Pages

Saturday, October 7, 2017

ကြောင်လျှာသီးကြော် ဖရုံရွက်မျှစ်ဆတ်ဟင်းချို


မြန်မာပြည်မှာတုန်းကချက်စားဖြစ်တဲ့ဟင်းလေးတွေ အခုမှပဲဖြည်းဖြည်းချင်းပြန်တင်ရတော့တယ်
မျှစ်ရေစိမ်ကျခေါ် မျှစ်ဆတ် ပေါ်ချိန် ဖရုံရွက်နဲ့ ဟင်းချိုချက်စားလို့ကောင်းတဲ့ဟင်းချိုတမျိုးပါ
ရွာမှာဆိုရင်တော့ ရုံးပတီသီး၊ခ၀ဲသီးနုမျှစ်ဆတ်နဲ့ တခါတရံ ငှက်ဆွတ်မှိုပါ ထည့်ချက်တယ်။
မိုးရာသီ အသီးအရွက်ပေါချိန် မျှစ်ပေါ်ချိန်မှာ အမြဲတမ်းလိုလိုစားရတဲ့ဟင်းတခွက်ပေါ့။
မြို့ပေါ်ရောက်တော့မျှစ်ဆတ်ရဖို့မလွယ်လို့ ဈေးထဲတွေ့တုန်းမှာ ၀ယ်ပြီးချက်စားဖြစ်တယ်။
ကြောင်လျှာသီးကလည်း ရွာမှာအလကားရနိုင်ပေမဲ့ မြို့မှာတော့ တစ်တောင့်ကို လေးငါးရာ ပေးဝယ်ရတယ်။
အကြိုက်ဆုံးအသီးတွေထဲက တခုဖြစ်တော့ မြင်တာနဲ့ ဈေးမကြည့်ဘဲဝယ်မိပြန်တယ်။


ကြောင်လျှာသီးကိုတော့ ရွာမှာ မီးဖုတ်ပြီးမှချက်တယ်။ အတောင့်လိုက် မီးဖိုပေါ်မှာတင်ပြီးမီးဖုတ်ရင်
အပေါ်ကအခွံတွေပူပေါင်းလိုဖုလာအောင် တတောင့်လုံးကိုမီးဖုတ်ပြီး ရေစိမ်ထားလိုက်ရင် အခွံတွေကွာကုန်တယ်
အဲ့ဒီရေစိမ်ပြီးသားကို လက်သုံးလုံးခန့် အပိုင်းတွေပိုင်းပြီးတော့
ခရမ်းချဉ်သီး၊ကြက်သွန်နီ၊မန်ကျည်းသီးစိမ်းနည်းနည်းရောပြီးငရုတ်သီးစပ်ချက်စားတာ။
အဲ့ဒီလိုချက်တာက သိပ်ပြီးမခါးဘဲ ပိုပြီးစားလို့ကောင်းတယ်။
ကြောင်လျှာသီးကိုမန်ကျည်းသီးနဲ့ချက်ရင်ပိုစားကောင်းသလို ကြက်ဟင်းခါးသီးကို အချဉ်နဲ့ တွဲစားရင်တော့
ပိုပြီးခါးတာ သတိထားမိတယ်။ ကြက်ဟင်းခါးသီးကြော်နဲ့ အချဉ်ရည်သောက်ဟင်းတွဲစားဖြစ်တဲ့အခါ
သတိထားကြည့်ပါ။ ထူခြားတာကိုတွေ့ရလိမ့်မယ် :)


