မနေ့က သင်္ကြန်ထွက်လည်မယ်ဆိုတဲ့အတိုင်း ညနေဘက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ မြို့ထဲကို လျှောက်လည်ဖြစ်ပါတယ်။ အဆောင်ကနေထွက်ခါစတော့ အေးအေးချမ်းချမ်းပါပဲ... မြို့ထဲရောက်တော့ ဆိုင်ကယ် အိတ်ဇောတွေကို ဖွင့်ပြီးအဖွဲ့လိုက် သောင်းကျန်းနေတဲ့ လူငယ်အများစုကို တွေ့ရတော့တာပါပဲ။ ရေပက်ခံရဖို့ထက် သူတို့ဆိုင်ကယ်တွေနဲ့ တိုက်မိမှာစိုးလို့ ရှောင်နေရတာက တစ်လမ်းလုံးဆိုပါတော့...။ တချို့က ဆိုင်ကယ်ပေါ်ကနေ ခုန်နေသေးတယ် ပတ်ဝန်းကျင်တစ်ခုလုံး ဆိုင်ကယ်စက်သံဆူညံနေတာက သင်္ကြန်ဆိုတာထက် လူငယ်တွေရဲ့ ဆိုင်ကယ် ပုံစံမျိုးစုံနဲ့ စည်းကမ်းမဲ့စွာ စီးတဲ့ပွဲလို့နာမည်ပြောင်းရမလိုပါ။ ပျော်တာလဲပျော်ပေါ့လေ ဒါပေမဲ့ စည်းလွတ်ကမ်းလွတ်တော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာကိုလည်း ဂရုမစိုက် အသံမျိုးစုံထွက်တဲ့ ဆိုင်ကယ်တွေနဲ့ အဖွဲ့လိုက် အဖွဲ့လိုက် အော်ဟစ်နေတဲ့ လူငယ်အများစုကိုတွေ့ရပါတယ်။ အဆိုးဆုံးက ဆိုင်ကယ်သံတွေပါ လူကြားထဲရောက်ရင် လီဘာကိုအတင်းဆွဲညှစ်တော့ အသံတွေက နားကွဲမတတ် ဆူညံလွန်းပါတယ်။ သူတို့တွေအတွက်တော့ သာယာတဲ့တေးဂီတသံ ထင်မှတ်ပြီး ကခုန်မြူးထူးနေတာပါပဲ။ တစ်ရက်လေး ထွက်လည်မိပါတယ် တစ်ခါတည်းကို စိတ်ကုန်သွားတာပဲဗျာ...
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဆိုတဲ့စကားနဲ့အညီ ယဉ်ယဉ်ကျေးကျေးနဲ့ ရေပက်ဆော့ကစားတာက တော်တော်ကို ရှားနေပါပြီ။ တစ်နေရာမှာတော့ စင်တင်တေးဂီတနဲ့ ဖျော်ဖြေလေ့ရှိတဲ့ စားသောက်ဆိုင်ရှေ့က ရေကစား မဏ္ဍပ်ရှေ့ကို သူငယ်ချင်းနှစ်ယောက်ရောက်သွားခဲ့ပါတယ်။ လူတွေများလွန်းလို့ မဏ္ဍပ်ရှေ့ကဖြတ်ဖို့ နာရီဝက်လောက်စောင့်ရပါတယ်။ မဏ္ဍပ်ပေါ်မှာတော့ အမြင်မတော်တဲ့ အ၀တ်အစားတွေနဲ့ သင်္ကြန်အကဆိုတာနဲ့ မသက်ဆိုင်တဲ့ ကကွက်တွေကို ကပြဖျော်ဖြေနေတဲ့ မိန်းမပျိုလေးတွေကို မြင်ရပါတယ်။ ဒါကြောင့်လည်း လူစည်တာထင်ပါတယ်။
ကျုပ်က တောရွာသားစစ်စစ်ပါ အခုမှ မြို့ပေါ်မှာနေရတာ။ လူငယ်ဘ၀က ဖြတ်သန်းလာရသူတစ်ယောက်ပါပဲ လူငယ်သဘာဝ ပျော်ရွှင်တတ်တာကိုတော့ နားလည်ပေးပါတယ်။ တောမှာဆိုတော့ တောသဘာဝနဲ့ပဲ ပျော်ရွှင်ခဲ့ဖူးတာပေါ့။ ဒါပေမဲ့ ဒီလောက်ဆိုးဝါးတဲ့ ပျော်ရွှင်မှုမျိုးကိုတော့ မခံစားချင်ပါဘူး။ ကိုယ်တိုင်အတွက် ပျော်စရာဖြစ်ပေမဲ့ တခြားသူ ပတ်ဝန်းကျင်အတွက်တော့ ဘယ်လိုနည်းနဲ့မှ ပျော်စရာဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြားထဲ ကိုယ့်ပျော်ရွှင်မှု