Pages

Tuesday, February 8, 2011

ထန်းတစ်ပင်လုံး...လိုရာသုံး (၂)

ထန်းသမားတစ်ဦးထန်းတက်နေပုံ

ထန်းရည်ချို - ထန်းပင်တစ်ပင်အရွယ်ရောက်လာပြီး ထန်းနို့စထွက်သည့်အချိန်မှ စတင်၍ ထန်းရည်ချိုစတင်ရယူနိုင်သည်။ ထန်းတက်ဖို့ရာ အတွက် ထန်းပင်အပေါ်သို့ တက်ရလွယ်ကူစေရန် ထန်းပင် ပင်စည်နှင့်ကပ်နေသော ထန်းလက်များကို အောက်သို့ခွာချ ပေးရသည်။ မလိုအပ်သော ထန်းလက်အဖျားပိုင်းများကို ထန်းရွယ်နှင့်အတူ ခုတ်ချပေးရသည်။ ပင်စည်နှင့်ကပ်နေသော ထန်းပတ်ခွ ကိုတော့ ထန်းတက်သူခြေထောက်နင်းရန် ချန်ထားပေးရသည်။ထန်းပတ်ခွလေးများအောက်သို့ ခွာချထားမှသာလျှင် ထန်းတက်ရာ၌ လွယ်ကူစွာခြေထောက် တင်နိုင်မည်ဖြစ်သည်။ ထန်းလက်၊ထန်းရွက်၊ထန်းပတ်ခွ များကိုရှင်းပြီးသောအခါ ထန်းနို့လေးများကို အပေါ်ယံမှ အခွံကြမ်းများ ခွာပေးရသည်။ ထန်းနို့လေးများသည် ထန်းပင်မှထန်းရည်ချိုရရန် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ထန်းနို့လေးများသည် လူ၏လက်ချောင်းလေးများနှင့် အလွန်တူသည်။ ကျွန်တော်တို့ကလေးဘ၀က ထန်းနို့လေးများကို လက်အတု လုပ်ပြီးကစားခဲ့ဖူးသည်။ ထိုထန်းနို့လေးများကို တခုချင်းစီ ကွဲမသွားစေရန် ထန်းဖူးရွက်အနုလေးများနှင့် စည်းထားပေးရသည်။ ထို ထန်းနိုများသည် ထန်းပင်တစ်ပင်လျှင်သုံးလေးငါးခု အထိထွက်သည်။ အကုန်လုံးကို ထားလို့လည်းရသည်။ ထန်းနို့ ငါးခုထဲမှ သုံးခုကိုသာ ထန်းရည်အတွက်အသုံးပြုပြီး ကျန်နှစ်ခုကို ဖယ်ခြားပစ်နိုင်သည်။ သန်းစွမ်းသော ထန်းနို့ကိုသာလျှင် ထန်းရည်ရရှိရန် အတွက်အသုံးများသည်။ ထန်းနို့လေးများ အားလုံးပြင်ဆင်ပြီးသောအခါ ထိပ်ပိုင်းမှ အနည်းငယ် ထန်းလှီးဓားဖြင့် လှီးဖြတ်ပေးရသည်။ နောက်နေ့မြူအိုး ဆွဲမည်ဆိုလျှင်လည်း မြူအိုးမဆွဲမှီ စည်းထားသော ထန်းနို့လေးများကို ထန်းလှီးဓားဖြင့် အနည်းငယ် လှီးပေးပြီး မြူအိုးဆွဲရပါသည်။ထန်းနို့များမှ စီးကျလာသော ထန်းရည်ချိုကို မြူအိုးဖြင့်ခံပေးခြင်းဖြစ်သည်။ ဤနည်းအားဖြင့် နံနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် မြူအိုးကိုလဲပေးရပါသည်။ ရရှိလာသော ထန်းရည်ချိုကို မိမိနှစ်သက်ရာ ထန်းရည်လောင်းခြင်းဖြစ်စေ၊ထန်းလျက်ကျိုးခြင်းဖြစ်စေ ပြုလုပ်နိုင်သည်။ အထက်ဖော်ပြပါ အကြောင်းအရာလေးများသည် ထန်းပင်တစ်ပင်မှ ထန်းရည်ချိုရရှိရန်အတွက် အဆင့်ဆင့်လုပ်ဆောင်ရပုံလေးများဖြစ်ပါသည်။ ကျွန်တော်တို့ရွာမှာတော့ ထန်းပြင်သည် ဟုခေါ်ပါသည်။ နောက်ပိုင်း နေ့စဉ်ထန်းလှီးပေးရသော အလုပ်ကို ထန်းတက်(ထန်းလှီး)သည်ဟုခေါ်ကြပါသည်။


