လူလေး... မျိုးနောင် မင်းညီလေးတွေကိုဂရုစိုက်နော်... ချောင်းထဲကိုရေချိုးသွားရင် မင်းမပါဘဲသူတို့ ချည်းမသွားခိုင်းနဲ့... ညကျရင်လည်း စောင်ကိုလုံအောင်ခြုံပြီးသိပ်နော် ထမင်းကိုလည်း စောစောစီးစီး ချက်ကျွေး... အရင်ဈေးပတ်က အမေ၀ယ်ထားတဲ့ ငါးခြောက်ကျန်သေးတယ်... အဲ့ဒါလေးကို ခရမ်းချဉ် သီးလေးနဲ့ချက်ပြီးတော့ ညီလေးတွေနဲ့မျှမျှတတစားနော်... မီးတွေကိုလည်းဂရုစိုက်... အဲ့ဒီစကားလေး တွေက ဈေးရောင်းထွက်မယ့် ဒေါ်အေးရင်တစ်ယောက်သားကြီးဖြစ်သူ မျိုးနောင်ကိုမှာကြားနေတဲ့ စကားလေးတွေ ဖြစ်ပါတယ်။
ထန်းတပင်ရွာက ဦးလူမောင်နဲ့ဒေါ်အေးရင်တို့မှာ သားယောကျာ်းလေး လေးယောက်ထွန်းကားခဲ့ပါ တယ်။ဦးလူမောင်တစ်ယောက်ကတော့ မိသားစုစားဝတ်နေရေး အတွက်နဲ့တစ်နယ်တစ်ကျေးထွက်ပြီး တော့အလုပ်လုပ်နေရတယ်။ အိမ်မှာဇနီးသည်ဒေါ်အေးရင်နဲ့ သားလေးယောက်ပဲ ကျန်ခဲ့တယ်။သားတွေ လေးယောက်ဆိုတော့ သူတို့မိသားစု စားအိုးကလည်း သိပ်ပြီးမသေးလှဘူး။နောက်ပြီး ကလေးတွေကလည်း လူလားမမြောက်ကြသေးတော့ မိဘနှစ်ပါးရှာဖွေလို့ရတာလေးနဲ့ပဲ မိသားစု စားဝတ်နေရေးကိုဖြေရှင်းရ တယ်။ဦးလူမောင်က အဝေးမှာအလုပ်လုပ်ရင်း ရတဲ့လုပ်အားခလေးကို ဇနီးနဲ့သားသမီးတွေဆီ ပြန်ပို့ ပေးတယ်။ဇနီးဖြစ်သူ ဒေါ်အေးရင် ကလည်းခင်ပွန်းပို့ပေးတဲ့ငွေလေးကို ဒီအတိုင်းမသုံးဘဲ အရင်းအနှီးလေး လုပ်ပြီးတော့ ဈေးပြန်ရောင်းပြီး ငွေပိုရှာပါတယ်။
ဈေးရောင်းတယ် ဆိုတာကလည်း သိပ်ပြီးတော့များများစားစား မဟုတ်ပါဘူး။သူတစ်နိုင်ဈေးထမ်းတောင်း လေးနဲ့ ထမ်းပြီးတော့ ရောင်းတာပါ။ငါးရက်တပတ် ခင်းတဲ့ဈေးကနေ ခရမ်းချဉ်သီး၊မုံလာရွက်၊နံနံပင်၊မုံလာ ထုပ်စတဲ့ ဟင်းချက်စရာလေးတွေကို တဆင့်ပြန်ဝယ်ပြီး ရွာနီးချုပ်စပ်က ရွာတွေဆီကို ပြန်ပြီးတော့ရောင်းချ တာပါ။အဲ့ဒီလို ဟင်းချက်စရာလေးတွေ အပြင် ငါးခြောက်၊ကြံသကာ၊မရွေး၊ပေါက်ပေါက်ဆုပ် စတဲ့ပစ္စည်း လေးတွေကိုလည်း အဆင်ပြေသလို ပြန်ဝယ်ပြီးတော့ ရောင်းချတယ်။သူဈေးရောင်းသွားတဲ့ ရွာတွေကလည်း ငှက်ပျောတောင်သူတွေ ဖြစ်ကြတော့ ကုန်ပစ္စည်းချင်း ဖလှယ်ပြီး ရောင်းရတာများတယ်။ဈေးရောင်းရာကရ လာတဲ့ ငှက်ပျောသီးတွေကို အိမ်ပြန်ရောက်တော့ မှည့်အောင်ပြန်အုပ်ပြီး ဈေးမှာတစ်ခါ ပြန်ရောင်း၊ဈေးက နေ ကုန်ပစ္စည်းတွေ တစ်ခါပြန်ဝယ် အဲ့ဒီလိုနဲ့ ဒေါ်အေးရင်တစ်ယောက် ဈေးပတ်လိုက်ပြီးတော့ သားတွေ ကို ရှာဖွေကျွေးမွေးခဲ့ပါတယ်။
