Pages

Sunday, January 8, 2017

၂၀၁၆ အဆုံးသတ် နဲ့ ကံကောင်းခြင်းအစ ၂၀၁၇


 အလောင်းတော်ကဿပ
၂၀၁၆ ခုနှစ်ကတော့ ကျနော်အတွက်အကောင်းထက် အဆိုးတွေပဲများခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ဘ၀မှာအခက်အခဲဆိုတာကိုအငယ်လေးကတည်းကရင်ဆိုင်ခဲ့ရတာမို့သိပ်ပြီးမထူးဆန်းပေမဲ့
တကယ်တမ်းကြုံလာတော့လည်းနည်းနည်းတော့တုန်လှုပ်မိပါတယ်။
တကယ်ကိုစိတ်ဖိစီးမှုအများဆုံးဖြစ်ခဲ့ရတဲ့အချိန်တွေပါပဲ။ပညာရေးအတွက်ရော၊
မိသားစုအတွက်ရောလုပ်ငန်းခွင်အတွက်ပါဘက်ပေါင်းစုံကဖိစီးမှုတွေနဲ့များခဲ့ပါတယ်။
ကြုံတွေ့လာတဲ့အခက်အခဲမှန်သမျှကိုကြံ့ကြံ့ခံပြီးရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်လည်း
ကိုယ့်ကိုကိုယ်အတိုင်းအတာတခုအထိကျေနပ်ခဲ့တယ်။

အလုပ်ထဲမှာတော့ကိုယ်ကသူများလမ်းကြောင်းကိုမလိုက်ချင်သူ၊ခေါင်းမာသူတစ်ယောက်အဖြစ်
အများကသတ်မှတ်နိုင်တဲ့အခြေအနေလေးတွေရှိခဲ့တယ်။ပညာရေးမှာလည်းရောက်တဲ့နေရာမှာပဲ
လုံးဝရပ်တန့်ဖြစ်ဖို့စိတ်ကူးမိတဲ့အထိအကြောင်းလေးတွေရှိခဲ့တယ်။
မိသားစုအတွက်ကတော့သိပ်ပြီးလေးလံတဲ့ဖိစီးမှုမျိုးမဟုတ်ပေမဲ့အိမ်နဲ့မိဘကိုသံယောဇဉ်ကြီးတတ်တဲ့
မိမိပင်ကိုယ်ဗီဇကြောင့်ပင်ပန်းတာမျိုးလောက်ပါပဲ။အဖေနဲ့အမေ့ရင်ခွင်ကိုပြန်ခိုလှုံရတော့အဲ့ဒီဖိစီးမှုတွေ
လျော့ပါးသွားတယ်။

လောကမှာ အမှောင်နဲ့အလင်းဟာအမြဲဒွန်တွဲနေတာမို့ အမှောင်ကထာဝရမရှိနိုင်သလိုအလင်းကလည်း
ထာဝရမလင်းနေနိုင်ပါဘူး။၂၀၁၆ မှာအမှောင်ကျခဲ့တဲ့ကျနော်ဘ၀၂၀၁၇ နှစ်ဆန်းဆန်းချင်းမှာပဲ အာရုဏ်ဦးအလင်းရောင်လေးနဲ့အစပြုခဲ့တယ်။ ၂၀၁၆ ဟာကျနော်အတွက်ညဖြစ်ခဲ့တယ်ဆိုရင် ၂၀၁၇ ကတော့ကျနော်အတွက်ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့သစ်တခုအဖြစ်
မျှော်လင့်မိပါတယ်။

၂၀၁၆ ဒီဇင်ဘာနောက်ဆုံးရက်မှာဌာနမှူးဦးဆောင်ပြီးမုံရွာဘက်ကိုဘုရားဖူးထွက်ဖြစ်တယ်။
ဌာနမိသားစုနဲ့ပြည်တွင်းမှာပထမဆုံးသွားဖူးတဲ့ခရီးပါ။ဘုရာဖူးမထွက်ခင်ကံစမ်းတဲ့အနေနဲ့ဆယ်စောင်တွဲ
ထီတစ်စောင်ထိုးခဲ့တယ်။ပေါက်ဖို့မပေါက်ဖို့ထက်မိမိရဲ့ကံအခြေအနေကိုသိချင်လို့ကံစမ်းခြင်းပါ။
မြတ်စွာဘုရားရဲ့တရားတော်တွေနာယူမှတ်သားပြီးနောက်မှာဘယ်ဟာပဲလုပ်လုပ်
လောဘစိတ်သိပ်ပြီးမထားတော့ပါဘူး။ဘယ်လောက်တော့ရပါရစေလို့လည်းဆုမတောင်းတော့ပါဘူး။
ဘုရားရှိခိုးပြီးရင်တောင်ဆုမတောင်းဖြစ်တာကြာပါပီ။ကိုယ်လုပ်တဲ့အလုပ်တခုအတွက်ထိုက်တန်တဲ့
အကျိုးတော့နည်းနည်းများများရမှာပဲလို့ယုံကြည်မိလို့ဆုမတောင်းဖြစ်တော့ဘူး။

