Pages

Saturday, July 9, 2011

အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်

တာ့ တာ....!!!!
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကို နှုတ်ဆက်တဲ့အနေနဲ့ ဒီပို့စ်လေးကို ကျွန်တော်ရေးခဲ့ပါတယ်။ ဒါလေးက ကျွန်တော်ရဲ့ နောက်ဆုံးပို့စ်လေး လည်းဖြစ်ချင်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ အိမ်ကိုရောက်ရင် အွန်လိုင်းဆိုတာနဲ့က အဆက်ပြတ်သွားဖို့ သေချာသလောက်ရှိတာကြောင့်ပါ။ အတတ်နိုင်ဆုံးတော့ ရေးနိုင်အောင် ကြိုးစားပါ့မယ်။ တကယ်တော့ ကျွန်တော် ဘလော့ လောကကိုရောက်တာ ငါးလနီးပါးလောက်ပဲ ရှိပါတယ်။ ဒီငါးလအတွင်း ကျွန်တော်စိတ်ထဲ ရှိတာလေးတွေကို ရေးသားမျှဝေခွင့် ရတဲ့အတွက် အတော်လေးကျေနပ်မိပါတယ်။ နောက်ပြီးတော့ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ကျွန်တော်ရေးသမျှ တင်သမျှလေးတွေကို လာရောက်အားပေးကြတဲ့ အားလုံးသော ကျွန်တော့်ညီအစ်ကို မောင်နှမတွေကို ကျေးဇူးအထူးတင်မိပါတယ်။

လူတွေကို မမြင်ဖူးပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အားလုံးကို ရင်းနှီးနေပါတယ်။ ကျွန်တော့်မိတ်ဆွေများလည်း ရွှေညာသားလေးဆိုတာကို မမြင်ဖူးပေမဲ့ စိတ်ထဲကတော့ အညာသား အသားမည်းမည်းလေးကို မြင်ယောင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုဒီပို့စ်ရေးတဲ့ အချိန်ထိတော့ သကြားခဲဖြစ်နေတယ်ဗျ။ နေပူမခံရတာကြာလို့လေ။ သိပ်တော့ မကြာတော့ပါဘူး ထန်းလျက်ခဲ ပြန်ဖြစ်တော့မှာ (အသားမည်းတော့မှာပြောတာနော်)။

ဘာပဲပြောပြောလေ ဒီလိုနေရာကိုရောက်လို့ အင်တာနက်ဆိုတာကို ဖောဖောသီသီ သုံးရပြီး အွန်လိုင်းမိတ်ဆွေတွေ အချင်းချင်း စကားလုံးလေးတွေနဲ့ သိကြ၊ခင်ကြ၊ ရင်နှီးကြပေမဲ့ ရွှေညာသားလေး ဘယ်တော့မှမမေ့ပါဘူး။ ရေးသာရေးနေရတယ် စိတ်ထဲမှာတော့ တစ်မျိုးကြီး ခံစားရတယ်ဗျာ။ အမေက ပြောဖူးတယ်။ သူ့အကိုအကြီးဆုံး ကျွန်တော့်ဦးလေးက တစ်နယ်တစ်ကျေးမှာ အိမ်ထောင်ကျတာ။ ရွာကို အလည်လာပြီး ပြန်မည့်နေ့ညရောက်ရင် ဘယ်သူနဲ့မှ စကားမပြောတော့ဘူးတဲ့။  ဘုရားစင်လုပ်ထားတဲ့ အိမ်တိုင်ကိုမှီပြီးတော့ ငိုတာတဲ့လေ။ ကျွန်တော်လည်း ဦးလေးရဲ့ တူပဲလေနော့။ ပိုရင်သာပိုမယ် လိုတော့မလိုဘူး။ ဒါကြောင့် စာတွေများများမရေးတော့ဘူးနော်။ ရှေ့ဆက်ရေးရင် ကိုယ့်အကြောင်းကိုယ်သိတယ်။ တော်ကြာ မျက်ရည်တွေချောင်းစီးနေလိမ့်မယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ ကျေနပ်ပါ။ ကျွန်တော်ရွှေညာသားလေးက အားလုံးကိုခင်တယ်၊ လေးစားတယ်၊ ကျေးဇူးတင်တယ်လို့ပဲ ပြောပါရစေ။ မျက်စိလည်လမ်းမှားလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံခဲ့ရင်ဖြစ်ဖြစ် အခါအခွင့်သင့်လို့ အညာကိုရောက်ခဲ့ရင် ရွှေညာသားလေးတို့ရွာကို အလည်လာခဲ့ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ အညာသူအညာသားတွေက ဆင်းရဲပေမဲ့ ခင်တတ်ပါတယ်၊ ဖော်ရွေတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ရောက်ခဲ့ရောက်ခဲ့ လာလည်ကြပါနော်။ အသားမည်းမည်းနဲ့ ရွှေညာသားလေးက အမြဲကြိုဆိုလျက်ပါဗျာ…။

 
အားလုံးသော ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ အဆင်ပြေချောမွေ့ကြပါစေလို့ ရွှေညာသားလေးက ဆုတောင်မေတ္တာပို့သခဲ့ပါတယ်ဗျာ…။




ဘိုင့် ဘိုင်...