ဈေးရောင်း နားတဲ့နေ့တွေမှာတော့ သားတွေနဲ့အတူ အိမ်မှာနေရင်း အိမ်မှု့ကိစ္စတွေ လုပ်ရတယ်။သားတွေက လည်း လိမ္မာရေးခြားရှိလို့ တော်သေးတာပေါ့။အမေ့အလုပ်တွေကို တတ်နိုင်သလောက် ၀ိုင်းကူပေးကြတယ်။ အမေဈေးကပြန်ရောက်ရင် ဈေးခြင်းတောင်း ကူသယ်သူကသယ် ရေခပ်ပေးတဲ့သူကခပ် ဆိုတော့လုပ်ရ ကိုင်ရတာ ဘယ်လောက်ပင်ပမ်း ပင်ပမ်း သားတွေရဲ့မျက်နှာကို မြင်ရတော့ အမောတွေပြေလို့ပေါ့။အကြီး ကောင် မျိုးနောင် ကတော့အိမ်မှာ စိတ်အချရဆုံးပဲ။ အမေဈေးကပြန်ရောက်လို့ ဟင်းချက်စရာလေးတွေကို ဗန်းမှာထည့်ပြီး ရွာထဲလှည့်ရောင်းခိုင်းရင် တစ်ရွာလုံးနှံ့အောင် လည်ရောင်းတတ်တယ်။ မိခင်ဖြစ်သူဈေး ရောင်းသွားရင် အိမ်မှာ ညီလေးတွေကို သူက ထိန်းကျောင်းပြီး အစစအရာရာ လုပ်ပေးတယ်။ ဈေးကငါးရက် တပတ်ဆိုတော့ ဈေးနေ့မှာသွားရင် ဈေးရောင်းစရာကုန်ပစ္စည်းနဲ့ အဆင်မပြေဘူး။ အဲ့ဒါကြောင့်ဈေး မတိုင်ခင် တစ်ရက်အလိုက အိမ်ကနေထွက် ဈေးမှာညအိပ်ပြီး နောက်နေ့ဈေးပြီးမှ အိမ်ပြန်လာ ရတယ်။ အရင်တုန်းက ကလေးတွေငယ်သေးတော့ ဈေးသွားရင် ညမှာကလေးတွေကို ယောက္ခမ အိမ်မှာခေါ် ပြီးသိပ်ဖို့မှာခဲ့ရတယ်။အကြီးကောင် မျိုးနောင်နဲ့ စိတ်ချရတော့ နောက်ပိုင်းဈေးသွားရင် အိမ်မှာပဲ ညီအစ်ကို တစ်တွေ ညအိပ်ဖို့ ပြောခဲ့တယ်။ အိမ်မှာကလေးတွေကို ထမင်းဟင်းကအစ ညရေးညတာ အဆုံး သူနဲ့ပဲလွှဲထား လို့ရတော့ ဒေါ်အေးရင်တစ်ယောက်လည်း စိတ်ချလက်ချနဲ့ ဈေးကိုသွားနိုင်တယ်။
သူလည်း မတတ်သာလို့သာ သွားနေရပေမယ့် သားသမီး တွေကို တော့ ကိုယ့်မျက်စိ ရှေ့မှာလောက် ဘယ်စိတ်ချပါ့မလဲ။မိုးရာသီဆိုရင် ရွာအနောက်ဘက် ချောင်းက ရေတွေလာတယ်။ပုံမှန်အချိန်မှာချောင်းထဲ သွားချိုးရင် သိပ်ပြီးအန္တရာယ် မရှိလှပေမဲ့ ရေလာတဲ့အချိန်မှာ ဆိုရင်အန္တရာယ်က များတယ်လေ။ အခုလည်း ဈေးရောင်းထွက်ခါနီးလို့ သားတွေကို စိတ်မချစွာနဲ့ အကြီးကောင်ကို တဖွဖွ မှာကြားနေတာပါ။မိဘဆိုတော့ လည်းသားသမီးအပေါ် စိတ်ပူတတ်တာက သဘာဝပဲမဟုတ်ပါလား။
