် ရေနွေးကမပါမပြီး ရေအေးကိုမသောက်ဖြစ် တာကြာပြီ။ ကျန်းမာရေးနဲ့ ညီလား မညီလားတော့ မပြောတတ်ဘူးဗျာ။ ရေနွေးသောက်ရတာကို အတော် ကြိုက်တယ်။ 

ကော်ဖီကြိုက်တဲ့သူများလိုပဲ ရေနွေးလေးမှမသောက်ရရင် တခုခုလိုနေသလိုခံစားရတယ်။ ဒါကြောင့် ဒီကိုလာကတည်းက လဘက်ခြောက်ကို သတိတရနဲ့သယ်လာခဲ့တယ်။ အမေကလည်း သေသေချာချာ ထုပ်ပြီးထည့်ပေးလိုက်တယ်ဗျ။ ဒီမှာက ရေနွေးသောက်သူနည်းတော့ လဘက်ခြောက်သိပ်မရှိဘူး။ သတို့တွေက မနက်အစောလည်း အအေးပဲသောက်ကြတယ်။ စားတော့အသား သောက်တော့အအေး ဒါကြောင့် သူတို့လူမျိုးတွေကြည့်လိုက်ရင် ပိန်တဲ့သူက ခပ်ရှားရှားဗျ။ ကျုပ်အတွက်ကတော့ အိမ်မှာစားဖြစ် ရင် ရေနွေးက အမြဲတမ်းပါတယ်။ ဒါကြောင့်လားမသိဘူး လူကအဆီတွေကျပြီး ပိန်ထှာဗျာ။ စိတ်ထောင်း ကိုယ်ကျေဆိုသလို စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်မယ်ထင်တယ်။ တွေ့တဲ့သူတိုင်းကပြောတယ် ပိန်လို့တဲ့။ 

အသားဟင်းမပါပေမဲ့ ထမင်းမြိန်တဲ့ ညနေစာပါ...သုံးဆောင်ကြပါအုံးဗျာ။ ငါးပိရည်ကျိုကတော့ အသင့်စား အထုပ်ကိုဖျော်ထားတာမို့ ခက်ခက်ခဲခဲမဟုတ်ပါဘူး...။

အားလုံးကျန်းမာချမ်းသာကြပါစေ...
မျိုးခန့်(စကားဝါမြေ)

Sunday, February 10, 2013

အိမ်ထမင်းဝိုင်း အလွမ်းပြေ ချဉ်ပေါင်ကြော်...

ဒီကိုရောက်ကတည်းကမြန်မာအစားအစာလေးတွေမစားဖြစ်တာကြာလို့ ဒီနေ့တော့အမေထည့်ပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ခြောက်လေးတွေကိုသူငယ်ချင်းတစ်ယောက်လက်ဆောင်ပေးထားတဲ့မျှစ်လေးနဲ့ရောပြီးကြော် စားပါတယ်။ မစားရတာကြာလို့ထင်တယ်ဗျာ ကောင်းချက်တော့ မပြောပါနဲ့။ ထမင်းစားတိုင်း အိမ်ကိုသတိရ လို့ မျက်ရည်က၀ဲမိသေးတယ်။ အိမ်မှာဆို ညီအစ်ကိုတစ်တွေ ထမင်းဝိုင်းဖွဲ့စားရတာ အတော်ပျော်ဖို့ကောင်း တာဗျ။ အဖေနဲ့ကျုပ်တို့ ညီအစ်အကိုတစ်တွေက ထမင်းစားပွဲမှာဝိုင်းဖွဲ့လို့ အမေကတော့ ထမင်းအိုးဟင်းအိုး နားမှာ ကျုပ်တို့အတွက်ခူးခပ်ပေးရင်း ထမင်းအိုးဟင်းအိုးနားမှာပဲ စားတော့တယ်။  အဖေနဲ့သားတွေ ထမင်းဝိုင်းထဲကိုမ၀င်တော့ဘူး။ တစ်ခါတစ်လေတော့ အမေ့ကိုထမင်းဝိုင်းထဲ ၀င်ခိုင်းပြီး ကျုပ်က ထမင်းအိုးဟင်းအိုးနားမှာ ခူးခပ်ပေးပါတယ်။ အဲ့ဒီအချိန်တွေတုန်းကဆို ထမင်းစားရတာ အတော်လေး ပျော်ဖို့ကောင်းတာ။ ချဉ်ပေါင်ဟင်နဲ့ငရုတ်သီးထောင်းဆိုလည်း ထမင်းတစ်နပ်တော့ပြီးသွား တာပဲ။ အခုအဝေးကိုရောက်နေချိန်ကျတော့ အဲ့ဒီလိုဟင်းလေးတွေကို အရမ်းတမ်းတမိတယ်။ ဆီမပါပေမဲ့ အမေကိုယ်တိုင်ချက်တဲ့ဟင်းမို့ အရသာရှိလှတယ်ဗျ။