ဘုရားဖူးပြန်ရောက်တာ ဇန်န၀ါရီ (၁)ရက်နေ့ညမှာပါ။ နောက်နေ့မနက်ရုံးတက်တော့ကျနော်ထိုးထားတဲ့
ထီလက်မှတ်ကနေတသိန်းဆုပေါက်တယ်လို့သတင်းကြားရပါတယ်။တသိန်းဆိုတာတကယ်တော့များတဲ့
ပမာဏမဟုတ်ပါဘူး။သို့သော်လည်းကိုယ့်ကံလေးအထိုက်အလျောက်နလံထူလာပြီဆိုတာသိလိုက်ရလို့
ဝမ်းသာမိတယ်။ထီဆိုင်က ၅၀၀၀ နှုတ်ယူထားလိုက်တယ်။ကျနော့်လက်ထဲ ၉၅၀၀၀ လာပေးတယ်။ထီရောင်းတဲ့
ဦးလေးကြီးကို ၅၀၀၀ ပြန်ကန်တော့လိုက်တယ်။ဌာနမှဆရာဆရာမအားလုံး ကိုကြက်သားပေါက်စီ တစ်လုံးစီကုသိုလ်ပြုလိုက်တယ်။ပိုက်ဆံကျနော်လက်ထဲကိုရောက်ပြီးပြီးချင်းကျနော်စိတ်မှာဖြစ်ပေါ်လာတဲ့
စေတနာကြောင့်ကုသိုလ်ပြုတာကိုချက်ချင်းလုပ်ဖြစ်သွားတယ်။

အဖေ့အတွက် မာဖလာ တစ်ထည်၊ အမေအတွက် ခြုံထည်အကြီး တစ်ထည်အမှတ်တရ၀ယ်ပေးဖြစ်တယ်။
အမေကဆောင်းတွင်းဆိုအအေးကြောက်တတ်လို့အနွေးထည်ဒါမှမဟုတ်ခြုံထည်နှစ်စဉ်ဝယ်ပေးနေကြမို့
ဒီနှစ်တော့ခြုံထည်ကောင်းတာလေးဝယ်ပေးရလို့စိတ်ထဲမှာကြည်နူးပီတိဖြစ်မိတယ်။အမေနဲ့ဖုန်းပြောတော့
ကိုယ်ပြုဖြစ်တဲ့ကုသိုလ်လေးတွေအကြောင်းပြန်ပြောရင်းနဲ့အမေရယ်ဒီထက်များတဲ့ဆုများဖြစ်ခဲ့ရင်
အဖေနဲ့အမေကိုဒီထက်ကောင်းတဲ့အမှတ်တရလေးလုပ်ပေးနိုင်မှာနော်လို့ပြောတော့ လူလေးနောက်
ထပ်ဆုကြီးကြီးပေါက်ပါစေလို့အမေဆုတောင်းပေးပါတယ်တဲ့။

ဌာနကအစ်ကိုအစ်မတွေအားလုံးကလည်းပေါက်စီကျွေးရတဲ့အတွက်ကြောင့်နောက်ထပ်ထီပေါက်တာတွေ
စီနေပါစေလို့ဝိုင်းပြီးဆုတောင်းပေးကြပါတယ်။အထက်မှာပြောခဲ့သလိုပဲကျနော်လောဘစိတ်နဲ့ဘယ်ဟာကိုမျှ
မမျှော်လင့်ပါဘူး။ပုထုစဉ်လူသားမို့ရှိသင့်တဲ့လောဘတော့ရှိသေးတာပေါ့။ ၂၀၁၆ မှာ ရပ်သွားခဲ့တဲ့ဘာသာရေး
လုပ်ချင်စိတ်တွေ ၂၀၁၇ ဆန်းဆန်းချင်းပြန်ပေါ်လာတယ်။ ပဌာန်းရွတ်တာ၊တရားနာတာ၊တနိုင်ဘုရားဝေယျာဝစ္စလုပ်တဲ့စိတ်တွေပြန်နိုးကြားလာတာလည်းကိုယ်တိုင်
သတိထားမိတယ်။ဘာပဲဖြစ်ဖြစ် ၂၀၁၇ နှစ်ဟာကျနော်အတွက် လုပ်ချင်တာတွေလုပ်ဆောင်နိုင်ဖို့ ကံကောင်းခြင်းတွေယူဆောင်လာတဲ့အချိန်အပိုင်းအခြားလေးတခုဖြစ်မယ်ဆိုတာကိုတော့ယုံကြည်နေမိတယ်။

လာလည်ကြတဲ့ အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများလည်းကျနော်နဲ့အတူ ၂၀၁၇ ခုနှစ်တနှစ်လုံး
ကံကောင်းခြင်းတွေနဲ့ပိုင်ဆိုင်နိုင်ကြပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
၂၀၁၇ ခုနှစ်ကို စိတ်သစ် လူသစ် ကံကောင်းခြင်းအသစ်တွေနဲ့ စတင်လိုက်ပါတယ်။ နေ့စဉ်ကျနော်ပြုသမျှ တနိုင်ကုသိုလ်လေးတွေကိုလည်း ချစ်ညီအစ်ကိုမောင်နှမများအားလုံး ကျနော်နဲ့ထပ်တူအမျှရကြပါစေလို့
အမျှ ပေးဝေးပါတယ်ဗျာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