ကျနော်ချက်ထားတာကတော့ ကြောင်လျှာသီးကိုမီးဖုတ်ဖို့ မီးဖိုမရှိလို့ အစိမ်းလိုက်ပဲ ပါးပါးလှီးပြီး ဆားနည်းနည်းနဲ့နယ်
ကြက်သွန်ဖြူနီခရမ်းချဉ်သီး ဆီသတ်ပြီးတော့ ပုစွန်ခြောက်အနည်းငယ်နဲ့ လုံးချက်လေးချက်ထားတာပါ။
ပုစွန်ဆိတ်အစိုသေးသေးလေးတွေနဲ့ချက်စားလို့လည်းကောင်းတယ် ဒါပေမဲ့ များများစားရင်တော့
အကျေတော့တက်ပါတယ်။လူကြီးတွေအတွက်ဆို ပုစွန်ဆိတ်အစိုနဲ့ချက်တာ စားဖို့မသင့်ပါဘူး။


မှတ်မှတ်ရရ အခုတခေါက်လာဖို့ ရန်ကုန်ကို မဆင်းခင် တရက်က ဈေးထဲရောက်တော့ ကြောင်လျှာသီးတတောင့်
ဝယ်ပြီး အမေကိုချက်ကျွေးခိုင်းသေးတယ်။အထက်ကပြောသလိုပဲ မီးမဖုတ်ဘဲအစိမ်းလိုက်ပါးပါးလှီးပြီး
ဆားနဲ့နယ် ပုစွန်ခြောက်မရှိလို့ ငါးနီတူခြောက်လေးတွေ ခေါင်းဖြုတ်ပြီး အမေကငရုတ်သီးစပ်လေး
ချက်ကျွေးတာ စားလို့ကောင်းလိုက်တာဆိုတာမပြောပါနဲ့။ နိုင်ငံခြားမထွက်ခင်အမေ့လက်ရာလေးစားရတာ
အမှတ်တရပါပဲ။ ကျနော်နဲ့ထမင်းအတူစားတဲ့သူငယ်ချင်းက မင်းနဲ့မင်းအမေချက်တာ လက်ရာချင်းအတူတူပဲတဲ့
ငါကတော့ အမေချက်တာက ပိုစားကောင်းတယ်လို့ သူငယ်ချင်းကိုပြောလိုက်တယ်။
အခုထိုင်းမှာတော့ကျောင်းတွင်းဆောင်မှာနေရတာမို့ ချက်မစားဖြစ်ဘူး။ ကန်တင်းမှာရောင်းတဲ့ထိုင်းထမင်းဆိုင်တွေမှာပဲ
ဝယ်စားဖြစ်တယ်။ထိုင်းဟင်းတွေနဲ့ကိုယ့်အကြိုက်နဲ့ကိုက်ညီနေတာရယ် အခန်းဖော်ကိုလည်း အားနာတာရယ်
စာဘက်ကိုပဲအချိန်ပိုပေးချင်တာရယ်ကြောင့် ၀ါသနာအပါဆုံး ချက်ပြုတ်ခြင်းကို
လောလောဆယ် ဥပုသ်စောင့်ထားတယ်။ ဒါပေမဲ့ ဈေးကိုရောက်လို့ အသီးအရွက်တွေမြင်ရင်တော့
ပိုးက ထထ လာတာ မနည်းကိုထိန်းရတယ် :)
ဟင်းတွေလည်းကျန်သေးတယ် ဓာတ်ပုံတွေရော ဖြည်းဖြည်းချင်းပို့စ်လေးတွေတင်ပါမယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ
ချမ်းသာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်-
ရွှေညာသား

 