ညီလေး မိုးအေး အကို့ကို ထင်း ကူသယ်ပေးအုံးကွာ အကို ထမင်းချက်တော့မယ်။ အငယ်ကောင်ထွန်းဝင်း က ညီလေးကို သေချာထိန်းနော် လမ်းပေါ်ကိုမထွက်စေနဲ့ ညနေပိုင်း နွားအုပ်သွင်းချိန်ဆို လမ်းပေါ်မှာနွား တွေကရှုပ်တယ်။ ဒါတွေကတော့ ဒေါ်အေးရင်ရဲ့သား မျိုးနောင်တစ်ယောက် ညီငယ်တွေနဲ့ အိမ်မှာစီမံခန့်ခွဲ နေတာပါ။ညနေစာချက်ပြုတ်ရင်းက ညီလေးတွေကို လမ်းပေါ်ထွက်မဆော့ဖို့ မှာနေခြင်းပါ။ ချက်ပြုတ်ပြီး တော့လည်း ညီငယ်တွေကို ခူးခပ်ကျွေးမွေးလို့ တကယ်ကို မိဘတစ်ယောက်လိုပါပဲ။ အကိုကြီးတော့ အဖအရာ ဆိုသလို မျိုးနောင်ကတော့ အဖရော အမိအရာပါ တာဝန်ယူ နေရပါတယ်။ ညအိပ်တော့လည်း ညီလေးတွေကို စောင်တွေသေချာခြုံပေးလို့ ညီအငယ်ဆုံးလေးကိုတော့ သူ့အနားမှာ ကပ်ပြီးသိပ်လို့ပေါ့။ ဖြစ်ချင်တော့အဲ့ဒီ ညမှာပဲ အလတ်ကောင် မိုးအေးက ကိုယ်တွေခြစ်ခြစ်တောက် ပူပြီး ဖျားပါလေရော။ ငိုကလည်းငိုသေးတယ်။ ကလေးတွေချည်း ဆိုတော့လည်း သိတဲ့အတိုင်း ကျန်းမာရေးနဲ့ ပတ်သက်လာတော့ ဘာမှမလုပ်တတ်ဘူး။ ဖျားတာကလည်း ညကြီးအချိန်မတော် ဆိုတော့ ဘယ်သူ့ကို သွားခေါ်ရမှန်း လည်းမသိ။ အဖွားဖြစ်သူကလည်း အသက်ကြီးပြီဆိုတော့ ညကြီးမိုးချုပ် လာလို့လွယ်မှာ မဟုတ်ဘူး။ မိုးကလည်း ဒီညမှ သည်းသည်း မည်းမည်း ရွာနေသေးတယ်။ မနက်ပိုင်းတုန်းက ရေချိုးလို့များ အအေးမိ တာလားမသိဘူး။ စတဲ့အတွေးတွေ တွေးရင်း မျိုးနောင် တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အဆုံး မီးဖိုရှိရာကိုသွားပြီး မီးမွှေးလို့ ရေနွေအိုး တည်ပါတယ်။ အမေက ဈေးပြန်ရင် အဖိုးအတွက် ကွမ်းရွက်နဲ့ ကွမ်းသီးကို ၀ယ်လာနေကျဆိုတော့ အဲ့ဒီအထဲက လိုရမယ်ရ သုံးလေးရွက် ချန်ထားတာလေးကို သောက်ရေအိုးဖုံးထဲက ယူပြီး လဘက်ရည်ကြမ်း ပန်းကန်မှာ ဆားလေးနဲ့ ရောပြီး ချေထားလိုက်တယ်။ ရေနွေးအိုးပွက်တော့ ရေခွက်လေးနဲ့ခပ်ပြီး အအေးခံတယ်။ ရေနွေး အေးတော့ ကွမ်းရွက်ချေထားတဲ့ အထဲကိုထည့် အရည်ကိုစစ်ယူပြီး မိုးအေးကို တိုက်ပါတယ်။ အမေလုပ်တာကို မြင်ထားလို့သာ လုပ်ပြီးတိုက်လိုက်တာ ဘာအတွက် ကောင်းမှန်းလဲ သေချာမသိဘူး။ ရေနွေးချည်းပဲ တိုက်တာနဲ့စာရင် တော်ပါသေးတယ် ဆိုပြီးတော့ တိုက်လိုက်တာပေါ့။ နောက်ထပ် သူ့ကို ရေနွေးတစ်ခွက် ထပ်တိုက်ပြီး စောင်ခြုံလို့ ပြန်အိပ်စေပါတယ်။ ကိုယ်တွေ အရမ်းမပူတော့ပေမယ့် ဖျားတာကတော့ သေချာတယ်။ ညီဖြစ်သူ နဖူးလေးကို လက်နဲ့စမ်းကြည့်ရင်း စိတ်ထဲမှာလည်း အားငယ်စိတ်တွေက ၀င်လာတယ်။