တစ်ရက်တုန်းကဆို မုံလာရွက်ချဉ်ရည်ဟင်းလေးချက်နေရင်း အိမ်ကိုသတိရလို့ ငိုချမိတယ်ဗျ။ အဲ့လိုဟင်းလေးတွေ ချက်ချက်စားတိုင်း အိမ်ကိုလွမ်းတဲ့စိတ်တွေက ဘယ်လိုမှတားဆီးလို့ မရဘူး။ အရင်တစ်ခေါက်တုန်းကတော့ သူငယ်ချင်းတွေနဲ့အတူတူနေတာမို့ ဖြေသာနိုင်သေးတယ်။ အခုကတော့ တစ်ယောက်ထဲဆိုတော့ အတော်ကိုဆိုးပါတယ်။ အမေ့နဲ့ဖုန်းဆက်တိုင်းလည်း ပြောပြဖြစ်တယ်။ အမေကတော့ ဟုတ်မှာပဲလူလေးရေတဲ့။ အမေလည်း ထမင်းဝိုင်းထိုင်တဲ့အခါတိုင်း လူးလေးတို့ကို ထမင်းဝိုင်းထိုင်တဲ့အခါတိုင်း သတိရတယ်တဲ့။ တကယ်ပါဗျာ ဘ၀ရှေ့ရေးအတွက်ဆိုပြီးသာ ရေခြားမြေခြား ကိုလာပြီး ပညာသင်နေရတာ။ ကိုယ့်မြေကိုယ်ရေမှာလောက်တော့ ပျော်ရွှင်မှုမရှိတာအမှန်ပဲ။ စိတ်ကို အတော်လေးထိန်းရတယ်။


 အညာသားလက်ရာ ချဉ်ပေါင်ကြော်...
ချဉ်ပေါင်ကြော်အကြောင်းကနေ ဘယ်တွေကိုရောက်ကုန်လဲမသိတော့ဘူးဗျာ။ ချဉ်ပေါင်ကြော်နည်း ကတော့လွယ်လွယ်လေးမို့ အထူတလည်မပြောပြတော့ဘူးဗျာ။ အခုဟာကတော့ အရွက်ခြောက်ကို ကြော် ထားတာမို့ မကြော်ခင်ချဉ်ပေါင်ရွက်ခြောက်တွေကို ရေနွေးလေးနဲ့စိမ်လိုက်ပါတယ်။ မျှစ်ကိုအရင်ကြော် ပြီးမှ ချဉ်ပေါင်ရွက်ရေစိမ်ပြီးသားကိုထည့်ပါတယ်။ အိုးကို မီးဖိုပေါ်ကချခါနီးတော့ ငရုတ်သီး၊ ကြက်သွန်ဖြူ နဲ့ နံနံပင်လေးအုပ်လိုက်ပါတယ်။ ချဉ်ပေါင်ကြော်နဲ့ တွဲဖက်စားဖို့ကတော့ ပဲဟင်းချိုးလေးဆို သိပ်ကောင်း တာပေါ့။ ကျုပ်ကတော့ ပဲဟင်းထပ်မချက်ချင်တော့တာနဲ့ ရေနွေးလေးတည်ပြီးတော့ပဲ အရည်သောက်လုပ် လိုက်ပါတယ်။ ထမင်းပူပူလေးကို ချဉ်ပေါင်ကြော်ပူစပ်စပ်လေးနဲ့ တွဲပြီး ရေနွေးပူပူလေး သောက်လိုက်တော့ ထမင်းတစ်နပ်က ပြီးဆုံးသွားတယ်ဗျာ။ တစ်ယောက်ထဲစားရတာဆိုတော့ ထမင်းပွဲကို သေချာမပြင်တော့ ဘူး။ ထမင်းပန်းကန်ထဲမှာပဲ ဟင်းကိုလည်းပုံပြီးတော့ ရေနွေးခွက်လေးနဲ့ ကွန်ပျူတာမှာ ထိုင်စားလိုက်တယ် မဟုတ်ရင် အိမ်ကိုသတိရလွန်းလို့ဗျာ။ တစ်ယောက်ထဲနေရတဲ့ဘ၀က အတော်ကိုဆိုးတာပဲ...။

အားလုံးပဲ ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာရှိကြပါစေ...။
မျိုးခန့်(စကားဝါမြေ)


