Pages

Sunday, February 27, 2011

ဒေသန္တရဗဟုသုတရှာရင်း...ပုပ္ပားတောင်တက်ကြမယ်(၂)

 တောင်ကလပ်ရဲ့သင်္ကေတ မျောက်မိသားစု
မနက်လေးနာရီခွဲ ငါးနာရီလောက်မှာကျွန်တော်တို့အဖွဲ့ တောင်ကလပ်ကို ရောက်ပါတယ်။ ဝေလီဝေလင်း အချိန်မို့ တောင်ကလပ်ပေါ်ကို မတက်သေးဘဲ တောင်ခြေမှာခဏအနားယူကြပါတယ်။ ကျွန်တော်တို့အဖွဲ့ နောက်မှ တောင်ကလပ်ဈေးကို ငှက်ပျောသီးလာရောင်းသော ငှက်ပျောသီးသည်များလည်း အထမ်းကိုယ်စီနဲ့ ရောက်လာကြပါတယ်။လူတစ်ကိုယ်တည်း သွားဖို့ရာခက်တဲ့ ကျောက်ခဲတွေကြားမှာ သူတို့ကငှက်ပျောခိုင်တွေ ထမ်းပြီးထာတာမြင်တော့ အံ့သြမိပါတယ်။ တချို့တွေက လက်နှိပ်ဓာတ်မီးတောင် မပါကြဘူး။သူတို့ခြေထောက်တွေက သွားနေကျဆိုတော့ဘယ်နားမှာဘာရှိတယ်ဆိုတာကို အလွတ်ရထားပြီးသား ဖြစ်ဟန်တူပါတယ်။ မနက်စောစော မှောင်နဲ့မည်းမည်းမှာ ဘ၀၀မ်းစာရေးအတွက် လုပ်ကိုင်စားသောက်ရတဲ့ သူတို့ဘ၀ကလည်း မလွယ်လှပါဘူး။ကျွန်တော်တို့လည်း အမောပြေနားပြီး အလင်းရောင်ကောင်းကောင်းလာတော့ တောင်ကလပ် ပေါ်ကိုတက်ကြပါတယ်။ နံနက်အစောဖြစ်သေးတာကြောင့် လူရှင်းနေပြီး အေးအေးဆေးဆေးရှိလှပါတယ်။ တောင်ပေါ်ကိုရောက်လို့ လည်ပတ်ပြီးတော့ ကျွန်တော်တို့အဖွဲ့ပြန်ဆင်းပါတယ်။တောင်ပေါ်ကအဆင်းခရီးမှာ လူတွေက တော်တော်များနေပြီ။ကျွန်တော်တို့အဖွဲ့ တောင်ခြေပြန်ရောက်တော့ ဘုရားဖူးလာတဲ့ကားတွေ၊ ခြေလျင်လာကြတဲ့ လူတွေကလည်း အဖွဲ့လိုက် တောင်ဖို့တက်ဖို့ရာ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လည်း လိုအပ်တဲ့ ရေဗူးနဲ့စားစရာလေးများဝယ်ပြီး နံနက်(၈)နာရီခွဲမှာ ပုပ္ပားတောင်မကြီးပေါ်ကို စတက်ကြပါတယ်။တောင်မကြီးပေါ်ကို တောင်ပတ်လမ်းအတိုင်း တက်နိုင်သလို ခြေလျင်လမ်းမှလည်း တက်ကြပါတယ်။ကျွန်တော်တို့အဖွဲ့ကတော့ဖြတ်လမ်း(ခြေလျင်လမ်း)ကပဲတက်ခဲ့ကြပါတယ်။တောင်ပတ်လမ်း အတိုင်းတက်မယ် ဆိုရင်တော့လူတွေသက်သာပြီးအချိန်ကြာပါတယ်။ဖြစ်လမ်းကနေတက်မယ်ဆိုရင်တော့ လူနဲနဲပင်ပမ်းပါတယ်။ ဒါပေမဲ့ပျော်ဖို့အရမ်းကောင်းပါတယ်။စကားပင်များအောက်ကနေ ဖြတ်သွားတဲ့အခါ စကားဝါပန်းရနံ့တွေက သင်းပျံ့နေပြီးအမောပြေစေပါတယ်။ သွားရာလမ်းတစ်လျှောက်မှာ ကတွတ်ပင်တွေ လည်းအများကြီးတွေ့ရပါတယ်။ မှည့်နေသောကတွတ်သီးများကို ခူးစားရင်း၊စကားဝါပန်းတွေတက်ခူးရင်း တချို့နေရာတွေမှာ တစ်ယောက်ကိုတစ်ယောက်လက်တွဲပြီးတက်ကြရပါတယ်။ တောင်အလယ်ပိုင်းလောက် ရောက်တော့ လေတွေကတိုက်တာ တဟူးဟူးနဲ့ နွေနေပူပူအောက်မှာ လေတိုက်တဲ့အရသာကိုခံစားရတာ သိပ်ကောင်းပါတယ်။ခရီးသွားရာမှာ ပြဿနာတစ်ခုက ရေအလွန်ရှားပါတယ်။ကျွန်တော်တို့ကြားဖူးတာက ပုပ္ပားတာင်မကြီးမှာ ရေထွက်ပေါင်း(၉၉)ခုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့တောင်မကြီး ပေါ်မှာတော့ ရေထွက်လုံးဝမရှိပါဘူး။တောင်ကလပ်အောက်ခြေ တုန်းက ရေသန့်ဗူး ကိုယ်စီသယ်လာကြလို့ တော်ပါသေးတယ်။ ဒါတောင် တစ်ယောက်တစ်ဗူးနဲ့ တောင်ပေါ် အထိမလောက်ပါဘူး။ တောင်အထက်ပိုင်းရောက်တော့ လေကလည်းပိုပြင်းထန်လာပါတယ်။နေပူပူအောက် မှာလေအေးအေးကတိုက်ခတ်နေတော့ ပင်ပမ်းမှု့တွေကိုလည်း သက်သာစေပါတယ်။တချို့မိန်းခလေးတွေ ကတော့ တောင်ထိပ်ပေါ်မရောက်သေးဘူး မောနေကြပြီ။ တချို့က လမ်းတ၀က်ကနေ လှည့်ပြန်မယ်ဆိုလို့ မနည်းတားယူရတယ်။ မိန်းခလေးတွေဆိုတော့လည်း အပင်ပမ်းသိပ်မခံ နိုင်ကြဘူးပေါ့။ ကျွန်တော့်ညီမ၀မ်းကွဲ တစ်ယောက်ဆိုရင် ရောက်ခါနီးမှ ဘယ်လိုမှဆက်မတက်နိုင်လို့ ဘေးကနှစ်ယောက်က တွဲပြီးတောင်ပေါ်ကို တက်ရပါတယ်။အဲ့ဒီလိုနဲ့ ကျွန်တော်တို့အဖွဲ့တွေ တောင်ပေါ်တက်ရာလမ်းတစ်လျှောက် တချို့နေရာတွေမှာ စကားဝါပန်းတွေတက်ခူးရင်း၊ ကတွတ်သီးတွေခူးစားရင်း၊ တစ်ယောက်ကိုတစ်ယောက် နောက်ပြောင်းရင်းနဲ့ တောင်မကြီးထိပ်နားက လေယာဉ်ကွင်းတည်ရှိရာကို ရောက်ခဲ့ပါတယ်။ တောင်ပတ်လမ်းကနေ တက်မယ်ဆိုရင်လည်း လေယာဉ်ကွင်းမှာလမ်းဆုံးပါတယ်။ လေယာဉ်ကွင်းကနေ အထက်ကိုတော့ ခြေလျင်ပဲ တက်လို့ရပါတယ်။ ပုပ္ပားတောင်မကြီးရဲ့ အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။အပေါ်အထိရောက် အောင်(၁၅)မိနစ်ခန့် ခြေလျင်တက်ရပါသေးတယ်။ တောင်ထိပ်ပေါ်မှာတော့ စေတီတော်လေးတွေနဲ့ ဘုရားစောင်းတန်းတွေ၊မိုးရေလှောင်ကန်တွေ၊ပုပ္ပားထပ်ဆင့်အသံလွှင့်ရုံ စတာတွေပဲရှိပါတယ်။ တစ်လမ်းလုံး ရေမတွေ့သမျှ တောင်မကြီးထိပ်ပေါ် ရောက်မှပဲရေကန်တွေနဲ့ ရေတွေပေါများစွာတွေ့ရပါတယ်။ အသံလွှင်ရုံ
ဝန်ထမ်းတွေအတွက် မိုရေကိုလှောင်ထားပေးတာပါ။
ပုပ္ပားရဲ့သင်္ကေတ စကားဝါပန်း


 ကျွန်တော်တို့အဖွဲ့တောင်ပေါ်ရောက်တော့ ဆယ်နာရီခွဲပါပြီ။တောင်မကြီးပေါ်ကို တက်တာဖြတ်လမ်းကနေ (၂)နာရီခန့်ပဲ ကြာပါတယ်။ တောင်မကြီးပေါ်ကို ရောက်တော့ ဘုရားစောင်းတန်းမှာနားပြီး ပါလာတဲ့ထမင်းချိုင့်တွေ ကိုဝေငှပြီးစားသောက်ကြပါတယ်။ မနက်ကတည်းက အစာလည်းသိပ်မစားထားတော့ ထမင်းစားလို့ကောင်းလိုက်တာကလည်း မပြောပါနဲ့။ သူကြီးကတော် ချက်ထည့်ပေးလိုက်တဲ့ ငါးခြောက်နဲ့ခရမ်းချဉ်သီးချက်ရယ် သရက်ချဉ်သုပ်ရယ်၊ငရုတ်သီကြော်ရယ်က မောပမ်းမှု့ကိုဖြေသိမ့်ပေးပါတယ်။ စားကောင်းကောင်းနဲ့ ပါသမျှချိုင့်တွေလည်း ပြောင်သွားတာပါပဲ။

ပုပ္ပားတောင်ဖွဲ့..သီချင်းများ

ပုပ္ပားတောင်အကြောင်းရေးပြီးတော့ မြင်ကွင်းလေးတွေပါ ကြည့်ရှု့ခံစားနိုင်အောင် ပုပ္ပားတောင်အကြောင်း ဖွဲ့ဆိုထားတဲ့သီချင်းလေးတွေတင်ပေးလိုက်ပါတယ်။နားထောင်သွားပါအုံး ဘယ်တော့မှမရိုးနိုင်တဲ့သီချင်းလေး တွေပါ...
စကားဝါမြေ(စိုးစန္ဒာထွန်း)
စကားဝါမြေ(နှင်းဧကရီ)


တောင်တော်ရွှေပုပ္ပား(သုမောင်)


Friday, February 25, 2011

ဒေသန္တရဗဟုသုတရှာရင်း...ပုပ္ပားတောင်တက်ကြမယ်...

 ပုပ္ပားတောင်အဝေးမှရှု့ခင်း
ပုပ္ပားတောင်ဟာ မြန်မာပြည်အလယ်ပိုင်းက မန္တလေးတိုင်း၊ မြင်ခြံခရိုင်၊ကျောက်ပန်းတောင်း မြို့နယ်မှာ တည်ရှိ ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် (၄၉၈၁ ပေ) အမြင့်မှာတည်ရှိပါတယ်။ ပုပ္ပားတောင်လို့ပြောလိုက်ရင် မြန်မာပြည်ရဲ့ နတ်များစုဝေးရာ နေရာဆိုတာကို လူတိုင်းသိကြမှာပါ။ ပုဂံရာဇ၀င်နဲ့ ဆက်စပ်နေတဲ့ ပန်းဆက်သမား ကိုဗျတ္တနဲ့ မယ်ဝဏ္ဏတို့ရဲ ဇာတ်လမ်းကလည်း ထင်းရှားတဲ့ရာဇ၀င်တစ်ခု အနေနဲ့ရှိပါတယ်။ပုပ္ပား ဘုရားဖူးဆိုပေမဲ့ တကယ်တမ်း လူသိများတာက တောင်ကလပ်ကိုပါ။တောင်ကလပ်ကတော့ ပုပ္ပားတောင်မကြီး ရဲ့အနောက်ဘက်အစွယ်မှာ တည်ရှိပါတယ်။တောင်ကလပ်ပတ်ဝန်းကျင်မှာ လူနေများပြီး ဈေဆိုင်များ နတ်နန်း များနဲ့ လူစည်ကားပါတယ်။ပုပ္ပားတောင်မကြီးပေါ်ကိုတော့ တက်ရောက်သူနည်းလှပါတယ်။ပုပ္ပားတောင်ကို ကားနဲ့လည်းတက်နိုင်ပါတယ်။ ကျောက်ပန်းတောင်းကနေ ပုဂံကိုသွားမယ်ဆိုရင် အရင်ဆုံး ပုပ္ပားတောင်ကလပ် ကိုဝင်ပြီးမှ ဗျတ္တပန်းဆက်လမ်း(ပုပ္ပားနဲ့ပုဂံ)အတိုင်း ပုဂံကိုသွားကြပါတယ်။
တောင်ကလပ် ...                                               
မယ်ဝဏ္ဏနဲ့တောင်ပြုန်းမင်းညီနောင်
အခုကျွန်တော်ပြောပြမှာက ကျွန်တော်တို့ရွာဘက်ကနေ ပုပ္ပားတောင်ကို ခြေလျင်တက်တဲ့ခရီးစဉ်ပါ။ ကျွန်တော်တို့ရွာကနေ ပုပ္ပားတောင် ကိုလှမ်းမြင်နေရပေမဲ့ တကယ်တမ်းသွားမယ်ဆိုရင်တော့ အမြင်နီး၍ခရီးဝေး ဆိုသလို ရောက်အောင်သွားမယ် ဆိုရင်        တစ်နေ့ကုန်ပါတယ်။ ကျောက်ပန်းတောင်းကနေပြီး ကားနဲ့သွားမယ်ဆိုရင်တော့ နေ့ချင်းပြန်ရောက်ပါ တယ်။ခြေလျင်ခရီးကတော့ နဲနဲပင်ပမ်းတာပေါ့ဗျာ။ ဒါပေမဲ့ ဒေသန္တရ ဗဟုသုတ ရှာမှီးလိုသူတွေအတွက် တော့ သွားသင့်တဲ့ခရီးပါ။ တောသူတောင်သားတွေ အတွက်ကတော့ ပင်ပန်းတယ်ဆိုတာကို စာမဖွဲ့တော့ဘူးလေ။ ဒါကြောင့် တောင်သူလုပ်ငန်းခွင်သိမ်းတဲ့ အခါမျိုးမှာနီးနီးနားနား ပုပ္ပားကိုပဲ ဘုရားဖူးသွားကြတယ်။ သင်္ကြန်ကာလ ဆိုရင်တော့ပုပ္ပားမှာလူအစည်ကားဆုံးပေါ့။ ဘုရားဖူးဆိုတာထက် လူငယ်တွေ ပျော်ပွဲစားထွက်တယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ တောသူတောသားတွေ ပျော်ပွဲစားထွက်ကြတာပေါ့။ ကျွန်တော်တို့ရွာကနေ ပုပ္ပားတောင်မကြီးကို ခြေလျင်သွားမယ်ဆိုရင် ရွာကညနေ သုံးနာရီလောက်မှာစထွက်တယ်။ ညနေဆိုလို့ ညပိုင်းသွားတာ မဟုတ်ဘူးနော်။ ပုပ္ပားတောင်ခြေက ရွာကိုသွားပြီးတော့ ညအိပ်ပြီး အဲ့ဒီရွာကနေ နံနက်အစောထ ပုပ္ပားတောင်ပေါ် ကိုတက်တာ။ ကျွန်တော်တို့ရွာ မြောက်ဘက်မှာက လွန်အိုင်၊ဘိုတဲ စီးမ၊ဆည် လျှော်တော၊နတ်ကန်လည် ဆိုပြီးတော့ရွာတွေ ရှိတယ်။ ကျွန်တော်တို့ရွာနဲ့စာရင် အဲ့ဒီရွာတွေက ကုန်းပေါ်နဲနဲရောက်တယ်။လျှော်တောနဲ့ နတ်ကန်လည်က ပုပ္ပားတောင်နဲ့ ပိုနီးတော့ ညနေပိုင်းမှာ လျှော်တောရွာကို ရောက်အောင်သွားပြီးတော့ ညအိပ်တယ်။ အဲ့ဒီရွာ ကနေမှ မနက်အစော ထပြီးတောင်ပေါ်ကို ခြေလျင်တက်ကြတာ။ အသိမိတ်ဆွေရှိရင်တော့ အသိမိတ်ဆွေအိမ်မှာ တည်းခိုနိုင်သလို မရှိရင်တော့ ကျေးရွာစာသင်ကျောင်းမှာ နားပြီးတော့ သွားလို့ရပါတယ်။ ကျွန်တော်တို့သွားခဲ့တုန်းက ရွာကလူငယ်တွေစုပြီး သွားကြတာဆိုတော့ လျှော်တောရွာက သူကြီးနဲ့ခင်မင်တာကြောင့် သူကြီးအိမ်မှာပဲ ညအိပ်ပြီး ပုပ္ပားတောင်ပေါ်ကို တက်တယ်။ အခုကျွန်တော်ပြော ခဲ့တဲ့ရွာတွေက အများစု ငှက်ပျောစိုက်ခြင်းနဲ့ အသက်မွေးကြတယ်။ တခြားလယ်တို့၊ကြက်သွန်၊ပဲစင်းငုံစတဲ့ ရာသီပေါ်သီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။ ငှက်ပျောကတော့ အများဆုံးပေါ့။ သူတို့ရွာတွေက မြေပြန့်လွင်ပြင် နည်းတယ် ပုပ္ပားတောင်ကြီး မီးတောင်ပေါက်တုန်းက ကျန်ခဲ့တဲ့ ချော်ကျောက်တွေက နေရာတိုင်းမှာ ရှိတယ်ဆိုတော့ အဲ့ဒီကျောက်ခဲကြားမှာပဲ သစ်ပင်တွေစိုက်ပျိုးပြီးတော့ လုပ်ကိုင်စားသောက် ကြရတာ။ ငှက်ပျောတွေက မြေပြန်လွင်ပြင် မဟုတ်လည်း စိုက်ပျိုးလို့အဆင်ပြေတယ်ဗျ။