နေ့ခင်းဘက်မှာ ဖြစ်တယ်ဆိုရင် ဦးလေး အဒေါ်တွေကို ခေါ်လို့ အဆင်ပြေပေမယ့် အခုက ညအချိန်မှာ ပြီးတော့ တစ်အိမ်လုံးမှာလည်း အကြီးဆိုလို့ သူတစ်ယောက်သာ ရှိတယ်။ ပိုဆိုးတာက မိုးတွေကလည်း ရွာနေ သေးတယ်။ အငယ်နှစ်ယောက်ကတော့ ဘာမှ သိဟန်မတူဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေရှာတယ်။ မိုးအေးလည်း ကွမ်းရွက်ပြုတ်ရည်လေး သောက်ပြီး အိပ်ပျော်သွားပေမယ့် အိပ်မပျော်နိုင်သူက အကိုဖြစ်သူ မျိုးနောင်ပါ။ အိမ်မှာ အကြီးကလည်း မရှိတော့ တခုခုများဖြစ်ရင် ဆိုတဲ့အတွေးနဲ့ စိတ်တွေ ပူပြီးတော့ ညီဖြစ်သူ နဖူးလေးကို စမ်းကြည့်လိုက် မျက်နှာကိုကြည့်လိုက်နဲ့ တစ်ညလုံး ဆက်အိပ်လို့ မရတော့ဘဲ အိပ်ပျော်နေတဲ့ ညီလေး တွေဘေးမှာ ထိုင်ရင်းနဲ့ မိုးလင်းခဲ့ပါတယ်။ မိုးလင်းပြန်တော့ ညကကျန်တဲ့ ထမင်းကို နွှေးလို့ ညီလေးတွေစားဖို့ အတွက် ပြင်ဆင် ပေးရပြန်တယ်။ ဖျားနေတဲ့ မိုးအေး အတွက်ကိုတော့ ထမင်းချက်တဲ့ အထဲက ထမင်းရည်ကို ပန်းကန်နဲ့ သီးသန့်ခံပြီး ဆားလေးခတ်လို့ တိုက်ပါတယ်။ နဖူးပြင်ကို လက်နဲ့စမ်းကြည့်တော့ ညတုန်းကလောက် အပူတွေ မများတော့လို့ စိတ်နဲနဲ အေးသွားတယ်။ အဖျားကတော့ ကျန်နေသေးတယ်။ အဒေါ်ဖြစ်သူဆီက ဆေးတောင်းပြီး တိုက်လိုက်တော့ မှသက်သာသွားပါတယ်။ ညကအကြောင်းကို ပြန်ပြောပြတော့ အဒေါ်တွေက သူတို့ကို လာမခေါ်လို့ ပြောနေကြတယ်။ မျိုးနောင်လည်း စိတ်တွေပူပြီးတော့ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေတဲ့အကြောင်း၊ နောက်မှ ကွမ်းရွက်ပြုတ်ရည် တိုက်တဲ့အကြောင်းတွေကို ရှင်းပြရတယ်။ မင်းက တော်တော် လည်းဆေးကု တော်ပါလား မျိုးနောင်။ အဲ့ဒါက ချောင်းဆိုးရင် တိုက်တဲ့ဆေးလေ။ မသိဘူးလေ အမေက နေမကောင်း ဘူးဆိုရင် အဲ့ဒါကိုပဲတိုက်တော့ ကျွန်တော်လည်း အမေလုပ်သလို လုပ်ပြီး တိုက်လိုက်တာပေါ့လို့ သူ့အဒေါ် တွေကိုပြောပြတယ်။ အေးပေါ့ မင်းအဲ့ဒီလောက် ညီလေး တွေအပေါ်မှာ ပြုစုတတ်တာကိုပဲ ၀မ်းသာပါတယ်။ နောက်ဆိုရင် ဘာပဲဖြစ်ဖြစ် လူကြီးတွေကို ပြောနော်။ ဟုတ်ကဲ့ပါ ပြောပါ့မယ် ဆိုပြီး ပြန်လာခဲ့တယ်။ ညနေပိုင်း ရောက်တော့ ဒေါ်အေးရင် တစ်ယောက် ဈေးထမ်းတောင်းနဲ့ အိမ်ကိုပြန်ရောက် လာတယ်။ အခါတိုင်းလိုပဲ သားတွေက ဆီးကြိုတော့ အမောတွေပြေလို့ပေါ့။ ဒါပေမဲ့ အလတ်ကောင် မိုးအေး မျက်နှာ သိပ်မလန်းတာ ကိုတော့ ဒေါ်အေးရင် သတိထားမိတယ်။ မိုးအေး အမေ့ဆီလာစမ်းပါအုံး မင်းကြည့်ရတာ နေမကောင်းတဲ့ပုံစံနဲ့ လာစမ်းလူလေး အမေ့ပေါ်ထိုင်ဆိုပြီး မိုးအေးကို သူ့ရင်ခွင်ထဲ ထည့်လို့ နဖူးပြင်ကို လက်နဲ့ စမ်းကြည့်ပါတယ်။
လူလေး ကိုယ်တွေက နဲနဲ ပူနေတယ်။ မျိုးနောင် မင်းညီမိုးအေး ရေတွေများချိုးသေးလား။ သူ့ကိုယ်တွေ နဲနဲပူ နေတယ်။ဟုတ်တယ်အမေ အခုက နဲနဲပဲပူတော့တာ ညတုန်းကများ ပူလိုက်တာ ခြစ်နေတာပဲ။ သားဖြင့် ဘာလုပ်ရမှန်း တောင်မသိဘူး။ မိုးတွေကလည်း ညကမှသည်းလိုက်တာ အမေရာ။ သားဖြင့် ကြောက်များ တောင်ကြောက်တယ်။ အဖွားကို သွားခေါ်မယ် ဆိုတော့လည်း မိုးတွေကရွာနေတော့ မခေါ်တော့ဘဲ အမေလုပ်သလို ကွမ်းရွက်ပြုတ်ရေတွေ တိုက်ပြီးတော့ ပြန်အိပ်ခိုင်းရတယ်။ ညကဖြင့် တညလုံး အိပ်လို့ကို မပျော်တော့ဘူး အမေရာ။ ဒီအတိုင်း သူ့နားထိုင်ရင်း မိုးလင်းသွားတာပဲ။ မနက်ကမှ အဒေါ်ဆီက ဆေး သွားတောင်းပြီး တိုက်ထားလို့ အမေ့သား အခုလောက်ပဲ ပူတော့တာ။ တော်သေးတာပေါ့ လူလေးရယ်။ မင်းက အဲ့ဒီလိုသိတတ်လို့။ အမေလည်း ဈေးမှာ အိပ်သာအိပ်ရတယ် အိမ်ကို စိတ်မချဘူး။ ငါ့သားက အကြီးဆုံးဖြစ်သလို အမေ့အတွက်လည်း အားကိုးရလို့ တော်သေးတယ်။ မင်းညီကို ဘာကျွေး ထားသေးလဲ။ မနက်ကတော့ ထမင်းရည် တိုက်ထားတယ်အမေ။ နေ့လည်နဲ့ ညစာ အတွက် ကိုတော့ ဆန်ပြုတ်လေး ပြုတ်ထားတယ်အမေ။အေးအေး...ကောင်းပါတယ်။ အဖျား နဲနဲရှိသေးတော့ အမာတွေ မကျွေးနဲ့အုံး။ အမေရော ဈေးရောင်းရတာ အဆင်ပြေရဲ့လား။ အေး ပြေပါတယ် လူလေးရယ်။ ဒီတစ်ခါ ဟင်းချက်စရာ တွေက ဈေးချိုလို့ အမေ များများဝယ်လာတယ်။ ရွာထဲကိုလည်း တချို့တ၀က် ရောင်းရ အောင်လို့။ ဟုတ်ကဲ့အမေ ရွာထဲကို ရောင်းရမယ့် ဟာလေးတွေ အမေ ပြင်ထားလိုက်လေ ခဏနေတော့ သား လည်ရောင်း လိုက်မယ်။ ညနေပိုင်း ဟင်းချက်ချိန်လေး အုပ်မိအောင် သွားရောင်းတော့ ပိုကောင်း တာပေါ့။ အခုတော့ ချောင်းထဲကို ရေ တစ်ထမ်းလောက် ပြေးထမ်း လိုက်အုံးမယ်။ အေးကွယ်..အမေပြင်ထား လိုက်မယ်...