အားပေးမှုကိုအစဉ်လေးစားမှုဖြင့်
ရွှေညာသား



Tuesday, November 15, 2016

သီတင်းကျွတ် ရွာအပြန်

ဒီနှစ်သီတင်းကျွတ်တော့ ရွာကိုပြန်ဖြစ်ခဲ့တယ်။ရွာဘုရားပွဲနေ့ကကျောင်းပိတ်သော်လည်း နောက်နေ့စာမေးပွဲရှိလို့
မပြန်ဖြစ်ခဲ့ဘူး။ စာမေးပွဲပြီးမှပဲ ဦးလေး ကထိန်ကို ပြန်ဖြစ်တယ်။ ကထိန်ပြီးတော့ ငါ့သရောက်နယ်ကသူငယ်ချင်း
ရွာကိုအလည်လိုက်သွားတယ်။ ပထမနှစ်ကတည်းကအတူတူတက်လာတာ အလုပ်ရတော့လည်းအတူတူရုရှားသွား
တော့လည်းအတူတူ။ကျောင်းကတည်းကငယ်ပေါင်းကြီးဖော်ဆိုလို့အနားမှာသူတစ်ယောက်ပဲရှိတယ်။သူ့ရွာကိုလည်း
ကြားဖူးပေမဲ့ မရောက်ဖူးလို့ ဒီနှစ်တော့ရောက်အောင်သွားခဲ့တယ်။ တနယ်တဒေသဆီ မြင်ရတာတွေကတော့မတူဘူး။
နောက်တော့မှ ဗဟုသုတလေးတွေပြန်ရေးအုံးမယ်။

ပြောချင်တာကတော့ ရွာပြန်တုန်း မှတ်တမ်းလေးတွေပုံတင်ချင်လို့ ဒီနှစ်မိုးတွေကကောင်းတော့ ဘယ်နားကြည့်ကြည့်
စိမ်းစိုနေတာပဲ။စပါးခင်းတွေများကောင်းလွန်းပြီး အဆံမအောင်ခင်လဲကုန်လို့ လယ်သမားတွေငြီးနေကြတာ ဒီနှစ်တော့
မိုးကောင်း ထမင်းငတ် ဖြစ်ပါပြီတဲ့။မိုးကလည်းရွာလိုက်တာဆိုတာ အညာသားရန်ကုန်ဆင်းချင်တာတောင် ချောင်းရေစီး
ပြီးရွာမှာသောင်တင်နေလို့ မသွားလိုက်ရဘူး။ ညပြန်မယ်ပြောလိုက် မိုးရွာလိုက် မနက်ချောင်းရေစီးလိုက်နဲ့ သုံးရက်တိတိ
စောင့်ခဲ့ရတယ်။နောက်ဆုံးတော့ ရွာချင်ရွာ ပြန်မယ်ဆိုပြီး မိုးအုံ့နေတဲ့ကြားက ထလာလိုက်တာ ကျုပ်လည်းရွာပြင်ရောက်
နေလည်းအပူ ကျုပ်ကိုများငြိုးပြီးရွာနေသလားမှတ်ရတယ်။လေးလေးတွေကတော့ မိုးရွာလေကြိုက်လေ တခါတလေပေါ်
လာတဲ့သူတို့တူတော်မောင်ကို တ၀ကြီးမြင်ချင်ကြလို့။

အမေကြီးကပြန်မယ်ဆိုတော့သူစုဆောင်းထားတာလေးတွေဟိုဟာနည်းနည်းဒီဟာနည်းနည်းအထုပ်ကြီးအထုပ်ငယ်နဲ့
ထုတ်လာတာ ခဏနေပြန်လာအုံးမှာဆိုတော့ အရင်တခေါက်ကလည်း အဲ့ဒီလိုပြောသွားတာအခုမှပြန်ပေါ်လာတာပဲတဲ့
လူကြီးတွေများမှတ်ဥာဏ်ကောင်းလိုက်တာကိုယ်ပြောတာကိုသေချာမှတ်ထားလိုက်သေး။ပေးတာတွေအတော်အသင့်
ယူအဘနဲ့အမေကြီးကိုကန်တော့ပြီးပြန်လာခဲ့တယ်။

နိုင်ငံခြားကပြန်ရောက်ကတည်းကဌာနမှာအလုပ်ရှိသော်လည်းကိုယ့်မြေကိုယ့်ရေမှာအစားအသောက်ရောစိတ်ရော
ကိုယ်ပါချမ်းသာတော့လူကလည်းဝလာတာသိသိသာသာပဲ။ရွာကမြင်တဲ့သူတိုင်းကဒီတစ်ခေါက်ဝတယ်နော်ဆိုတိုင်း
ဖြေရတာအမော။တကယ်ဝနေတာမကောင်းမှန်းတော့သိတယ်ဒါပေမဲ့ပိန်အောင်ကမလုပ်နိုင်သေးဘူး။အဓိကကတော့
စားတာများပြီးလှုပ်ရှားမှုနည်းတော့ဗိုက်ခေါက်တွေတက်လာတာ။အမေကတော့သူ့သားနံပိန်ဝလာလို့သဘောတွေကျ
နေတာပေါ့။ဝိတ်လျှော့အုံးမယ် အရင်လိုလေး ကျစ်ကျစ်လစ်လစ်လေးဖြစ်အောင် :)