ဖတ်ဖူးတဲ့စာအုပ်များမှ...မှတ်သားစရာလေးများ

တစ်နေ့တာ"၀န်"

လူသည် တစ်နေ့တာ"၀န်" ကိုကား မည်မျှလေးလံသည်ဖြစ်စေ ထမ်းပိုးနိုင်သည်။ သည်ဝန်ကိုသာ ကျေပွန်အောင် ထမ်းပါ။ သည်ကနေ့ ဘာလုပ်မည်လဲ၊ မနက်စောစောမှာ စဉ်းစားပါ။ နေ့ပိုင်းမှာလုပ်ပါ၊ ညပိုင်းမှာ နှစ်ခြိုက်စွာအိပ်ပါ။ တစ်နေ့တာ ၀န်ကို နိုင်နင်းကျေပွန်စွာ ထမ်းပိုးသွားလျှင် နောက်နေ့ နောက်နေ့ များသည် ပို၍ပေါ့ပါးသော ပို၍အောင်မြင်သော ပို၍ပျော်ရွှင်ချမ်းမြေ့ဖွယ်သော ယနေ့များ ဖြစ်လာကြပေမည်။



ဘ၀သစ်တစ်ခု အစပြုချိန်

နေ့တိုင်းနေ့တိုင်းသည် ဘ၀သစ်တစ်ခု အစပြုရန်အတွက် အခွင့်အလမ်းကို ပေးလျက်ရှိသည်။ နံနက်မိုးသောက် ချိန်သည် သတ္တိရှိသူ မျှော်လင့်ချက်ပြည့်ဝသူ တိုင်းအတွက် လူသစ်စိတ်သစ် စွမ်းအားသစ်ဖြင့် လှုပ်ရှားရန် အခွင့်အရေး စတင်ပေးချိန်ဖြစ်သည်။ နေ့တိုင်းနေ့တိုင်းသည် ဘ၀တစ်ခုနှင့် ဆိုင်သော အကြီးမားဆုံး အောင်မြင်မှုကြီးအတွက် တိုက်ပွဲငယ် တစ်ပွဲစီ ဆင်နွှဲရာ ကာလများဖြစ်သည်။ တစ်နေ့ချင်း၏ အောင်မြင်မှုများသည် တစ်ဘ၀လုံး၏ အောင်မြင်မှုကို အဆုံးအဖြတ်ပြုသွားမည်ဖြစ်ပေသည်။

(စာရေးဆရာ-ဖေမြင့်၏ စာအုပ်မှအချက်လေးများကို သဘောကျ၍ မှတ်သားထားတာလေးကို မျှဝေပါသည်။)

Wednesday, February 23, 2011

နားထောင်ဖြစ်တဲ့ ရွာအကြောင်းသီချင်းလေးများ...

ရွာကိုလွမ်းတိုင်း ကျွန်တော်နားထောင်နေကျ သီချင်းလေးပါ လာလည်သူအပေါင်းလည်း အလွမ်းပြေ နားထောင်နိုင်အောင်မျှဝေပေးတာပါ တောသားတွေဆိုတော့လည်း ဘ၀အကြောင်းလေးတွေ ပါတဲ့သီချင်းလေးတွေကိုအရမ်းသဘောကျမိတယ်ဗျာ။ လက်မှာမှန်ကွဲရှထားလို့စာများများမရေးနိုင်သေးဘူး သီချင်းလေးပဲနားထောင် သွားပေါ့နော်...



Sunday, February 20, 2011

တက္ကသိုလ်ရောက်...တောသား(၂)

ကျွန်တော်တို့အဖွဲ့
ကျောင်းဖွင့်ပြီး တစ်လလောက်ကတော့ စာရယ်လို့ ကောင်းကောင်းမသင်ပါဘူး။ကျောင်းသားမစုံ သေးတာကို အကြောင်းပြပြီး တစ်ချိန်နှစ်ချိန်လောက် ၀င်ပြီးဆရာတွေက မိတ်ဆက်တာ လောက်ပဲ။ တက္ကသိုလ်ဆိုတာ ဘယ်လိုကြီးလဲပေါ့။နောက်တော့လည်း နားလည်သွားပါတယ်။ ပါမောက္ခ ဆရာကြီး ဆရာကြီးတွေ အတန်းချိန် ၀င်သင်တော့ ပြောတာတွေကလည်း မြန်သလားမမေးနဲ့။ စာအုပ်ကို ဖတ်ပြပြီးပြောသွားတာ ဆိုတော့ ကျောင်းသားတွေက ဘာကို လိုက်ရေးရမှန်း မသိဘူး။တစ်ခါတစ်လေ စာရှင်းပြရင်းက သင်ပုန်းပေါ်မှာ ချရေးတာလေးကိုပဲ လိုက်မှတ်ရတာပေါ့။သူများတွေပြောတဲ့ လက်ချာလိုက်တာ ဆိုတာကို ကိုယ်တွေ့ကြုံမှ နားလည်မိတယ်။ဒီလိုနဲ့ ဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ၀င်သင်။ ရေးခိုင်းတော့ ရေးမှတ်လိုက်၊ ပြောပြတာကို နားထောင်လိုက်နဲ့ပဲ တက္ကသိုလ် စာသင်ကြားမှု့စနစ်ကို ရင်းနှီးလာပါတယ်။ကျောင်းဖွင့်တာလဲ အနည်းငယ်ကြာလာတော့ သူငယ်ချင်းအပေါင်းအသင်းတွေလည်း ရှိလာတယ်။ပေါင်းသမျှကလည်း ဘ၀တူ တောသားတွေကြည့်ပါပဲ။မြို့သားဆိုလို့ ကျွန်တော်တို့ အဖွဲ့မှာ မိတ္ထီလာသား တစ်ယောက်ပဲပါတယ်။ ကျန်တာ တွေက အားလုံးတောသားတွေ များတယ်။ရွာမှာဗွီဒီယိုတွေ ကြည့်ရတုန်းကတော့ တက္ကသိုလ်ကျောင်းသားတွေ များမိန်းခလေးတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး စလိုက်နောက်လိုက်နဲ့ တကယ်ကိုပျော်စရာပါပဲ။ကျွန်တော်တို့ အဖွဲ့ကတော့ မိန်းခလေးတစ်ယောက်မှ မပါဘူး။ပထမနှစ်ကျောင်းသားတွေဆိုတော့ မိန်းခလေးတွေနဲ့လည်း သိပ်ပြီး မရင်းနှီးကြသေးတာလည်း ပါတာပေါ့ဗျာ။ နောက်တော့လည်း မေဂျာတူဆိုတဲ့ စိတ်နဲ့ မောင်နှမတွေလို ခင်မင်သွားကြတော့ ပျော်ဖို့ကောင်းပါတယ်။ပထမနှစ်မှာ မောင်မယ်သစ်လွင် ကြိုဆိုပွဲဆိုတာကို လုပ်ပေးတယ်။ ကျောင်းကိုဝင်လာတဲ့ ပထမနှစ်ကျောင်းသူကျောင်းသား အားလုံးအတွက် လုပ်ပေးတာပါ။ပွဲရယ်လို့တော့ ထူးထူးခြားခြား မပါပါဘူး။ ပါမောက္ခချုပ် ကမိန့်ခွန်းပြောပြီး သက်ဆိုင်ရာ ဌာနအသီးသီးက ပါမောက္ခဆရာကြီး ဆရာမကြီးများနဲ့ မိတ်ဆက်ပေးတယ်။ ကျောင်းကို ၀င်ရောက်လာကြလို့ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ကျောင်းစည်းကမ်းနဲ့ ပတ်သက်တာတွေ ပြောကြာတာလောက်ပါပဲ။ နောက်မှ သက်ဆိုင်ရာ ဌာနအလိုက် မေဂျာဝဲလ်ကမ်း ပြန်လုပ်ပေးပါတယ်။မေဂျာဝဲလ်ကမ်း မှာတော့ ဌာနတခုချင်းစီ ပြုလုပ်တာဆိုတော့ ဌာနတစ်ခုနဲ့ တစ်ခုမတူရလေအောင် အစီအစဉ်လေးတွေနဲ့ ဖျော်ဖြေတင်ဆက် ကြပါတယ်။အစားအသောက်ကတော့ ဒံပေါက်နဲ့အအေး ကျွေးပါတယ်။ဖျော်ဖြေရေးအနေနဲ့ကတော့ သီချင်းဆို ၀ါသနာပါသူကသီချင်းဆို၊ အက၀ါသနာပါသူက အက၊ တေးသရုပ်ဖော်၊ ဟာသ စတဲ့အစီအစဉ် လေးတွေနဲ့ ပျော်ပျော်ပါးပါး တင်ဆက်ကြပါတယ်။နောက်တစ်ခုက တက္ကသိုလ်မှာ ထင်ရှားတဲ့ ကွင်း(Queen) ကင်း(King) ဆိုတာကို မေဂျာဝဲလ်ကမ်းမှာပဲ ရွေးပါတယ်။ ကျွန်တော်တို့ မေဂျာကတော့ ပွဲမကျင်းပခင် ကတည်းက ရုပ်ရည်အသင့်တင့် ရှိသူ ယောကျာ်းလေးဆယ်ယောက် မိန်းခလေးဆယ်ယောက်စီ ဆရာမတွေက ဦးဆောင်ပြီးရွေးပါတယ်။ ၀ဲလ်ကမ်းနေ့မှာ အဲ့ဒီအရောက် နှစ်ဆယ်ကို ရှေ့ထွက်ခိုင်းပြီးတော့ ပရိတ်သတ်နဲ့ မိတ်ဆက်ပေးပါတယ်။ ပရိတ်သတ်ဆိုတာကလည်း မေဂျာတူ မောင်နှမတွေပါပဲ။ အတန်းကြီးတဲ့ အစ်ကိုအစ်မတွေ ပေါ့။အားလုံးတစ်ယောက်ချင်းစီ မိတ်ဆက်ပြီးတော့ ပရိတ်သတ်ကနေ မဲပေးပြီးတော့ မဲများဆုံးလူကိုရွေးချယ်ပါတယ်။မှတ်မိပါသေးတယ် ဆရာမတွေ လက်ရွေးစင်ဆယ်ယောက်စီ လာရွေးတော့ ကိုယ့်ကိုကိုယ် ယုံကြည်တဲ့သူက ခေါင်းတွေမော့ထားပါ။ ကိုယ့်အကြောင်းကိုယ်သိတဲ့ သူတွေကတော့ ခေါင်းငုံ့ထားဆိုပြီး ဆရာမတွေက ရယ်စရာပြောပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်တို့ တောသားအဖွဲ့ ခေါင်းတွေငုံ့နေလိုက်ကြတာ ခုံအောက်ကို ၀င်တောမတတ်ပါဘဲ။ကျွန်တော်တို့နှစ်က မေဂျာကွင်းကို မလှိုင်နားက ရုန်းစင်ကြီးသူ ရသွားပါတယ်။ ကင်းကိုတော့ မိတ္ထီလာသားက ရသွားပါတယ်။ ကင်းက ကျွန်တော်တို့မေဂျာ ယောကျာ်းလေးတွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းက တော့ ဘာမှမဟုတ်ခဲ့သလိုနဲ့ အခုအချိန်မှာ ပြန်ပြီးတွေးကြည့်တော့ တကယ်လွမ်းမောဖွယ်ရာ တက္ကသိုလ်နေ့ ရက်လေးတွေပါပဲဗျာ။ နောက်ပြီးတော့ ကျွန်တော်တို့မေဂျာဝဲလ်ကမ်းမှာ နှစ်စဉ်ပါတဲ့ အစီအစဉ်တခုက ဓာတုကလျာ ရွေးချယ်တာဖြစ်ပါတယ်။ ရုပ်ရည်အသင့်တင့်ရှိတဲ့ ကျောင်းသူတွေကို ရွေးပြီးတော့ ဆရာမဆရာမတွေနဲ့ ကျောင်သူကျောင်းသားတွေက မဲပေးပြီးရွေးချယ်ပါတယ်။ ကိုအံ့ကြီးရဲ့ ယဉ်တစ်ကိုယ်မယ် သီချင်းနဲ့ ကိုယ်ဟန်ပြ လမ်းလျှောက်ရပါတယ်။ အဲ့ဒီထဲကမှ အကောင်းဆုံးတစ်ယောက်ကို ရွေးပြီး ဓာတုကလျာစာတမ်းပါ စလွယ်နဲ့သရဖူ ချီးမြှင့်ပါတယ်။ ကွင်းနဲ့ဓာတုကလျာက တစ်ယောက်ထဲတော့ ရတဲ့နှစ်မရှိပါဘူး။ ဓာတုကလျာမှာက ကိုယ်ဟန်ပြလမ်းလျှောက် မှု့ကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။ဖျော်ဖြေမှု့အပိုင်းမှာတော့ သင်္ကြန်အက၊ တေးသရုပ်ဖော်၊ တစ်ပင်တိုင်အက စသည့်ဖြင့် ဖျော်ဖြေကြပါတယ်။ ပထမနှစ်မှာ ခေါင်းငုံနေခဲ့ကြတဲ့ ကျွန်တော်တို့တောသားတွေလည်း ဒုတိယနှစ်၊တတိယနှစ် မေဂျာဝဲလ်ကမ်းတွေမှာ သီချင်းလည်းတက်ဆိုပါတယ်။ တေးသရုပ်ဖော်မှာလည်းဝင်ပါတယ်။ မီပုံပွဲကတဲ့ အထဲမှာလည်း မလွတ်ရပါဘူး။ တောသားလည်း မြိုပါးဝ သွားပြီပေါ့ဗျာ။