Sunday, February 3, 2013

စားကြအုံးမလား...ကြက်ဥပြုတ်

ကြက်ဥပြုတ် ရောင်းတာမဟုတ်ဘူးနော်... ကြက်ဥပြုတ်အကြောင်းလေးပြောချင်လို့ပါ...။ဒီနိုင်ငံကလူတွေများ ဘယ်လောက်အကြင်နာတရားကင်းမဲ့သလဲမမေးနဲ့ ကြက်ဥစားတာတောင် အကောင်ပါတာကိုမှ ပြုတ်စားသတဲ့ဗျာ...။ စသိတုန်းက တော်တော်ထူးထူးဆန်းဆန်းဖြစ်မိတယ်ဗျ။ ဒီအတိုင်း အကောင်းမဖြစ်ခင်စားတာတော့ ကျုပ်လည်းစားပါတယ်။ နောက်ပြီး အစာနဲ့ဥတဲ့ကြက်ဥဆိုတော့ အကောင်မပေါက်နိုင်လောက်ဘူးထင်လို့ စိတ်ချလက်ချစားပါတယ်။ ကြက်ဖနဲ့ကြက်မပေါင်းဖက်ပြီးလို့ ရတဲ့ဥဆိုရင်တော့တစ်မျိုးပေါ့။ အခုဟာက အဲ့ဒီအဆင့်ထက်ကျော်လွန်ပြီး ကြက်ပေါက်စလေး အကောင်ဖြစ်နေတဲ့အချိန်ကို ပြုတ်စားကြတာတဲ့ဗျ။ ရွှေညာသားလေးက ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်တာမို့အဲ့လိုပြောသံကြားတာနဲ့တင် ကြက်သီးမွေးညှင်းထမိတယ်။ ကြက်ဥထဲမှာ ကြက်ကလေးအကောင်ဖြစ်စ(၇)ရက်သားကိုပြုတ်စားကြတယ်။ နောက်တစ်ခုက (၁၄) ရက်သားကို ပြုတ်စားတယ်။ (၁၄) ရက်သားဆိုရင်တော့ ကြက်ကလေးက တော်တော်ကို အကောင်အထည်ပေါ်နေပြီပေါ့...။ အသက်လည်းဝင်နေလောက်ပြီ ဒီအခြေအနေမျိုးရှိတဲ့ ကြက်ဥကို မီးဖိုပေါ်တည်ပြီးပြုတ်တော့ အထဲကကြက်ကလေးရဲ့ဒုက္ခတွေးသာကြည့်ကြပေါ့ဗျာ။

ဒီပုံကတော့ ဂူဂယ်ကရှာထားတာပါ....အတူတူပဲ အဲ့ပုံစံလေးတွေ
သူတို့ဆီမှာ ညနေဆိုရင် စက်ဘီးနဲ့လှည့်ရောင်းတယ်ဗျာ။ တခြားစီးပွားရေးလေးများလုပ်စားကြပါလားနော်...။ ဒီလိုဆို ကျွဲ၊နွား၊ကြက်၊၀က် သတ်တဲ့သူတွေဘယ်လိုလုပ်မလဲမေးကောင်းမေးမှာပေါ့။ ဗုဒ္ဓဘာသာအရ စဉ်းစားရင် သူများအသက်သတ်တာမို့ ဘယ်ဟာမှတော့မကောင်းပါဘူး။ ကျုပ်ဒီနိုင်ငံကိုရောက်ခါစကဆို တော်တော်လေးကိုအံ့သြတာ။ သူတို့အစားအသောက်ကဘယ်လိုကြီးလဲပေါ့။ဒါကို ဆရာမနဲ့ပြောဖြစ်တော့ သူကပြောသေးတယ် အိပ်ရေးပျက်တဲ့သူတွေ အတွက်ကောင်းတယ်တဲ့။ ညအချိန်မတော်အထိစာကျက်တဲ့ကျောင်းသားတွေ စားသင့်တယ်လို့အကြံပေးသေးတယ်။ ငါတော့ အားမပြည့်လည်းနေပါစေ စားတော့ဘူးလို့ပြောလိုက်တယ်။ ဆရာမက သူလည်းစားတယ်တဲ့။ ကောင်းတယ်ဆိုပဲ။ 