Monday, October 2, 2017

ဖက်ပွင့်ခြောက်ကြော်

 ဒီဟင်းကတော့ ဖက်သီးမပေါ်ခင် ဖက်ပွင့်တွေပေါတဲ့အချိန်တုန်းက ဖက်ပွင့်အစိုလည်းဝယ်ချက်
 ဈေးပေါလာတော့ များများဝယ်ပြီး အခြောက်လှန်းထားတာကို သူ့ရာသီကုန်သွားခါမှ ပြန်ချက်စားတဲ့ဟင်းတခွက်ပါ။
စားရတာအစိုတုန်းကလောက်လေးလေးပင်ပင်မရှိပေမဲ့ အတော်လေးစားလို့ကောင်းတဲ့ဟင်းပါ။
မချက်ခင်မှာ ဖက်ပွင့်ခြောက်တွေကိုပွလာအောင်ရေစိမ်ထားပြီး ခရမ်းချဉ်သီးတလုံးနဲ့  ကြက်သွန်ဖြူနီဆီသတ် ငါးပိ သို့မဟုတ် ငံပြာရည်အနည်းငယ်ထည့် ဆီသတ်တာမွှေးလာတော့ ရေစိမ်ထားတဲ့ဖက်ပွင့်ခြောက်ကိုရေတခါလောက်ဆေးပြီးထည့်
ပုစွန်ခြောက်အသေးလေးတွေနည်းနည်းထည့်ပြီးဆယ်မိနစ်လောက်ဟင်းအိုးအဖုံးအုပ်ပြီးထားလိုက်ပါ။
ခဏနေတော့ ငရုတ်သီးစိမ်းအလုံးကွဲထောင်းထားတာအုပ် အရသာအပေါ့အငန်မြည်းပြီး ဟင်းအိုးချခါနီးမှာ 
ပင်စိမ်းရွက် သို့မဟုတ် နံနံပင် အုပ်ပြီးချ။ ထမင်းပူပူလေးနဲ့ တွဲဖက်စားလို့ အတော်လိုက်ဖက်ပါတယ်။
ကျနော်ကတော့ ဒီလိုမျိုးဟင်းနဲ့ဆို ထမင်းပိုကုန်တယ် :)


အရောင်ကတော့ အမည်းရောင်ဖြစ်နေပေမယ့် စားလို့အရသာရှိတဲ့ အညာသား ကြိုက်နှစ်သက်ဆုံးသောဟင်းတွေထဲက
ဟင်းတခွက်ပါ။

လာရောက်လည်ပတ်ကြတဲ့ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အစဉ်လေးစားမှုဖြင့်-
ရွှေညာသား

Friday, September 8, 2017

ဖက်သီး နဲ့ ငါးခြောက်ဟင်း

ဖက်ပွင့်ဖက်သီးတွေပေါ်ချိန်တုန်းက ချက်စားဖြစ်တဲ့ဟင်းတခွက်ပါ။ ဖက်ပွင့်ဖက်သီးလို့ကျနော်တို့ဆီမှာခေါ်တဲ့
နာမည်အတိုင်းပဲမှတ်ထားတာ။တခြားအခေါ်အဝေါ်လည်းရှိမှာပါ။ချက်ဖို့ပြင်ဆင်ရတာတော့နည်းနည်းလက်ဝင်
ပါတယ်။အမွှေးတွေပါတဲ့ဖက်သီးကိုလက်တဆစ်အရွယ်အပိုင်းလေးတွေပိုင်းပြီးအထဲကအူကိုစိတ်ရှည်လက်ရှည်
ထုတ်ပြီးချက်ထားတာ။အပေါ်ကအမွှေးတွေကိုခွာလို့ရပေမဲ့တော်တော်မလွယ်တဲ့အလုပ်မို့အူကိုပဲထုတ်ပြီး
ချက်ထားပါတယ်။

အရင်ဆုံးခရမ်းချဉ်သီးသုံးလုံးကြက်သွန်နီဖြူနဲ့အဆာပလာထည့်ပြီးအနှစ်ရတော့အူထုတ်ထားတဲ့ဖက်သီးကိုရေဆေး
ထည့်တယ်အဲ့ဒီနောက်ငါးရံ့ခြောက်အနေတော်တုံးရေဆေးပြီးထည့်ရေအနည်းငယ်ရောပြီးဟင်းအိုးဖုံးအုပ်ထားလိုက်
ပါတယ်။ဆယ်မိနစ်ခန့်ကြာတော့ငါးခြောက်နူးမနူးကြည့်ပြီးငရုတ်သီးအလုံးကွဲထောင်းထားတာရယ် နံနံပင်
သို့မဟုတ် ပင်စိမ်းရွက်လေးပါးပါးအုပ်ပြီးထမင်းပူပူနဲ့ရေနွေးလေးတွဲ၍သုံးဆောင်နိုင်ပါတယ်။ ဖက်သီးကအနည်းငယ်ခါးတဲ့အရသာလေးရှိလို့ ငါးခြောက်အငံဓာတ်လေး
နဲ့ထိမ်းပြီးစားလို့အင်မတန်ထမင်းမြိန်ပါတယ်။