Friday, February 18, 2011

တက္ကသိုလ်ရောက်...တောသား...


မိတ္ထီလာတက္ကသိုလ်ရှေ့မှာမဟုတ်ပါဘူး(မိတ္ထီလာတက္ကသိုလ်ပုံရှာရတာ ခေါင်းမူးလို့ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားတယ် :) )

"တောသားမြို့ရောက်"ဆိုတဲ့ စကားလေးကို ကြားဖူးကြမယ်ထင်ပါတယ်။ တောသားတွေ မြို့ကိုရောက်ရင် ဖြစ်တတ်တာလေးတွေကို တင်စားပြီးပြောကြတဲ့ စကားလေးပေါ့။ လူဆိုတာ မွေးဖွားကြီးပြင်းတဲ့ ပတ်ဝန်းကျင် ပေါ်မှာမူတည်ပြီး ကျင်လည်ကျက်စား ရတာဆိုတော့ မြို့မှာမွေးတဲ့သူ တောရွာတွေ အကြောင်းကောင်းကောင်း မသိသလို တောမှာမွေးတဲ့ တောသူတောင်သား တွေအတွက် မြို့အကြောင်းတွေ မသိတာကလည်း သိပ်ပြီး မဆန်းလှပါဘူး။ ဒါပေမဲ့ တောသားတွေ မြို့ရောက်ပြီး ဖြစ်လာတဲ့ ဒီစကားလေး ကတော့ ပုံခိုင်းစရာလေး တခုအနေနဲ့ ကျန်ရှိနေခဲ့တာပေါ့။ စာရေးသူကျွန်တော်သည်လည်း တောသားတစ်ယောက်ပါပဲ။ ဆယ်တန်းနှစ် ရောက်မှ မိတ္ထီလာမြို့ကို ရောက်ဖူးတာပါ။ ဆယ်တန်းတစ်နှစ်လုံး မြို့မှာ နေခဲ့တာတောင် မြို့ပါးမ၀ခဲ့တဲ့ ကျွန်တော်ရယ်ပါ။ ဆယ်တန်းဆိုတော့လည်း ဘ၀အတွက် အရေးကြီးတဲ့ အတန်းဖြစ်တာရယ် တောကနေမြို့ကို တက်ပြီး ကျောင်းတက်ရတာရယ်၊ ကိုယ်ကတွဲဘက်ကျောင်းကနေ ပြောင်းလာတာဆိုတော့ အခြေခံလည်း ပါသင့်သလောက်မပါတာရယ် တွေကြောင့်သူများတွေကိုမှီအောင် မနည်လိုက်လုပ်နေရလို့ စာသင်တဲ့အချိန် ကိုယ်တက်တဲ့ ဘော်ဒါဆောင်ကို သွားရတာကလွဲ ပြီးတခြားဘယ်ကိုမှ မရောက်ဖြစ်ခဲ့ပါဘူး။ နောက်တစ်ခုက ရွာကနေမြို့ကို ကျောင်းလာတက်တာ ကိုယ်တစ်ယောက်ထဲ ဆိုတော့ မြို့သွားကျောင်းတက်ပြီး စာမေးပွဲမှ မအောင်ရင် ငါ့မိဘလည်း မျက်နှာပျက်ရမယ်၊ ငါ့ကိုယ်တိုင်လည်းအရှက်ရမယ်၊ ဆိုတဲ့စိတ်ကလည်း အမြဲတမ်း ခြိမ်းခြောက်နေတော့ စာကိုပဲ တစာစာနဲ့ လုပ်နေခဲ့ပါတယ်။(ကြွားဝါခြင်းမဟုတ်ပါ) ။ကျောင်းပိတ်တော့လည်း ရွာသားဆိုတော့ မြို့ကဗဟုသုတ ရှာဖို့ထက် ရွာကိုပြန်ချင်တဲ့စိတ်က များနေတာနဲ့ မြို့ကိုတောင် လည်လည်ပတ်ပတ် မသွားဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့ တောသားတွေကလည်း ပြောမယ်ဆိုရင်ပြောစရာလေ။လျှစ်စစ်မီးဖိုကို မီးတောက်မတွေ့ လို့ ကုန်းပြီးမှုတ်တဲ့လူစားမျိုတွေဆိုတော့ ပြောမယ်ဆို ပြောသင့်ပါတယ်။ကားခေါင်းထဲကို အပေါက်မဖွင့်တတ်လို့ အပေါ်ကမှန်ပေါက်ကနေ ၀င်တာတို့၊ ရုပ်ရှင်ရုံထဲမှာ သူများတွေ မတ်တတ်ရပ်ပြီး နိုင်ငံတော်အလံ အလေးပြုတာကို ရန်ဖြစ်တယ်ထင်လို့ ဖိနပ်ကိုချွတ်ပြီး ရုံထဲက ထွက်ပြေးခဲ့တဲ့သူကလည်း ရှိသေးတယ်ဗျ။ ရိုးလိုက်အလိုက်တဲ့ တောသားတွေနော်။ ကျွန်တော်ပြောမှာက တက္ကသိုလ်ရောက်တဲ့ တောသားတစ်ယောက် အကြောင်းလေးပါ။ ကျွန်တော် ဆယ်တန်းအောင်ပြီး ၂၀၀၂ ခုနှစ်မှာပဲ တက္ကသိုလ် တက်ခွင့်ရတယ်။ ကိုယ်ရတဲ့ အမှတ်နဲ့ ကိုယ်တင်တဲ့လျှောက်လွှာ ဦးစားပေး အစီအစဉ် အတိုင်း ကျွန်တော် ဓာတုဗေဒ မေဂျာနဲ့ မိတ္ထီလာ တက္ကသိုလ် မှာကျောင်းတက်ခွင့်ရတယ်။ ကျောင်းတက်ဖို့ အကြောင်းကြားစာလေး ရောက်လာတော့ ကျောင်းဆက်တက်ဖို့ရာ အတွက်လုံးပမ်းခဲ့ရတယ်ပေါ့။ စာပေးစာယူတက်မလား၊ ဒေးတက်မလား စတဲ့မေးခွန်းတွေကိုလည်း ဘာမှကောင်းကောင်းနားမလည်ဘူးဗျာ။ အိမ်ရဲ့စီးပွားရေး အခြေအနေအရ၊ ဒေးတက်ဖို့က သိပ်ပြီးမလွယ်လှဘူး ဆိုတာကိုတော့ ကောင်းကောင်းနားလည်ထားတယ်။ အဖေက ပညာရေးအကြောင်းကို နဲနဲပါးပါး နားလည်တော့ ပထမနှစ်ကို ဖြစ်သလိုပဲ ဒေးသင်တန်းတက်ခိုင်းတယ် နောက်နှစ်တွေမှ အခြေအနေကြည့်ပြီးတော့ အဝေးသင်(စာပေးစာယူ)ပြောင်းသင့်ရင် ပြောင်းတက်တာပေါ့ ဆိုပြီး ဒေးတက်ဖို့အတွက် မဲသာသွားတယ်။ ကျောင်းသွားအပ်မယ်ဆိုကတည်းက ပိုက်ဆံကထုတ်ရပြီ အမေ့ခမြာလည်း စုထားတဲ့ ပိုက်ဆံလေးတွေ ကျွန်တော့်ကျောင်းစရိတ်အတွက် ထုတ်လာရပြီ။ သားသမီး ဘ၀ရှေ့ရေးဆိုတော့လည်း စုထားဆောင်းထားတာလေးကို ထုတ်သုံးရတာပါပဲ။ အမေက ကျွန်တော်အတွက် လိုအပ်တာလေးတွေကို ကျောက်ပန်းတောင်းမှာ လိုက်ပြီးဝယ်ပေးတယ်။ လွယ်အိတ်၊ ဖိနပ်၊ ပုဆိုး၊အကျီင်္ စတာလေးတွေပေါ့။ နေဖို့အတွက်ကတော့ ဆယ်တန်းနှစ်က နေခဲ့တဲ့အဒေါ်အိမ်ကပဲ နေပြီးတက်ရမှာဆိုတော့ အဆောင်လခပေးဖို့ မလိုတဲ့အတွက် နဲနဲတော်သေးတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော် အိပ်ယာလိပ် ထမ်းပြီး ဒုတိယအကြိမ်မြောက် မိတ္ထီလာမြို့ကို ရောက်လာခဲ့ရပြန်တယ်။နေတဲ့အဒေါ်အိမ်ကနေ တက္ကသိုလ်ထိအောင် သုံးမိုင်နီးပါးလောက် သွားရတယ်။ စက်ဘီးလေး အစီးသင်ထားတော့ အဒေါ်အိမ်က စက်ဘီးလေးနဲ့ပဲ ကျောင်းကိုသွားရတယ်။ ခရီးအကွာအဝေးက အလယ်တန်းကျောင်းတုန်းက ကျောင်းတက်ရတဲ့ အကွာအဝေးနဲ့ အတူတူပါပဲ။ စက်ဘီးနဲ့သွားရတာရယ်၊ မြို့ထဲကားရှုပ်၊လူရှုပ်မှာ သွားရတာရယ်ပဲ ကွာပါတယ်။ ကျောင်းအပ်တာကတော့ အဒေါ်ရဲ့ အသိ စာရေးမတစ်ယောက်ကအပ်ပေးလို့ အဆင်ပြေတယ်။ကိုယ်တိုင် ဘာမှမလုပ်လိုက်ရဘူး။ နောက်နေ့ကျောင်းတက်ဖို့ သွားတော့မှ တစ်ယောက်ထဲ လည်တော့တာပါပဲ။ ကျောင်းထဲကိုဝင်ပြီး ဘယ်အဆောင်မှာ စာသင်မယ်၊ ကိုယ့်ဌာနက ဘယ်နားမယ်ဆိုတာတွေကို ဘာမှမသိဘူး။ ကျောင်းရောက်ခါစ ဆိုတော့ သူငယ်ချင်းဆိုတာလည်း တစ်ယေက်မှ မရှိသေးဘူး။ ကျောင်းအပ်ပြီး ဒုတိယနေ့မှာ ကျောင်းတက်ရမှာပဲဆိုပြီးတော့ ကျောင်းကို စက်ဘီးနင်းပြီး သွားခဲ့တယ်။ ကျောင်းအ၀င်ပေါက်ရောက်တော့ ကျောင်းထဲကို ဆက်ပြီးမ၀င်ရဲတော့ဘူး။ တက္ကသိုလ်ဆိုတာကြီးကို စိတ်ထဲမှာ ကြောက်ရွံနေမိတယ်။ တစ်ယောက်ထဲ ယောင်လည်လည်နဲ့ ဘာလုပ်ရမှန်းလဲ မသိဘူး။ သူများတွေကတော့ သူငယ်ချင်းတွေနဲ့ တ၀ါးဝါးတဟားဟား အဆင်ကိုပြေလို့ဗျ။ ကျွန်တော်မှာတော့ ကျောင်းသားသစ်လဲဖြစ်ပြန်၊ သူငယ်ချင်းဆိုတာလဲ မရှိသေးတော့ ကျောင်းထဲဝင်ရမှာကို စိတ်ကမရဲဘူးဖြစ်နေတယ်။ အဲ့ဒီနေ့ကတော့ ကျောင်းရှေ့က ပလက်ဖောင်းပေါ်မှာပဲ နေမြင့်သည် အထိထိုင်ပြီးတော့ သူများတွေ အဖွဲ့လိုက်သွားပြန်နေကြ တာကိုကြည့်ပြီး ပြန်လာခဲ့ရတယ်။ အဒေါ်ဖြစ်သူကတော့ အဆင်ပြေလား စာတွေသင်လိုက်ပြီးလား စသဖြင့် အထင်တကြီးနဲ့ မေးခွန်းတွေ မေးပါတယ်။ ကျွန်တော်လည်း အလိုက်သင့်ဖြေရင်း နောက်နေ့သွားဖို့ရာအတွက် ကိုစိတ်ထဲမှာ လေးနေမိတယ်။ ဒုတိယနေ့လည်း အခန့်သားပြင်ဆင်ပြီး ကျောင်းရှေ့ရောက်ခဲ့ပြန်တယ်။ အရင်နေ့ကလိုပဲ ကျောင်းရှေ့ပလက်ဖောင်းမှာ စက်ဘီးလေးရပ်ပြီးတော့ ခဏထိုင်နေရင်း ကိုယ့်ဘာသာ စဉ်းစားမိတယ်။ ငါဒီလိုသာ နေ့တိုင်းဒီနားမှာပဲ ထိုင်နေရင်တော့ မဖြစ်သေးဘူး၊ ငါလည်းသူတို့တွေကို ဆယ်တန်းအောင်ထားတာပဲ၊ ဒီကျောင်းက ငါတို့တက်ဖို့အတွက်ပဲ ငါလည်းသူတို့လို ကျောင်းထဲဝင်လို့ရတာ ပဲလို့ ကိုယ့်ဘာသာ အားတွေပေးပြီးတော့ ကျောင်းထဲကို စက်ဘီးစီးပြီး ၀င်သွားခဲ့တယ်။ ကျောင်းထဲတော့ရောက်သွားပြီ ဘယ်အခန်း ဘယ်အဆောင်မှာ သင်မယ်ဆိုတာကိုတော့ ထပ်ပြီးတော့ စုံစမ်းရအုံးမယ်လေ။ အဲ့ဒီနေ့ကတော့ ကျောင်းရှေ့က ကန်ဘောင်မှာထိုင်ပြီး သူများတကာတွေကို ငေးရင်းနဲ့ နေ့လည်ပိုင်းမှာ ပြန်လာခဲ့တယ်။ အရင်နေ့ကနဲ့စာရင်တော့ သတ္တိနဲနဲရှိလာလို့ ကိုယ့်ဘာသာ ချီးမွမ်းရင်း ပြန်လာခဲ့တယ်။ တတိယနေ့မှာတော့ ကျောင်းထဲကို တန်းပြီးဝင်သွားခဲ့တယ်။ ဒုတိယနေ့က ထိုင်ခဲ့တဲ့ကန်ဘောင်ဆီကို သွားပြီးတော့ ခဏထိုင်ရင်း အမောဖြေတယ်။ ဒီနေ့တော့ စာသင်ခန်းနဲ့ ဌာနကို သိအောင်စုံစမ်းမယ်လို့ ကိုယ်ဘာသာ ပြောပြီး ကျောင်းထဲကို စက်ဘီးလှည့်စီးဖို့ ဆုံးဖြတ်လိုက်တယ်။ ဌာနဟုထင်ရသော အဆောင်တွေ ရှေ့ရောက်ရင် စက်ဘီးလေး အသာရပ်ပြီး စက်ဘီးပေါ်ကနေ ဆိုင်းဘုတ်ကို ဖတ်တယ်။ ရူပဗေဒဌာန၊ရုက္ခဗေဒဌာန၊ပထ၀ီဝင်၊သမိုင်း၊သတ္တဗေဒ စတဲ့ဌာနတွေ ရှေ့ရောက်ပြီး နောက်ဆုံးမှ ဓာတုဗေဒ ဌာနဆိုတဲ့ ဆိုင်းဘုတ်ကို မြင်လို့ စက်ဘီးစီးသွားပြီး သေချာအောင် ကြည့်ပြီး ဌာနရှေ့မှာ စက်ဘီးရပ်ရင်း ယောင်လည်လည်လုပ်နေခဲ့သေးတယ်။ ဌာနကတော့ တွေ့ပြီ ဘယ်သူကိုသွားမေးရမလဲဆိုတာ စိတ်ထဲမှာ မသိပြန်ဘူး။ ကျောင်းထဲမှာလဲ ကျောင်းသားတွေ အလျှိုအလျှို သွားလာနေကြတာ ကျွန်တော်လို ယောင်လည်လည်တစ်ယောက်မှ လည်းမမြင်မိဘူးဗျာ။ တောသားတွေများ မပါလို့လား၊ ပါခဲ့ရင်လည်း ငါထက် လည်ဝယ်သူတွေပဲ ဖြစ်မှာပေါ့လို့ တွေးပြီးတော့ ဌာနရှေ့မှဘဲ ပြန်လာခဲ့ပါတယ်။စတုတ္ထနေ့မှာတော့ စက်ဘီးကို ဓာတုဗေဒဌာန ရောက်အောင် တခါထဲနင်းသွားတယ်။ ဌာနရှေ့ခပ်လှမ်းလှမ်းမှာ စက်ဘီးရပ်ပြီးတော့ ဓာတ်ခွဲခန်းလို့ယူဆရတဲ့ အစွန်ဆုံးအခန်းရှေ့ ကော်ရစ်တာမှာ သွားထိုင်နေရင်း ဌာနရှေ့လာတဲ့ ကျောင်းသားကျောင်းသူ တွေကို အကဲခတ်နေတယ်။ ကျွန်တော်လို ယောင်လည်လည် များတွေ့မလားလို့ပေါ့။ နှစ်ကြီးသမားများ ဖြစ်ဟန်တူပါတယ်။ အားလုံးက တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက် အဖွဲ့တွေကိုယ်စီနဲ့ ပျော်ရွှင်နေကြတာ သူတို့ကို ကြည့်ပြီးတာ့ အားကျမိပါတယ်။ကော်ရစ်တာမှာ လမ်းလျှောက်ရင်း ဌာနရှေ့က ကြောငြာသင်ပုန်းမှာ ကပ်ထားတဲ့ စာရွက်တွေကို လိုက်ဖတ်နေမိတယ်။ အတန်းခွဲအလိုက် အချိန်စာရင်းတွေ ကပ်ထားတာကို တွေ့ရတယ်။ ဆရာမကြီးတစ်ယောက် အနားလာတော့မှ အရဲစွန့်ပြီးတော့ ပထမနှစ် တွေအတွက် အချိန်စာရင်းထွက်ပြီးလား ဘယ်အခန်းမှာ စာသင်မှာလည်း စသည့် သိလိုတာလေးတွေကို မေးကြည့်တယ်။ အဲ့ဒီဆရာမကြီးက အချိန်စာရင်းမထွက်ရသေးကြောင်း၊ စာသင်ခန်းနံပတ်တွေ အဆောင်တွေကို ပြောပြပေးတယ်။ အဲ့ဒီနေ့ကတော့ ကျောင်းကိုလာရတာ အကျိုးရှိသွားတယ်ဗျာ။ ဆရာမကြီးက သေချာပြောပြတော့ ပိုပြီးလည်း အားရှိသွားတာပေါ့။ ဒီလိုနဲ့ ကျောင်းရှေ့ပလက်ဖောင်းမှာ ထိုင်ရင်းက တဖြည်းဖြည်း အရဲစွန့်ပြီး ကျောင်းဝင်းထဲကို အဆင့်ဆင့် ရောက်လာခဲ့တဲ့ တောသားကျွန်တော် နောက်ရက်တွေမှာ ကျောင်းသွားဖို့ရန်အတွက် အားတွေရှိလာပါတယ်။ကျွန်တော်က ကျောင်းအပ်တာ နဲနဲ စောတယ်။ အလယ်တန်းတုန်းကလို ကျောင်းအပ်ပြီးကတည်းက စာသင်မယ်ထင်ပြီး နေတိုင်းကျောင်းကို သွားနေတာပါ။ နောက်နေ့ ကျွန်တော်တို့ သင်ရမယ့်စာသင်ခန်းကို သွားပြီးလေ့လာတော့ ကျောင်းသားမစုံသေးလို့ စာမသင်သေးတဲ့အကြောင်း သိရတယ်။ စာသင်ခန်းမှာတော့ မိတ္ထီလာ မြို့ခံတွေလို့ ထင်ရတဲ့ ကောင်းမလေး တစ်စုက ဆူဆူညံညံနဲ့ ပွဲကျနေလိုက်ကြတာ သူတို့အဖွဲ့ ကျတော့လည်း တကယ့်ကို တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေရဲ့ အရသာကို ကျောင်းစဖွင့်ကတည်းက ခံစားနေကြရပါလားလို့ တွေးလိုက်မိပါတယ်။နောက်ရက်တွေမှာလည်း စာမသင်ပေမဲ့ ကျောင်းကို ရောက်ပါတယ်။ ကျောင်းသားစုံလို့ စာ စသင်တော့ ကျွန်တော်လိုပဲ ယောင်လည်လည်နဲ့ သူငယ်ချင်းများကိုလည်း တွေ့ရပါတယ်။ တောသားတွေများ ဘယ်နေရာရောက်ရောက် သူများပြောစရာဖြစ် နေပါလားဆိုတာကို ကိုယ်တိုင်ကြုံမှ နားလည်မိပါတယ်။ကျောင်းတုန်းက အကြောင်းလေးတွေကို သတိရမိလို့ ဒီပို့စ်လေးရေးတင် လိုက်တာပါ...
ဆက်ရေးပါအုံးမည်...

