Pages

Sunday, October 9, 2011

သီတင်းကျွတ်ပြီ...

ဘာလိုလိုနဲ့ သီတင်းကျွတ်လတောင်ရောက်လာပြီနော်... သီတင်းကျွတ်ဘုရားပွဲနဲ့ ဝေးနေတာ သုံးနှစ်လောက် ကြာသွားပြီဆိုတော့ ဒီနှစ် သီတင်းကျွတ်ဘုရားပွဲကို ပြန်ပြီးဆင်နွှဲဖို့ ရွှေညာသားတို့ အားခဲထားတယ်ဗျ။ အလုပ်ကိစ္စလေးတွေနဲ့မို့ ပြန်ရောက်ကတည်းက ရွာကို တစ်ညအိပ်ပဲ ရောက်သေးတယ်။ ရွာကဆွေမျိုးတွေက မင်း ငါတို့ရွာလာပြီး တစ္ဆေခြောက်တာလားတဲ့။ ပြောမယ်ဆိုလည်း  ပြောစရာပဲလေ။ ကျွန်တော်သွားတာကလည်း ညရောက်မနက်ပြန်ဆိုတော့ ဆွေမျိုးတွေအိမ်ကိုတောင် နှံ့အောင်မရောက်ခဲ့ဘူး။ ၀န်းထမ်းဆိုတော့လည်း နေချင်သလိုနေလို့မရဘူးလေ တာဝန်ဆိုတာကလည်း ရှိသေးတော့ ဆွေမျိုးတွေကို သီတင်းကျွတ်မှပဲ အေးအေးဆေးဆေး လာခဲ့မယ်ဆိုပြီး နှစ်သိမ့်ခဲ့ရတယ်။ 

ဟော အခုသီတင်းကျွတ်ပြန်တော့လည်း ကျောင်းမှာက အလုပ်တွေကများသား။ ကျောင်းသားတွေ ကျောင်းပိတ်ပေမဲ့ ဆရာတွေမှာက ကျောင်းပိတ်ရက်ဆိုတာမရှိဘူးဗျာ။ ဒေးပြီးတော့ အဝေးသင်စာမေးပွဲ အဝေးသင်စာမေးပွဲပြီးတော့ ဒေးတွေကျောင်းပြန်ဖွင့်နဲ့ ဆက်တိုက်ပါပဲ။ အဝေးသင်ကလည်း အခုမှ တစ်သုတ်ပဲ ဖြေရသေးတယ်။ နောက်ထပ်နှစ်သုတ်ကျန်သေးတယ်ဆိုပဲ။ ဒုတိယအသုတ်ဖြေမယ့်အချိန်က ရွာဘုရားပွဲရက်နဲ့ တိုက်နေလို့ အခန်းစောင့်ရက်ကို နောက်ဆုံးနေ့တွေမှ ပါရင်ကောင်းမှာပဲလို့ စိတ်ထဲကနေ ဆုတွေတောင်းနေမိတယ်။ ရွာဘုရားပွဲနဲ့ ဝေးနေခဲ့တာ ကြာပြီဆိုတော့ ဒီနှစ်ကို အတော်လေး အားခဲထားတာ။ ပြန်ရောက်ပြီးကတည်းက ရွာမှ ငယ်ပေါင်းသူငယ်ချင်းတွေနဲ့လည်း စကားကို အေးအေးဆေးဆေး မပြောရသေးဘူးလေ။ နောက်ပြီး ရွာဘုရားပွဲမှာ ကျွေးတဲ့ ဖရုံသီးနဲ့ ၀က်သားရောချက်တဲ့ ဟင်းကိုလည်း မစားရတာ ကြာလှပေါ့။ အခုအချိန်က ရွှေညာသားတို့ ရွာမှာ ဖရုံသီးတွေ အတော်လေးပေါတာလေ။ နှစ်စဉ် ရွာဘုရားပွဲဆိုရင် ဖရုံသီးနဲ့ဝက်သားရောချက်ပြီး ကျွေးနေကြမို့ ဒီနှစ်လည်း အစဉ်အလာ မပျက်ကျွေးမှာသေချာတယ်။