ဖက်သီးကအမြဲတမ်းမရနိုင်ပါဘူး သူပေါ်တဲ့အချိန်မှသာရနိုင်တဲ့ဟင်းစားတမျိုးဖြစ်ပါတယ်။ဖက်ပွင့်ကိုလည်းဒီနည်းအတိုင်း
ငါးခြောက်သို့မဟုတ် ပုစွန်ခြောက်နဲ့ချက်စားနိုင်ပါတယ်။ဖက်ပွင့်ကိုတော့အခြောက်လှန်းပြီးသိမ်းထားလို့အဆင်ပြေတယ်။
နောက်တခါမှပဲဖက်ပွင့်ကြော်ထားတာလေးထပ်တင်ပေးအုံးမယ်ဗျာ။ထိုင်းကိုရောက်တော့ထမင်းအိုးဟင်းအိုးနဲ့ဝေးနေပြီ။
ချက်စားချင်သော်လည်းကျောင်းတွင်းဆောင်မှာနေရတာရယ်အခန်းဖော်ကိုအားနာတာရယ်ကြောင့်ကျောင်းကရောင်းတဲ့ ဆိုင်တွေမှာလည်း တနေ့တမျိုးမရိုးရအောင်ဝယ်စားလိုက်တော့တယ်။ချက်ပြုတ်ချိန်ကစာကြည့်ဖို့အတွက်ပိုလာတာပေါ့ဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား

Friday, September 1, 2017

ရွာအပြန် တောလည်တခေါက်

ကျောင်းပိတ်ရက်ရွာပြန်တုန်း မရောက်တာကြာတဲ့ တောင်ရိုးပေါ်ကို ရွှေကူသန် (လောက်သေရွက်)ခူးရင်း မှိုရှာရင်း
တောင်ရိုးပေါ်ရောက်ခဲ့တယ်။ ကိုယ်ရွာပြန်တဲ့အချိန်ကမှို တုန်းတဲ့အချိန်မို့ မျိုးစုံအောင်မရတော့ဘူး။ လောက်သေရွက်
ခူးရင်း မရမက မှိုရှာတာ အဖော်လိုက်ပေးတဲ့အစ်မက တောကျွမ်းတော့ မှိုတခါချက်လောက်ရသေးတယ်။
လောက်သေရွက်ကတော့အများကြီးပဲ တောထူလို့ ခြင်တွေကိုက်တာနဲ့ မြန်မြန်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့
ညနေစာအတွက် လေးလေးက မှို ကို ပင်စိမ်းအုပ်ပြီးငရုတ်သီးစပ်ကြော်ပေးတယ်။ မစားရတာကြာတော့စားလို့ကောင်း
တာထမင်းကိုထည့်လို့မနိုင်ဘူး။