စကားတွေများနေတာပုံတွေမြင်ရမှာမဟုတ်တော့ဘူး နောက်မှလေထပ်ရှည်တော့မယ်နော် အခုတော့ရွာကပုံတချို့
ကြည့်သွားကြအုံး။ကထိန်ထမင်းကျွေးတာ ဦးဇင်းဘုန်းဘုန်းတွေ ဆွမ်းဘုန်းပေးတဲ့နား ကူညီလုပ်ကိုင်ပေးနေလို့
ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်ကိုမရိုက်ခဲ့ရဘူး။အဝေးကနေပဲလှမ်းဆွဲခဲ့တယ်။

သိမ် နဲ့ ရွာဦးစေတီတော်များ

ညီ ဦးဇင်း သိမ်ထပ်မှာ သိမ်ဆင်းလောင်းနေတဲ့ အမေနဲ့ ဆွေမျိုးတစု
ရောင်စုံပလပ်စတစ်တွေနေရာယူလာတော့ တောဓလေ့စားပွဲခုံဝိုင်းတွေ အနားယူရပြီ
ကထိန်တရားနာပရိတ်သတ်
 ရွာမြောက်ဘက်က ရင့်မှည့်ခါနီး စပါးခင်းတွေ



ထန်းပင်တွေနောက်က တိမ်ခမောက်ဆောင်းနေတဲ့ ပုပ္ပားတောင်
ဝက်မလွတ်ဆိုလား တဖီးကို ၉၀၀ ကျပ် ရောင်းရတယ်တဲ့ ငှက်ပျောခင်းရှင်တွေ လက်ဖျားငွေသီးတဲ့ သီတင်းကျွတ်လ :)
ကျောက်ဖရုံသီးတွေလည်း ပေါနေတာ ထိုင်ဝမ်သီးဆိုလားပဲ

ကျန်တဲ့ပုံတွေ နောက်တပိုင်းမှာထပ်တင်ပေးမယ်ဗျာ....အားလုံးကိုကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Wednesday, October 26, 2016

ငါးနဲ့ဆီးဖြူးသီး၊ ဇရစ်ရိုးချဉ်စပ်

အခုရက်ပိုင်းစာမေးပွဲတွေပြီးသွားလို့အားလပ်ချိန်လေးအနည်းငယ်ရတော့ဈေးသွားစားချင်တာလေးတွေဝယ်ချက်
စားဖြစ်တယ်။တမယ်ကတော့အရင်ကအမြဲတမ်းပြောတဲ့ငါးနဲ့ဆီးဖြူသီးဟင်းပေါ့။ဆီးဖြူသီးအစိမ်းနဲ့ငါးရံ့ကိုချက်
စားဖြစ်တယ်။နောက်တမျိုးကတော့ဇရစ်ရိုးကိုမကျည်းရွက်ခြောက်နဲ့ချဉ်စပ်ချက်ထားတာပါ။


ဈေးထဲရောက်မှမျက်စိကျတာကိုဟင်းစပ်တည့်အောင်စဉ်းစားပြီးဝယ်တာအကျင့်ဖြစ်နေပြီ။ဈေးသွားမယ်ဆိုအိမ်က
တည်းကဘယ်တော့မှဝယ်မည့်ဟာကိုစဉ်းစားမသွားဘူး။ဈေးထဲရောက်မှမြင်တဲ့အသီးအရွက်ကိုကြည့်ပြီးဟင်းစပ်
တည့်အောင်ဝယ်တယ်။


ငါးတန်းဘက်လျှောက်တော့ငါးပေါင်းစုံထဲကမှငါးရံ့အနေတော်အကောင်လေးတွေတွေ့တာနဲ့အစိတ်သား(၁၅၀၀)ဖိုး
ဝယ်တယ်။ငါးသည်အဒေါ်ကြီးကလည်းလက်ပါတာအဆစ်ထည့်တာနဲ့အစိတ်သားကိုသူငယ်ချင်းနှစ်ယောက်သုံးရက်
လောက်အမုန်းစားလိုက်ရတယ်။


ဆီးဖြူသီးကအစိမ်းဆိုတော့အများကြီးမထည့်ဘဲငါးလုံးခြောက်လုံးလောက်ကိုအလုံးးကွဲအောင်ထုပြီးခရမ်းချဉ်သီး
ကြက်သွန်ဖြူနီငါးပိနနွင်းတို့နဲ့အရင်ဆုံးလုံးချက်ချက်။ငါးကိုရေစင်အောင်ဆေးပြီးဆားနနွင်နယ်ထားတယ်။ခရမ်းချဉ်သီး
နဲ့ဆီးဖြူသီးအနှစ်ရတော့မှငါးထည့်ပြီးဖြေးဖြေးချင်းမွှေပေး ငါးမာသွားတော့မှရေလိုသလောက်ထည့်ပြီးချက်ထားတာ။
ဆီးဖြူသီးကလတ်လတ်ဆတ်ဆတ်ဆိုတော့အဖန်ဓာတ်များတယ်။ငါးကအဖန်ဓာတ်နဲ့တွေ့ရင်မကျေတော့ဘူး။
တောင့်တောင့်လေးနဲ့နောက်ဆုံးဆီလည်ရေလည်လေးကျန်တော့မှငရုတ်သီးစိမ်းနဲ့ပင်စိမ်းရွက်အုပ်ပြီးမီးဖိုပေါ်ကချ။
ထမင်းပူပူလေးနဲ့ရေနွေးသောက်စားရင်ဟင်းတမျိုးထဲစားဖြစ်တယ်ဗျ။ဟင်းချိုဟင်းနဲ့ဆိုရင်တော့ပိုပြီးလိုက်ဖက်တာပေါ့။