ထမနှဲ...

ကျွန်တော့်လက်ရာ ထမနှဲပါ
ဒီနေ့တပိုတွဲလပြည့်နေ ဆိုတော့ မြန်မာပြည်မှာ ထမနှဲထိုးပွဲတွေ ကျင်းပနေကြမှာပေါ့။ကျွန်တော်တို့လို အဝေးရောက်မြန်မာတွေ အတွက်တော့ အလွမ်းပြေ ထမနှဲလုပ်စား ဖို့ဆိုတာက သိပ်ပြီးမလွယ်လှဘူးဗျ။ ကျွန်တော်ရောက်နေတဲ့ နေရာက အာရှအစားအစာ သိပ်ဝယ်လို့မလွယ်တော့ ထမနှဲဆိုတာလည်း လုပ်စားဖို့ခက်တာပေါ့ဗျာ။ ဗီယက်နမ်ဈေး ရောက်တုန်းက ရှားရှားပါးပါး ကောက်ညှင်းဆန် ထုပ်လေးတွေ့လို့ တစ်ထုပ်ဝယ်လာခဲ့တာ လေးကိုသတိရတာနဲ့ ပြန်ကြည့်တော့ ကောက်ညှင်းဆန်ထုပ်က ဒီအတိုင်းရှိနေသေးတယ်။ဒါနဲ့ချက်ချင်းပဲ ရွာမှာတုန်းက စာခဲ့ရတဲ့ ထမင်းနှဲလုပ်စားဖို့ အကောင်အထည် ဖော်လိုက်တယ်ဆိုပါတော့ဗျာ။မီးဖိုအခက်အခဲကြောင့် မြန်မာပြည်မှာလိုတော့ အသေးစိတ် မလုပ်တော့ဘူး။ အခန်းက ထမင်းပေါင်းအိုးမှာပဲ ကောက်ညှင်းဆန်ကို ရေအနေတော် ထည့်ပြီးတော့ ချက်လိုက်တယ်။ ထမင်းအိုးတည်ထားတုန်း မြေပဲဆံရှိတာလေးကို မီးဖိုမှာ သွားလှော်တယ်။ မြေပဲလှော်ပြီးတော့ ကြက်သွန်ဖြူ ထောင်းထားတာလေးကို နနွင်းမှုန့်လေးများများ ထည့်ပြီး ဆီချက်ချက်လိုက်တယ်။ အခန်းပြန်ရောက်တော့ ထမင်းအိုးက အဆင့်သင့်ဖြစ်နေပြီ။ ထမင်းချွေးသိပ်အောင် ခဏထားလိုက်တယ်။ မြေပဲလှော်ကို အခွံတွေ ချွတ်ပြီးတော့ မညက်တညက်လေး ထောင်းထားတယ်။ အားလုံးအဆင်သင့် ဖြစ်တော့ ထမင်းကို ပေါင်းအိုးအလွတ်ထဲကို ခူးပြီးဆားဖြူး ဆီချက်ဆမ်းပြီးတော့ သမအောင်မွှေပေးပါတယ်။ ထမင်းမွှေလို့ သမလောက်တော့ မြေပဲဆံထောင်းထားတာကို ထည့်ပြီးထပ်မွှေ ပါတယ်။အရသာအနေအထား မြည်းကြည့်ပြီးပြီဆိုရင်တော့ ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်နံ့ မွှေးမွှေးလေးနဲ့ မြန်မာပြည် အလွမ်းပြေ ထမနှဲရပါပြီ။ ကျွန်တော်တို့ငယ်ငယ်က ရွာမှာလည်း ထမနှဲဆိုရင် ဒီအတိုင်းပဲ စားခဲ့ရပါတယ်။ အုန်းသီး၊နှမ်း စတဲ့အဆာပလာ တွေပါတာကိုတော့ ကျွန်တော် မြို့ရောက်မှစားဖူးတာပါ။အခုကျွန်တော် လုပ်ထားတာ လေးကတော့ အဆာပလာမစုံ ပေမဲ့ မြန်မာပြည်အလွမ်းပြေ တပိုတွဲ လပြည့်နေမှာ လုပ်စားဖြစ်တာလေးပါ။ အားလုံးပဲ သုံးဆောင်သွားကြပါအုံး...ထမနှဲက ထည့်တာများသွားလို့ ပန်းကန်နဲ့ ပြည့်သွားတယ်။ များများလေးဆိုတော့ အ၀စားရတာပေါ့...:)

Wednesday, February 16, 2011

အညာပဲတီချဉ်သုပ်...

