Pages

Monday, February 12, 2018

အညာအလွမ်းပြေ တမာရွက်ပြုတ် နဲ့ ခရမ်းချဉ်သီးငါးပိချက်


ရေနွေးမဖျောခင် ဈေးမှဝယ်လာတဲ့အတိုင်း

အခုတလောကျောင်းထဲကဈေးမှာရောအပြင်ကဈေးတွေမှာပါတမာရွက်တွေရောင်းတာတွေ့ရတယ်။
တမာရွက်ဆိုပေမဲ့တမာဖူးတွေကများများရယ်။နောက်ပြီးသူတို့ထိုင်းတွေကတမာဖူးတွေကိုအစိမ်းလိုက်တို့စား
ကြတာ။အညာသားအခါးကြိုက်ပေမဲ့အစိမ်းတော့မစားနိုင်ပါဘူး။အနည်းဆုံးအရွက်တွေနွမ်းသွားအောင်မီးကင်
ပြီးမှစားတာပါ။ထိုင်းရောက်ခါမှတော်တော်များများအသီးအရွက်တွေအစိမ်းလိုက်တို့စားတာမြင်ရတော့ထူးဆန်း
နေတယ်။ဒညင်းသီးလည်းအစိမ်းတို့စားကြတယ်၊ကြက်ဟင်းခါးရွက်၊ပဲစောင်းလျားသီး၊ကြာရိုး၊ထိကရုံးရွက်စတဲ့
ကိုယ်သိပြီးသားအရွက်တွေတော်တော်များများပါသလိုအမည်မသိတဲ့အရွက်တွေလည်းထမင်းဆိုင်တွေမှာအစိမ်း
လိုက်ငါးပိရည်ဖျော်နဲ့တို့စားကြတယ်။

တမာရွက်ပြုတ်၊ခရမ်းသီး၊ပန်းမုံလာ၊ပဲသီး၊ပဲစောင်းလျားသီး၊ရုံးပတီသီးပြုတ်တို့စရာ
တမာရွက်လည်းဈေးကဝယ်တော့အစိမ်းတွေပါပဲအဆောင်ရောက်မှရေနွေးဖျောလိုက်တာ။ကျန်တာကတွေက
ဟင်းဆိုင်ကနေတို့စရာချည်းသပ်သပ်ဝယ်လာတာ။ငါးပိရည်နဲ့တွဲရောင်းပေမဲ့သူတို့ငါးပိရည်ကိုသိပ်မကြိုက်တာ
ရောကိုယ်တိုင်လည်းခရမ်းချဉ်သီးငါးပိချက်ချက်ဖို့စိတ်ကူးပြီးသားရောမို့တို့စရာပဲဝယ်ခဲ့တယ်။ခရမ်းချဉ်သီးကို
တမာရွက်ပြုတ်နဲ့တို့စားဖို့အတွက်ငါးပိငံပြာရည်နည်းနည်းပိုထည့်ပြီးချက်လိုက်တယ်။ငရုတ်သီးတောင့်ချိုးထည့်
နံနံပင်ပါအုပ်လိုက်တော့တမာရွက်နဲ့လိုက်ဖက်တဲ့ခရမ်းချဉ်သီးငါးပိချက်တခွက်အဆင်သင့်ရတယ်။အဆောင်
အောက်ကိုထမင်းဆင်းဝယ်ပြီးစားလိုက်တာဆိုတာဘယ်ပြောကောင်းမလဲထမင်းကုန်လို့သာရပ်ထားရတယ်
ဗိုက်ကထပ်စားမယ်ဆိုစားလို့ရတုန်း။တမာရွက်တစည်းနဲ့ငါးပိချက်တခွက်ကသုံးရက်လောက်စားလိုက်ရတယ်
တမာရွက်လည်းအဝပါပဲ။အမေ့ကိုလည်းတမာရွက်စားရတဲ့အကြောင်းကြွားလိုက်သေးတယ်။အမေကသူတို့ဆီ
မှာလည်းတမာရွက်စားတာပဲလားတဲ့။အမေရေစားတာမှအစိမ်းလိုက်ကိုစားတာဆိုတော့အံသြနေလေရဲ့။

အညာသားလက်ရာ ခရမ်းချဉ်သီးငါးပိချက် 

အညာမှာဆိုရင်တော့ကိုယ်တိုင်တမာပင်ပေါ်တက်ပြီးအဖူးပါတာလေးတွေကိုစိတ်ကြိုက်ခူးပြီးမှမန်ကျည်းသီး
နဲ့ပြုတ်ပြီးတညလောက်ရေစိမ်ကျမှစားတာ။အခုတော့ချက်ချင်းရေနွေးဖျောပြီးချက်ချင်းစားတာမစားရတာကြာ
လို့ထင်ပါရဲ့စားလို့ကောင်းလိုက်တာဗျာ။တမာဖူးတွေပေါတုန်းနောက်တခါလောက်တော့ဝယ်စားအုံးမယ်။