ကျုပ်ကတော့အသံကြားရင်ကို အံချင်လွန်းလို့။ စားဖို့ဝေးစွ သူများစားတာမြင်ရင်ကို ကြက်သီးထလွန်းလို့ပါဗျာ။ ဒါကို သူငယ်ချင်းတစ်ယောက်က အခန်းကိုလာလည်ရင်း အဲ့ဒီကြက်ဥတွေ လေးလုံးဝယ်လာတယ်။ မင်းတို့ရောစာဖို့တဲ့။ တော်ပြီငါတို့ကမစားချင်ဘူးလို့ စားလည်းမစားရဲဘူးလို့ငြင်းလိုက်တယ်။သူကတော့ ကျုပ်တို့ရှေ့မှာတင်ကြက်ဥကိုခွဲပြီးတော့ တစ်ဆင့်ချင်းစားပြနေသေးတယ်။ပါးစပ်ကလည်း အရသာရှိတယ် yummy yummy တဲ့။ အများကြီးစားရင်တော့ ခေါင်းကိုက်တယ်လို့ပြောတယ်။ ကိုလက်စ်ထရော ပါဝင်မှုများလို့တဲ့။ ဒါတောင်သူတော့နှစ်လုံးကုန်အောင်စားတယ်။ တကယ်ပါ သူစားနေတာကိုကြည့်ပြီး ကျုပ်ခေါင်းက ကြီးကြီးလာတယ်။ ပြန်တော့ ကျန်တဲ့နှစ်လုံးကို ကျုပ်စားဖို့ဆိုပြီးထားခဲ့သေးတယ်ဗျာ။ ဘယ်ရမလဲ အောက်ထပ်က အဆောင်စောင့်ကိုသွားပေးလိုက်တယ်။


မစားရလို့ အဟာရမဖြစ်ရင်လည်းနေပါစေ...။ဒီလိုမျိုးကြက်ဥပြုတ်တော့ မစားပါဘူး။စားချင်သပါ့ဆိုရင်တော့ ပုံထဲမှာမြင်ရတဲ့အတိုင်း သေချာလေးကြည့်ပြီးတော့ စားသင့်မစားသင့်ဆုံးဖြတ်နော်။ အခုဒီပို့စ်ရေးနေတုန်းကို အဆောင်အောက်လမ်းပေါ်က အော်သံကြားလိုက်ရသေးတယ်ဗျ။ "ဘလို ဘလို” တဲ့ သူတို့ဘာသာစကားနဲ့အော်တာ။ ကြက်ဥဖြစ်ရတာတောင် နိုင်ငံနဲ့လိုက်ပြီး အပြုတ်ခံရတာက ကွာသေးတယ်...။မြန်မာပြည်ကကြက်ဥလေးတွေ ကံကောင်းတယ်နော်...။ဗဟုသုတအဖြစ်တင်လိုက်တာပါ...။ စားချင်သပါ့ဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကိုသာ လာခဲ့ဗျာ...။ ထူးထူးဆန်းဆန်းတွေ ကျန်သေးတယ် နောက်တော့ဆက်ပြောပြအုံးမယ်...။ 
 မျိုးခန့် (စကားဝါမြေ)

နှစ်နှစ်ပြည့်မွေးနေ့....


ရွှေညာသားလေးဆိုတဲ့ ဘလော့လေးကိုဖြစ်တည်လာခဲ့တာ ဒီနေ့ဆိုနှစ်နှစ် တင်းတင်းပြည့် ခဲ့ပါပြီ။ ဖြတ်သန်းခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာပြောပြချင်တာလေးတွေ၊ရေးချင်တာလေးတွေ မျှဝေခွင့်ရလို့ ၀မ်းသာပီတိဖြစ်မိပါတယ်။ မှတ်မှတ်ရရ ဒီဘလော့လေး စတင်ဖန်တီးချိန်တုန်းက အမေ့အိမ်နဲ့ဝေးနေချိန်မှာပါ။ အခုလည်း အမေ့အိမ်နဲ့ ဝေးတဲ့နေရာမှာပဲ ဒီပို့စ်လေးကို ပြန်ရေးဖြစ်တယ်။ တကယ်တော့ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ဘယ်လိုမှမျှော်လင့်မထားခဲ့ပါဘူး။ ရွှေညာသားလေးအတွက်တော့ ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတာ သိပ်မှန်တာပဲ။ တကယ်တမ်းပျော်တာက အညာကအမေ့အိမ် အခုရောက်နေတာက အမေ့အိမ်နဲ့ဝေးတဲ့နေရာတိုင်းပြည်မှာ...။ ဘ၀က တကယ်ထူးဆန်းတာပဲ...။ ဘာပဲဖြစ်ြဖစ် ဒီလိုနေရာရောက်နေလို့ ကိုယ့်ရွာအကြောင်း၊ ကိုယ့်ဒေသအကြောင်းလေးတွေကိုမျှဝေခွင့်ရတာမို့ ကျေနပ်ပါတယ်။ ရွှေညာသားလေးဆီကို လာလည်ကြတဲ့ ညီအစ်ကိုမောင်နှမများကိုလည်း အထူးကျေးဇူးတင်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ....။
မျိုးခန့်(စကားဝါမြေ)