ဘယ်အရပ်ဘယ်ဒေသ ပဲရောက်ရောက် ကျွန်တော့်အတွက်တော့ ကိုယ့်ရပ်ကိုယ့်ရွာက ဓလေ့စရိုက် လေးတွေကို အမြဲတမ်း သတိရတယ်။ အညာဓလေ့ သီတင်းကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တဲ့ သူတွေကလည်း ပေါမှပေါလေ။ ဒါကြောင့် သူငယ်ချင်း အချင်းချင်းတွေ့ရင် "ဟေ့ကောင် မင်း သီတင်းမကျွတ် သေးဘူးလား" ဆိုပြီး စကြတယ်။ ဆိုလိုတာက ဟေ့ကောင် မင်း မင်္ဂလာမဆောင် သေးဘူးလားလို့ သွယ်ဝိုက်ပြီး မေးတာပေါ့။ သီတင်းမကျွတ်တဲ့ သူတွေက ၀ါဆိုဦး ရောက်ရင် မင်္ဂလာဆောင်ကြတယ်။ ဒီနှစ်က အညာမှာ မိုးတွေကလည်း ကောင်းချက် လွန်ရောပဲ။ နှမ်းတွေလည်း ရကြတယ်။ အညာက တောင်သူတွေ လယ်ယာလုပ်ငန်း အဆင်ပြေကြတယ်လို့ ဆိုရမှာပေါ့။ စပါးတွေကတော့ အနှံတွေထွက်တဲ့လယ်ကထွက်၊ တချို့လယ်တွေက ဖုံးတုန်း လုံးတုန်း ပေါ့။ ဒီအကြောင်းတွေက ရွာပြန်ရောက်လို့ သိရတာမဟုတ်ရပါဘူး၊ ရွာကညီဝမ်းကွဲတစ်ယောက် အဝေးသင်လာဖြေရင်း ပြောပြလို့ သိရတာပါ။

နောက်ပြီး သူကပြောသေးတယ် အကို ရွာပြန်မလာတော့ဘူးလားတဲ့။ ဒီနှစ်ရွာဘုရားပွဲက ကထိန်နဲ့ တွဲပြီး လုပ်မှာ၊ ကထိန်ကလည်း အရင်နှစ်တွေကလို တစ်ဦးတည်း ကထိန်မဟုတ်ဘူး စုပေါင်းဘုံကထိန် လုပ်မှာတဲ့လေ။ အလိုလိုမှ ရွာကိုပြန်ချင်နေပါတယ်ဆို သူကလာပြီး နှိုးဆွနေသေးတယ်။ အဲ့ဒီတော့ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်မှာပေါ့၊ ကျောင်းမပိတ်ရင် ခွင့်တင်ပြီးတော့ကို ပြန်လာခဲ့မယ်လို့ ပြောလိုက်တယ်။ ပြီးတော့မေးလိုက်သေးတယ်  အကို သီတင်းကျွတ်တော့မှာလားတဲ့ဗျာ။ ဒီမေးခွန်းအတွက် အဖြေပေးစရာက မရှိတော့ အင်း သီတင်းတော့ မကျွတ်သေးဘူးကွာ ၀ါဆိုဦးမှပဲလို့ ဖြေလိုက်ရတယ်။ ဘာခက်လဲနော့ ၀ါဆိုဦးကျတော့ သီတင်းကျွတ်မှလို့ ပြောင်းလိုက်ယုံပဲလေ ဟဲဟဲ...။

ရွာကပြန်လာရင်တော့ ဘုရားပွဲအကြောင်းလေးတွေကို ပြန်ရေးပေးမယ်နော်။ မြန်မာပြည်က ကွန်နက်ရှင်နဲ့ ဓာတ်ပုံလေးတွေတော့ တင်လို့ မလွယ်ဘူးဂျာ...။ ကျွန်တော်အတွက် ဒီလောက် စာလေးရေးလို့ရတာကိုပဲ သိန်းဆုပေါက်သလို ခံစားပြီး ၀မ်သာပီတိဖြစ်ရတယ်။ အဝေးရောက်နေတဲ့ ကျွန်တော့် ညီအစ်ကို မောင်နှမတွေလည်း သီတင်းကျွတ်လား ၀ါဆိုဦးလား အစီအစဉ်ရှိရင် အသိပေးအုံးနော်...။ လက်ဖွဲ့လေး ဘာလေး ပို့ပေးရအောင်လို့ပါ။ ကျွန်တော်ကတော့ တခုသော သီတင်းကျွတ်မှာ ဖြစ်မှာပေါ့ ဘယ်သီတင်ကျွတ်လဲ ဆိုတာကတော့.....။