ကြောင့် တပါးသူကို အန္တရာယ်ဖြစ်စေတာကလည်း ရှိပါသေးတယ်။ အထက်ကပြောခဲ့တဲ့ ဆိုင်ကယ်စီးခြင်းမျိုးတွေပေါ့ လူကြားထဲရောက်လို့ ဆိုင်ကယ်လီဘာကို အတင်းဖိဆွဲပြီး အရှိန်မထိန်းနိုင်ရင် ဘေးကလူကိုတိုက်ဖို့က သေချာပါတယ်။ အဲ့ဒီလိုဖြစ်တာကိုလည်း နှစ်ခါသုံးခါလောက်လည်း မြင်ခဲ့ပါသေးတယ်။ ကျုပ်တော့ သူတို့တွေကြည့်ပြီး ကျောချမ်းမိတယ်။
သင်္ကြန်ကို မလည်ဖြစ်တာကြာလို့ မျက်စိစိမ်းနေတာပဲလားတော့မပြောတတ်ပါဘူး။ မြင်တွေ့ရတဲ့ မြင်ကွင်း အတော်များများ ကတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာနဲ့ တော်တော်လေးကို ကင်းကွာနေတယ်ထင်ပါတယ်။ မြို့ထဲ နေရာအတော်များများလည်လို့ အပြီးမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတာနဲ့ ကျုပ်တို့တွေ အဆောင်ကို ပြန်လာခဲ့ပါတယ်။
အဆောင်ရောက်တော့ ရေမိုးချိုးပြီး မိတ္တီလာကန် အနောက်ထိပ်က ဗဟိုရေကစား မဏ္ဍပ်ကို နောက်တစ်ခေါက် ထွက်ခဲ့ပါတယ်။ မဏ္ဍပ်ရှေ့ရောက်မှပဲ သင်္ကြန်ဒိုးသံလေးကြားရတော့ သင်္ကြန်ဆိုတဲ့ အရသာကို ခံစားရပါတယ်။ သြော် ဒါမျိုးလေးတွေ ရှိသေးလို့ တော်သေးတာပေါ့လို့ စိတ်ထဲကရေရွတ်မိပါတယ်။ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်တွေက သင်္ကြန်ယိမ်းအကအဖွဲ့တွေ ယဉ်ယဉ်ကျေးကျေးနဲ့ ကပြယှဉ်ပြိုင်ကြတာပါ။ မြန်မာဆန်ဆန် အ၀တ်အထည်လေးတွေ ကိုယ်စီဝတ်ဆင်ပြီး ညီညီညာညာ ကပြယှဉ်ပြိုင်တာကို မြင်ရတာဖြင့် ဘ၀င်အေးစရာ ကောင်းလှပါတယ်။ ဆုပေးမဏ္ဍပ်ဖြစ်တာကြောင့် စနစ်ကျကျ ကပြယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။ ဒီလိုမဏ္ဍပ်မျိုးတွေ နေရာတိုင်းမှာ တိုးပွားလာအောင် လုပ်နိုင်ရင်တော့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဆိုတာ ဒါပါပဲလို့ ပြောပြနိုင်စရာ ကျန်နေဦးမှာပါ...။
ဒီပို့စ်လေးက ရွှေညာသားလေး ကျုပ်ရဲ့ အမြင်မျှသာဖြစ်ပါသည်။ စာဖတ်သူ ကျုပ်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ သဘောမတွေ့ဘူးဆိုရင် ကျုပ်ကိုခွင့်လွတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ မြင်ခဲ့ရတာ၊ ကြားခဲ့ရတာ လေးတွေကို မျိုသိပ်မထားနိုင်လို့ သင်္ကြန်တွင်းအမှတ်တရ ပို့စ်လေးရေးလိုက်တာပါ။ ဒီပို့စ်ရေးနေတုန်းတောင် လမ်းပေါ်က ဆိုင်ကယ်သံဆူဆူညံညံတွေ ကြားနေရလို့ ကျောချမ်းနေမိတယ်။ အားလုံးသော ကျုပ်မိတ်ဆွေ ညီအစ်ကိုမောင်နှမတွေ ဘေးဘယာဝေးကွာ ကျန်းမားချမ်းသာကြပါစေဗျာ။
အားလုံးကို လေးစားလျက်
ရွှေညာသားလေး
0 comments:
Post a Comment