Pages

Tuesday, October 29, 2019

My mini Garden


နေရတဲ့အဆောင်က နှစ်ယောက်ခန်း ကော်ရစ်ဒါက အဝတ်လှန်းဖို့လောက်ပဲ ထုတ်ပေးထားတာကို အပင်လေးတွေ စိုက်ထားတာ အခုတော်တော်လေးစိမ်းစိုနေပြီ။အပေါ်တန်းပေါ်ကတစ်ပင်ကစပျစ်ပင်ပါ။
သူငယ်ချင်းတစ်ယောက်ပြန်တော့အခန်းဖော်ကလိုချင်ဆိုတာနဲ့ယူထားပေးတာ။သူကရေကိုပုံမှန်မလောင်း
ပေးလို့ကိုယ်တိုင်ပဲပြုစုပေးနေတာ။အောင်မဲညိုပင်လည်းအစေ့လေးတွေယူပြီးထည့်ထားတာအခုအညွှန့်တွေ
ထွက်ပြီးတန်းပေါ်ကိုတက်နေပြီ။မနှစ်ကစိုက်ပျိုးရေးဈေးပွဲနောက်ဆုံးနေ့မှာသစ်ခွပင်သုံးပင်ဝယ်ပြီးစိုက်ထား
တာကတော့အဟာရကျွေးတာမမှန်လို့လား နေပူလို့ပဲလားမပြောတတ် အပင်သစ်လေးတွေထွက်ပေမဲ့
ပန်းကတော့ခုချိန်ထိတုတ်တုတ်မျှမလှုပ်သေးဘူး။ဇော်စိမ်းပင်ကလည်းဘုရားပန်းလဲတော့အမြစ်တွေထွက်နေ
တာနဲ့ရေသန့်ဗူးကိုထိပ်ပိုင်းဖြတ်ပြီးရေနဲ့ထည့်ထားတော့အမြစ်တွေထွက်ပြီးစိမ်းနေတာ။ရွှေလာငွေလာဂမုန်း
ပင်ရယ်ပိန်းပန်းပင်ရယ်ရှမ်းနံနံပင်ရယ်ငရုတ်ပင်ရယ်နဲ့ကျောင်းပြန်ရင်သူတို့နားရေလောင်းပေါင်းသင်၊
မနက်အိပ်ယာထဘုရားသောက်တော်ရေစွန့်တာလည်းသူတို့ပဲလောင်း။စိတ်ညစ်ရင်သူတို့ကြားဝင်ဟိုပြင် ဒီရွှေ့လုပ်တာနဲ့စိတ်ညစ်တာတွေပျောက်။ကျနော့်အတွက်တော့အဆောင်(၁၅)ထပ်မှာရှိတဲ့ကိုယ်ပိုင်ပန်းခြံလေးပါပဲ။ဌာနမှာလည်းအင်ဒိုးစိုက်တဲ့ပန်းအိုးလေးနှစ်ပင်စိုက်ထားသေးတယ်။ကျောင်းသားအားလုံးထဲမှာကိုယ့်နေရာ လေးကစိမ်းစိမ်းစိုစိုနဲ့မို့ဝင်သမျှကစိတ်ဝင်စားကြတယ်။ကိုယ့်အတွက်ကတော့စိမ်းစိမ်းစိုစိုမြင်ရရင်စိတ်ကြည်အောင်လို့ရယ်စိုက်ရပျိုးရတာလည်းဝါသနာပါလို့ရယ်ပါ။

လာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်တွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူတင်ရှိပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Thursday, October 17, 2019