ထန်းလျက် - ထန်းလျက်ကိုတော့ လူတိုင်းစားဖူးကြမည် ထင်ပါသည်။ ကျွန်တော်တို့အညာမှာတော့ နေ့လည်နေ့ခင်း အိမ်မှာနေရင်း ရေနွေးကြမ်းဖြင့် သုံးဆောင်ကြပါသည်။ ယာထဲကိုင်းထဲ ပေါင်းသင်မြက်နှုတ်ရာတွင် ရေဗူးနှင့်အတူ ထန်းလျက်ခဲလေး သုံးလေးခဲပါ ယူသွားတတ်သည်။ တောထဲရောက်လို့ ပေါင်းသင်မြက်နှုတ်ရင်း မောလို့ရေဆာလာပြီဆိုရင် ထန်းလျက်ခဲလေးကိုက်ပြီး ရေသောက်ရတဲ့ အရသာက ဘယ်အရသာနဲ့မှမလဲနိုင်အောင် ကောင်းလှသည်။ထန်းလျက်ကို ထမင်းစားပြီးခါစ နေ့စဉ် စားပေးလျှင် အစာကိုကြေလွယ်စေပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ကျွန်တော်တို့အညာမှာတော့ ထန်းလျက်ကို ချက်ဆေးချက်ရာတွင်သုံးသည်။ ဆေးချက်ဖို့သုံးရာတွင် နှစ်ချို့ထန်းလျက်က ပိုပြီးဆေးဖက်ဝင်သည်ဟု ကျွန်တော်အဖွားက ပြောဖူးသည်။ ရာသီပွဲတော်များ မုန့်လုပ်ရာတွင်လည်း ထန်းလျက်သည် မပါမဖြစ်သော ထန်းပင်ထွက် ပစ္စည်းတစ်မျိုးဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ကျောင်းသွားတိုင်း အမေက သရေစာအဖြစ် ထန်းလျက်ကို အမြဲတမ်းထည့်ပေးသည်။ ကလေးငယ်တို့အတွက် လွယ်ကူသော မုန့်တစ်မျိုးလည်းဖြစ်သည်။ကျွန်တော်တို့ရွာမှာတော့ တပိုတွဲလ ထန်းများလှိုင်ချိန်တွင် ရသောထန်းလျက်ကိုတော့ ထန်းဖိုဦး ထန်းလျက်ဆိုပြီးလူကြိုက်များသည်။အိမ်စားဖို့ ထန်းလျက်လှောင်သူများက ထန်းဖိုဦး ထန်းလျက်ကို အဓိကထားပြီး ၀ယ်လှောင်ကြသည်။ ထန်းလျက်ကို သူနှင့်အတူရောနှောသော ပစ္စည်းအမည်ကို လိုက်ပြီး အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ဇီးထန်းလျက်၊အုန်းထန်းလျက်၊နို့ထန်းလျက် စသည့်ဖြင့်  ထန်းလျက်အမျိုးမျိုး ၀ယ်ယူရရှိနိုင်သည်။ ထန်းလျက်ပြုလုပ်ပုံကတော့ ထန်းပင်မှရလာသော ထန်းရည်ချိုကို အမှိုက်သရိုက်များ စစ်ပြီး ဒယ်အိုးထဲမှာထည့်၍ မီးဖြင့်ကျိုပေးရသည်။ ထန်းရည်ချိုအိုးဆူပွက်ပြီး နောက်ဆုံး ထန်းရည်များစေးပျစ်လာလျှင် ရေခွက်ထဲသို့ အနည်းငယ်ထည့်ကြီးပြီး ရေထဲမှာ ထန်းလျက်များလုံးလို့ ရပြီဆိုလျှင် မီးဖိုပေါ်မှချပြီး သစ်သားယောင်းမ ရှည်ဖြင့် ထန်းလျက်သားတက်အောင် မွှေပေးရသည်။ ထန်းလျက်သားတက်ပြီး ခဲခါနီးအချိန်မှာ လက်ကို ရေဆွတ်ပြီး သင့်တော်သောအရွယ်အစားလေးများ ရအောင်လုံးပေးရသည်။ ရလာသောထန်းလျက်လုံးလေးများကို ဗန်းထဲမှာထည့်ပြီး အခြောက်ခံပေးရသည်။ ဇီးထန်းလျက်၊အုန်းထန်းလျက် စသည်တို့ကိုလည်း ထန်းလျက်အိုးမီးဖိုပေါ်မှ ချခါနီးအချိန်တွင် ဇီးမှုန့်၊အုန်းသီးဆံ စသည်တို့ထည့်မွှေပေးလျှင် လိုအပ်သောထန်းလျက်ကို ရနိုင်ပါသည်။ ကျွန်တော်တို့ရွာမှာတော့ ထန်းလျက်စစ်စစ်ကိုသာ ပြုလုပ်သူများပါသည်။
(ဆက်လက်ဖော်ပြပါမည်။)

No comments:

Post a Comment