ပဲတီချဉ်သုပ်
ဒီနေ့တော့ ကျွန်တော့်ဆီ လာလည်သူများကို အညာဒေသရဲ့အစားအစာ တခုဖြစ်တဲ့ ပဲတီချဉ်သုပ် လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ ရွာမှာတော့ ပဲတီစိမ်းကို ကိုယ်တိုင်စိုက်တော့ ပဲပင်ပေါက် ပြုလုပ်ရာမှာလည်း ပဲတီစိမ်းကို အသုံးပြုပါတယ်။ ကျွန်တော်တို့ရွာက ရှင်ပြု၊နားသ မင်္ဂလာဆောင်၊ကထိန်  ဘုရားပွဲတွေမှာ ပဲတီချဉ်ဟာလည်း ဟင်းအမည်တစ်မျိုး အဖြစ်ပါဝင်ပါတယ်။ ပဲဟင်းနဲ့ငါးခြောက်ကြော် ပဲတီချဉ်သုပ် ဟင်းအစပ်ကလည်း သန့်သန့်လေးနဲ့ စားကောင်းလှတဲ့ အညာအလှူ အကျွေးအမွေးတစ်မျိုးပါ။ ပဲတီချဉ်လုပ်နည်းကတော့ ပဲတီစိမ်းအစေ့ကို ရေနွေးပွက်ပြီးသားနဲ့ ပဲစေ့များပွလာအောင် စိမ်ပေးရပါတယ်။ ပဲစေ့များပွလာပြီဆိုရင် ရေနွေထဲမှဆယ်ယူပြီး အအေးခံထား ရပါတယ်။ ကိုယ့်မိသားစုစားဖို့အတွက် ဆိုရင်တော့ အေးပြီးသားပဲ့စေ့ကို တောင်းဖြစ်စေ၊ ရေအိုးထဲကို ကောက်ရိုးထည့်၍ဖြစ်စေ ပဲပင်ပေါက် ဖောက်ပေးရပါတယ်။ ကျွန်တော်တို့ ရွာမှာတော့ အလှူတစ်လှူစာ ပြုလုပ်ရတာဆိုတော့ ပဲပမာဏလည်း များများသုံးရပါတယ်။ ထို့ကြောင့် ပဲစေ့များကို ရေနွေးဖျော(ရေနွေးအိုးထဲထည့်ပြီးတော့ မီးဖိုပေါ်မှာတင် ပဲစေ့ပွအောင် မွှေပေးခြင်းဖြစ်ပါတယ်။)ပြီး ချောင်းထဲက သဲသောင်ပြင် သန့်သန့်မှာ နှစ်ညသုံးညခန့် ထားပြီးတော့ ပဲပင်ဖောက်ပါတယ်။ ကျွန်တော်တို့ရွာက ချောင်းနဲ့နီးပြီး သဲသောင်ပြင်များလဲ ရှိတော့ ပဲပင်ဖောက်ဖို့အတွက် အဆင်ပြေပါတယ်။ သဲသောင်ပြင် မရှိရင်တော့ အထက်ကပြောတဲ့နည်းအတိုင်း တောင်း(သို့မဟုတ်)ရေအိုးထဲမှာထည့်ပြီး ကောက်ရိုးနဲ့ ဖောက်လို့ရပါတယ်။ ကောက်ရိုးကိုတော့ ရေဖြန်းပေးရပါမယ်။ ဒီနည်းကတော့ တချို့ပဲစေ့ တွေအပင်မပေါက်ပဲ ကျန်ရှိနိုင်ပါတယ်။ ကျွန်တော်တို့ရွာဘက်က ပဲပင်ဖောက်နည်းကတော့ သဲသောင်ပြင် မှာပြုလုပ်တာ ဖြစ်တဲ့အတွက် အညှောင့်မပေါက်မှာ စိုးရိမ်စရာ မလိုပါဘူး။ ပဲပင်မဖော်ခင် ရေတော့ အနည်းငယ် ဖြန်းပေးရပါတယ်။ ပဲပင်ဖော်တော့လည်း အိမ်မှာသုံးနေကျ စပါးလှေ့တဲ့ ဆန်ကာထဲ ထည့်ပြီးတော့ ရေအိုင်ထဲမှာ ရေဆေးလိုက်ယုံပါပဲ။ သဲလည်းပြောင်စင်ပြီး ပဲပင်ပေါက်လည်း ရေဆေးပြီးသား ဖြစ်သွားတာပေါ့။ ရေးဆေးပြီး ရလာတဲ့ပဲပင်ပေါက် ဖြူဖြူဖွေးဖွေးလေး တွေကို အိမ်ရောက်တော့ ဒီအတိုင်းကြော်းစားနိုင်သလို အချဉ်တည်ပြီးလည်း စားသုံးကြပါတယ်။ အလှူမှာကျွေးဖို့အတွက်ကတော့ အလှူရက်နီးမှ ကပ်ပြီး လုပ်လို့ရ ပါတယ်။ ပဲတီချဉ် တည်တာလဲ မခက်ပါဘူး သန့်စင်ပြီးသား ပဲပင်ပေါက်ကို စဥ့်အိုးထဲမှာထည့်ပြီး ဆန်းဆေးရည် လောင်းထည့်ပေးရုံပါပဲ။ အရောင်လှစေဖို့ နနွင်း(ဆနွင်း)မှုန့် ထည့်ပေးရပါတယ်။ နှစ်ညလောက်ထားပြီးရင်တော့ ပဲတီချဉ်အဆင်သင့် ဖြစ်ပါပြီ။ တချို့ကတော့ ထမင်းရည်ကို အအေးခံပြီး အသုံးပြုပါတယ်။ သူလည်းချဉ်တာပါပဲ။ ဆန်ဆေးရည်ကတော့ အအေးခံစရာမလိုတော့ အချိန်ကုန်သက်သာ တာပေါ့ဗျာ။ ကျွန်တော်သုပ်စားတဲ့ ပဲတီချဉ်ကတော့ အသင့်ဖောက်ပြီးသားပဲပင်ပေါက်ကို ဆိုင်က၀ယ်ပြီး ကိုယ်တိုင် အချဉ်တည်လိုက်တာပါ။ ဒီမှာတော့ ပဲပင်ပေါက်နှစ်မျိုးလောက် တွေ့တယ်။ နောက်တစ်မျိုးက ဘာပဲစေ့ကို လုပ်ထားလည်းတော့ မသိဘူးဗျ။ သူက အရိုးရှည်ပြီးတော့ ပဲစေ့က နဲနဲကြီးတယ်။ကျွန်တော်က တော့ ပဲတီစိမ်းနဲ့ လုပ်တာကို ပိုကြိုက်တယ်။ ပဲဟင်းကိုဗူသီးရယ် ကြာဇံလေးနဲနဲ ထည့်ပြီးတော့ချက်တယ်။ ငါးခြောက်က ကြော်စရာမရှိလို့ အသားတုကို ငရုတ်သီးအငန်စပ်လေးရယ် တွဲပြီးတော့ စားလိုက်တယ်ဗျာ။ သုံးဆောင်သွားကြပါအုံး...
 ပဲနဲ့ဗူးသီးဟင်းချို၊အသားတုအစပ်ချက်နဲ့ပဲတီချဉ်သုပ်
ပဲဟင်းချို...
အသားတုအစပ်ချက်...
ပဲတီချဉ်သုပ်...

Monday, February 14, 2011

တို့ဟူး(တို့ပူး)သုပ်...

ဒီနေ့တော့ လာလည်သူတွေကို ကျွန်တော်ချက်စားဖြစ်တဲ့ အညာဟင်းလေးတွေထဲက တို့ဟူးသုပ်လေးနဲ့ ဧည့်ခံပါမယ်ဗျာ။ကျွန်တော်အမေ့အိမ်ကိုလွမ်းတဲ့အခါ လုပ်စားဖြစ်တဲ့အစားလေးတစ်မျိုးပါ။ အညာဒေသမှာတင်မဟုတ်ဘဲ ဒေသအတော်များများမှာ စားကြပါတယ်။တချို့ဒေသမှာတော့ တို့ဟူးကို(ချဉ်စော်ကား)လို့လည်းခေါ်ကြပါတယ်။ကျွန်တော်အခုရောက်နေတဲ့ နေရာကအာရှအစားအစာ ၀ယ်လို့အရမ်းခက်ပါတယ်။ဗီယက်နမ်ဆိုင်လေးတွေရှိလို့ တချို့အစားအစာလေးတွေတော့ ၀ယ်လို့ရပါတယ်။
 ပဲမှုန့်ကတော့ အိန္ဒိယလူမျိုးတွေရောင်းတဲ့ဆိုင်ကနေ ၀ယ်လို့ရတာပါ။ကျွန်တော်တို့ဆီက ပဲမှုန့်လောက်တော့ မစစ်ဘူးဗျ။ဒါပေမဲ့ တို့ဟူးလုပ်စားလို့တော့ ဖြစ်ပါတယ်။တို့ဟူးကျိုတာကတော့ အရမ်းမခက်ပါဘူး။ ကျွန်တော်ကျိုတာကတော့ ပဲမှုန့်တစ်ဆရေနှစ်ဆ ထည့်တယ်။ပဲမှုန့်နို့ဆီတစ်ဗူးဆိုရင် ရေကနှစ်ဗူးထည့်တယ်။ ဒီကပဲမှုန့်ကတော့ အသင့်ပါပဲ။ လက်မောင်းတုတ် ချင်ရင်တော့ ရေများများထည့်ပြီးကျိုပေါ့ဗျာ။ ပဲမှုန့်ကိုအရင်ဆုံးရေလေး နဲနဲလောင်းထည့်ပြီး ပျစ်သွားအောင်နယ် ပဲမှုန့်အတုံးအခဲလေးတွေ မကျန်အောင်ဂရုစိုက် ချေပေးပြီးတော့ အရောင်လေးလှအောင် ဆနွင်း(နနွင်း)မှုန့်အနည်းငယ်ထည့်ပြီးတော့ မီဖိုပေါ်မှာတင်ပြီးကျိုယုံပါပဲ။မီဖိုပေါ်အိုးရောက်ကတည်းက ဖြည်းဖြည်းချင်းမွှေပေးနေပါ။တဖြည်းဖြည်း ပျစ်လာတဲ့အခါ အားထည့်ပြီးမွှေပေးပါ။တို့ဟူးကျိုနေရင်း ယောက်မကို အနည်းငယ်မြှောက်ကြည့်ပေးပါ။ အဲ့ဒီလိုမြှောက်ကြည့်လို့ တို့ဟူးကအမျှင်တန်းနေသေးရင် ဆက်ပြီးကျိုပါအုံး။နောက်တစ်ခါမြှောက်ကြည့်လို့ တို့ဟူးက အမျှင်မတန်းတော့ဘဲ ချက်ချင်းပြတ်ကျသွားတယ်ဆိုရင် ခဏလောက်ထပ်မွှေပေးပြီး အအေးခံမယ့် ဗန်းထဲကိုသွန်ထည့်ပြီး အအေးခံထားလိုက်ပါ။တို့ဟူးသုပ်ဖို့အတွက် ကြက်သွန်ဖြူကိုထောင်းပြီးဆီချက်ချက်ပါတယ်။တချို့ကတော့ ကြက်သွန်နီလည်းထည့်ပြီးသတ်ပါတယ်။မိမိကြိုက်နှစ်သက်ရာပြုလုပ်နိုင်ပါတယ်။ကျွန်တော်ကတော့ ကြက်သွန်ဖြူဆီချက်ကိုပဲ ထည့်ပါတယ်။အချဉ်အတွက် မန်ကျည်းမှည့်ကိုရေစိမ်ပြီး အနှစ်ရအောင်လုပ်ထားပါ။ဆီချက်ချက်ပြီးရင်း ဆီချက်ကိုပန်းကန်တစ်ချပ်နဲ့ ထည့်ထားပြီး ဆီချက်တဲ့ဒယ်အိုးထဲကို မန်ကျည်းမှည့်အနှစ်လေးလောင်းထည့်ပြီး ပွက်အောင်ထားပေးပါ။ မကျိုချင်လို့ဒီအတိုင်းထည့်လည်း အဆင်ပြေပါတယ်။ ငံပြာရည်ကိုလည်းထိုးနည်းအတိုင်းလုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရွာမှာတော့ တို့ဟူးသုပ်ရောင်းတဲ့သူက မန်ကျည်းသီးမှည့်ကို အတောင့်လိုက်လေး အိုးထဲမှာထည့်ပြီးရေစိမ်ထားပါတယ်။ ငံပြာရည်ကိုတော့ ကျိုပြီးတော့ပုလင်းနဲ့ထည့်ထားပါတယ်။ ၀ယ်သူလာရင် တို့ဟူးလေးထည့် မန်ကျည်းမှည့်ရည်၊ငံပြာရည်လေးအရင်လောင်းပြီးမှ ဆီချက်ကိုဝှေ့ဆမ်းပြီးတော့ ဇွန်ဖင်လေးနဲ့ပွတ်လိုက်ပါတယ်။ဆီဈေးကြီးတော့ ဆီကိုအများကြီးမထည့်ပါဘူး။ အထက်ကပြောတာလေးတွေပြင်ဆင်ပြီးရင်တော့ နံနံပင်အနည်းငယ်ကိုလှီးထားပါ၊ငရုတ်သီးတောင့်ကို ဆီနဲ့အနည်းငယ်ကြော်ပြီးထောင်းထားပါ။တို့ဟူးကိုလည်း မိမိကြိုက်နှစ်သက်သလို အရွယ်အစားလေးတွေ လှီးပြီးတော့ ပန်းကန်ထဲမှာထည့်၊ ဆီချက်၊ငံပြာရည်၊မန်ကျည်းမှည့်၊ဟင်းချိုမှုန့်၊နံနံပင်စတာလေးတွေထည့်ပြီး နယ်ပေးပါ။ ငရုတ်သီးကတော့ကြိုက်နှစ်သက်ရင် ထည့်ပြီးတော့စားပေါ့။ ကျွန်တော်ကတော့ငရုတ်သီးမပါရင် ထမင်းကိုမစားတတ်အောင်ပါပဲ။ဒါကြောင့်ငရုတ်သီးကိုပါ တစ်ခါထဲထည့်ပြီးတော့ သုပ်ပါတယ်။ တို့ဟူးသုပ်ပြီးရင်တော့ ရေနွေးသောက်ရင်းအမြည်းဖြစ်စေ၊ထမင်းနဲ့ဖြစ်စေတွဲဖက်ပြီးသုံးဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ နံနက်စောစောမှာ ထမင်းပူပူလေးနဲ့တို့ဟူးသုပ်တွဲဖက်ပြီးစားရတာကို သဘောကျပါတယ်။ကျွန်တော့်လက်ရာ တို့ဟူးသုပ်လေးသုံးဆောင်သွားပါအုံးဗျာ...
တို့ဟူးသုပ်
ဒီပုံလေးကတော့အနီးကပ်ရိုက်ထားတာပါ
အ၀စားသွားပါဗျာ အားမနာပါနဲ့။ရေနွေးကတော့ ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်။ငရုတ်သီးစပ်စပ်လေးစားပြီး ရေနွေးပူပူလေးသောက်ရတာလည်း အခုရောက်နေတဲ့ နေရာရဲ့ရာသီဥတုနဲ့က အဆင်ပြေတယ်ဗျ။
နောက်လည်း ကျွန်တော်ချက်စားဖြစ်တဲ့အညာဟင်းလေးတွေကို ဆက်ပြီးတော့ပြောပြပေးပ့ါမယ်ဗျာ။ 
လာပြီးအားပေးတာကိုကျေးဇူးတင်ပါတယ်။ 

ကျွန်တော်နဲ့အမေ့မီးဖိုချောင်...(၃)

              နောက်ထပ်အကြောင်းလေးတခုကလည်း ရယ်စရာလေးအဖြစ်ကျန်ခဲ့တယ်။ တစ်နေ့ ကျွန်တော်ကို အမေက ပဲဟင်းချက်ထားခိုင်းတယ်။အမေပဲဟင်းချက်ရင် ပဲကိုအရင်ပြုတ်ပြီးချက်တတ်သလို၊ပဲခြမ်းကိုရေဆေးပြီး ကြက်သွန်နီ၊ဆီ၊ဆား၊ငါးပိ၊ဆနွင်း စတဲ့ဟင်းခတ်လေးတွေတစ်ခါထဲ ထည့်ပြီး ရေလေးနည်းနည်းနဲ့ အရင်လုံးတယ်။ပြီးမှ ရေများများထည့်ပြီး မီးဖိုပေါ်မှာပဲနူးသည်အထိ တည်ထားတတ်တယ်။ စားခါနီးမှ ခွေးတောက်ရွက်၊ဆူးပုတ်ရွက် စတဲ့အရွက်လေးများ ခတ်ပြီးတော့ မီးဖိုပေါ်ကချပြီးစားတယ်။ နောက်တစ်မျိုးကတော့ ဧည့်သည်လာရင်ချက်တဲ့နည်းပေါ့။ ကျွန်တော်တို့ရွာမှာ ကုလားပဲက ကိုယ့်ယာခင်းထွက်တာဆိုတော့ ပဲဟင်းကို ကုလားပဲနဲ့ ချက်တာများတယ်။ ပဲကြီးဆိုတာလည်း ရှိတယ်။ ပဲကြီးကလည်း ဟင်းချိုချက်ရင် စားလို့သိပ်ကောင်းတယ်ဗျ။အိမ်မှာဧည့်သည်လာတဲ့အခါ ဒါမှမဟုတ် ယာခင်းကိုပျော်ပွဲစား ၀ိုင်းပြီးထွန်တဲ့အခါမျိုးမှာ အမေက ပဲကိုအရင်ပြုတ်ပြီးတော့ အိုးထဲမှာအေးအောင်ထားတယ်။ ပဲပြုတ်ထားတာ အေးသွားတော့မှ အရည်ကိုစစ်ယူပြီး ဟင်းအိုထဲမှ ပဲပြုတ်ပြီးသားကို သစ်သားငရုတ်ကျည့်ပွေ့နဲ့ ခပ်ဖွဖွလေးထောင်းပေးတယ်။ ပြီးမှ ပန်းကန်ထဲပြောင်းထည့်ပြီး အဲ့ဒီဟင်းအိုးနဲ့ပဲ ကြက်သွန်ဖြူနီဆီသတ်ပြီးတော့ ပဲပြန်ထည့်ပြီး ချက်တယ်။ ကြက်သွန်ဖြူ ဆီသတ်ပြီးချက်ထားတော့ ပဲဟင်းက မွှေးပြီးတော့ စားလို့တစ်မျိုးကောင်းတာပေါ့ဗျာ။ ကျွန်တော်လည်း အမေချက်တာကို သေချာကြည့်ထားတော့ သူလုပ်တဲ့အတိုင်းပဲ လိုက်လုပ်တာပေါ့လေ။ အစပိုင်းတော့အဆင်ပြေနေတာပဲဗျ။ ပဲပြုတ်ပြီးသားကို  သစ်သားငရုတ်ကျည်ပွေ့နဲ့ ထောင်းတော့မှ ပြဿနာတက်တော့တာပါပဲ။ ကျွန်တော်တို့ရွာမှာက ဟင်းချိုအိုးကို မြေနဲ့လုပ်တဲ့ဟင်းအိုး သုံးတာများတယ်။ ကျွန်တော်ပဲပြုတ်တာလည်း မြေဟင်းအိုးနဲ့ဆိုတော့ အဲ့ဒီအိုးထဲမှာ ပဲပြုတ်ပြီးသားကို အမေ့နည်းအတိုင်း ငရုတ်ကျည်ပွေ့နဲ့ထောင်းတာမှာ ခပ်ဖွဖွမဟုတ်ဘဲ အားထည့်ထောင်းလိုက်တော့ ဟင်းအိုးက ဖင်ကနေအကွင်းလိုက် ထွက်သွားပါတော့တယ်ဗျာ။ အဲ့ဒီနေ့ကတော့ အိမ်ကလူတွေလည်း ဧည့်သည်ချက်ဟင်းချိုကို မစားလိုက်ရဘူး။ ပုံမှန်ချက်နေကြနည်းနဲ့ချက်တဲ့  ပဲဟင်းနဲ့ ထမင်းစားခဲ့ရတယ်။ အမေကတော့ ငါ့သားနောက်ဆို ပဲဟင်းချက်ရင် ပဲကိုဟင်းအိုးထဲမှာမထောင်းတော့နဲ့တဲ့။ ပဲကိုငရုတ်ဆုံမှာညက်နေအောင် ထောင်းပြီးချက်ပေါ့တဲ့။ဟင်းအိုးဖိုးမတတ်နိုင်တော့လို့နဲ့ ထင်ပါတယ်။
           အဲ့ဒီလိုနဲ့ ကျွန်တော်ထမင်းချက်လာခဲ့တာ အခုအချိန်ထိဆိုပါတော့ဗျာ။ ချက်တာကြာတော့လည်း အရသာကောင်းအောင် စီမံပြီးချက်တတ်သွားတာပါပဲ။ကျွန်တော်က အစားအစာတခုကို အပြင်ဆိုင်မှာ ၀ယ်စားတယ်ဆိုရင် မစားခင်ဘယ်အရာတွေပါလဲ အရသာဘယ်လိုလဲ ဆိုတာကို သေချာမှတ်သားတတ်တယ်။ နောက်ကိုယ့်ဘာသာ စားချင်စိတ်ပေါက်ရင် စမ်းပြီးချက်စားတယ်။ မြို့ပေါ်ကအစားအစာ တော်တော်များများကို ကျွန်တော်အဲ့ဒီနည်းနဲ့ချက်တတ်ခဲ့တာပဲ။ တောဟင်းကတော့ မြို့ဟင်းလောက် ချက်ရတာမခက်ဘူးလေ။တက္ကသိုလ်တက်တဲ့ ကာလတစ်လျှောက်မှာတော့ အဆောင်ကချက်ပေးတဲ့ထမင်းကို ဆိုင်က၀ယ်လို့ရတဲ့ ဟင်းနဲ့ပဲ စားခဲ့တာများတယ်။ ကိုယ်တိုင်ချက်ဖို့ကျတော့ အဆင်မပြေတာရယ် ကျောင်းစာကလည်းတဖက်ရယ်ကြောင့် မချက်ဖြစ်ခဲ့ဘူး။ ကျောင်းပိတ်လို့ ရွာပြန်ရင်တော့ ကျွန်တော့်အဖေက ငါ့သားလက်ရာလေးမစားရတာကြာပြီ ကောင်းကောင်းလေးချက်ကျွေးပါအုံးကွ ဆိုပြီးလိုလိုလားလားနဲ့ တောင်းဆိုတယ်ဗျ။ ကိုယ်ချက်တာလေးကို အဖေနဲ့အမေ အားပါးတရစားတာမြင်ရတော့လည်း စိတ်ထဲမှာဝမ်းသာပီတိဖြစ်ရတယ်ဗျာ။

Sunday, February 13, 2011

ကျွန်တော်နဲ့အမေ့မီးဖိုချောင်....(၂)

             ကျွန်တော်တို့အကြီးလေးယောက်ကတော့ ထမင်းဟင်းကို ကောင်းကောင်းချက်တတ်ခဲ့ကြတယ်။ဝါသနာရယ်လို့မဟုတ်ဘဲ ဘ၀ရဲ့အခြေအနေအရပေါ့ဗျာ။ အမေအားတဲ့အခါအမေချက်၊ကျွန်တော်တို့တစ်တွေ အိမ်မှာရှိတဲ့အခါ ကျွန်တော်တို့ညီအစ်ကိုတစ်တွေ တစ်လှည့်စီချက်နဲ့ မိသားစုထမင်းဝိုင်းလေးကတော့ လက်ရာတစ်မျိုးစီနဲ့မရိုးရအောင်ပါပဲဗျာ။ လက်ရာအမျိုးမျိုးဆိုရာမှာလည်း အသားငါးကတော့ ဆယ်ခါ့တစ်ခါပေါ့ဗျာ။ ကိုယ့်ဒေသ အစားအစာလေးတွေကိုပဲ ကိုယ့်စိတ်ကြိုက် ချက်တာပေါ့။အဖေနဲ့အမေလည်း သားတွေရဲ့လက်ရာတစ်မျိုးစီနဲ့ ကျွန်တော်တို့မိသားစု ထမင်းဝိုင်းလေးက သိပ်ကိုကြည်နူးဖို့ကောင်းခဲ့တယ်ဗျ။
             ကျွန်တော့်အဘအမေ့ရဲ့အဖေက အမေတို့ငယ်ငယ်ကတည်းက ယာတောမှာတဲနဲ့နေခဲ့တာ။ရွာထဲမှာအိမ်ရှိတယ်။ ကျွန်တော်တို့မိသားစုလည်း ကိုယ်ပိုင်အိမ်မဆောက်နိုင်သေးတော့ အဘကသူ့အိမ်မှာပဲနေခိုင်းတယ်။ အဘက တောထဲမှာနေပေမဲ့ ရွာမှာကသူ့ကို လူကြီးတစ်ယောက်လိုအားကိုးတယ်။ ရွာမှာအလှူအတန်းမှအစ သာရေးနာရေးအဆုံး အဘရဲ့အဆုံးအဖြတ်ကိုသာ နာခံကြတယ်။ ပြီးတော့အဘက ရွားဦးကျောင်းကို နံနက်တိုင်းအာရုဏ်ဆွမ်းဝတ် လည်းတာဝန်ယူထားတယ်။သူကတောထဲမှာ နေပေမယ့် ညနေပိုင်းရောက်ရင် သားသမီးတွေက ဆွမ်းချက်ဖို့အလှည့်ကျ  ရွာကိုပြန်အိပ်ရတယ်။နောက်ပိုင်းမှာ ကျွန်တော်တို့မိသားစုကလည်း အဘအိမ်မှာနေတာဆိုတော့ ဆွမ်းချက်တာဝန်ကို အမေကပဲယူထားလိုက်တယ်။ အမေ့ညီမအငယ်ဆုံးက သူရွာပြန်လာတဲ့အခါ သူချက်တယ်။ ကျွန်တော့် အဖွားကတော့ တောထဲမှာပဲနေတာများတယ်။ ဆွမ်းဟင်းချက်ဖို့အတွက် တောထဲမှာရာသီအလိုက်ပေါ်တဲ့ အသီးအနှံလေးတွေ၊ှမျှစ်စိုလေးတွေ၊မှိုလေးတွေကိုတော့ လူကြုံနဲ့ထည့်ထည့်ပေးတတ်တယ်။တခါတလေလည်း သူကိုယ်တိုင်သားသမီး၊မြေးတွေဆီလာရင်း ယူလာတတ်တယ်။
             ကျွန်တော်တို့ရွာမှာ ရွာဦးကျောင်းအတွက် အာရုဏ်ဆွမ်းကို နေစဥ့်ဆွမ်းဝတ် ခုနစ်အိမ်ခန့်က တာဝန်ယူပြီးချက်တယ်။ နေ့ဆွမ်းကိုတော့ အလှည့်ကျစနစ်နဲ့ ငါးအိမ်စီ ခွဲထားပေးတယ်။ပို့တဲ့ဆွမ်းအပြင် တစ်ရွာလုံးကိုလည်း ဆွမ်းခံလှည့်တာနဲ့ဆိုတော့ ရွာဦးကျောင်းမှာ ဆွမ်း၊ကွမ်းက ကျောင်းရှိကိုရင်ကျောင်းသားသာမက ဧည့်သည်လေးငါးယောက်လာရင်တောင် လောက်ငှအောင်ကျွေးနိုင်တယ်။အာရုဏ်ဆွမ်းချက်ရတာဆိုတော့ မနက်လေးနာရီထိုးရင်အိပ်ယာမှ ထပြီးကိုယ်လက်သန့်စင်ပြီး ချက်ကြတယ်။မိုးလင်းရင် ဆွမ်းဆိုင်းက အဆင်သင့်ပြင်ထားယုံပဲ၊ ကျောင်းကကိုရင်နဲ့ကျောင်းသားလေးတွေက လိုက်ပြီးယူတယ်။ညနေပိုင်းကျတော့ ပြန်ပြီးပို့ပေးတယ်။ ဆွမ်းဆိုင်းဆိုတာက ယခုလို ချိုင့်များနဲ့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ မြေဖြင့်လုပ်တဲ့အိုးလေးတွေဝယ်လို့ရတယ်။ ဆွမ်းချက်ဖို့ဆိုပြီး အိုးသည်တွေဆီမှာ မှာလို့ရတယ်။ ထမင်းအိုးဆိုလည်း ဆန်နို့ဆီဗူး တစ်ဗူးဆံ့လေးပေါ့။ဟင်းအိုးဆိုလည်း ဟင်းတစ်ခွက်စာ ချက်နိုင်တဲ့မြေအိုးလေးတွေနဲ့ ချက်ပြီး ကျက်တော့ ထမင်းအိုးကိုအောက်ကထား အပေါ်ကဟင်းအိုးလေးဆင့်ပြီး ၀ါးနဲ့လုပ်ထားတဲ့ဆိုင်းလေးထဲမှာ ထည့်ပြီး သယ်သွားယုံပါပဲ။အညာဒေသရဲ့မှတ်သားစရာဓလေ့လေးတစ်ခုပေါ့ဗျာ။
               အာရုဏ်ဆွမ်းဝတ်ချက်တာကိုပါ အမေကတာဝန်ယူထားတော့ အနက်အစောထပြီး ဆွမ်းချက်တဲ့အကျင့်ပါ ကျွန်တော်တို့တစ်တွေ ရခဲ့တယ်။အထူးသဖြင့် ကျွန်တော်အများဆုံးထချက်ရတယ်။ အကိုကြီးက အဘတို့တဲကိုသွားပြီးနေတော့ သူကသိပ်ပြီးမချက်ရတော့ဘူး။အမေကတော့မနက်ဆိုအမြဲတမ်းလိုလို အစောထပြီးဆွမ်းချက်ပါတယ်။ သူနေမကောင်းတဲ့အခါလောက်သာ ကျွန်တော်ကိုနှိုးတယ်။ကျွန်တော်လေးတန်းအောင်လို့ ငါးတန်းကိုဆက်တက်တဲ့ ကျောင်းကသုံးမိုင်လောက်ဝေးတယ်။ရွာကနေထမင်းထုပ် ထုပ်သွားရတယ်။ကျွန်တော်ကျောင်းတက်တော့ ထမင်းချိုင့်အတွက်ပါ အမေက ဆွမ်းနဲ့တစ်ခါထဲ အစောထချက်တယ်။ ထမင်းချိုင့်မှာတော့ ဟင်းရယ်လို့အထူးမပါဘူးပေါ့။ လဘက်ပဲလှော်သုပ်လေး၊ငါးပိကောင်ကင်းလေ၊သရက်သီးထောင်းလေးဆိုသလို အဆင်ပြေရာလေးတွေ ထည့်ထည့်ပေးတယ်။ ကျောင်းဖွင့်တာလည်း ကြာလာတော့နောက်ပိုင်း အမေ့ကို အစောမထခိုင်းတော့ပဲ ကျွန်တော်ကိုယ်တိုင် အစောထပြီး ဆွမ်းအတွက်ရယ်၊ကျွန်တော့်ထမင်းချိုင့်ရယ်၊အိမ်သားတွေအတွက်ရယ်ပါ ပေါင်းပြီးတော့ ထမင်းအိုးတည်ရတယ်။ အမေလည်း ယာခင်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတော့ဆိုတော့ အိပ်တဲ့အချိန်လေးပဲ နားရတာလေ။ တစ်ခါတလေတော့ အဖေက ထပြီးချက်ပေးတယ်။ အမေပင်းပန်းတာကို တွေးပြီးတော့ ကျွန်တော်ထမင်းချိုင့်နဲ့ဆွမ်းဝတ်အတွက်ကိုပါ ကိုယ်တိုင်းပဲအစောထချက်တယ်။ ထမင်းချက်ရင်း မီးဖိုဘေးမှာ စာကြည့်တတ်ခဲ့တယ်။ လူတွေမှာ အကျင့်ဆိုတာ တကယ်တော့လုပ်ယူလို့မခက်လှပါဘူး။

ကျွန်တော်နဲ့အမေ့မီးဖိုချောင်...

ဘလော့တခုမှာတွေ့လို့သိမ်းထားတဲ့ပုံလေးပါ

            မီးဖိုချောင်ဆိုတာ တကယ်တော့ အိမ်ရှင်မ အများစုရဲ့အစားအသောက် ချက်ပြုတ်ပြင်ဆင်ရာ နေရာတစ်ခုဖြစ်ပါတယ်။ယောကျာ်းလေးများနဲ့မသက်ဆိုင်သောနေရာ လို့တော့သတ်မှတ်လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်ဆိုတာ လူတိုင်းနဲ့ပတ်သက်နေလို့ပဲ ဖြစ်ပါတယ်။ ယနေ့မြို့ကြီးများရှိ ထင်ရှားလှသော ဟိုတယ်ကြီးများ၊စားသောက်ဆိုင်ကြီးများမှာ စားဖိုမှုးအများစုဟာ ယောကျာ်သားများဖြစ်ကြပါတယ်။ချက်ပြုတ်တာကို ၀ါသနာပါလို့ဖြစ်စေ၊စားဝတ်နေရေးအရဖြစ်စေ ပြုလုပ်ကြရတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ဗျာ။ကျွန်တော်တို့အညာဒေသ ရွာတွေမှာတော့ ယောကျာ်းလေးတွေလည်း ထမင်းဟင်းချက်တတ်ကြတယ်။အလှူတွေမှာဆိုရင် ဟင်းချက်ကြတာက ယောကျာ်းသားတွေကြည့်ပဲဗျ။အညာအိုးသူကြီးတွေပေါ့။တောသူတောင်သားတွေဆိုတော့လည်း သူ့အလုပ်ကိုယ့်အလုပ်ရယ် ခွဲခြားနေလို့မရဘူးလေ။တစ်ယောက်မအားတော့ တစ်ယောက်က၀င်လုပ် ဒီလိုနဲ့ထမင်းအိုးလောက်တော့ လူတိုင်းချက်တတ်သွားကြတာပါပဲ။မီးဖိုချောင်က အမေ့တာဝန်ဆိုပေမဲ့ အမေမအားတဲ့အခါ ၀င်းပြီး ထမင်းအိုးလေးမီးထိုးလိုက်၊ဆူပွက်လာတော့ဝင်မွှေလိုက် နဲ့နောက်ဆုံးတော့ ထမင်းချက်တတ်သွားကြတာပါပဲ။မှတ်မိသလောက် ကျွန်တော်ငယ်ငယ်ကတည်းက ထမင်းချက်တတ်တာ။ထမင်းအိုးနိုင်တဲ့အရွယ်ကစလို့ပေါဗျာ။အဖေနဲ့အမေယာခင်းထဲသွားရင် အဖွားအိမ်မှာ ထမင်းအိုးကိုချက်ဖို့ပေးထားခဲ့ တောထဲက(ယာခင်းထဲသွားပြီးအလုပ်လုပ်တာကိုပြောပြခြင်းဖြစ်ပါသည်) ပြန်ရောက်မှ အမေကဟင်းချက်ပြီး မိသားစုစားသောက်ကြရတာများတယ်။ ကိုယ်ခွဲမရှိတော့လည်း တောထဲမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရပေမဲ့ အိမ်ပြန်ရောက်တော့ အမေမနားရရှာဘူး။အရွယ်မရောက်သေးတဲ့ ကျွန်တော်တို့တစ်တွေကို ချက်ပြုတ်ကျွေးမွေးရသေးတယ်။

Friday, February 11, 2011

ထန်းတစ်ပင်လုံး...လိုရာသုံး(၄)


ထန်းသီးအညှာဆေးရိုး - ထန်းသီးအခိုင်အပေါ်ပိုင်းမှအစိတ်အပိုင်းကို အသုံးပြုပါသည်။ထန်းဖိုပင်မှထွက်သော ထန်းနို့များ၏ အညှာကိုလည်း အသုံးပြုကြသည်။ဆေးရိုးပြုလုပ်ပုံမှာ ထန်းညှာများကို ဓားဖြင့်ပါးပါးခုတ်ပြီး တောင်း၊ဂုန်နီအိတ် စသည့်တို့ဖြင့် ထန်းညှာစဉ်းပြီးသားများ အနည်းငယ် နွမ်းသွားအောင် နှစ်ညသုံးညခန့် ထားပေးရသည်။ထို့နောက် ခြောက်သွေ့အောင်နေလှန်းပေးရသည်။ ခြောက်သွေ့သွားသော ထန်းညှာစဉ်းပြီးသားများကို မောင်းစင်ဖြင့် ထည့်ထောင်း ပေးရသည်။ မောင်းထောင်းပြီး ရလာသော ထန်းညှာများကို ဆန်ကာဖြင့် လိုအပ်သော အရွယ်အစားရအောင် ချပေးရသည်။ဆန်ကာချပြီးလျှင် ဆေးလိပ်ဖို့ရန် အသင့်ဖြစ်ပါပြီ။ မောင်းထောင်းပြီးသား ဆေးရိုးကို ဆေးရွက်ကြီးအခြောက် ဖြင့်ရောပြီး အညာဒေသရိုးရာ ပြောင်းဖူးဖက်ဆေးလိပ်များ လိပ်ပြီး သောက်ကြသည်။
ထန်းစစ်ကြောတံမြက်စည်း - ထန်းပင်းနှင့် ထန်းလက်ကြားမှာ တည်ရှိသည်။ အုန်းပင်များတွင်လည်း ပါရှိသည်။ အုန်းပင်မှ အုန်းစစ်ကြောက ပိုပြီးနူးညံ့သည့်အတွက် အိုးတိုက်ပန်းကန်ဆေးရာတွင် အသုံးပြုသည်။ထန်းပင်မှ ထန်းစစ်ကြောသည် အဆန်အနည်းငယ် တုတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ရွာမှာတော့ ထန်းတံမြက်စည်း အဖြစ် ပြုလုပ်အသုံးပြုကြသည်။ပြုလုပ်ပုံမှာ အဆန်ကောင်းသော ထန်းစစ်ကြော သုံးခုခန့်ကို ရေဖြင့်တစ်နာရီခန့် စိမ်ပေးရသည်။ ထို့နောက် သစ်သားချွန်ဖြစ်စေ သံမှိုအကြီးဖြစ်စေ တခုခုဖြင့် ထန်းစစ်ကြောများ ကြားမှ အမွေးများကို ရှင်းလင်းပေးရသည်။ ပြီးလျှင် ထန်းလျှော်ဖြင့် လက်ကိုင်ရန် ထန်းစစ်ကြောများကို စည်းနှောင်ပေးရသည်။ထန်းစစ်ကြော တံမြက်စည်း တစ်ခုဆိုလျှင် လအတော်ကြာ အသုံးပြုနိုင်ပါသည်။ ထန်းတံမြက်စည်းကို အိမ်ဝိုင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ဖြစ်စေ၊စပါးတလင်းတွင်ဖြစ်စေ အသုံးပြုကြပါသည်။

Wednesday, February 9, 2011

ထန်းတစ်ပင်လုံး...လိုရာသုံး(၃)

ထန်းသီးခိုင်များ
ထန်းသီး - တန်းခူးလတွင် အစောသီးသော ထန်းသီးများစတင်ပေါ်စပြုသည်။ သင်္ကြန်ပြီးချိန်မှစ၍ ကဆုန်၊နယုန်လများတွင် ထန်းသီးများ လှိုင်လှိုင်ပေါသည်။ကျွန်တော်တို့ရွာတွင် ထန်းသီးကို နွားစာအတွက်အသုံးပြုသည်။ထန်းသီးဆံများ မရင်ခင်အချိန်မှာ ထန်းပင်မှ ထန်းသီးများကို ခုတ်ယူရသည်။ ကျွန်တော်တို့ဆီမှာတော့ ထန်းသီးချိုင်သည် ဟုခေါ်ပါသည်။(ချိုင်သည် ဆိုတာ ထန်းပင်မှထန်းသီးကို ခုတ်ချတာကို ပြောတာပါ ထန်းသီးခုတ်သည်လို့မပြောပဲ ချိုင်သည်ဟုသာ သုံးပါသည်။) ထန်းသီး ချိုင်သောအခါ ထန်းပင်မှ ထန်းရွက်အရင့် လေးငါးရွက်ကိုပါ တစ်ခါထဲ ခုတ်ချပေးရသည်။ထိုထန်းရွက်များကို အိမ်(သို့မဟုတ်) နွားတင်းကုပ်၊ နွားစာစဉ်းတိုက် စသည့်တို့ အတွက် အမိုးအဖြစ် အသုံးပြုပါသည်။ထန်းသီးတစ်ပင် ချိုင်လျှင် ထန်းရွက်များ အပါအ၀င် လှည်းတစ်စီး တိုက်စာ ရပါသည်။ထန်းပင်ပေါ်မှ ကျခါစ ထန်းသီး လတ်လတ် ဆတ်ဆတ်ကို ဓားဖြင့်ချက်ချင်း ခွဲစားရသော အရသာကလည်း အလွန်ကောင်းပါသည်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ထန်းသီးချိုင် လိုက်သွားတိုင်း ဦးလေးဖြစ်သူက တောထဲမှာ တစ်ခါထဲ ထန်းသီးတွေ အ၀ခွဲကျွေးပါသည်။ ထန်းသီးတစ်လုံးမှာ အများအားဖြင့် အစေ့လေးစေ့ ပါသည်။ထန်းသီးမနုမရင့်ကို ထိပ်ပိုင်းနားမှ ဓားဖြင့်ခွဲလိုက်လျှင် ထန်းစေ့လေးများက အရည်လေတွေ ရွှမ်းရွှမ်းဖြင့် စားချင်စဖွယ်ဖြစ်သည်။ ထိုခွဲပြီးသား ထန်းသီးကို ပါးစပ်နားကပ်ပြီး ဘယ်ဘက်လက်က ထန်းသီးကိုကိုင် ညာဘက်လက်မဖြင့် ထိုးကော်ပြီး ပါးစပ်ထဲကို တစ်ခါထဲ ထည့်စားပါသည်။အညာမှာမွေးသူတွေကတော့ ထန်းသီးကိုကောင်းကောင်းစားတတ်ပါသည်။ လက်မနဲ့ထိုးကော်ရာတွင်လည်း မစားတတ်ပါက ထန်းသီးဆံမှာပါသော ထန်းရည်ချိုလေးများ အောက်သို့ကျသွားတတ်ပါသည်။လက်ဖြင့်ထိုးကော်စားသည်ဆိုရာ၌ ထန်းသီးဆံသည် မနုမရင့်အနေအထား တွင်သာစားနိုင်ပါသည်။ ထန်းသီးဆံအနည်းငယ် မာလာရင်တော့ လက်မဖြင့်ထိုးကော်၍ မရတော့ပါ။ 

ထန်းသီးဆံ
ထိုအခါမျိုးမှာ လက်ညှိုးဖြင့်ကော်ထုတ်ရပါသည်။ထိုထက်မာသွားရင်တော့ ဓားဖြင့်ခွဲစားရပါသည်။ ထန်းသီးကိုနွားစာအဖြစ်အသုံးပြုရာတွင် ထန်းစေ့အပေါ်မှ အသားများကို ဓားထက်ထက်ဖြင့် အဖတ်ကလေးများ ရအောင်ခုတ်ချရပါသည်။နောက်ဆုံး ထန်းစေ့ကို ချန်ပြီး ရသမျှအသားတွေကို နွားစားအဖြစ် ကောက်ရိုးနဲ့ဖြစ်စေ၊ပြောင်းရိုးနဲ့ဖြစ်စေ ရောပြီးကျွေးပါသည်။ ထန်းသီးကို နွားများ အလွန်ကြိုက်ပါသည်။ထန်းသီးများ အလွန်ပေါလာပြီဆိုရင်တော့ ထန်းသီးဆံများပါ နွားစာထဲ ခွဲထည့်ပြီး ကျွေးကြသည်။ ကျွန်တော်တို့ ငယ်ငယ် မူလတန်းကျောင်းသား ဘ၀တုန်းက ထန်းသီးဆံသည်လည်း မုန့်ပဲသရေစာဖြစ်ခဲ့သည်။ ထန်းသီးဆံနဲ့ထန်းလျက်ကို တစ်လှည့်စီကိုက်ပြီး စားရသည့်အရသာကလည်း တစ်မျိုးကောင်းသည်။ ကျွန်တော်တို့ရွာမှာ ထန်းသီးဆံ မနုမရင့် လေးများကို မန်းကျည်းရွက်နုဖြင့် ဟင်းချက်စားကြသည်။ ထန်းသီးက အချိုဓာတ်ပါတော့ မန်ကျည်းရွက်နုလေးနဲ့ ရောချက်တဲ့အခါ စားလို့ အင်မတန် ကောင်းသည်။ ရွာမှာ ထန်းသီးပေါ်ချိန်ဆိုရင် အိမ်တိုင်းလိုလို ထန်းသီးဟင်းချက်စားကြသည်။ သရက်သီး အစိမ်းဖြင့်လည်း ချက်စားနိုင်သည်။ ကျွန်တော်ကတော့ မန်ကျည်းရွက်နဲ့ချက်တာကို ပိုကြိုက်သည်။အမေက ထန်းသီးဟင်းကို ငရုတ်သီး စပ်စပ်လေးဖြင့် ချက်ကျွေးတတ်သည်။ဆီမပါသော်လည်း ထမင်းမြိန်သည့် အညာဟင်းတစ်မျိုးဖြစ်ပါသည်။ထို့ကြောင့် ထန်းသီးဟင်းကို ရွာကလူတွေက ၀က်သားဟင်းနဲ့ တင်စားပြီး ပြောကြသည်။ ထန်းသီး ပေါ်ချိန် အိမ်လည်သွားတဲ့အခါ ဘာဟင်းချက်လဲမေးလို့ ၀က်သားဟင်း ဆိုရင် လူတိုင်း သဘောပေါက်သည်။ထန်းသီးဟင်းကို ပြောခြင်းဖြစ်သည်

Monday, February 7, 2011

ထန်းတစ်ပင်လုံး...လိုရာသုံး (၂)