 ရွာအနောက်ဘက်က ပြန်ဆည်ထားတဲ့ ကန် နဲ့ တိမ်ဖုံးနေတဲ့ ပုပ္ပားတောင်

 မှို ရှာရင်း ဓာတ်ပုံရိုက်
 အဲ့ဒီကျောက်တုံးတွေကြားထဲ တောင်ခြေကနေပြီး တက်လာတာ မှို လိုချင်တဲ့ ဇောနဲ့ မောလို့ မောမှန်းမသိဘူး
 အခုလို မှို လေးတွေ့တော့ အမောပြေရော :) အနီရောင်ကို မယ်သီလ မှို လို့ ခေါ်တယ်
 မှို အ၀ါကိုတော့ ကိုရင် မှို တဲ့ သူက စားလို့ ပိုပြီး ချို တယ် ည တုန်းကမှပေါက်တာဆိုတော့ လတ်ဆတ်နေတာပဲ
 ဟော့ဒီမှာ နောက်တပွင့် ကျနော်က မှို နီလေးတွေပဲတွေ့တယ်
 ရွှေကူသန်ရွက် ခေါ် လောက်သေရွက် လဘက်ခြောက်လုပ်သောက်တာ ဌာနရောက်တော့ 
ကျန်းမာရေးမကောင်းတဲ့ ဆရာဆရာမတွေကို ပေးသောက်လိုက်တယ် :)tr
မောင်နှမ နှစ်ယောက်ခူးတာ အရွက်တွေအများကြီးရခဲ့တယ် အိမ်ရောက်တော့ အဖွားက အရွက်ခြွေတာ ခွဲ တောင်း တလုံး
အပြည့် ဓာတုဗေဒသမားဆိုတော့ နေပူမလှန်းဘဲ အရိပ်ထဲမှာပဲအခြောက်ခံပြီး ကျောင်းကိုသယ်ခဲ့တယ်။

ကျနော်ဘလော့ခ် ပြန်ရေးလို့အဆင်ပြေပြီမို့ ပို့စ်အသစ်လေးတွေမကြာမကြာပြန်တင်နိုင်တော့မယ်ဗျ။ချစ်စွာသောညီအစ်ကို
မောင်နှမတွေကိုမျှဝေစရာတွေအများကြီးပဲ။ အားလုံးကိုယ်စိတ်နှ်စ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Monday, August 21, 2017

တတိယ​အကြိမ် ပြည်ပခရီး

ပျော်ရမှာ မနေရ တော်ရာမှာနေရ ဆိုတဲ့စကားက ကျနော့်အတွက်အမှန်ပဲဖြစ်နေသလားမပြောတတ်ပါဘူး။
တကယ်ဆိုအမေ့အိမ်မှာအတူတူနေချင်တာ၊ဆယ်တန်းအောင်ပြီးကတည်းက ပညာရေးကြောင့်အိမ်နဲ့ခွဲပြီး
မြို့ပေါ်ရောက်လာတာ။အဲ့ဒီပညာရေးကြောင့်ပဲမြို့ကနေတဆင့်တိုင်းတပါးကိုထပ်ရောက်ခဲ့ပြန်တာအခုတကြိမ်ဆို
တတိယအကြိမ်ရောက်လာခဲ့ပြီ။တကယ်တော့ပညာတော်သင်ဆုရဖို့ဆိုတာဝန်ထမ်းလောကမှာတော်တော်မလွယ်
လှပါဘူး။အခုနောက်ပိုင်းကိုယ်တိုင်ချိတ်ဆက်လို့ရရင်သွားခွင့်ပြုလို့အရင်ကထက်အခွင့်အလမ်းပိုများလာပေမဲ့
သွားတဲ့သူသိပ်မရှိသလောက်ပါပဲ။

အစိုးရချင်းချိတ်ဆက်ပြီးခေါ်တဲ့ပညာသင်ဆုအများစုကလည်းကိုယ်တွေဆီရောက်တဲ့အချိန်ဆိုသတ်မှတ်ရက်ကပ်
နေမှဘာမှပြင်ဆင်ချိန်မရတော့မှရောက်လာတာများတယ်။တကယ်ရောက်လာတော့လည်းကိုယ်စိတ်ဝင်စားတဲ့
ဘာသာရပ်နယ်ပယ်ဖြစ်နေတော့ရလိုရငြားဝင်ဖြေမိတယ်။ကံကောင်းတယ်ပဲဆိုရမလားမသိဘူးအစမ်းဝင်ဖြေရင်း
ပါပါသွားတာ။အခုတစ်ခေါက်လည်းပညာသင်ခေါ်လို့ဝင်ဖြေလိုက်တယ်ရေးဖြေနှုတ်ဖြေကနေတဆင့်ပြီးတဆင့်
စစ်ထုတ်လိုက်တာအင်္ဂလိပ်စာစစ်တဲ့အချိန်မှာတချို့ပြုတ်၊အင်တာဗျူးမှာပြုတ်နဲ့ကိုယ်အလှည့်ဘယ်တော့များရောက်
လာမလဲစိတ်ပူရင်းမျှော်ရတာတော်တော်မောတာပဲ။လူနှစ်ဆယ်ကျော်လောက်ကနေစစ်ရင်းစစ်ရင်းနဲ့နောက်ဆုံး
ဆန်ကာတင် ၇ ယောက်စာရင်းမှာကိုယ့်နာမည်ပါလာတော့ဝမ်းသာရပြန်တယ်။