ဇရစ်ရိုးကတော့တခါစားဖူးကတည်းကကြိုက်သွားတာမြင်တိုင်ဝယ်ချက်တယ်။သိပ်မခါးပေမဲ့ဝါးရတဲ့အရသာကို
သဘောကျလို့အချဉ်ရည်သောက်ဟင်း၊အခုလိုမန်ကျည်းရွက်နဲ့ချဉ်စပ်ဟင်းချက်တာသဘောကျတယ်။
ခရမ်းချဉ်သီးသုံးလုံးကြက်သွန်ဖြူနီဆားနနွင်းငါးပိအစုံထည့်ပြီးဆီသတ်၊ဇရစ်ရိုးကိုအနေတော်ဖြတ်တောက်ပြီး
ရေဆေးထားအနှစ်ကျက်တော့မှဇရစ်ရိုးထည့်ပြီးရေစပ်စပ်လေးချက်ပါတယ်။မန်ကျည်းရွက်ကိုတော့အစိုဖြစ်ဖြစ်
အခြောက်ဖြစ်ဖြစ်အဆင်ပြေရာထည့်နိုင်ပါတယ်။ကျနော်ကမန်ကျည်းရွက်ပေါတဲ့အချိန်တုန်းကရွာကအစ်မတွေ
ကိုဂျီတိုက်ထားလို့မန်ကျည်းရွက်ခြောက်တွေရှိတာနဲ့ထည့်ချက်တာ။ချဉ်ပေါင်ရွက်၊ကင်ပွန်းချဉ်ရွက်စတာတွေနဲ့
လည်းချက်စားလို့ကောင်းပါတယ်။နောက်ဆုံးမှာငရုတ်သီးကိုကြက်သွန်ဖြူနဲ့ရောထောင်းပြီးအုပ်၊နံနံပင်ရော
ပင်စိမ်းရွက်ကြိုက်ရာထည့်ပြီးထမင်းပူပူလေးနဲ့စားရင်ထမင်းမြိန်တယ်။ငါးပိကောင်ကြော်လေးပါရင်တော့ဆွေမျိုး
မေ့တာပေါ့ဗျာ။


တင်ချင်တာတွေကများအချိန်ကမရဖြစ်နေလို့ရတဲ့အချိန်လေးမှာအပြေးအလွှားလာတင်သွားတယ်ဗျို့။အမြဲလာလည်
ကြတဲ့ညီအစ်အကိုမောင်နှမတွေကိုအထူးကျေးဇူးတင်ပါတယ်။အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးလိုရာဆန္ဒ
တွေပြည့်ဝကြပါစေ။

အစဉ်လေးစားလျက်
ရွှေညာသား

Wednesday, October 12, 2016

ငါးမြင်းကင်ပွန်းချဉ်

အရင်တခါ အစာအဆိပ်ဖြစ်ပြီးကတည်းက ငါးမြင်းကိုရှောင်နေတာအခုမှပြန်စားဖြစ်တယ်။အဲ့ဒီတုန်းကဖြစ်တာလဲ
ငါးမြင်းနဲ့ဒံပေါက်တွဲစားမိလို့ထင်ပါတယ်။တကယ်တော့တခြားငါးတွေနဲ့စာရင်အကြေးခွံမပါအရိုးလည်းနည်းတဲ့အတွက်
စားလို့အဆင်ပြေပါတယ်။

ငါးမှာပါတဲ့အဆီတွေကလည်းလူနဲ့တည့်တယ်ပြောကြတာပဲ။ဒါပေမဲ့ဝယ်တဲ့အခါတော့အဆီများတဲ့ဗိုက်သားကိုမပါအောင်
ခုတ်ခိုင်းရတယ်။တခြားအပိုင်းကပါတဲ့အဆီကိုတော့အသားနဲ့ရောပြီးစားလို့ရသေးတယ်။ဗိုက်သားအဆီတွေဆိုရင်တော့
စားလို့မရဘူး။