Wednesday, July 6, 2011

အညာက အင်ကြင်းပန်း

အပွင့်လေးတွေက ဒီလိုဝါ၀ါလေးတွေနဲ့ လှလှပပ

အပင်အကြောင်းလေးတွေ မရေးဖြစ်တာကြာပြီဗျာ။ ဒီနေ့တော့ ဂူဂယ်မှာလျှောက်လည်ရင်း ကျွန်တော်တို့ ရွာနားက တောင်ရိုးတွေပေါ်မှာပေါများစွာတွေ့ရတဲ့ အင်ကြင်းပန်းပုံလေးတွေ့မိလို့ ဗဟုသုတအဖြစ်နဲ့ရယ်၊ နှုတ်ဆက်တဲ့ပို့စ် တခုအဖြစ်နဲ့ တင်ပေးလိုက်ပါတယ်။ မြို့မှာ ခေါ်တဲ့အင်ကြင်းပန်းပုံကို မြင်ပြီးကတည်းက ဒီအင်ကြင်းပန်းပုံလေးတွေကို လိုက်ရှာကြည့်တာ မတွေ့ဘူး။ ဒီနေ့မှ သူရဲ့ရုက္ခဗေဒ နာမည်လေးတွေ့လို့ ဂူဂယ်မှာရှာလိုက်တော့ ပုံလေးတွေပါ တွေ့ရတယ်။ ၀မ်းသာလိုက်တာဗျာ။ မြို့မှာခေါ်တဲ့ အင်ကြင်းပန်းပွင့်က အကြီးကြီးတွေပဲ။
အပေါ်ကပုံလေးက အပွင့်ရယ် အရွက်ရယ် အသီးရယ်ပေါ့

 ဒါလေးတွေက အဖူးနဲ့အပွင့်ရောလျက်

 သဘာဝတရားကို မလွန်ဆန်နိုင်ရှာတော့ နောက်ဆုံးမှာ မြေခရတာကလည်း ဓမ္မတာပဲလေနော့...။

အခုကျွန်တော်ပြောတဲ့ အင်ကြင်းက အပွင့်သေးသေးလေးတွေနဲ့ နွေရာသီမှာ ပွင့်တာ။ တန်ခူး၊ကဆုန်လဆိုရင် ပွင့်တယ်။ ကျွန်တော်တို့ ဆီမှာတော့ နွေရာသီပူပူပြင်းပြင်းအချိန်ပေါ့။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ တခြားအပင်တွေက အရွက်တွေကြွေကျ အင်ကြင်ပင်တွေက ပင်လုံးပြည့် အဖူးအပွင့်တွေဝေနေအောင်ပွင့်တယ်။ တောင်ရိုးပေါ်များရောက်ရင် အင်ကြင်းပန်းနံ့တွေ သင်းပျံ့နေတာပဲ။ ရွာမှာတုန်းကတော့ အင်ကြင်းပန်းပွင့်ချိန်ဆိုရင် တောင်ရိုးပေါ်ကို သူငယ်ချင်းတွေနဲ့ တောလည်ရင်း အင်ကြင်းပန်းတွေသွားသွားခူးတယ်။ ရွာရောက်ရင် ရွာဦးဘုန်းကြီးကျောင်းကို သွားလှူတယ်။ အိမ်တိုင်းက ဘုရားစင်မှာလည်း အင်ကြင်းပန်းတွေ ဝေနေအောင်တင်ကြတယ်ဗျ။ အပွင့်လေးတွေက အ၀ါရောင်လေးတွေနဲ့ ကြည့်လို့အတော်လေးလှတယ်။ အဖူးလေးတွေ ကလည်း တစ်မျိုးလှတာပါပဲ။ အနံ့ကလည်း မွှေးမှမွှေးပေါ့။
 ဟော့ဒီလို ကိုင်းတံကျဲကျဲလေးတွေကြားမှာ အရွက်မပါဘဲ အဖူးနဲ့အပွင့်တွေသာလျှင်ပွင့်တတ်တယ်ဗျ...။