အိမ်ကအမေကတော့ဒုတိယတစ်ခေါက်ပြန်လာကတည်းကစိတ်ပူရလွန်းလို့နောက်ထပ်မသွားရတော့ဘူးဆိုပြီး
ပြောရှာတယ်။အင်းပါအမေရယ် အမေရိကန်တို့ အင်္ဂလန်တို့လိုနိုင်ငံမျိုးဆိုရင်တော့သွားချင်သေးလို့ရယ်စရာစရင်း
အခုရတဲ့အာဆီယံပညာသင်ဆုကိုတိတ်တိတ်ကလေးဝင်ဖြေတယ်။အဖေကတော့ပညာရေးကိုတီးမိခေါက်မိရှိတော့
ငယ်တုန်းသွားရတာသွားသာသွားပဲ။ဖြေတာကိုအဖေ့အသိပေးပြီးအမေ့ကိုစိတ်ဆင်းရဲမှာစိုးလို့မပြောခိုင်းဘူး။နောက်ဆုံး
တကယ်သွားရမယ်ဆိုတော့မှဖွင့်ပြောပြီးတော်တော်လေးကိုနှစ်သိမ့်ရတယ်။အမေရယ်မိန်းခလေးတွေတောင်သွားနေ
ကြတာကျနော့်ကိုဘာလို့စိတ်မချတာလဲမေးတော့စိတ်ပူရလွန်းလို့ကလွဲပြီးဘာမှမပြောဘူး။

ဒီလိုနဲ့အခက်အခဲပေါင်းများစွာကိုတဆင့်ချင်းသည်းခံကျော်ဖြတ်ပြီးတဲ့နောက်ထိုင်းနိုင်ငံ Prince of Songkla University
မှာသုံးနှစ်တာပညာသင်ယူခွင့်ရခဲ့တယ်။အများအမြင်တော့ဆရာတော်တော်ကံကောင်းတယ်ပေါ့။ကိုယ်တိုင်အမြင်မှာ
အတိတ်က၀ဋ်ကြွေးပြန်ဆပ်နေရတယ်ထင်တာပဲ။ဘယ်လိုများသူများမိသားစုကိုဝေးအောင်ခွဲခဲ့လည်းမသိဘူး အခုတော့
ကိုယ်တိုင်အိမ်နဲ့ခွဲလိုက်ခဏပြန်ဆုံလိုက်ခွဲလိုက်ဖြစ်နေတာ။ဆယ်တန်းအောင်ခါစကအရှေ့ဘက်ရွာကနတ်ကတော်
မကြည်ကြည်ပြောတဲ့ ငါ့မောင်ကပညာနဲ့ကမ္ဘာပတ်ရမယ်လက္ခဏာ ဆိုတဲ့စကားကိုသာပြန်ကြားယောင်ရင်း သူ့စကား
တွေမှန်များမှန်နေပြီလားပေါ့။

မတတ်နိုင်ဘူးလေ ကံတရားကရောက်လာအောင်ဖန်တီးပေးတော့လည်းရလာတဲ့အပေါ်မှာပျော်ရွှင်အောင်နေရင်း
သင်ယူရအုံးမှာပေါ့။

အားလုံးကိုလေးစားလျက်
အညာသား