အဆီပါတဲ့ငါးမို့အချဉ်နဲ့တွဲချက်တော့စားလို့တမျိုးကောင်းပါတယ်။ခရမ်းချဉ်သီးကြက်သွန်ဖြူနီဆီသတ်၊ငါးပိအနည်းငယ်
ထည့်ပြီးအနှစ်ရတော့မှသန့်စင်ထားတဲ့ငါးမြင်းပိုင်းကိုထည့်ပြီးရေစပ်စပ်လေးနဲ့ချက်ပါတယ်။ကင်ပွန်းချဉ်ရွက်ကိုဟင်းအိုး
ဆူပွက်လာမှအပေါ်ကထည့်ပါတယ်။ငါးအသားတွေမာသွားရင်အထက်အောက်လှန်ပေးပြီးရေအနေတော်ကျန်ရင်
ငရုတ်သီးစိမ်း၊ပင်စိမ်းရွက်၊နံနံပင်တို့ပါအုပ်ပြီးဟင်းအိုးကိုမီးဖိုပေါ်ကချပါ။အချဉ်ဓာတ်လေးပါတဲ့ငါးမြင်းကင်ပွန်းချဉ်ဟင်း
ကိုထမင်းပူပူလေးနဲ့တွဲဖက်စားလို့ရပါပြီ။

ကျောင်းဖွင့်ရက်တွေဆိုရင်တော့ဈေးမသွားဖြစ်ဘဲရှိတာလေးကိုမီးမပျက်ခင်မြန်မြန်ချက်ခဲ့ပြီးမှကျောင်းကိုသွား။နေ့လယ်စာ
စားချိန်အဆောင်ပြန်စားနဲ့ညနေပိုင်းကျမှစိတ်တိုင်းကျအေးအေးဆေးဆေးချက်စားဖြစ်တယ်။သူများတွေလိုရပ်ကွက်ထဲ
မဆင်းတော့ရတဲ့အချိန်ကိုယ့်ဝါသနာကိုအကောင်အထည်ဖော်လို့ရတာပေါ့။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Tuesday, September 13, 2016

ယိုယွင်းနေသောတက္ကသိုလ်ပညာရေး


 photo credit >>>>> google images
ပညာရေးလောကကကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်ပြောကြတဲ့အကြောင်းပြချက်တခုရှိတယ်။
အပြင်မှာမသင်စေချင်ရင်လစာလောက်ငအောင်ပေးပေါ့တဲ့။ဟုတ်ပါပြီသူတို့အလိုအတိုင်းလစာကို
အတိုင်းအတာတခုအထိတိုးပေးလိုက်ပါပြီတဲ့ဒီစနစ်ကပျောက်ကွယ်သွားမှာသေချာလား။

လူ့လောဘဆိုတာမျိုးကအတောမသတ်နိုင်ပါဘူး။ငါးသိန်းရတဲ့သူဆယ်သိန်းပေးပြီးအပြင်မှာမသင်ဖို့
ပြောကြည့်ဆယ်သိန်းထက်ပိုလိုချင်စိတ်နဲ့ရတဲ့နည်းသုံးပြီးသင်အုံးမှာပဲ။ရတဲ့လစာမလောက်ငဘူးဆိုတာ
ဝန်ခံပါတယ်။မိသားစုရှိတဲ့သူ၊သားသမီးကျောင်းသူကျောင်းသားရှိတဲ့ဝန်ထမ်းတွေဆိုမပြေလည်ကြပါဘူး။

တကယ်တော့ကျနော်တို့ဆီကဥပဒေဆိုတာကလည်းစာရွက်ပေါ်မှာပဲလက်တလုံးခြားလုပ်လုပ်သွားတာ
များတယ်။အခုလွှတ်တော်အမတ်ဖြစ်နေတဲ့ကျောင်းအုပ်လက်ထက်ကဆိုကျောင်းဖွင့်ချိန်ရောက်တိုင်း
ကျနော်ကျမအခကြေးငွေမယူပါဘူးဆိုပြီးစာရွက်မှာအချက်အလက်တွေဖြည့်လက်မှတ်ထိုးခိုင်းတယ်။
ဒါမျိုးကိုလိုလားနေသူဆိုတော့ဝမ်းသာမိတာအတိုင်းထက်အလွန်ပါပဲ။ဒါပေမဲ့အဲ့ဒီဝမ်းသာစိတ်ကကြာကြာ
မခံပါဘူး။ဘာလို့လဲဆိုတော့စာမေးပွဲနီးပြီဆိုလက်မှတ်ထိုးထားတဲ့သူများကိုယ်တိုင်အထုပ်လေးကိုင်ပြီး
လူမြင်အောင်တမျိုး၊လူမမြင်အောင်တဖုံရပ်ကွက်ထဲဆင်းတာက ဆင်းတာပါပဲ။

ကျောင်းချိန်မဟုတ်တဲ့အခါမျိုးကျောင်းသူကျောင်းသားတွေအုပ်စုလိုက်ကိုယ့်အိမ်ရှေ့ကဖြတ်လျှောက်နေပေမဲ့
လက်မှတ်ထိုးခိုင်းတဲ့ကျောင်းအုပ်ကလည်းနေမြဲအတိုင်းပါပဲ။အဲ့ဒီမှာသတိထားမိတာကဥပဒေဆိုတာစာရွက်
ပေါ်မှာပဲရှိတယ်ဆိုတာသိရတာပါပဲ။တခုခုဖြစ်လာခဲ့ရင်သူ့အပြစ်မဖြစ်ရအောင်လက်မှတ်ထိုးခိုင်းထားတာ
မို့ဘာမှမဖြစ်သရွေ့သူကလည်းမမြင်ချင်ယောင်ဆောင်နေတာပါ။အဲ့လိုနဲ့အချိန်တန်တော့ဘွဲ့ရပညာမတတ်
ရာပေါင်းများစွာသူ့လက်မှတ်နဲ့ဘွဲ့တွေကိုယ်စီရကုန်တော့တာပါပဲ။