တမာရွက်ပြုတ်ကိုခရမ်းချဉ်သီးငါးပိချက်နဲ့တို့ပြီးစား
စံပယ်ပန်းလဘက်ခြောက်ခပ်ထားတဲ့ရေနွေးအိုးတစ်လုံးနဲ့တစ်ယောက်ထဲစားနေရတော့
အဖေအမေနဲ့ညီအစ်ကိုတွေကိုသတိရမိတယ်။ ဒါပေမဲ့ ထမင်းလက်ဆုံမစားဖြစ်တာ နှစ်တွေတော်တော်ကြာခဲ့ပါပြီ။ အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ အတောင့်တဆုံးပေမဲ့ တယောက်တနယ်စီမှာ
နေကြရတော့ ငယ်ငယ်တုန်းကလို မိသားစုစုံစုံညီညီနဲ့ လက်ရေတပြင်တည်းစားရတဲ့
ထမင်းဝိုင်းကို စိတ်ကူးနဲ့ပဲပြန်မြင်ယောင်မိပါတယ်။

လာရောက်လည်ပတ်ကြတဲ့အွန်လိုင်းမိတ်တွေညီအစ်ကိုမောင်နှမအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။လာလည်တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။

ဖေ့စ်ဘွတ်မသုံးဖြစ်တော့စာဖတ်ချိန်နဲ့ဘာသာစကားလေ့လာဖို့အချိန်တွေသိသိသာသာတိုးလာတယ်။
ဖေ့စ်ဘွတ်ကိုသံယောဇဉ်ဖြတ်လိုက်တာကျနော့်အတွက်တော့တော်တော်လေးအချိန်ပိုလာတယ်။
ကျောင်းစာအပြင်တခြားသုတရသစာတွေဘာသာရေးစာတွေတော်တော်များများဖတ်ဖြစ်တယ်။
နောက်ပို့စ်တွေမှပဲဖတ်လို့ကောင်းတဲ့စာအုပ်လေးတွေအကြောင်းပြန်ပြီးမျှဝေပါအုံးမယ်ဗျာ။

အစဉ်လေးစားမှုဖြင့်
ရွှေညာသား

Friday, February 9, 2018

ထီလာပုဂံ သို့မဟုတ် မုန်တိုင်ရှေးဟောင်းယဉ်ကျေးမှု့နယ်မြေ


 အပြင်ဘက်မှမြင်ရတဲ့မြင်ကွင်းပါ
ဒီတခါတော့ထီလာပုဂံလို့ပြောကြတဲ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းဘေးကမုန်တိုင်စံပြကျေးရွာမှာ
ရှိတဲ့ရှေးဟောင်းစေတီပုထိုးတွေရဲ့ဓာတ်ပုံလေးတွေမျှဝေပေးလိုက်ပါတယ်။သမိုင်းကိုတော့အတိအကျမဖတ်
ဖူးသေးပါဘူး။ကျောင်းတက်နေစဉ်ကတည်းကဆိုဒီဘုရားတွေဘေးကနေကားနဲ့ဖြတ်သွားတာဘယ်နှစ်ကြိမ်
ရှိမှန်းမသိပါဘူး။ဒါပေမဲ့အထဲကိုမရောက်ဖြစ်ခဲ့ပါဘူး။ဆရာဖြစ်ပြီးတော်တော်ကြာမှဒီနေရာကိုသွားလည်ဖြစ်ပါ တယ်။ နီးပြီးတော့မရောက်ဖြစ်တဲ့နေရာလေးတခုပါ။ကားပေါ်ကနေတော့အမြဲတမ်းမြင်နေကြမို့အမှုမဲ့ အမှတ်မဲ့ပါပဲ။တကယ်တမ်းအထဲကိုသွားတော့မှဘုရားတွေရဲ့တည်ထားပုံတွေရှေးဟောင်းလက်ရာ
တွေကိုအနီးကပ်မြင်ရတော့အံ့သြမိပါတယ်။ထုံစံအတိုင်းရှေးဟောင်းယဉ်ကျေးမှုကိုတန်းဖိုးရကောင်းမှန်းမသိ
တော့တချို့နေရာတွေဆိုတော်တော်ပျက်စီးနေပါပြီ။တကယ်သာအမြတ်တနိုးနဲ့စနစ်တကျလေးထိန်းသိမ်းထား
မယ်ဆိုရင်ပုဂံကိုမရောက်ခင်ခရီးတစ်ထောက်နားပြီးလေ့လာစရာနေရာတခုဖြစ်မှာပါ။