အညာသား လက်ရာ တို့ဟူးသုပ်

ဩဂုတ်လထဲတုန်းက ကျောင်းမှာကျင်းပတဲ့ အာဆီယံ ဈေးရောင်းပွဲတော်မှာ အညာသားတို့မြန်မာကျောင်းသားအဖွဲ့က တို့ဟူးသုပ်လုပ်ရောင်းကြတယ်ဗျ။မြန်မာအစားအစာဆိုတော့အားလုံးနီးပါးကသူတို့ဆီမှာလည်းခပ်ဆင်ဆင်တွေမို့သူ့ဟာကို ကိုယ့်အစားအစာသွားလုပ်လို့မရတော့ အညာသားအကြံပေးလိုက်တာ
သူတို့ဆီမှာတို့ဟူးသုပ်မတွေ့မိသေးဘူး ငါတို့ တို့ဟူးသုပ်လုပ်ရောင်းကြမယ်ဆိုပြီးတိုင်ပင်တော့တို့ဟူးကို 
သူကျိုတတ်လားငါကျိုတတ်လားနဲ့နောက်ဆုံးကိုယ်အကြံပေးတဲ့အလုပ်ကိုယ်ပဲခေါင်းခံပြီးတို့ဟူးကျိုသည်မှ
ရောင်းသည်အထိဦးဆောင်ပြီးလုပ်ပေးလိုက်ပါတယ်။

 ရောင်းကောင်းလွန်းလို့ ပုံကိုသေချာရိုက်ချိန်မရဘူး 
ဆိုင်ပေါ်မှာပြဖို့ တို့ဟူးသုပ်ပုံကိုပရင့်ထုတ် ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေး ထိုင်းလိုပါဂူဂယ်ကရှာပြီး Lab ထဲကကလေးတွေကိုသေချာအောင်စစ်ခိုင်းပြီးကဒ်ထူစက္ကူမှာကပ် ဆိုင်ရှေ့လာရပ်တာနဲ့ပုံပြ ပါဝင်တဲ့ပစ္စည်းကိုပါ ဖတ်ပြီးစိတ်ဝင်စားတဲ့သူကစဝယ်ရင်းဝယ်ရင်းအရသာတွေ့သွားတော့သုံးပွဲလေးပွဲနဲ့လက်မလည်အောင်ကို အားပေးလိုက်ကြတာ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီရှား သုံးနိုင်ငံ ရောင်းတဲ့အထဲ ကိုယ်တွေအဖွဲ့ကအစောဆုံးကုန်တာ ကျောင်းကလူကြီးတွေလာတော့ပြစရာတောင်မကျန်တဲ့အထိ။ တို့ဟူးလေးပိဿာလောက်ကို
ဝယ်သူမရှိရင်ကုန်ပါ့ကုန်မလားနဲ့ကျိုရင်းစိတ်ပူ သုပ်တော့လည်းစိတ်ပူ အရသာကိုတော့ကိုယ့်လက်ရာကိုယ်ယုံထားလို့စိတ်ချပေမဲ့ သူတို့မစားဖူးတဲ့အစားအစာမို့ ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ။နောက်ဆုံးတော့ထင်မှတ်မထားဘဲအစောဆုံးကုန်သွားလိုက်တာနိုင်ငံတကာကျောင်းသားခေါင်းဆောင်ကလည်းလူကြီးတွေလာသည်အထိဆိုင်နေရာမှာပစ္စည်းတွေထားပြီးလူတွေပဲထိုင်နေပါတဲ့။

 မန်ကျည်းမှည့်အနှစ်ကိုကျို ဆီချက် ငံပြာရည်ကောင်းကောင်းနဲ့မို့ စားလို့အင်မတန်ကောင်းပါတယ်

ဂေါ်ဖီထုပ်နဲ့ နံနံပင်ရောပြီးသုပ်ထားတာ ငရုတ်သီးမှုန့်ကို သီးသန့်ချထားပေးလိုက်တယ် အစပ်ကြိုက်ရင် ငရုတ်သီးထည့်စားနော်ဆိုတော့ ကြိုက်တယ်ဆိုပြီးထည့်စားကြတာ

ဖိလစ်ပိုင်မှာတုန်းကလည်း အာဆီယံဈေးရောင်းပွဲ မြန်မာတွေစုပြီး အညာသားကိုယ်တိုင် ကြာဇံဟင်းခါးချက် ရောင်းတာ ရောင်းလို့ကောင်းတာဆိုတာ တချို့ကနှစ်ခါထပ်လာဝယ်စားကြတယ်။အဲ့ဒီအတွေ့အကြုံရှိထားတော့ ရောင်းကောင်းမှာပဲလို့တွေးပြီး တို့ဟူးသုပ်ရောင်းဖို့အကြံပေးတာ။ အရင်နှစ်တွေကရောင်းတာတခါမှ ရောင်းလို့မကုန်ဘူးတဲ့ ကိုယ့်လက်ရာကို ဝိုင်းပြီးချီးကျူးကြတော့ စားဖိုမှုးတို့မျက်နှာ ပင်ပမ်းသမျှအမောကို ပြေလို့ပေါ့။အမေ့ကိုပြန်ပြောပြတော့အမေကလည်းဝမ်းတွေသာလို့။အမေ့တူလို့နေမယ်လို့ဈေးရောင်းရင် ရောင်းလို့ကောင်းတာ ဆိုတော့သဘောကျနေတယ်။

 တို့ဟူဆိုတာ မြင်ဖူးအောင် မသုပ်ခင် ခုလို ပြထားလိုက်တယ်

တစ်ပွဲကို ဘတ် ၂၀ နဲ့ ရောင်းတာ

ပဲမှုန့်ကတော့ မြန်မာဆိုင်က မွှေး တံဆိပ် ကုလားပဲအစိမ်းမှုန့်ထုပ်ကိုသုံးပါတယ်။ပဲမှုန့်တစ်ဆရေနှစ်ဆနဲ့ဆို ကွက်တိပါပဲ။ကျိုလို့ကောင်းပြီးကုလားပဲမှုန့်စစ်လို့စားရတာ အရသာလည်းရှိပါတယ်။နောင်တစ်ချိန် ဒါလေးတွေက အမှတ်တရကျန်နေမှာမို့ ဒီနေရာလေးမှာ လာပြီးမှတ်တမ်းတင်ထားတာပါ။ လာလည်ရင်းနဲ့ အညာသားလက်ရာတို့ဟူးသုပ်လေး အားပေးသွားကြအုံးဗျာ။လာလည်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၇ အောက်တိုဘာ ၂၀၁၉

Wednesday, October 16, 2019

ဖောင့် အပြောင်းအလဲနဲ့ ဘလော့ခ်

မြန်မာဖောင့် အပြောင်းအလဲလုပ်ပြီးနောက် ဘလော့ခ်ထဲရောက်လာတာ စိတ်တွေညစ်ပြီး ဘာမှလုပ်ချင်စိတ်
မရှိတော့သလိုခံစားလိုက်ရတယ်။မုန်တိုင်းအဝှေ့ခံထားရသလို ပြောင်းပြန်တွေဖြစ်နေတဲ့စာလုံးတွေကိုကြည့်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။ဇော်ဂျီနဲ့ရေးလာသမျှပို့စ်လေးတွေအားလုံးကပြောင်းကပြန်တွေဖြစ်ကုန်တာဆိုတော့ပြန်ရေးဖို့ကလည်းခံစားချက်အသစ်ထပ်မဖြစ်နိုင်တော့ဘူး။မူရင်းအတိုင်းဖောင့်တွေမှန်အောင်ပြန်ပြောင်းဖို့ဆိုတာလည်းအချိန်တော်တော်လေးပေးရမယ်ဆိုတော့ အပြောင်းအလဲကိုပဲလိုက်ပြီးနေသားကျအောင်ကြိုးစားရင်းဘလော့ခ်ကိုနောက်တစ်ခေါက်ထပ်လာပြီးတတ်နိုင်သလောက်ပြင်ဆင်လိုက်တယ်။အခုတော့ ယူနီကုဒ်လက်ကွက်လည်းအဆင်ပြေပြေရိုက်တတ်သွားပြီမို့စာရေးဖို့အားတက်လာပါပြီ။
ဒီလိုပဲနေသားကျနေတဲ့အရာတခုကနေအခြားတခုကိုပြောင်းတဲ့အခါအနည်းနဲ့အများတော့အခက်အခဲရှိတာပါပဲ။အသစ်နဲ့နေသားကျသွားရင်အဆင်ပြေသွားမှာပါ။

ယူနီကုဒ်နဲ့ဆိုတော့ တင်ပြီးတဲ့ပို့စ်အဟောင်းလေးတွေကိုတော့ တတ်နိုင်သလောက် ပြန်မကြည့်မိအောင်နေဖို့ပဲကြိုးစားရတော့မယ်။

အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
ရွှေညာသားလည်းကျောင်းတဖက်နဲ့ဆိုတော့မနားရအောင်ပါပဲ။အအိပ်အစားမမှန်လို့မနည်းဂရုစိုက်နေရတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်
၁၅ အောက်တိုဘာ ၂၀၁၉