ထန်းသမားတစ်ဦးထန်းတက်နေပုံ

ထန်းရည်ချို - ထန်းပင်တစ်ပင်အရွယ်ရောက်လာပြီး ထန်းနို့စထွက်သည့်အချိန်မှ စတင်၍ ထန်းရည်ချိုစတင်ရယူနိုင်သည်။ ထန်းတက်ဖို့ရာ အတွက် ထန်းပင်အပေါ်သို့ တက်ရလွယ်ကူစေရန် ထန်းပင် ပင်စည်နှင့်ကပ်နေသော ထန်းလက်များကို အောက်သို့ခွာချ ပေးရသည်။ မလိုအပ်သော ထန်းလက်အဖျားပိုင်းများကို ထန်းရွယ်နှင့်အတူ ခုတ်ချပေးရသည်။ ပင်စည်နှင့်ကပ်နေသော ထန်းပတ်ခွ ကိုတော့ ထန်းတက်သူခြေထောက်နင်းရန် ချန်ထားပေးရသည်။ထန်းပတ်ခွလေးများအောက်သို့ ခွာချထားမှသာလျှင် ထန်းတက်ရာ၌ လွယ်ကူစွာခြေထောက် တင်နိုင်မည်ဖြစ်သည်။ ထန်းလက်၊ထန်းရွက်၊ထန်းပတ်ခွ များကိုရှင်းပြီးသောအခါ ထန်းနို့လေးများကို အပေါ်ယံမှ အခွံကြမ်းများ ခွာပေးရသည်။ ထန်းနို့လေးများသည် ထန်းပင်မှထန်းရည်ချိုရရန် အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။ ထန်းနို့လေးများသည် လူ၏လက်ချောင်းလေးများနှင့် အလွန်တူသည်။ ကျွန်တော်တို့ကလေးဘ၀က ထန်းနို့လေးများကို လက်အတု လုပ်ပြီးကစားခဲ့ဖူးသည်။ ထိုထန်းနို့လေးများကို တခုချင်းစီ ကွဲမသွားစေရန် ထန်းဖူးရွက်အနုလေးများနှင့် စည်းထားပေးရသည်။ ထို ထန်းနိုများသည် ထန်းပင်တစ်ပင်လျှင်သုံးလေးငါးခု အထိထွက်သည်။ အကုန်လုံးကို ထားလို့လည်းရသည်။ ထန်းနို့ ငါးခုထဲမှ သုံးခုကိုသာ ထန်းရည်အတွက်အသုံးပြုပြီး ကျန်နှစ်ခုကို ဖယ်ခြားပစ်နိုင်သည်။ သန်းစွမ်းသော ထန်းနို့ကိုသာလျှင် ထန်းရည်ရရှိရန် အတွက်အသုံးများသည်။ ထန်းနို့လေးများ အားလုံးပြင်ဆင်ပြီးသောအခါ ထိပ်ပိုင်းမှ အနည်းငယ် ထန်းလှီးဓားဖြင့် လှီးဖြတ်ပေးရသည်။ နောက်နေ့မြူအိုး ဆွဲမည်ဆိုလျှင်လည်း မြူအိုးမဆွဲမှီ စည်းထားသော ထန်းနို့လေးများကို ထန်းလှီးဓားဖြင့် အနည်းငယ် လှီးပေးပြီး မြူအိုးဆွဲရပါသည်။ထန်းနို့များမှ စီးကျလာသော ထန်းရည်ချိုကို မြူအိုးဖြင့်ခံပေးခြင်းဖြစ်သည်။ ဤနည်းအားဖြင့် နံနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် မြူအိုးကိုလဲပေးရပါသည်။ ရရှိလာသော ထန်းရည်ချိုကို မိမိနှစ်သက်ရာ ထန်းရည်လောင်းခြင်းဖြစ်စေ၊ထန်းလျက်ကျိုးခြင်းဖြစ်စေ ပြုလုပ်နိုင်သည်။ အထက်ဖော်ပြပါ အကြောင်းအရာလေးများသည် ထန်းပင်တစ်ပင်မှ ထန်းရည်ချိုရရှိရန်အတွက် အဆင့်ဆင့်လုပ်ဆောင်ရပုံလေးများဖြစ်ပါသည်။ ကျွန်တော်တို့ရွာမှာတော့ ထန်းပြင်သည် ဟုခေါ်ပါသည်။ နောက်ပိုင်း နေ့စဉ်ထန်းလှီးပေးရသော အလုပ်ကို ထန်းတက်(ထန်းလှီး)သည်ဟုခေါ်ကြပါသည်။

Sunday, February 6, 2011

ထန်းတစ်ပင်လုံး...လိုရာသုံး...

အညာကထန်းတော   
          ထန်းပင်ကိုတော့ လူတိုင်းမြင်ဖူးကြမည်ထင်ပါသည်။ အောက်ပြည်အောက်ရွာမှာ အုန်းပင်ပေါသလို ကျွန်တော်တို့အညာဒေသ မှာတော့ထန်းပင်တွေ ပေါပါသည်။ အခုကျွန်တော်ပြောပြ ချင်တာလေးက ထန်းပင်တစ်ပင် ကနေ လူ့အသုံးအဆောင် ပစ္စည်းလေးများပြုလုပ်နိုင်ပုံလေးပါ။ အထူးသဖြင့် တောင်သူလယ်သမား အညာသားများအတွက် မရှိမဖြစ် လိုအပ်သော အပင်တစ်ပင်ဆိုလည်း မမှားပါဘူး။အပင်ပေါက်ဘ၀ ကတည်းက အသုံးဝင် သည်လို့လည်းပြောနိုင်ပါသည်။ ကျွန်တော်တို့ အညာမှမိန်းခလေးများသည် အလှပြင်ဆင်ရာတွင် သဘာဝသနပ်ခါးစစ်စစ်ကိုသာ အဓိကအသုံးပြုကြပါသည်။ထိုသို့ မျက်နှာကိုသနပ်ခါးလိမ်းခြယ်ရာတွင် မျက်နှာပြင်ပေါ်မှာ သနပ်ခါးလေးများညီညာနေစေရန် ထန်းပင်ထွက်ပစ္စည်းတစ်မျိုးဖြစ်သော ထန်းဆွဲဖတ်ကို အသုံးပြုကြသည်။ မျက်နှာပေါ်မှာ သနပ်ခါးလေးများ ညီညာပြန့်ပြုးနေအောင် လက်နဲ့ညှိပေးလို့ရသလို ထန်းဆွဲဖတ် အကူအညီနဲ့ ညှိပေးမယ်ဆိုရင်တော့ မျက်နှာပေါ်မှာ သနပ်ခါးလေးများက ရာခင်းထဲကထွန်ရေးကြောင်း လေးများပမာ အစင်းကြောင်းလေးများထင်ပြီး အမြင်တစ်မျိုးလှပနေပါသည်။ ထန်းဆွဲဖတ်ပြုလုပ်ပုံကတော့... အပင်ပေါက်ထန်းပင်ငယ်မှ ထန်းလက်တစ်ခုကို ခုတ်ယူပြီး တစ်ထွာသာသာ ထန်းလက်လေးကို ဘေးမှဆူးလေးများပြောင်အောင် ဓားဖြင့်အချောသတ်ပေးရပါမည်။ ရလာသော ထန်းလက်လေးကို တစ်ဖက်အစွန်းမှ လက်တစ်ဆစ်လောက် အကွာအဝေးအထိ တူဖြင့်ဖြစ်စေ ပုဆိန်(ပေါက်ဆိန်)ဖြင့်ဖြစ်စေ၊ဓားမကျောနှင့်ဖြစ်စေ(ဓားသွားမဟုတ်တဲ့ဘက်ကိုဆိုလိုသည်)။ ကြေညက်အောင် ထုပေးရပါမည်။ တူဖြင့်ထုရာတွင် အရမ်းအားထည့်ပြီးထုရန်မလိုပါ ခပ်ဆဆလေးထုပေး ရပါမည်။အားဖြင့်ထုပါက ထန်းလက်မှအမျှင်လေးများ ပြတ်ထွက်သွားနိုင်ပါသည်။ ထန်းလက်အမျှင်လေးများ ပွလာပြီဆိုပါက ရေဖြင့်ဆေးပြီး ရှင်းလင်းပေးရပါမည်။ထန်းလက်အမျှင်လေးများ တစ်ချောင်းချင်းစီ ကွဲသွားပြီဆိုရင်တော့ အသုံးပြုလို့ရပါပြီ။ တစ်ချို့ကတော့ သွားတိုက်တံအဟောင်း လေးများကိုအသုံးပြုကြပါသည်။ ကျွန်တော်ပြောတဲ့ ထန်းဆွဲဖတ်လေးကတော့ ငွေကုန်ကြေးကျသက်သာပြီး မိမိကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်သော ထန်းပင်ထွက် ပစ္စည်းလေးတစ်ခုဖြစ်ပါသည်။

Saturday, February 5, 2011

ပေါက်အိုပင်သို့...လွမ်းချင်း...

ပေါက်ပင်အို
             ကျွန်တော် အခုရောက်နေသည့် နေရာမှာ မြန်မာပြည်နှင့် ရာသီဥတုချင်း ကွာခြား လှသော ယဉ်ကျေးမှု့ ကွဲပြားသော နေရာဒေသ တစ်ခုမှာ တာဝန်အရ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပါသည်။ အမိမြန်မာပြည်နှင့် ဝေးနေသော်လည်း စိတ်ထဲမှာတော့တစ်နေ့မှ မေ့လို့မရနိုင်ခဲ့ပါဘူး။အမိမြန်မာပြည်မှာ မြင်တွေ့နေကျ မြင်းကွင်းတွေ၊ကြားနေကျ အသံတွေ၊စားနေကျ အစားအသောက်တွေ စသည့် များစွာသော အဖြစ်အပျက် ကလေးများကို စွန့်ခွာပြီးနေထိုင်နေရသည်ဆိုလျှင်ပိုပြီးမှန်ပါလိမ့်မည်။
အခုချိန်ဆိုရင် အမိမြန်မာပြည်မှာတော့ နွေရာသီရောက်ခါနီး နေပြီပေါ့။ အလယ်တန်းကျောင်းသား ဘ၀တုန်းက အခုလို ဖေဖော်ဝါရီလ ရောက်ပြီဆိုရင် နောက်ဆုံးအတန်းတင် စာမေးပွဲကြီး ဖြေဆိုခဲ့ရတာကို သတိရမိသည်။ ရွာမှ နေ့စဉ်ခြေလျင်ခရီးဖြင့် ကျောင်းတက်ခဲ့ကြရတာကိုလည်း သတိရမိသည်။အထူးသဖြင့် အခုလို နွေဦးပေါက်စရာသီ ကျောင်းပြန်ချိန်များမှာ ကျွန်တော်တို့တစ်တွေ ၀င်ရောက် နားခိုရာ ကျောင်းပြန် လမ်းဘေးက ပေါက်ပင်အိုကြီးကို လွမ်းမိသည်။ ပုံမှန်ကျောင်းဖွင့်တဲ့ ရက်များမှာ ထိုပေါက်ပင်အိုကြီး သည်လည်း အရွက်များ စိမ်းစိမ်းစိုစိုနဲ့ ကျွန်တော်တို့တစ်တွေလည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ကျောင်းတက်ခဲ့ကြသည်။ သို့သော်လည်း ဆောင်းရာသီကုန်လို့ နွေရာသီကိုရောက်ပြီ ဆိုတာနဲ့ စိမ်းစိုနေသော ပေါက်ရွက်တို့သည်လည်း လောကနိယာမတရား တွေအရ နုပျိုစိမ်းလန်းနေရာမှ ရင့်ရော်ဟောင်းနွမ်းလို့လာခဲ့ပြီ။ ထိုအချိန်မျိုးမှာ ပေါက်ပင်အိုကြီးသာမက အခြားသောသစ်ပင်များလည်း သစ်ရွက်များ ညှိုးရော်စ ပြုကြုပြီ။ မကြာခင်မှာရောက်ရှိလာတော့မည့် အညာနွေပူပူကို ရိုးတံကျဲကျဲဖြင့် အံတုဖို့ ပြင်ဆင်နေကြပြီ။ တစ်ချို့သစ်ပင်များဆီမှ ရော်ဝါရွက်များက နွေဦးလေအဝေ့မှာ လွင့်ကြွေလာကြပြီ။ ထိုသစ်ပင်များနည်းတူ ကျွန်တော်တို့ကျောင်းသားတစ်စု သည်လည်း တစ်နှစ်တာ သင်ကြားခဲ့သမျှ ကျောင်းသင်ခန်းစာတွေကို ပြန်လှန်လေ့ကျင့် ကျက်မှတ်ရင်း အတန်းတင် စာမေးပွဲကြီးကို ဖြေဆိုဖို့ရာ အတွက် ပြင်ဆင်နေကြရပြီ။

Thursday, February 3, 2011

ဘလော့မိတ်ဆက်...

မင်္ဂလာပါဗျာ...စာဖတ်စာရေးတာဝါသနာပါလို့...ဒီဘလော့လေးကိုဖန်တီးထားခြင်းပါ... အညာမှာမွေး အညာမှာကြီးပြင်းခဲ့သူ တစ်ယောက်ပါ။ ပုပ္ပားတောင်ကြီး နဲ့သိပ်ပြီးမဝေးလှတဲ့ ရွာလေး တစ်ရွာကပါ။ ဘ၀ခရီးကြမ်းကို ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်။ဆင်းရဲမှု့ကို တွန်းလှန်ချင်စိတ်နဲ့ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တယ်။ အခုတော့ စိုင်ကော်လို့ အမေ့အိမ်နဲ့ ဝေးရာအရပ်ကို ရောက်နေပါတယ်။စာရေးစာဖတ်၊ ချက်ပြုတ်ကြော်လှော်၊သစ်ပင်စိုက်တာ ၀ါသနာပါတယ်။ ဖြတ်သန်းခဲ့ ရတဲ့ဘ၀ အကြောင်းလေးတွေနဲ့ အညာဒေသ အကြောင်းလေးတွေ မျှဝေချင်လို့ ဘလော့လေး ဖန်တီးထားတာပါ။ ရိုရိုးအေးအေး နေတတ်တယ်။ မဟုတ်မခံ စိတ်ရှိတယ်။ လူတိုင်းကို ခင်တတ်ပါတယ်။ အညာသားတွေက အသားမည်းပေမဲ့ စိတ်ထားဖြူပါတယ်ဗျ...ရောက်လာသူအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။ 
အလည်ရောက်လာ သူတိုင်းကို အညာဒေသရဲ့ ရိုးရာဓလေ့တွေ၊ အညာဒေသ အစားအစာတွေ၊ အညာဒေသရဲ့ဟာသလေးတွေ အပြင်ကျွန်တော့် ဘ၀မှာကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ဖွင့်ဟရေးသားထားတဲ့ ကဗျာမမှီ စာမပီ ရေးသားမှု့လေးတွေနဲ့ ဧည့်ခံပါ့မယ်ဗျာ...


မျိုးခန့်(စကားဝါမြေ)