ကျောင်းဖွင့်ချိန်ဆိုရင်တော့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့အပန်းဖြေခရီးထွက်စရာနေရာတခု၊
သမီးရည်းစားတွေချိန်းတွေ့ရာနေရာတခုအဖြစ်ပဲရှိပါတယ်။ရွာဟိုဘက်ခြမ်းမှာလည်းရှိသေးတယ်လို့ပြောပါ
တယ်။ကျနော်တို့သွားတာကညနေပိုင်းမို့အပြန်မှာမိုးရွာဟန်ပြင်လာလို့တခြားဘက်ခြမ်းကိုတော့မရောက်ခဲ့ပါဘူး။
မိတ္ထီလာကနေလာရင်မော်တော်ကားလမ်းလက်ဝဲဘက်မှာဘုရားတွေရှိပြီးလက်ယာဘက်မှာတော့အုတ်ကျောင်း
ကြီးရှိပါတယ်။အဲ့ဒီမှာတော့ဘုန်းတော်ကြီးကျောင်းလည်းရှိပြီးထိန်းသိမ်းစောင့်ရှောက်ထားလို့မူလအတိုင်းမဟုတ်
ပေမဲ့သပ်သပ်ရပ်ရပ်ရှိပါသေးတယ်။ဘုရားတွေကတော့ပုံထဲမှာမြင်ရတဲ့အတိုင်းသင်္ကန်းရောင်တွေရွှေရောင်တွေ
စေတနာပိုပြီးကပ်လှူပူဇော်ထားလို့မူလအရောင်တော့မရှိတော့ပါဘူး။


ရှေးဟောင်းယဉ်ကျေးမှုဆိုတာမပြုမပြင်ဘဲမူလအတိုင်းထားမှသာတန်းဖိုးမြင့်တာကိုမျက်ကွယ်ပြုပြီးငါတို့ လက်ထက်မှာဘယ်ဘုရားတွေကိုဘယ်လိုပြင်ခဲ့တယ်ဆိုတဲ့နာမည်တခုအတွက်နဲ့မစဉ်းစားမဆင်ခြင်ဘဲ
ထင်ရာစိုင်းခဲ့ကြတဲ့ဥာဏ်ကြီးရှင်များကြောင့်ရှေးဟောင်းယဉ်ကျေးမှုးတွေတန်ဖိုးရှိလျက်တန်ဖိုးမဲ့ကုန်ကြရတာ
တော်တော်များများပါပဲ။ကဲဒါတွေမပြောတော့ပါဘူး...အခုတော့ပုံလေးတွေပဲကြည့်ပြီးဆက်တွေးကြပါဗျာ။



ဒီဘုရားပေါ်ကနေတက်ပြီးကြည့်ရင် အပေါ်စီးမှမြင်ရတဲ့မြင်ကွင်းက ပိုပြီးလှပါတယ်။ အောက်ကပုံတွေက ဒီဘုရားပေါ်မှရိုက်ထားတာပါ











ဒီအုတ်ကျောင်းဆောင်ကတော့မပြင်ရသေးဘူး


အောက်ခြေမှရိုက်ကြည့်တာ


ဘုရားဝန်းအပြင်ဘက်က ရေတွင်း
ဘုရားဝန်းအပြင်ဘက် ရေတွင်းဘေးက ရိုက်တာ
ဘုရားဝန်းအပြင်မှ လယ်ကွင်း
နွားစားကျက်
အတွင်းပိုင်းက ထိုင်တော်မူရုပ်တုတော်
ဘယ်လိုတည်ထားလဲမသိပါဘူးဗျ အထဲကိုဝင်ဖို့မလွယ်ဘူး အပြင်ကနေ ပုံရိုက်ယူတာ





ဒီတခါပြန်ရောက်ဖြစ်ရင်တော့ သမိုင်းကိုသေချာသိရအောင်အချိန်ပေးပြီးလေ့လာအုံးမယ် စိတ်ကူးထားတယ်။သေသေချာချာစနစ်တကျလေးနဲ့ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် တကယ်တန်းဖိုးရှိတဲ့
ခရီးသွားနေရာလေးတခုဖြစ်မှာပါ။ ပုဂံကိုသွားရာလမ်းတလျှောက် ကျောက်ပန်းတောင်းမရောက်ခင် ခရီးတစ်ထောက်နားပြီး လေ့လာစရာနေရာတခုအဖြစ်နဲ့ပေါ့။