တကယ်တမ်းဖြစ်သင့်တာကဥပဒေစည်းကမ်းတခုထုတ်လိုက်ပြီဆိုရင်တကယ်လက်တွေ့အကောင်အထည်
ဖော်နိုင်မှသာဒီဥပဒေစည်းကမ်းရဲ့တန်ဖိုးကလူသိမှာပါ။အဲ့ဒီလိုမဟုတ်ဘဲစာရွက်ထဲမှာသိမ်းထားပြီးလိုအပ်
လာမှထုတ်သုံးတော့တန်ဖိုးမဲ့သွားတယ်။

တခါတခါတော့ကိုယ်ကိုယ်တိုင်လူကြီးနေရာကနေစဉ်းစားပြီးစည်းကမ်းတွေထုတ်၊ဥပဒေတွေထုတ်လို့
စိတ်ကူးနဲ့အကောင်အထည်ဖော်ကြည့်မိတယ်။တကယ်သာတင်းတင်းကြပ်ကြပ်နဲ့တိတိကျကျအရေး
ယူအပြစ်ပေးလိုက်မယ်ဆိုတက္ကသိုလ်ကျောင်းတွေတံခါးပေါက်ချိတ်ပိတ်ထားရုံရှိမှာပါပဲ။ကင်းတဲ့သူက
လက်ချိုးရေလို့ရတာကိုး။

အဲ့ဒီတော့အဓိကတရားခံကလစာလား၊လူတွေရဲ့အတောမသတ်နိုင်တဲ့လောဘလား၊စနစ်ရဲ့လိုအပ်ချက်
အားနည်းချက်လားဆိုတဲ့တွေးစရာတွေပေါ်လာပါတယ်။ လစာကြောင့်ဆိုရင်အတိုင်းအတာတခုအထိ
လောက်ငအောာင်ပေးပြီး၊စည်းကမ်းဖောက်ရင်တိတိကျကျအရေးယူအပြစ်ပေးလုပ်မယ်ဆိုတကယ်တမ်း
အလုပ်ကိုမြတ်နိုးတဲ့သူကစည်းကမ်းဖောက်ဖို့အတွက်စဉ်းစားတော့ကြမှာပါ။

အခုကဘယ်လိုဖြစ်နေလဲဆိုတော့တက္ကသိုလ်အပြင်မှာသင်ပြီးငွေရှာရတာကိုဂုဏ်တခုလိုထင်မှတ်နေကြတာ
ပါပဲ။ကျောင်းသူကျောင်းသားဆီကရသမျှပိုက်ဆံနဲ့မိသားစုစားဝတ်နေရေးပြေလည်ယုံသာမကအချင်းချင်းကြား
မှာဂုဏ်ပြိုင်နိုင်ဖို့အထောက်အကူလဲဖြစ်ပါတယ်။အ၀တ်အစားမှအစလက်ကိုင်အိတ်အဆုံးအတော်အသင့်
ဈေးမြင့်တာလေးလက်မှာချိတ်နိုင်တာပေါ့။ဒါတွေကိုသိနေတဲ့ကလေးတွေကပုံမှန်စာသင်ချိန်များမှာပေါ့ပေါ့ပါးပါး
နဲ့စာသင်ခန်းထဲဝင်ထိုင်၊ဆရာဆရာမသင်သမျှကိုအလေးမထားတော့ပါဘူး။သူတို့စိတ်ထဲမှာအချိန်တန်ရင်ငါတို့
ပိုက်ဆံပေးလို့ရတာပဲဆိုတဲ့အတွေးကျောင်းသားအားလုံးနီးပါးရဲ့စိတ်ထဲမှာစွဲနေပါပြီ။

ကျုပ်တို့ကျောင်းသားဘ၀တုန်းကလည်းအများနည်းတူအပြင်မှာတက်ခဲ့ရတာပါပဲ။ဒါပေမဲ့ကျောင်းထဲကအတန်းချိန်
လုံးဝအပျက်မခံပါဘူး။အခုကတော့အဲ့ဒီသြကာသတန်းတွေစပြီဆိုကျောင်းထဲမှာသင်တဲ့ဆရာဆရာမကစာသင်ခန်း
ထဲသွားပြီးစာသင်ခုံနဲ့စကားပြောယုံသာရှိပါတယ်။ဒါတွေကိုသိတဲ့ဌာနမှူး၊ပါမောက္ခ၊တွဲဖက်ပါမောက္ခနဲ့ကထိကများ
တခွန်းမျှမဟကြပါဘူး။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်သြကာသတန်းတွေမှာတိုက်ရိုက်ဖြစ်စေသွယ်ဝိုက်သော
နည်းနဲ့ဖြစ်စေပါဝင်ပတ်သက်နေကြလို့ပါ။