ပါလာတဲ့အရွက်လေးတွေကလည်း ပန်းပွင့်တွေနဲ့အပြိုင်အ၀ါရောင်လေးတွေနော်...။

အင်ကြင်းသားကို လယ်ယာလုပ်ငန်းသုံး အသုံးအဆောင်တွေမှာ သုံးကြတယ်။ နွားထမ်းပိုးတုံး၊ လှည်းဝင်ရိုး စသဖြင့်ပေါ့။ ကျွန်တော် အင်ကြင်းပင်ကို ကောင်းကောင်းမှတ်မိနေတာကတော့ ရွာမှာတုန်းက အဒေါ်နဲ့ တောင်ရိုးပေါ်ကို နွားစာသွားခူးနေကျမို့ပါ။ ကျွန်တော်တို့ဆီမှာ မိုးဦးကျခါစ မြက်နုမပေါက်သေးခင်ဆို တောင်ရိုးပေါ်က သစ်ရွက်တွေကို ခူးပြီး ပြောင်းရိုးခြောက်၊ ကောက်ရိုးခြောက် စတာတွေနဲ့ ရောပြီးကျွေးကြတယ်။ အဲ့ဒီအချိန်ဆို တောင်ရိုးပေါ်မှာ အင်ကြင်းရွက်တွေကလည်း စိမ်းစိမ်းစိုစိုနဲ့ပေါ့။ တခြားအရွက်တွေရော အင်ကြင်းရွက်တွေပါ ရောပြီး ခူးရတယ်။
အပွင့်ပြီးတော့ အသီးလာတာကလည်း ဓမ္မတာ


ဒီပုံလေးကလည်း ကဗျာဆန်ဆန်နဲ့ လှနေသေးတယ်...။
မြေခနေတဲ့ အင်ကြင်းပန်းလေးတွေကလည်း တစ်မျိုးချစ်စရာဗျ...။

ဒါကတော့ မြို့ကခေါ်တဲ့ အင်ကြင်းပန်းပုံလေးပါ

အဒေါ်ကတော့ ကျွန်တော့်ကို အင်ကြင်းရွက်တွေပဲ အများဆုံး ခူးခိုင်းတယ်။ နောက်ပြီးပြောသေးတယ် အင်ကြင်းရွက်က နွားဝတယ်တဲ့လေ။ နွားတွေကလည်း အင်ကြင်းရွက်ကို အတော်လေး ကြိုက်တယ်ထင်ပါ့ဗျာ။ သစ်ရွက်စိမ်းတွေရောထားတဲ့ ပြောင်းရိုးခြောက်၊ကောက်ရိုးခြောက်တွေများ ကျွေးရင်း ထည့်လို့ကိုမနိုင်ဘူး။ သူတို့အတွက်လည်း လူတွေ ဟင်းကောင်းနဲ့ ထမင်းစားရသလိုမျိုးနေမှာပေါ့နော်။ ကဲ ပြောရင်းနဲ့ ရွာက တောင်ရိုးပေါ်ကိုတောင်ပြန်ရောက်ချင်ပြီဗျာ။ မသိသေးသူတွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး အညာက အင်ကြင်းပင်အကြောင်းလေး မျှဝေပေးလိုက်တာပါ။ ပုံ လေးတွေပါ ရှာရသလောက် တင်ပေးလိုက်တယ်။ ကြည့်ရှု့ခံစားပြီး အပန်းဖြေအလွမ်ဖြေသွားကြပါအုံးနော်...။

(All photos from Google images)

အားလုံးပဲ လာရောက်လည်ပတ်ကြတဲ့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...။

Sunday, July 3, 2011

တေးလက်ဆောင်

ဒီသီချင်းလေးထဲကလိုပဲ အကြင်နာ၊မေတ္တာစေတနာတွေနဲ့ နွေးထွေးနေတဲ့ အမေ့အိမ်ကို မကြာခင်ပြန်ရတော့မှာမို့ ကျွန်တော်နဲ့အတူ အလွမ်းပြေ နားဆင်နိုင်အောင် ဒီသီချင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ကျွန်တော်အပါအ၀င် အမေ့အိမ်နဲ့ ဝေးကွာနေကြရတဲ့ သားသမီးတိုင်း နွေးထွေးလှတဲ့ အမေ့အိမ်လေးဆီကို ပြန်ချင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သူတစ်ပါးတိုင်းပြည်တွေ ဘယ်လောက်ပဲ တိုးတက်ဖွံဖြိုး တယ်ဆိုပေမဲ့ မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အမေ့အိမ်လေးကတော့ ကျွန်တော်တို့ သားသမီးတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်လေးပါ။ ကျွန်တော်ကတော့ ဒီသီချင်းလေးကို နားထောင်ရတဲ့အချိန်တိုင်း အမေ့အိမ်လေးကို လွမ်းလို့ မျက်ရည်ကျမိတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် မေတ္တာစေတနာတွေနဲ့ ပြည့်နေတဲ့ အေးမြတဲ့ အမေ့အိမ်လေးဆီကို အောင်မြင်မှု့တွေ ရင်မှာပိုက်ပြီး ပြန်လာနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်...။