ရှု့ခင်းပုံတွေမှတ်တမ်းတင်ရတာဝါသနာပါလို့ကိုယ်မြင်တဲ့ရှု့ထောင်ကနေကြိုက်နှစ်သက်သလိုရိုက်ထားတဲ့ပုံများ ဖြစ်ပါတယ်။ဓာတ်ပုံပညာရှင်မဟုတ်လို့ယူဆတာလေးတွေလွဲကောင်းလွဲနိုင်ပါတယ်ဗျ။သည်းခံပြီးကြည့်ပေးပါ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Saturday, February 3, 2018

ချဉ်ပေါင်ရွက် ခရမ်းကဆော့သီးဟင်း

ကျောင်းထဲကညနေပိုင်းရောင်းတဲ့ ဟင်းချက်စရာဈေးမှာ ခရမ်းကဆော့သီးတွေ့လို့ ဝယ်ချက်စားတဲ့ဟင်းပါ။
ဆိုင်ကထမင်းဟင်း​တွေကိုစားရတာငြီးငွေ့တဲ့အခါ အပြောင်းအလဲဖြစ်အောင် ကိုယ်တိုင်ဖန်တီးချက်ပြုတ်ပြီး
စားဖြစ်တဲ့ဟင်းတခွက်ပါ။ ချက်ရတာလွယ်ကူပြီး ထမင်းမြိန်စေသလို ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။
ရွာမှာဆိုရင်တော့ ချဉ်ပေါင်ရွက်အစား မန်ကျည်းသီးစိမ်းထောင်းပြီး ကဆော့သီးနဲ့ရောချက်ကြပါတယ်။
ဒီမှာတော့မန်ကျည်းသီးစိမ်းအစားချဉ်ပေါင်ရွက်ကိုသုံးပြီးချက်ထားပါတယ်။ကဆော့သီးကအစိမ်းကိုငါးပိရည်နဲ့
တို့စားလို့လည်းကောင်းပါတယ်။အလုံးကွဲရုံမျှထောင်းပြီး ငါးပိနဲ့ကြော်စားနိုင်သလို မီးဖုတ်ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်း တို့နဲ့ရောထောင်းစားလို့လည်းကောင်းပါတယ်။ ဟင်းချက်မယ်ဆိုရင်တော့ အလုံးကွဲအောင် အနည်းငယ်ထောင်းပြီးချက်တာက သူ့အရသာပိုထွက်ပါတယ်။ ဒီဟင်းကတော့ အချဉ်နဲ့တွဲချက်ထားတာမို့
ငါးပိကောင်မီးဖုတ် ဒါမှမဟုတ် ငါးကြော် အသီးအရွက်ဟင်းချိုနဲ့တွဲဖက်စားသုံးနိုင်သလို သူ့တစ်မျိုးတည်းစား
လို့လည်းဖြစ်ပါတယ်။ 


ချက်နည်းကတော့ ခရမ်းချဉ်သီးကြက်သွန်ဖြူနီနဲ့ဆားနနွင်းငါးပိစသည်တို့ကို ဒယ်အိုးထဲမှာအားလုံးစုပြီး အနှစ်ရအောင် မီးအေးအေးနဲ့ချက်ပါ။ ဆီပြန်ကြိုက်ရင်တော့ ဆီများများသုံးနိုင်ပါတယ်။ ကျနော်ကတော့ ဆီတွေများတာ ကိုမကြိုက်လို့ ဆီကို နည်းနည်းပဲထည့်ပါတယ်။ အနှစ်ရပြီဆိုရင် အလုံးကွဲရုံထောင်းထားတဲ့ ခရမ်းကဆော့သီးကို ထည့်ပါတယ်။ ရေနွေးအနည်းငယ် ထပ်ထည့်ပြီးမီးအေးအေးနဲ့ချက်ပါတယ်။ ခရမ်းကဆော့သီး ကျက်ပြီဆိုမှ ချဉ်ပေါင်ရွက်အနည်းငယ်ထည့်ပြီး လိုအပ်တဲ့ဟင်းအနေအထားရအောင် ရေနွေးထပ်ထည့်ပါတယ်။ နောက်ဆုံးမှာ အပေါ့အငန်မြည်း ငရုတ်သီးစိမ်း ထက်ဝက်ချိုးထည့် နံနံပင် သို့မဟုတ် ပင်စိမ်းရွက်အုပ်ပြီး မီးဖိုပေါ်ကခါပြီး ထမင်းပူပူနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။ 

ဒါကတော့ချဉ်ဆိမ့်ဆိမ့်အရသာလေးနဲ့ ထမင်းမြိန်စေတဲ့ အညာသားလက်ရာ ချဉ်ပေါင်ရွက် ခရမ်းကဆော့သီး ဟင်းတခွက်ပါ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ ရွှေညာသားက မေတ္တာပို့သပါတယ်ဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား