Pages

Monday, December 16, 2019

အမေ့အိမ်အလွမ်း‌‌‌‌‌‌‌‌‌ပြေ ချဥ်ပေါင်သီးဟင်း

ဒီတစ်ခါတော့ ဈေးထဲမှာ ချဉ်ပေါင်သီးတွေ့လို့ အညာချက်လေး ချက်စားဖြစ်တယ်။ အမေ့အိမ်အလွမ်းပြေဆိုလည်းမမှားပါဘူး။ငယ်ငယ်တုန်းကချဉ်ပေါင်သီးဟင်းစားရပါများလို့အသံကြားလျှင် ပါးကျိန်းလို့ ချဉ်ပေါင်သီး ဟင်းနီတာရဲကိုနှစ်ပေါင်းများစွာစားခဲ့ရပေမဲ့ သူနဲ့ကင်းကွာလာတာအချိန်ကြာပြီးပြန်တွေ့တဲ့အချိန်မှာတော့
သူ့အရသာကတစ်မျိုးနဲ့စားကောင်းနေတယ်။ချဉ်ပေါင်သီးဝယ်ပြီးတော့ငရုတ်သီးစိမ်းကိုပါထပ်ဝယ်လိုက်တယ်။ချဉ်ပေါင်သီးဟင်းချဉ်ချဉ်လေးကိုငရုတ်သီးစိမ်းငါးပိထောင်စပ်စပ်နဲ့တွဲဖက်စားဖို့ပါ။အချဉ်ထိန်းဖို့အတွက်ရုံးပတီသီးနည်းနည်းထည့်ချက်လိုက်တယ်။ကျနော်အတွက်တော့ အဲ့ဒီနေ့ညနေစာထမင်းပွဲဟာ
တစ်ယောက်ထဲဖြစ်ပေမဲ့စိတ်ထဲမှာတော့ငယ်ငယ်တုန်းကအိမ်မှာမိသားစုသိုက်သိုက်ဝန်းဝန်းနဲ့စားခဲ့ရသလိုပါပဲ
ထမင်းစားရင်းအိမ်ကအမေနဲ့အဖေကိုသတိရသလိုအစ်ကိုနဲ့ညီတွေကိုလည်းလွမ်းမိတယ်။ချဉ်ပေါင်သီးဟင်း
နီနီရဲရဲတစ်ခွက်နဲ့ငရုတ်သီးထောင်းကိုတွဲဖက်ပြီးမိသားစုတွေစည်းစည်းလုံးလုံးနဲ့ဝိုင်းဖွဲ့စားသောက်ခဲ့ကြတာ
တစ်ရက်မက တနှစ်မက ချဉ်ပေါင်သီးပေါ်ချိန်တိုင်းပါပဲ။ချဉ်ပေါင်သီးအစိုကုန်ခါနီးရင်အခြောက်လှန်းပြီး
နွေရာသီစားဖို့ ရေအိုးဟောင်းနဲ့ထည့်လှောင်ထားတတ်ကြသေးတာ။အစိုပြီးတော့အခြောက်ချဉ်ပေါင်သီးကို
ထန်တျာတေနေတော့တာ။ဘယ်အိမ်မေးမေးချဉ်ပေါင်သီးဟင်းချဉ်ပေါင်သီးထောင်းနဲ့အသံကြားတာနဲ့
ပါးတွေသွားတွေကျိန်းကုန်တာ။ဒါပေမဲ့လေးငါးဆယ်နှစ်လောက်ချဉ်ပေါင်သီးဟင်းနဲ့ကင်းကွာသွားတော့လည်း
အချဉ်အရသာသည်ပင်လျှင်တမ်းတစွဲမက်စရာဟင်းတခွက်ပြန်ဖြစ်နေပြန်တယ်။

ချဉ်ပေါင်သီးဟင်း အညာချက်

ဘာပဲဖြစ်ဖြစ်ပါလေ အမေ့အိမ်နဲ့ဝေးနေချိန်အစ်ကိုညီတွေနဲ့ဝေးနေချိန်မှာငယ်ငယ်ကအမြဲတမ်းစားခဲ့ရတဲ့
ချဉ်ပေါင်သီးဟင်းလေးကိုတစ်ယောက်ထဲစားရင်းအတွေးနဲ့ငယ်ဘဝကိုပြန်ရောက်သွားခဲ့တယ်။


အမြင်မလှပေမဲ့ အရသာရှိတဲ့ ချဉ်ပေါင်သီးဟင်းတခွက်ပါ 


မိုးမျှော်ငရုတ်သီးစိမ်းကို ဒယ်အိုးပူတိုက်ပြီး ကြက်သွန်ဖြူ ငါးပိမီးဖုတ်နဲ့ ရောထောင်းထားတာ
ချဉ်ပေါင်သီးဟင်းချဉ်ချဉ်လေးနဲ့လိုက်ဖက်တဲ့ဟင်းစပ်ပါ။

နောက်တစ်နေ့ကျတော့ကျန်တဲ့ချဉ်ပေါင်သီးဟင်းထဲကို မုံလာဥနည်းနည်း ပဲသီးခရမ်းသီးထပ်ရောပြီး ချဉ်ရည်သောက်လေးပြောင်းချက်စားတယ်။တခါတည်းနဲ့အဝပါပဲ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၆-၁၂-၂၁၀၉

Sunday, November 3, 2019

အညာသား လက်ရာ ကင်မ်ချီ

အညာသား လက်ရာ ကင်မ်ချီ

ကင်မ်ချီအရသာကိုပထမဆုံးစားဖူးပြီးကတည်းကသိပ်ပြီးကြိုက်လှတဲ့ထဲမှာမပါလို့ကိုယ်တိုင်လုပ်ကြည့်ဖို့ထက်
ကြုံတဲ့အခါစားတာမျိုးလောက်ပဲရှိတယ်။တခါတလေယူကျူ့ကအစားအသောက်ပြုလုပ်တဲ့ဗွီဒီယိုတွေမှာ
ကင်မ်ချီလုပ်နည်းကိုဝင်ကြည့်ဖြစ်တယ်။ဒါပေမဲ့စမ်းပြီးလုပ်ကြည့်ဖို့တော့စိတ်ကူးမရှိခဲ့ဘူး။အမှန်အတိုင်းပြောရရင်ကိုယ့်ဆီကမုန့်ညှင်းချဉ်ကိုပဲလွယ်လွယ်လုပ်စားဖြစ်တာများတယ်။ဒီတစ်ခါတော့ကွန်ပျူတာဌာနမှာ
တက်နေတဲ့ညီမတွေကကင်မ်ချီလုပ်စားတာကိုသူတို့မိုင်ဒေးမှာတင်တာတွေ့လို့တစ်ဗူးလောက်ပေးပါလို့ စပြီး
ကွန်မန့်ဝင်ရေးရင်းကသူတို့ကတကယ်ထင်ပြီးဗူးလိုက်တော့မရှိတော့ဘူးဆရာစားချင်တယ်ဆိုနည်းနည်းခွဲပေးမယ်ဆိုပြီးကျောင်းအားချိန်ညနေပိုင်းဌာနထိလာပေးသွားတာကနေမြန်မာမိတ်ကင်မ်ချီကိုစားဖူးပြီးကိုယ်တိုင်
ဖန်တီးကြည့်ချင်စိတ်ဖြစ်တာနဲ့စမ်းလုပ်ကြည့်တာပါ။

ချိုချဉ်အရသာလေးနဲ့ ထမင်းမြိန်တဲ့ ကင်မ်ချီ 

တရုတ်မုန့်ညှင်းဖြူကိုမူရင်းကိုရီးယားလိုအပင်လိုက်ထက်ခြမ်းခွဲမဟုတ်ဘဲတစ်လက်မခန့်လှီးဖြတ်ဆားနဲ့နယ်
ထားပြီးမုန့်လာဥနီ၊မုန်လာဥဖြူ၊ကြက်သွန်မြိတ်၊တွေကိုသင့်တော်တဲ့အရွယ်အစားရအောင်ဖြတ်တောက်ပြင်ဆင်ထားပါတယ်။အနှစ်အတွက်ကိုတော့ပြောင်းဖူးမှုန့်အနည်းငယ်ကိုရေဖျော်၍ပျစ်လာအောင်ကျိုပြီး အအေးခံထားပါတယ်။ကြက်သွန်ဖြူ၊ချင်းအနည်းငယ်ညက်အောင်ထောင်း၊အရောင်အတွက်ငရုတ်သီးအနှစ်
မရှိလို့ မုန်လာဥနီအနည်းငယ်ကိုခြစ်ပြီးအနီရောင်ရအောင်ထည့်ပါတယ်။ပန်းသီးတစ်လုံးကိုလည်းခြစ်ပြီးထည့်ပါတယ်။ကျိုထားတဲ့ပြောင်းဖူးကော်အနှစ်ထဲကိုထောင်းထားတဲ့ကြက်သွန်ဖြူ၊ချင်း၊မုန့်လာဥနီခြစ်ထားတာရယ်
ပန်းသီးခြစ်ထားတာရယ်သကြားနဲ့ဆားထည့်ပြီးသမအောင်မွှေပါတယ်။အနှစ်အဆင်သင့်ဖြစ်တဲ့အခါဆားနယ်ထားတဲ့မုန့်ညှင်းဖြူကိုရေဆေး၊လှီးဖြတ်ထားတဲ့ကြက်သွန်မြိတ်၊မုန်လာဥဖြူနီနဲ့ကြက်သွန်ဖြူမြိတ်လိုမျိုးနာမည်သေချာမသိထိုင်းဆန်ခေါက်ဆွဲကြော်မှာသုံးတဲ့အရွက်တစ်စည်းပါဖြတ်ထည့်ပြီးသမအောင်မွှေပါတယ်၊
အစပ်အရသာအတွက်ငရုတ်သီးလှော်မှုန့်အနည်းငယ်ထည့်ပါတယ်။အားလုံးသမသွားတဲ့အခါအရသာအနေအထားမြည်းပြီးလေလုံတဲ့ဖန်ဗူးသို့မဟုတ်ပလပ်စတစ်ဗူးထဲကိုသိပ်ထည့်ပြီးအခန်းအပူချိန်မှာပဲနှစ်ည
ထားပါတယ်။တစ်ညထားပြီးချိန်မှာကိုပဲအနံ့ကမွှေးလာပါပြီ။ကြက်သွန်ဖြူမြိတ်ကအနံ့ပိုထွက်တယ်ထင်ပါတယ်၊ ကင်မ်ချီနံ့စစ်စစ်မဟုတ်ပေမဲ့တော်တော်လေးဆွဲဆောင်မှုရှိပါတယ်။နှစ်ညထားပြီးချိန်မှာစားလို့ရပါပြီ
ကျနော်ကတော့ဗူးကိုလေလုံအောင်ပိတ်ပြီးဌာနကရေခဲသေတ္တာထဲမှာထည့်ထားပါတယ်။အဲ့ဒီအချိန်ကစပြီး
ကိုယ်တိုင်လုပ်တဲ့ကင်မ်ချီကိုမနားတမ်းအားပေးတာနှစ်ပတ်လောက်စားလိုက်ရပါတယ်။ကင်မ်ချီပေးတဲ့
ညီမလေးတွေကိုလည်းကိုယ့်လက်ရာပြန်မြည်းခိုင်းတော့သူတို့လုပ်တာထက်ပိုစားကောင်းတယ်လို့ချီးကျူး
ကြတယ်။ဘာပဲဖြစ်ဖြစ်လေကိုယ်လက်ရာကိုကောင်းတယ်ပြောရင်ချက်ရသူတိုင်းကျေနပ်တာပါပဲ။


ကြက်သားကြိတ်သားနဲ့ကင်မ်ချီ ချဉ်စပ်ကြော်


နောက်ပိုင်းကျန်တာကိုတော့ ကြက်သားကြိတ်ထားတာရယ်အာလူးရယ်ရောပြီးချဉ်စပ်ကြော်စားတယ်။
ခေါက်ဆွဲသုပ်တဲ့အခါကင်မ်ချီကိုအချဉ်အဖြစ်တွဲစားတယ်။ကြက်ဥရယ်အာလူးရယ်ကင်မ်ချီရယ်ရောပြီး
တခါကြော်စားတယ်။အနံ့သင်းသင်းလေးနဲ့ချိုချဉ်အရသာကင်မ်ချီကတစ်မျိုးစားလို့ကောင်းပါတယ်။နောက်လည်းအချိန်ရရင်လုပ်ပြီးဌာနကရေခဲသေတ္တာထဲမှာသိမ်းထားအုံးမယ်။ငံပြာရည်ချက်တစ်ဗူးလောက်နဲ့ဆို
စားဖြစ်တယ်။Labမှာညစားစားဖြစ်တာများတော့နေ့လယ်ကတည်းကထမင်းဝယ်ထားလိုက်ရင်ဟင်းအတွက်
ပူစရာမလိုတော့ဘူး။


ကြက်ဥ အာလူး နဲ့ ကင်မ်ချီ ကြော်

ချိုချဉ် ဆိမ့်လေးနဲ့ ထမင်းမြိန်တဲ့ ကင်မ်ချီ ဟင်းတခွက်

စာတွေနဲ့စိတ်ဖိစီးတဲ့အခါကျနော့်အတွက်အပန်းဖြေစရာတစ်ခုကတော့အခုလိုမျိုးဟင်းခွက်လေးတွေဖန်တီး
ချက်ပြုတ်ရတာပါပဲ။စာဖတ်ခြင်းတရားနာခြင်းအိပ်စက်ခြင်းတွေကလည်းစိတ်ဖိစီးမှုပြေပျောက်စေသလိုဝါသနာပါရာအစားအသောက်တခုခုကိုကိုယ်တိုင်ချက်ပြုတ်ရခြင်းကလည်းအပမ်းပြေပါတယ်။

လာလည်ကြတဲ့အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၃၈၁ ခုနှစ် တန်ဆောင်မုန်းလဆန်း (၇) ရက်
၂၀၁၉ ခု နိုဝင်ဘာလ ၃ ရက်

Tuesday, October 29, 2019

My mini Garden


နေရတဲ့အဆောင်က နှစ်ယောက်ခန်း ကော်ရစ်ဒါက အဝတ်လှန်းဖို့လောက်ပဲ ထုတ်ပေးထားတာကို အပင်လေးတွေ စိုက်ထားတာ အခုတော်တော်လေးစိမ်းစိုနေပြီ။အပေါ်တန်းပေါ်ကတစ်ပင်ကစပျစ်ပင်ပါ။
သူငယ်ချင်းတစ်ယောက်ပြန်တော့အခန်းဖော်ကလိုချင်ဆိုတာနဲ့ယူထားပေးတာ။သူကရေကိုပုံမှန်မလောင်း
ပေးလို့ကိုယ်တိုင်ပဲပြုစုပေးနေတာ။အောင်မဲညိုပင်လည်းအစေ့လေးတွေယူပြီးထည့်ထားတာအခုအညွှန့်တွေ
ထွက်ပြီးတန်းပေါ်ကိုတက်နေပြီ။မနှစ်ကစိုက်ပျိုးရေးဈေးပွဲနောက်ဆုံးနေ့မှာသစ်ခွပင်သုံးပင်ဝယ်ပြီးစိုက်ထား
တာကတော့အဟာရကျွေးတာမမှန်လို့လား နေပူလို့ပဲလားမပြောတတ် အပင်သစ်လေးတွေထွက်ပေမဲ့
ပန်းကတော့ခုချိန်ထိတုတ်တုတ်မျှမလှုပ်သေးဘူး။ဇော်စိမ်းပင်ကလည်းဘုရားပန်းလဲတော့အမြစ်တွေထွက်နေ
တာနဲ့ရေသန့်ဗူးကိုထိပ်ပိုင်းဖြတ်ပြီးရေနဲ့ထည့်ထားတော့အမြစ်တွေထွက်ပြီးစိမ်းနေတာ။ရွှေလာငွေလာဂမုန်း
ပင်ရယ်ပိန်းပန်းပင်ရယ်ရှမ်းနံနံပင်ရယ်ငရုတ်ပင်ရယ်နဲ့ကျောင်းပြန်ရင်သူတို့နားရေလောင်းပေါင်းသင်၊
မနက်အိပ်ယာထဘုရားသောက်တော်ရေစွန့်တာလည်းသူတို့ပဲလောင်း။စိတ်ညစ်ရင်သူတို့ကြားဝင်ဟိုပြင် ဒီရွှေ့လုပ်တာနဲ့စိတ်ညစ်တာတွေပျောက်။ကျနော့်အတွက်တော့အဆောင်(၁၅)ထပ်မှာရှိတဲ့ကိုယ်ပိုင်ပန်းခြံလေးပါပဲ။ဌာနမှာလည်းအင်ဒိုးစိုက်တဲ့ပန်းအိုးလေးနှစ်ပင်စိုက်ထားသေးတယ်။ကျောင်းသားအားလုံးထဲမှာကိုယ့်နေရာ လေးကစိမ်းစိမ်းစိုစိုနဲ့မို့ဝင်သမျှကစိတ်ဝင်စားကြတယ်။ကိုယ့်အတွက်ကတော့စိမ်းစိမ်းစိုစိုမြင်ရရင်စိတ်ကြည်အောင်လို့ရယ်စိုက်ရပျိုးရတာလည်းဝါသနာပါလို့ရယ်ပါ။

လာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်တွေညီအစ်ကိုမောင်နှမများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူတင်ရှိပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Thursday, October 17, 2019

အညာသား လက်ရာ တို့ဟူးသုပ်

ဩဂုတ်လထဲတုန်းက ကျောင်းမှာကျင်းပတဲ့ အာဆီယံ ဈေးရောင်းပွဲတော်မှာ အညာသားတို့မြန်မာကျောင်းသားအဖွဲ့က တို့ဟူးသုပ်လုပ်ရောင်းကြတယ်ဗျ။မြန်မာအစားအစာဆိုတော့အားလုံးနီးပါးကသူတို့ဆီမှာလည်းခပ်ဆင်ဆင်တွေမို့သူ့ဟာကို ကိုယ့်အစားအစာသွားလုပ်လို့မရတော့ အညာသားအကြံပေးလိုက်တာ
သူတို့ဆီမှာတို့ဟူးသုပ်မတွေ့မိသေးဘူး ငါတို့ တို့ဟူးသုပ်လုပ်ရောင်းကြမယ်ဆိုပြီးတိုင်ပင်တော့တို့ဟူးကို 
သူကျိုတတ်လားငါကျိုတတ်လားနဲ့နောက်ဆုံးကိုယ်အကြံပေးတဲ့အလုပ်ကိုယ်ပဲခေါင်းခံပြီးတို့ဟူးကျိုသည်မှ
ရောင်းသည်အထိဦးဆောင်ပြီးလုပ်ပေးလိုက်ပါတယ်။

 ရောင်းကောင်းလွန်းလို့ ပုံကိုသေချာရိုက်ချိန်မရဘူး 
ဆိုင်ပေါ်မှာပြဖို့ တို့ဟူးသုပ်ပုံကိုပရင့်ထုတ် ပါဝင်ပစ္စည်းကို အင်္ဂလိပ်လိုရေး ထိုင်းလိုပါဂူဂယ်ကရှာပြီး Lab ထဲကကလေးတွေကိုသေချာအောင်စစ်ခိုင်းပြီးကဒ်ထူစက္ကူမှာကပ် ဆိုင်ရှေ့လာရပ်တာနဲ့ပုံပြ ပါဝင်တဲ့ပစ္စည်းကိုပါ ဖတ်ပြီးစိတ်ဝင်စားတဲ့သူကစဝယ်ရင်းဝယ်ရင်းအရသာတွေ့သွားတော့သုံးပွဲလေးပွဲနဲ့လက်မလည်အောင်ကို အားပေးလိုက်ကြတာ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီရှား သုံးနိုင်ငံ ရောင်းတဲ့အထဲ ကိုယ်တွေအဖွဲ့ကအစောဆုံးကုန်တာ ကျောင်းကလူကြီးတွေလာတော့ပြစရာတောင်မကျန်တဲ့အထိ။ တို့ဟူးလေးပိဿာလောက်ကို
ဝယ်သူမရှိရင်ကုန်ပါ့ကုန်မလားနဲ့ကျိုရင်းစိတ်ပူ သုပ်တော့လည်းစိတ်ပူ အရသာကိုတော့ကိုယ့်လက်ရာကိုယ်ယုံထားလို့စိတ်ချပေမဲ့ သူတို့မစားဖူးတဲ့အစားအစာမို့ ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ။နောက်ဆုံးတော့ထင်မှတ်မထားဘဲအစောဆုံးကုန်သွားလိုက်တာနိုင်ငံတကာကျောင်းသားခေါင်းဆောင်ကလည်းလူကြီးတွေလာသည်အထိဆိုင်နေရာမှာပစ္စည်းတွေထားပြီးလူတွေပဲထိုင်နေပါတဲ့။

 မန်ကျည်းမှည့်အနှစ်ကိုကျို ဆီချက် ငံပြာရည်ကောင်းကောင်းနဲ့မို့ စားလို့အင်မတန်ကောင်းပါတယ်

ဂေါ်ဖီထုပ်နဲ့ နံနံပင်ရောပြီးသုပ်ထားတာ ငရုတ်သီးမှုန့်ကို သီးသန့်ချထားပေးလိုက်တယ် အစပ်ကြိုက်ရင် ငရုတ်သီးထည့်စားနော်ဆိုတော့ ကြိုက်တယ်ဆိုပြီးထည့်စားကြတာ

ဖိလစ်ပိုင်မှာတုန်းကလည်း အာဆီယံဈေးရောင်းပွဲ မြန်မာတွေစုပြီး အညာသားကိုယ်တိုင် ကြာဇံဟင်းခါးချက် ရောင်းတာ ရောင်းလို့ကောင်းတာဆိုတာ တချို့ကနှစ်ခါထပ်လာဝယ်စားကြတယ်။အဲ့ဒီအတွေ့အကြုံရှိထားတော့ ရောင်းကောင်းမှာပဲလို့တွေးပြီး တို့ဟူးသုပ်ရောင်းဖို့အကြံပေးတာ။ အရင်နှစ်တွေကရောင်းတာတခါမှ ရောင်းလို့မကုန်ဘူးတဲ့ ကိုယ့်လက်ရာကို ဝိုင်းပြီးချီးကျူးကြတော့ စားဖိုမှုးတို့မျက်နှာ ပင်ပမ်းသမျှအမောကို ပြေလို့ပေါ့။အမေ့ကိုပြန်ပြောပြတော့အမေကလည်းဝမ်းတွေသာလို့။အမေ့တူလို့နေမယ်လို့ဈေးရောင်းရင် ရောင်းလို့ကောင်းတာ ဆိုတော့သဘောကျနေတယ်။

 တို့ဟူဆိုတာ မြင်ဖူးအောင် မသုပ်ခင် ခုလို ပြထားလိုက်တယ်

တစ်ပွဲကို ဘတ် ၂၀ နဲ့ ရောင်းတာ

ပဲမှုန့်ကတော့ မြန်မာဆိုင်က မွှေး တံဆိပ် ကုလားပဲအစိမ်းမှုန့်ထုပ်ကိုသုံးပါတယ်။ပဲမှုန့်တစ်ဆရေနှစ်ဆနဲ့ဆို ကွက်တိပါပဲ။ကျိုလို့ကောင်းပြီးကုလားပဲမှုန့်စစ်လို့စားရတာ အရသာလည်းရှိပါတယ်။နောင်တစ်ချိန် ဒါလေးတွေက အမှတ်တရကျန်နေမှာမို့ ဒီနေရာလေးမှာ လာပြီးမှတ်တမ်းတင်ထားတာပါ။ လာလည်ရင်းနဲ့ အညာသားလက်ရာတို့ဟူးသုပ်လေး အားပေးသွားကြအုံးဗျာ။လာလည်ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၇ အောက်တိုဘာ ၂၀၁၉

Wednesday, October 16, 2019

ဖောင့် အပြောင်းအလဲနဲ့ ဘလော့ခ်

မြန်မာဖောင့် အပြောင်းအလဲလုပ်ပြီးနောက် ဘလော့ခ်ထဲရောက်လာတာ စိတ်တွေညစ်ပြီး ဘာမှလုပ်ချင်စိတ်
မရှိတော့သလိုခံစားလိုက်ရတယ်။မုန်တိုင်းအဝှေ့ခံထားရသလို ပြောင်းပြန်တွေဖြစ်နေတဲ့စာလုံးတွေကိုကြည့်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။ဇော်ဂျီနဲ့ရေးလာသမျှပို့စ်လေးတွေအားလုံးကပြောင်းကပြန်တွေဖြစ်ကုန်တာဆိုတော့ပြန်ရေးဖို့ကလည်းခံစားချက်အသစ်ထပ်မဖြစ်နိုင်တော့ဘူး။မူရင်းအတိုင်းဖောင့်တွေမှန်အောင်ပြန်ပြောင်းဖို့ဆိုတာလည်းအချိန်တော်တော်လေးပေးရမယ်ဆိုတော့ အပြောင်းအလဲကိုပဲလိုက်ပြီးနေသားကျအောင်ကြိုးစားရင်းဘလော့ခ်ကိုနောက်တစ်ခေါက်ထပ်လာပြီးတတ်နိုင်သလောက်ပြင်ဆင်လိုက်တယ်။အခုတော့ ယူနီကုဒ်လက်ကွက်လည်းအဆင်ပြေပြေရိုက်တတ်သွားပြီမို့စာရေးဖို့အားတက်လာပါပြီ။
ဒီလိုပဲနေသားကျနေတဲ့အရာတခုကနေအခြားတခုကိုပြောင်းတဲ့အခါအနည်းနဲ့အများတော့အခက်အခဲရှိတာပါပဲ။အသစ်နဲ့နေသားကျသွားရင်အဆင်ပြေသွားမှာပါ။

ယူနီကုဒ်နဲ့ဆိုတော့ တင်ပြီးတဲ့ပို့စ်အဟောင်းလေးတွေကိုတော့ တတ်နိုင်သလောက် ပြန်မကြည့်မိအောင်နေဖို့ပဲကြိုးစားရတော့မယ်။

အွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
ရွှေညာသားလည်းကျောင်းတဖက်နဲ့ဆိုတော့မနားရအောင်ပါပဲ။အအိပ်အစားမမှန်လို့မနည်းဂရုစိုက်နေရတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
သီတင်းကျွတ်လပြည့်ကျော် (၂) ရက်
၁၅ အောက်တိုဘာ ၂၀၁၉

Saturday, September 21, 2019

စာဖတ်ခြင်းအနုပညာ

 အလုပ်မအားတဲ့ကြားကပဲ အညာသား ခု တ လော စာ အုပ် လေး တွေ ဖတ် ဖြစ် နေ တယ်။
ဆရာ ကောင်းသာ ဘာသာပြန်ထားတဲ့ နာမည်ကြီး စာရေးဆရာမ Fiona Harrold ရေးတဲ့ "Indestructible Self-belief" ချိုးဖျက်မရတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆိုတဲ့
စာအုပ်ကို ခဏ ခဏ ဖတ်ဖြစ်နေတယ်။
Lab ထဲမှာ အားတဲ့အချိန် ဖုန်းနဲ့ဖတ်တယ်။ များများဖတ်လေ ပိုပြီးဖတ်ချင်လေ စိတ်အားတက်လေပါပဲ။
ကြိုးစားရုန်းကန်နေရတဲ့ သူတွေအဖို့ စိတ်ဓာတ် ခွန်အားပေးတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။
မြန်မာပြည်ကို လူကြုံနဲ့မှာတာ တခြားစာအုပ်တွေရှိပေမဲ့ အဲ့ဒီစာအုပ်က ဆိုင်တွေမှာမရှိဘူးလို့ ပြောပါတယ်။
ဒါကြောင့် လိုင်းပေါ်မှာ ရှာပြီး ဖုန်းနဲ့ဖတ်နေရတယ်။ ဒါပေမဲ့ စာအုပ်ကို လက်ထဲ ကိုင်ပြီးဖတ်ရတဲ့အရသာကိုပိုပြီးကြိုက်တယ်။ မြန်မာပြည်ပြန်ရောက်ရင်တော့ ဝယ်စရာ စာအုပ်တွေအများကြီးပဲ။
ဖုန်းနဲ့ဖတ်ပြီးသမျှ စာအုပ်တွေကို မြန်မာပြည်ပြန်ရောက်ရင် စာအုပ်အဖြစ်နဲ့ အေးအေးဆေးဆေးပြန်ဖတ်အုံးမယ်။
နောက်တစ်အုပ်ကလည်း ဆရာကောင်းသာ ဘာသာပြန်ထားတာပါပဲ။
Dr. Norman Vincent Peale ရေးတဲ့ "The Power of Positive Living" ကို ဆရာ က တော့
အ ကောင်း မြင်စိတ်၏ စွမ်းအား လို့ နာမည်ပေးထားတယ်။ သူကလည်း စိတ်ဓာတ် ခွန်အားပေးတဲ့ စာအုပ်ပါပဲ။ကိုယ့်လက်ရှိအ ခြေအ နေက အဲ့ဒီလိုစာအုပ်မျိုးနဲ့ပိုပြီးအသင့်တော်ဆုံးမို့ အဲ့ဒီစာအုပ်ကို ဝယ်ခဲ့ပေးဖို့မှာလိုက်တာ။ ရွေးချယ်တာမှန် သွားတယ်။ စပြီးဖတ်ကတည်းက ပြီးမှာကြောက်လို့
ဖြေးဖြေးချင်းဖတ်တဲ့ကြားကပဲ လက်ကမချချင်အောင် ဆွဲဆောင်မှုရှိတယ်။အခု ဒုတိယအကြိမ်ပြန်ဖတ်
နေတယ်။ ကြိုက်တဲ့စာသားလေးတွေကို မှတ်စုစာအုပ်ထဲမှာရေးမှတ်ထားတယ်။ မှတ်စုစာအုပ်ကို ဖွင့်တိုင်း ဖတ်ဖြစ်အောင်လို့။
လူကြုံနဲ့အထက်မှာ ပြောတဲ့ စာအုပ်မှာတာ မ တွေ့လို့ သူက ဆိုင်မှာရှိတဲ့ ဆရာ ကောင်းသာရဲ့
စာအုပ်တွေကို ဓာတ်ပုံရိုက်ပြရာက ဒီစာအုပ်နာမည်လေး စိတ်ဝင်စားလို့ ဝယ်ခဲ့ပေးဖို့မှာလိုက်တာ။
စာအုပ်ကို လက်ထဲမှာ ကိုင်ပြီးဖတ်ရတာက ပိုပြီးအရသာရှိတယ်။ အဲ့ဒါနဲ့ မူရင်းစာရေးသူရဲ့ စာအုပ်တွေကို
အင်တာနက်မှာလိုက်ရှာတော့ အင်္ဂလိပ်ဗားရှင်းနဲ့ ဆရာရဲ့အရင်စာအုပ် "The power of positive thinking" အပြင် တခြားစာအုပ်တွေပါတွေ့ရတယ်။ အင်္ဂလိပ်လိုက ဘာသာရပ်ဆိုင်ရာစာတွေပဲဖတ်တာများလို့
ဒီလိုစာအုပ်မျိုးကျ တော့ အချိန်ပေးပြီးဖတ်ရတယ်။ မသိတဲ့ ဝေါဟာရ တွေကို ဘာသာပြန်ရ သေးတာမို့
အချိန် ပေးရတယ်။ လက်ရှိကိုယ့်အဖြစ်က အိပ်ချိန်ကိုတောင် မနည်းလုပြီးအိပ်နေရလို့ အင်္ဂလိပ်လိုရေးတဲ့
စာအုပ်တွေကိုလည်းမြန်မာပြည်ပြန်ရောက်မှပဲအေးဆေးဖတ်မယ်။
နောက်တစ်အုပ် က တော့ ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ ရေးတဲ့ "Realization of the Dhamma" ဆိုတဲ့စာအုပ်ပါ။ ဘာသာရေးဆိုင်ရာစာအုပ်တစ်အုပ်ဖြစ်သလို ဘာသာရေးအ ခြေခံတွေကို မြန်မာလိုသိပြီး ပေမဲ့ အင်္ဂလိပ်လိုဖတ်ရတဲ့အခါ အရသာတစ်မျိုးရှိတာရယ် ဝေါဟာရအသုံးအနှုန်းအသစ်တွေသိရတာရယ် ကြောင့် နည်းနည်းချင်း ဖတ်ဖြစ်တယ်။

ဖုန်း ပွတ်ခြင်းနဲ့ အချိန်ကုန်တာချင်းအတူတူ စာဖတ်တာကပိုပြီး အကျိုးရှိတယ်ထင်လို့ ဖေ့စ် ဘွတ်ကို အဆက်ဖြတ်ထားတာ ရလာတဲ့အကျိုးက တော့ စာအုပ် တွေ ပိုပြီးဖတ် ဖြစ်တာပါပဲ။

အချိန်ရရင် ဒီစာအုပ်လေးတွေ ဖတ်ကြည့်ဖို့ တိုက် တွန်းပါတယ်ဗျာ။ အများစု ဖုန်းပွတ်ခြင်းအနုပညာနဲ့
သာယာနေချိန် အညာသားက တော့ စာရွက်လှန်ခြင်းအနုပညာ နဲ့ ပျော်မွေ့ နေတယ်။

လာရောက်လည်ပတ်ကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။

အစဉ်လေးစားလျက်
အညာသား
၁၃၈၁ ခုနှစ် တော်သလင်းလပြည့်ကျော် (၈) ရက်
၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

Saturday, August 24, 2019

PSU's Agro Fair 2019


Dear all visitors, these photos were taken during the PSU's agro fair 2019. As I am a plants and flower lover, I took so many photos. I hope that you will get fresh feeling after seeing these beautiful flowers. 


























ပန်းတွေကြည့်ပြီး အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အစဉ်လေးစားလျက်
ရွှေညာသား
၂၄-၈-၂၀၁၉

Thursday, June 13, 2019

အညာဂွေးသီးငါးပိချက်

တလောတုန်းက အညာသားမြန်မာစျေးဘက်ကိုရောက်တော့ အညာဂွေးသီးအနုလေးတွေတွေ့လို့၁၅ဘတ်ဖိုးဝယ်လာခဲ့တယ်။
သူတို့တွေဘယ်လိုစားလဲသေချာမသိပေမဲ့သတိထားမိသလောက်တချို့ဆိုင်တွေကသင်္ဘောသီးထောင်းထဲမှာ
အညာဂွေးသီးအမှည့်တွေထည့်ပေးတာမြင်ဖူးတယ်။အစိမ်းကိုတော့တော်တော်များများဟင်းတွေမှာမတွေ့မိပါဘူး။
အရွက်နုကိုတော့ထမင်းဆိုင်တွေမှာတို့စရာအဖြစ်နဲ့မကြာခဏစားရတယ်။ ကိုယ်တွေဆီမှာတော့အရွက်ကိုသိပ်မစားကြဘူး။
အသီးနုနုကိုပြုတ်ပြီးဒါမှမဟုတ် အစိမ်းလိုက် ငါးပိနဲ့ထောင်းစား၊အမှည့်ဆိုလည်းငါးပိမီးဖုတ်နဲ့
ငရုတ်သီးရောပြီးထောင်းစား၊နှမ်းလှော်ထောင်းနဲ့ဟင်းချက်တာစားဖူးတယ်။ဒီအသီးကမှည့်သွားရင်အသားသိပ်မရှိဘူး အစေ့ကတော်တော်ကြီးတယ်။ မြို့မှာအချဉ်ပေါင်းရောင်းတဲ့ဂွေးသီးကိုတော့ အညာမှာသင်္ဘောဂွေးသီးလို့ခေါ်ကြတယ်။သူကအသားပေါတယ်၊အရသာကချိုချဉ်လေး
အညာဂွေးသီးအရသာကဖန်ဖန်တွတွနဲ့မို့အငံနဲ့တွဲစားမှအဆင်ပြေတယ်။

 အညာသားလက်ရာ အညာဂွေးသီးငါးပိချက်

ဂွေးသီးဝယ်လာပြီးတော့ဘာလုပ်စားရမှန်းမသိဘူး။သူနဲ့တွဲဖို့ငါးပိကလည်းမီးဖုတ်စရာမရှိတော့နောက်ဆုံးအသီးလေးတွေကို
ဓားနဲ့ပါးပါးလှီးပြီးခရမ်းချဉ်သီးတစ်လုံး၊ကြက်သွန်နီတစ်လုံးကိုဆားငံပြာရည်နနွင်စုံအောင်ထည့်ပြီးအနှစ်ရအောင်ချက်တယ်။
အဲ့ဒီအထဲကိုပါးပါးလှီးထားတဲ့ဂွေးသီးထည့်ပုစွန်ခြောက်နည်းနည်းရှိတာရေဆေးထည့်၊နောက်မြန်မာပြည်ပြန်တဲ့
ညီတစ်ယောက်ပေးထားတဲ့ပဲပုပ်ပြားကိုကပ်ကြေးနဲ့ညှပ်ထည့်ပြီးဒယ်အိုးကိုအဖုံးအုပ်မီးအေးအေးနဲ့ချက်၊အားလုံးကျက်တော့
ငရုတ်သီးစိမ်းတောင့်ကိုထက်ပိုင်းချိုးထည့်ရှမ်းနံနံအုပ်ပြီးအရည်မခန်းခင်လေးမှာမီးဖိုပေါ်ကချ။
ထမင်းတစ်ပန်းကန်နဲ့ကြက်သွန်နီတစ်လုံးအခွံခွာရေဆေးလေးစိတ်စိပ်ရေနွေးနဲ့ဂွေးသီးဟင်း နဲ့လွေးလိုက်တာစားလို့ကောင်းချက်တစ်ယောက်ထဲဆွေမျိုးကိုမေ့ရော။


အညာဂွေးသီး https://steemit.com/myanmar/@mamamyanmar/today-my-curry-ce268bfe0709b မှ ယူထားပါတယ်
သင်္ဘောဂွေးသီး http://www.lwinpyin.com/2017/04/ghway-thi-for-health.html
နောက်နေ့မှာရန်ကုန်သားနဲ့မတ္တရာဇာတိရန်ကုန်နေတဲ့စိုက်ပျိုးရေးကအစ်ကိုတစ်ယောက်ကိုကိုယ်တိုင်လက်စွမ်းပြထားတဲ့ ဂွေးသီးဟင်းကျွေးလိုက်တာစားကောင်းလို့ ထမင်းနဲ့စားပြီးကျန်တဲ့ဟင်းပါစကားပြောရင်း ရေနွေးနဲ့မြည်းတာပန်းကန်ပဲကျန်တယ်။စားဖိုမှူးတစ်ယောက်ရဲ့ပီတိ
ကိုယ်ချက်တာကိုကောင်းတယ်ဆိုတော့မှိုရတဲ့မျက်နှာနဲ့ပေါ့။ တကယ်လည်းစားကောင်းပါတယ်။သူတို့လည်းကိုယ့်လက်ရာတော်တော်များများ
စားဖူးတော့ကိုမျိုးလက်ရာဆိုစိတ်ချပြီးသားလို့ပြောကြတယ်။ရန်ကုန်သားကတော့ဟင်းချက်စားလို့ရတဲ့ အသီးအနှံတွေ့ရင်ခူးလာပေးတယ်။ကိုယ်ကလည်းချက်ရပြုတ်ရမယ်ဆိုနှစ်ခါမပြောရတော့အဆင်ပြေနေတာ။ ကျောင်းပိတ်တော့ထမင်းဆိုင်တွေကပိတ်ကိုယ့်အခန်းမှာပဲ ဖြစ်သလို
ချက်ပြုတ်စားကြရတော့ သူတို့ဟင်းစားရှာလာရင်ကိုယ်ကချက်ပေးပြီး စားကြတိုင်းရေးပြည်ရေးဆွေးနွေးကြနဲ့ပင်ပမ်းသမျှထမင်းစားရင်းအပန်းဖြေကြရတာ။ သူများတွေကျောင်းပိတ်ပေမဲ့ကိုယ်တွေအတွက်တော့နေ့တိုင်းဟာကျောင်းဖွင့်ရက်ပါပဲ။ အခုတော့အဲ့ဒီတုန်းကချက်ဖြစ်တဲ့
ဟင်းလေးတွေရော နောက်ပိုင်းချက်ဖြစ်တာလေးတွေရော စုပြီးတင်ပေးလိုက်ပါတယ်။ ဟင်းခွက်တွေအများကြီး တခါတည်းချက်စားတယ်လို့ မထင်ပါနဲ့ဗျ။ တစ်မျိုးမှ တပတ်လည်းဟုတ် တလလည်းဟုတ် ဆိုသလို မအားတဲ့ကြားက အငတ်မနေနိုင်လို့ ရတဲ့အချိန်ထဲကအပြေးအလွှားချက်စားဖြစ်တဲ့ဟင်းလေးတွေအမှတ်တရ သိမ်းထားတာပါ။ 

ဒါကမျှစ်ဆတ်ဟင်းအရည်သောက် 
ညနေပိုင်းကျတော့ ကြက်သားနဲ့ရောထားတာ
 ယုဇန ရှုးရှဲလဘက်ထုပ်ကို ခရမ်းချဉ်သီးဂေါ်ဖီကြက်သွန်နီတို့နဲ့ရောပြီးသုပ်ထားတာ
အဲ့ဒီနေ့ကလည်း ရေနွေးဝိုင်း ညဉ့်တော်တော်နက်သွားတယ်။
ဘရိုကိုလီ ကြော်

ကြာဇံကြော်
ကြက်သွန်နီသံပုရာရည်ဆမ်း နံနံပင်ငရုတ်သီးစိမ်း အချဉ်သုပ် ကြာဇံကြော်နဲ့တွဲဖက်

မျှစ်ဆတ်နဲ့ဖရုံရွက်ဟင်းချို အမေ့အိမ်ကိုသတိရလို့ ပါ
ပိန္နဲစေ့ပြုတ်ထားတာကိုအခွံနွှာပြီး ညက်အောင်ထောင်း ကြက်သွန်နီနဲ့ပြန်ကြော်ထားတာ ချိုဆိမ့်ဆိမ့်လေးနဲ့ အရမ်းအရသာရှိပါတယ်။
အိမ်မှာတုန်းက ပုပ္ပားနားကရွာတွေမှာပိန္နဲသီးပေါ်ချိန်ဆို အမေနဲ့သွားပြီး ပိန္နဲစေ့ကို ပြည်တောင်းနဲ့လိုက်ဝယ်အိမ်ရောက်တော့ မကောင်းတာတွေ ဖယ်ရှား ရေစင်အောင်ဆေးပြီးပြုတ် လက်ပံပျား တောင်ဦး စတဲ့ ၅ ရက် တပတ်ခင်းတဲ့စျေးမှာ နို့ဆီဗူးခွံနဲ့တစ်ဗူးဘယ်လောက်ဆိုပြီး ပြန်ရောင်းရတာ။ အဲ့ဒီကတည်းက ပိန္နဲစေ့ကိုပြုတ်ပြီးရင် ရောင်းပန်းမလှတဲ့အပဲအရွဲ့လေးတွေကို အခွံခွာ ငရုတ်ဆုံမှာစုထောင်းပြီး ကြက်သွန်နီများများကို ဒယ်အိုးမှာဆီပါတယ်ဆိုရုံနဲနွမ်းအောင်လှိမ့်ပြီးတော့ညက်အောင်ထောင်းထားတဲ့ပိန္နဲစေ့ကိုထည့် ဆားသင့်ရုံထည့်ပြီး ကြက်သွန်နဲ့နှံ့အောင်မွှေ ဆီနည်းနည်းပါတာဆိုတော့ ကြက်သွန်နဲ့ပိန္နဲစေ့ရောသွာရင်ဆီကမြင်ကိုမမြင်ရတော့ဘူး ဆီစိုစိုလေးနဲ့ကြော်ရင် ပိုပြီးစားလို့ကောင်းတယ်။ အဲ့ဒီဟင်းကြော်တဲ့နေ့က စိတ်ထဲမှာ ဝမ်းနည်းသလိုလိုကြီးခံစားရတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကဖြတ်သန်းခဲ့ရတဲ့ဘဝကိုလည်းပြန်သတိရတယ်။အဲ့ဒီအချိန်တုန်းက ကျနော်တို့ညီအစ်ကိုတွေကို အမေပြောတဲ့စကားလေးကိုလည်း ပြန်ကြားမိတယ်။ ပိန္နဲစေ့ကြော်စားကောင်းချက် အမေကတော့ ကြက်ဥကြော်နဲ့တောင်မလဲနိုင်ဘူးတဲ့ အမေပြောသလိုပါပဲ တကယ်လည်း အရသာရှိတယ်။
ဘေးအခန်းကအစ်ကိုကတော့ အရင်ကတခါမှမစားဖူးဘူး အခုစားဖူးတော့ စားလို့ကောင်းလို့ ခဏခဏပြောနေသေးတယ်။ အဲ့ဒီဟင်းအကြောင်း အမေနဲ့ဖုန်းပြောရင်းသတိရလို့ ပြန်ပြောဖြစ်သေးတယ်။ ငယ်ငယ်တုန်းကအကြောင်းတွေလည်း သတိရတယ်အမေရယ်ဆိုတော့ဟုတ်ပါ့ အမေတောင် ပိန္နဲစေ့ကြော်မစားရတာကြာပြီတဲ့။

ဒါကတော့ တခါတရံ ကျောင်းကိုထည့်သွားတဲ့ ထမင်းဗူးပါ။ အဲ့ဒီနေ့က ကြက်ဟင်းခါးသီးကြော်နဲ့ ည ၁၂ နာရီလောက်မှ
ဌာနမှာတစ်ယောက်ထဲစားခဲ့ရတဲ့နေ့လယ်စာနဲ့ညစာ ပေါင်းစားရတယ်
ဒါကတော့ နေ့စဉ်စားနေကျ ကျောင်းကန်တင်းထမင်းဆိုင်က ထမင်းပွဲပါ။ အဲ့လိုဟင်းကိုပုံပေးတာ ဟင်းနှစ်မျိုးနဲ့ ၂၅ ဘတ်
အသားဟင်းတစ်မျိုးအသီးအရွက်တစ်မျိုး ငါးပိထောင်းတို့စရာပါတယ်။ အသားဟင်းတွေမစားချင်တော့လို့
မျှစ်နဲ့ခရမ်းသီးဝက်သားအုန်းနို့ရောချက်ထားတဲ့ဟင်းထဲကခရမ်းသီးနဲ့မျှစ်ကိုပဲထည့်ပေးခိုင်းတာ၊ အရည်ကိုတော့ စပ်လွန်းတဲ့ ငါးပိရည်ကျိုထဲကနည်းနည်းဆမ်းပေးတယ်။တို့စရာကတော့ စားသမျှအစိမ်းတွေချည်းပဲ။ ပဲစောင်းလျားသီးအစိမ်းတို့စားရတာကို သဘောကျနေပြီ ခရမ်းသီးလည်းအစိမ်းလိုက်တို့၊ ဒညင်းသီးလည်းအစိမ်းလိုက်တို့၊ ကြာနီရိုးလည်းအစိမ်းလိုက်တို့ တမာရွက်လည်းအစိမ်းလိုက်တို့ စားသမျှ အသီးအနှံတော်တော်များများအစိမ်းတိုင်းတို့စားတာများတယ်။

၇ ရက်သားသမီးအားလုံးနဲ့ လာလည်ကြတဲ့မိတ်ဆွေများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ကျနော်ရွှေညာသားကဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
၁၂-၆-၂၀၁၉