ဒီနှစ်သီတင်းကျွတ်ကတော့ အဖိုးအဖွားတွေကို ကန်တော့ရင်း၊ မရောက်တာကြာပြီဖြစ်တဲ့ ရွာကဘုရားပွဲကို ဆင်နွှဲရင်း၊ မစားရတာ ကြာပြီဖြစ်တဲ့ ဖရုံသီးများများ ၀က်သားနည်းနည်း ရောချက်တဲ့ အညာဟင်းလေးကို သွားလွေးရင်း၊ သူငယ်ချင်းတွေထဲက သီတင်းကျွတ်မည့်သူကို လက်ဖွဲ့ရင်း ရွာကိုပြန်ဖို့ အစီအစဉ်တွေ ဆွဲထားလေရဲ့ဗျာ....။

လိုက်ချင်တဲ့သူတွေကို စရိတ်ငြိမ်းခေါ်ပါတယ်...စာရင်းပေးလို့ရပါပြီ.....။
အစားအသောက်ကတော့ ဘုရားပွဲကကျွေးတဲ့ အညာထမင်းဟင်းပေါ့ဗျာ။ နောက်ပြီး ပုပ္ပားတောင် အနီးတ၀ိုက်က ထွက်တဲ့ ရခိုင်ငှက်ပျောသီး ၀၀တုတ်တုတ်တွေရယ်၊ အညာမုန့်ဆီကြော်တွေရယ်လည်း ကျွေးအုံးမယ်။
အားလုံးကို လေးစားလျက် 
ရွှေညာသားလေး

Friday, October 7, 2011

သဘာဝတရား၏အဆုံးအဖြတ်များ

  • ကံချင်းတူလျှင် ဥာဏ်သာတဲ့သူက အနိုင်ရတယ်။
  • ဥာဏ်ချင်းတူလျှင် ဝီရိယသာတဲ့သူက အနိုင်ရတယ်။
  • ဝီရိယချင်းတူလျှင် စည်းကမ်းရှိတဲ့သူက အနိုင်ရတယ်။
  • စည်းကမ်းရှိတာချင်းတူလျှင် စေတနာရှိတဲ့သူက အနိုင်ရတယ်။
  • စေတနာရှိတာချင်းတူလျှင် ရိုးဖြောင့်တဲ့သူက အနိုင်ရတယ်။
  • ရိုးဖြောင့်တာချင်းတူလျှင် အပြောချိုသူက အနိုင်ရတယ်။  
အထက်က စာသားလေးတွေက တစ်ဆောင်တည်းနေ ရုံးဝန်ထမ်းအစ်ကို တစ်ယောက်ရဲ့အခန်းကို အလည်သွားရင်းနဲ့ သဘောကျလို့ကူးလာတာလေးပါ။ ကျွန်တော်ညီအစ်ကိုမောင်နှမတွေအတွက် မျှဝေပေးတာပါ။ ဘဝမျိုးစုံကို ဖြတ်သန်းနေကြရတဲ့ ကျွန်တော်တို့ လောကီလူသားတွေအတွက် တစ်ထောင့်တစ်နေရာကတော့ အသုံးတည့်မည်ထင်ပါတယ်။
အားလုံးကို လေးစားလျက်
ရွှေညာသားလေး


Tuesday, October 4, 2011

ဆရာဆိုတာ တစ်ခါတုန်းက ကျောင်းသားပါပဲ....