"မြေခွေးတောရောက်ရင်မြေခွေးလိုအူတတ်ရမယ်"ဆိုတဲ့စကားတို့"ရောမရောက်ရင်ရောမလိုကျင့်ရမယ်"တို့စတဲ့
စကားတွေဟာလက်ရှိအချိန်မှာကျနော့်အတွက်အတော်လေးကိုဝေးနေပါသေးတယ်။မြေခွေးတောရောက်ပေမဲ့ခြင်္သေ့
ဆိုတာသိအောင်တော့ရှိတဲ့အင်အားနဲ့ဟိန်းဟောက်ပြရမှာပါပဲ။မဟုတ်ရင်မြေခွေးတွေပေါသထက်ပေါပြီးမြေခွေး
မျိုးဆက်သစ်တွေပဲတိုးပွားလာမှာပါ။

နောက်တခုကျနော်ဘ၀င်မကျတဲ့မြန်မာစကားပုံတခုရှိပါသေးတယ်။"ငါးခုံးမတစ်ကောင်ကြောင့်တလှေလုံးပုတ်"
ဆိုတဲ့စကားပါ။တကယ်တော့မြန်မာ့ပညာရေးလောကဟာငါးပုတ်တွေနဲ့ပြည့်နေတဲ့လှေကြီးတစင်းပါ၊ဘယ်လောက်
ကောင်းတဲ့ငါးဖြစ်ဖြစ်တလှေလုံးပုတ်နေတဲ့ငါးတွေထဲရောက်တော့မပုတ်ချင်သော်လည်းပုတ်သွားကြရတာပါ။
မပုတ်သေးတဲ့ငါးလည်းပုတ်ချင်လာအောင်နည်းမျိုးစုံနဲ့မြူဆွယ်တတ်ပါတယ်။အစကမပုတ်ချင်သော်လည်းပုတ်နေတဲ့
လှေပေါ်ရောက်သွားတော့မထူးဇာတ်ခင်းပြီးရောယောင်ပုတ်သွားရင်းငါးပုတ်လှေကြီးမှာပျော်ပျော်ကြီးစံစားလို့နေကြ
ပါတယ်။

နောက်ပြီးစေတနာဝါသနာအနစ်နာဆိုတဲ့နာသုံးနာနဲ့ပြည့်တဲ့ဆရာဆရာမဒီဘက်ခေတ်မှာတော်တော်ကိုရှားသွားပါပြီ။
စေတနာမပါတော့အနစ်နာလည်းမခံတော့သလိုဝါသနာဆိုတာကလည်းအသပြာရရေးအတွက်ဖြစ်လာတဲဝါသနာမျိုး
လို့ပဲဆိုချင်ပါတယ်။တကယ်သာစေတနာထားတယ်အနစ်နာခံတယ်ဝါသနာရှိတယ်ဆိုရသမျှနဲ့တင်းတိမ်ပြီးဆရာဆိုတဲ့
ဂုဏ်ကိုလက်မထောင်ပြီးစေတနာထားသင်ပြလိုက်စမ်းပါ။ဘယ်သူမှလက်ညှိုးမထိုးရဲ့ဘူး၊ဘယ်ကျောင်းသားမှမထီမဲ့မြင်
မစော်ကားရဲဘူး။အခုတော့အသပြာအတွက်နဲ့တပည့်ကိုပြန်ပြီးကြောက်နေရတဲ့အဖြစ်မျိုး။ကိုယ့်သြကာသသင်တန်း
ကျောင်းသားမလာမှာစိုးတော့ကျောင်းသားဘာလုပ်လုပ်မသိချင်ယောင်ဆောင်နေကြရတာ၊ဒီတော့ကျောင်းသားတွေ
စိတ်ထဲဒီဆရာဆရာမကတော့ငါတို့ဘာလုပ်လုပ်ခွင့်လွတ်ပါတယ်ကွာဆိုတဲ့အတွေးမျိုးဝင်လာပြီးဆရာဆရာမကို
လေးစားမှု့မထားတော့ပါဘူး။

အဲ့ဒီလိုနဲ့အချိန်တန်တော့ဒါသင်ဒါမေးဒါပဲဖြေစနစ်နဲ့သံသရာလည်သုံးလေးနှစ်ကျောင်းမှာအချိန်ကုန်ပြီးဘွဲ့တွေရသွား
အလုပ်ထဲရောက်တော့ဘာမှသုံးစားမရတဲ့ဘွဲ့ရဆိုပြီးတခြားသင်တန်းတွေတန်းစီအောင်တက်ဘွဲ့ကတခြားအလုပ်က
တခြားနဲ့ကမောက်ကမတွေဖြစ်လို့တော်တော်လေးကိုရင်လေးစရာကောင်းတဲ့မြန်မာပညာရေးလောကသြကာသအမြန်
ဆုံးကင်းပြီးစေတနာဝါသနာအနစ်နာဆိုတဲ့နာသုံးနာအရင်းခံတဲ့ဆရာကောင်းဆရာမကောင်းတွေပေါ်ပေါက်ပါစေလို့
ဆုတောင်းရင်းအပြောင်းအလဲကိုမျှော်လင့်လျက်။

အားပေးမှု့ကိုအလေးထားတဲ့
ရွှေညာသား