           စာရေးချင်တာတွေက များနေတော့ ဘယ်ကနေ ဘယ်လိုစပြီး ရေးရမယ်မပြောတတ်တော့ဘူးဗျာ။ ဒါပေမဲ့ အခုလောလောဆယ် ရွှေညာသားလေး လုပ်ဆောင်နေရတာလေးတွေနဲ့ ပတ်သက်ပြီး ရေးဖို့စိတ်ကူးမိတာကြောင့် ဒီပို့စ်လေးကို ဘလော့ခ်ကို ပြန်ရောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ရေးလိုက်ပါတယ်။
           ပေးထားတဲ့ ခေါင်းစဉ်လေးအတိုင်းပါပဲ ရွှေညာသားလေးဟာ အရင်တုန်းကတော့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုတော့ မြန်မာပြည်အလယ်ပိုင်းက တက္ကသိုလ်တခုမှာ  ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတယ်။ ဒီတက္ကသိုလ်မှာ ကျွန်တော်ဘ၀ အတွက် အမှတ်တရ ဖြစ်စရာလေးတွေ အများကြီးကြုံခဲ့ရတယ်။ အဲ့ဒီအထဲကမှ ပူပူနွေးနွေး ကြုံတွေ့ခဲ့ရတာလေးကတော့ လွန်ခဲ့တဲ့ (၈) နှစ်ကျော်လောက်တုန်းက ကျွန်တော်ကိုယ်တိုင် ကျောင်းသားအဖြစ်နဲ့ စာမေးပွဲ ၀င်ဖြေခဲ့တဲ့ ကျောင်းစာသင်ခန်းတွေမှာ စာမေးပွဲခန်းစောင့် တာဝန်ပြန်ကျခဲ့တာပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀အကြောင်းနဲ့ ထင်ဟပ်တဲ့ ပို့စ်လေးတွေကို အရင်က ကျွန်တော်ရေးခဲ့ဖူးပါတယ်။ ဘ၀မှာ တစ်ခါတလေကျတော့ မမျှော်လင့်တာတွေ ဖြစ်တတ်တယ်ဆိုတာ တကယ်မှန်တာပဲနော်။
              ပထမဦးဆုံး စာမေးပွဲ အခန်းစောင့်တာဝန်ကျတဲ့နေ့ကဆို စိတ်ထဲမှာ ဘယ်လိုကြီးမှန်းကို မသိပါဘူး။ ကျောင်းသားဘ၀တုန်းက စာမေးပွဲစဖြေမယ်နေ့ဆိုရင် ကျက်မှတ်ထားတဲ့ စာတွေကို ခေါင်းထဲမှာစဉ်စားရင်း စာမေးပွဲဖြေဆိုမယ့် အခန်းရှေ့မှာ ကျောင်းတက်ခေါင်းလောင်းထိုးမည့်အချိန်ကို စောင့်ခဲ့ရတာတွေ၊ ဘယ်လောက်ပင် စာရသော်လည်း စာမေးပွဲဆိုတဲ့ ဖိအားကြောင့် အနည်းနဲ့အများတော့ ရင်ခုန်မိတာ ကျောင်းသားတိုင်း ကြုံးဖူးမှာပါ။ အဲ့ဒီလို အချိန်ကာလတော်တော်များများကို ဖြတ်သန်းလာခဲ့ပြီးတဲ့ ကျွန်တော်...
              ဒီနေ့မှာတော့ ကျောင်းကထုတ်ပေးထားတဲ့ ယူနီဖောင်းနဲ့တိုက်ပုံကိုဝတ်ပြီး မိမိတာဝန်ကျရာ အခန်းကို အဖြေလွှာစာအုပ်တွေကိုင်ပြီး ခပ်သွက်သွက်လျှောက်သွားမိတယ်။ အခုခေတ် တက္ကသိုလ်ကျောင်းသူကျောင်းသားနဲ့အရွယ်က သိပ်မကွာလှတာမို့ ယူနီးဖောင်းသာဝတ်မထားရင် ဆရာမှန်းသိမှာ မဟုတ်ဘူး။ စာမေးပွဲဖြေမည့် ကျောင်းသား တစ်ယောက်လို့ပဲထင်မှာ။ နောက်နှစ်ကျောင်း ပြန်ဖွင့်လို့ အတန်းဝင်ရရင် ဘယ်လိုဖြစ်မလဲဆိုတာကို တွေးပြီး ရင်တုန်မိသေးတယ်။ ကျောင်းသားတွေကလည်း ဆရာငယ်ငယ်ဆိုရင် ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးမျိုးတွေ။
                   ကျောင်းသားဘ၀တုန်းကတော့ ဒီလိုဘယ်ဟုတ်မလဲ သင်သမျှစာကို ကျက်မှတ်တွက်ချက်ပြီး မေးလာတဲ့ မေးခွန်းကိုဖြေဆိုဖို့အတွက် ပြင်ဆင်ရင်း စာမေးပွဲခန်းကို စိတ်လှုပ်ရှားစွာနဲ့ ၀င်ခဲ့ရတာပေါ့။ အခုတော့ စာဖြေသူအဖြစ်မဟုတ်တော့ဘဲ စာဖြေသူတွေကို ကြီးကြပ်ရတဲ့ တာဝန်နဲ့ဆိုတော့ ကျောင်းသား ဘ၀တုန်းကထက် ပိုပြီးတော့ စိတ်လှုပ်ရှားမိတယ်။ အခန်းမှာဖြေဆိုမည့်ကျောင်းသူကျောင်းသားတွေ စည်းကမ်းရှိရှိ စာမေးပွဲဖြေဆိုစေဖို့ စာမေးပွဲခန်းစောင့်တဲ့ ကြီးကြပ်ရေးမှူးများမှာ လုံးဝတာဝန်ရှိတယ်လို့ မှာကြားထားတာကလည်းရှိသေးတယ်။ နောက်ပြီး ကိုယ်စောင့်တဲ့အခန်းက ပြဿနာဖြစ်ရင် အခန်းစောင့်တဲ့ ဆရာဆရာမတွေ တာဝန်ရှိတယ်ဆိုတော့ ကျောင်းသားအဖြစ်နဲ့ စာမေးပွဲဖြေခဲ့တုန်းကထက် တာဝန်ပိုကြီးတယ် ဆိုတာကို သိလာရတယ်။ စာမေးပွဲဖြေတဲ့ အချိန်သုံးနာရီအတွင်း ကျောင်းသူကျောင်းသားတွေ စာမေးပွဲကို ကိုယ့်အားကိုကိုးပြီး ဖြေဆိုနိုင်ဖို့၊ အေးဆေးတည်ငြိမ်စွာဖြေဆိုနိုင်ဖို့၊ အခန်းထဲမှာ တခြားကြီးကြပ်ရေးမှူးများနဲ့အတူ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရတာကလည်း အမောပါပဲ။ ကျောင်းသူကျောင်းသားတွေ စာမေးပွဲဖြေဆိုတဲ့ အချိန်သုံးနာရီအတွင်းမှာ ဘာပြဿနာမှ မဖြစ်ဖို့ စိတ်ထဲကနေ ဆုတောင်းရသေးတယ်။ 
              တကယ်တမ်းကျတော့ လုပ်သက်အားဖြင့်ရော၊ အတွေ့အကြုံအားဖြင့်ရော အစစအားနည်းသေးတဲ့ ဆရာပေါက်စတစ်ယောက်အတွက် စာမေးပွဲခန်းစောင့် တာဝန်ဆိုတာ မလွယ်ကူလှမှန်း ကိုယ်တိုင်ကြုံမှ သိတော့တယ်ဗျ။ ကျောင်းသားဘ၀တုန်းကတော့ ကိုယ်ဖြေဆိုရမည့်အခန်းကိုသွား ကိုယ့်ခုံအမှတ်နေရာမှာ ၀င်ထိုင်ပြီး မေးလာတဲ့ မေးခွန်းမှာ ကိုယ်သိသမျှ၊ ရသမျှဖြေဆိုပြီးရင် အခန်းစောင့်ဆရာဆရာမဆီမှာ အဖြေလွှာအပ်ပြီးထွက်လာခဲ့ယုံပဲလေ။ ဆရာအဖြစ်နဲ့ ကျတော့ အဲ့ဒီလိုမဟုတ်တောပြန်ဘူး။ ကိုယ့်ဆီလာအပ်တဲ့ အဖြေလွှာစာအုပ်မှာ ခုံအမှတ်ရေးတာမှန်မမှန်၊ ထုတ်ပေးတဲ့ ဖြေလွှာစာအုပ် ဟုတ်မဟုတ်၊ မမှန်မကန်လုပ်ပြီး ဖြေတာတွေ ဖြေလွှာစာအုပ်မှာ ပါမပါ စတာတွေကို စနစ်တကျ စစ်ဆေးပြီးမှ လက်ခံယူရတယ်။ 
                  ကျောင်းသားဘ၀နဲ့ စာရင် ဆရာလုပ်ရတဲ့ ဘ၀က အစစအရာရာမှာ တာဝန်ပိုကြီးတယ်ဆိုတာ ကိုယ်တိုင်ကြုံတော့မှ သိလာရတယ်ဗျာ။ ပထမဆုံး နေ့မှာတော့ အခန်းစောင့်တာဝန်ကို ပထမဆုံးလုပ်ဖူးတာမို့ စိတ်လှုပ်ရှားမိတယ်။ နောက်နေ့တွေကျတော့လည်း အရင်နေ့က အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားမှု့သိပ်ပြီးမခံစားရတော့ပေမဲ့ စာမေးပွဲဖြေဆိုတဲ့အခန်းတွင်းမှာ လမ်းလျှောက်ရတာတော့ ခြေသလုံးတွေကို တောင့်တင်းနေအောင်ပါပဲ။ ကျောင်းသူကျောင်းသားတွေကတော့ ဒီဆရာပေါက်စ ထိုင်ကိုမနေဘူး လို့ထင်မှာပဲနော်။ ဒါပေမဲ့လည်း တာဝန်က တာဝန်ပဲလေ။ ဘယ်တတ်နိုင်မှာလဲ။ 
                ဆရာဘ၀နဲ့ ကျောင်းသားဘ၀ ကွာခြားတာတွေကလည်း ရှိသေးဗျာ။ ပြောရရင်တော့ အများကြီးပါပဲ။အခုတော့ မနက်ဖြန် စာမေးပွဲခန်းစောင့်ရအုံးမှာမို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်...နောက်နေ့မှ ကွန်နက်ရှင်ကောင်းရင် ဆက်ပြီးရေးပါအုံးမယ်။ ဘလော့ခ်မှာ စာမရေးဖြစ်တာ နှစ်လကျော်လောက်ကြာသွားလို့ ဖတ်ရတာ အဆင်မပြေရင် သည်းခံပြီး ဖတ်ပေးပါနော်...။

အားလုံးသော ကျွန်တော်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

Monday, October 3, 2011

အတိုင်းမသိ ၀မ်းသာမိခြင်း

ဒီနေ့တော့ ကျွန်တော်ရွှေညာသားလေး အတိုင်းမသိ ၀မ်းသာပီတိဖြစ်ရတဲ့နေ့လေးပါ။ ဘာလို့လဲ ဆိုတော့ နှစ်လကျော်နီးပါး ကင်းကွာနေခဲ့တဲ့ ကျွန်တော်ရဲ့ ဘလော့အိမ်လေးဆီကို ပြန်ရောက်ခဲ့လို့ပါပဲ။ ဘာပဲပြောပြော အခုလိုလေး ပြန်ဝင်ခွင့်ရတာကိုပဲ ကျွန်တော်အရမ်းကျေနပ်မိတယ်။ အရင်ရက်တွေကတော့ ဒီအတိုင်းပဲ ၀င်ကြည့်ပြီး ဘာမှမရေးခဲ့နိုင်ဘူးလေ။ ပြောချင်တာလေးတွေကို စီဘောက်ကနေ ရေးပြောနေရတဲ့ ကျွန်တော့်အဖြစ်။ ဒီနေ့တော့ လမ်းဖြောင့်တယ်လို့ပဲ ပြောရမလား၊ စောင့်ရကျိုးနပ်တယ်ပဲ ခေါ်မလား ဒီစာလေး ရေးဖို့ အကြောင်းဖန်လာခဲ့တယ်။ ကံကောင်းလို့ အင်တာနက်လေး သုံးခွင့်ရတုန်း ဘလော့စာမျက်နှာလေးတွေ ၀င်ဖတ်ပြီး အလွမ်းဖြေရင်း ဘလော့ဂါဒေါ့ကွန်းကနေ အကောင့်လေးရိုက်ထည့်ပြီး ၀င်ကြည့်မိတယ်။ မျှော်လင့်ချက်တော့ အပြည့်မထားဘူး။ အရင်နေ့တွေက ၀င်လို့မရတော့ ရမှာမဟုတ်ပါဘူးဆိုပြီး နှေးကွေးစွာလည်နေတဲ့ Firefox က အ၀ိုင်းလေးကို ကြည့်နေရင်း စာမျက်နှာလေး ပြောင်းသွားတော့ ထခုန်မိမတတ်ပျော်သွားတယ်။ ဒါကြောင့် အနီးမှာ ရှိတဲ့ သူငယ်ချင်းကို အားပါးတရ ရိုက်လိုက်မိသေးတယ်။ ကျွန်တော့်အတွက်တော့ ရေငတ်နေတုန်း ရေတွင်းထဲကျသွားသလိုပါပဲ။ စာတွေရေးနိုင်တော့မှာမို့ အတိုင်းမသိပျော်မိတယ်ဗျာ။တကယ်ပါပဲ....တဆက်ထဲမှာပဲ ကျွန်တော့ဘလော့လေးဆီကို လာလည်ပြီး စိတ်ကူးမိရာရေးတဲ့ စာတိုပေစလေးတွေကို လာရောက်အားပေးကြပါအုံးလို့ ဖိတ်ခေါ်ပါတယ်နော်...။

အားလုံးကို အစဉ်အမြဲသတိရနေတဲ့

ရွှေညာသားလေး