Pages

Friday, December 29, 2017

မျှစ်နဲ့ချဉ်ပေါင်ကြော်

ထိုင်းကိုရောက်ပြီး ပထမဆုံး ချက်ဖြစ်တဲ့ဟင်းတခွက်ပါဗျ။ ထိုင်းအစားအစာတွေနဲ့ အဆင်ပြေသော်လည်း
မြန်မာဈေးဘက်ရောက်တော့ချဉ်ပေါင်ရွက်နဲ့မျှစ်တွေ့တာနဲ့ ဝယ်ပြီး မြန်မာပြည်အလွမ်းပြေ ကြော်စားဖြစ်ပါ
တယ်။
ချဉ်ပေါင်ရွက်နှစ်စည်းကို မျှစ်တထုပ်နဲ့ကြော်တာ သုံးရက်လောက်စားလိုက်ရတယ်။ အဆောင်အောက်ထပ်
ထမင်းဆိုင်က ထမင်းဖြူဝယ်ပြီး ချဉ်ပေါင်ကြော်နဲ့ ရေနွေးကြမ်းနဲ့ ကိုယ့်အခန်းမှာပဲ စားဖြစ်တယ်။ အခန်းမှာ
တခါတလေ ချက်ဖို့ ဒယ်အိုးနီတစ်လုံး ဝယ်ထားလိုက်တယ် အခန်းဖော်ကိုလည်း နားလည်အောင်ပြောပြ
မြန်မာအစားအစာလွမ်းတဲ့အခါ ဟင်းချိုတို့ ခေါက်ဆွဲပြုတ်တို့ သောက်ချင်တဲ့အခါ လွယ်အောင်လို့ဝယ်တာ
မင်းလည်း လိုအပ်ရင်သုံးလို့ရတယ်လို့တခါတည်း ငြိမ်းချမ်းရေးယူထားတယ်။

ဈေးဆိုင်ဘက်ရောက်တဲ့အခါ ဟင်းချက်စရာတွေမြင်ရင် ချက်ပြုတ်ချင်စိတ်ထထလာလို့ မနည်းထိန်းရတယ်။
ထိုင်းဟင်းတွေနဲ့အဆင်ပြေတယ်ဆိုပေမဲ့လည်း တခါတလေတော့မြန်မာလက်ရာလေးတွေကိုတမ်းတမိတာ
ပေါ့ဗျာ။

အိမ်ကအမေကတော့ အခုလိုဟင်းလေးတွေ ချက်စားဖြစ်တယ်ဆိုတော့ ၀မ်းတွေသာလို့ ချဉ်ပေါင်ရွက်ရှိတာပေါ့ ၀ယ်လို့ရတယ်လားနဲ့ ဖုန်းပြောဖြစ်ရင် ဒီကအကြောင်းတွေ အမေ့ကို ပြောပြရတာ မဟုတ်ရင်စိတ်ပူနေမှာစိုးလို့ အသက်သုံးဆယ်ကျော် တက္ကသိုလ်ဆရာဖြစ်နေပြီ အမေကတော့ အခုထိ ကလေးတစ်ယောက်လိုပဲ စိတ်ပူနေတုန်း မိဘမေတ္တာများ သားသမီးအပေါ်ဆို အမြဲကို အစွန်းထွက်နေ တတ်တာ ကြာလေပိုသိလာရလေပါပဲ။

ချစ်စွာသောအွန်လိုင်းမိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။ လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
လေးစားမှုဖြင့်
ရွှေညာသား

Saturday, November 18, 2017

မိုးဗြဲဘုရားပွဲက မိသားစုထမင်းဆိုင်


အညာသား ထမင်းဟင်းချက်တတ်တာအမေ့ကျေးဇူးကြောင့်ဆိုတာအရင်တုန်းကလည်းရေးခဲ့ဖူးပါတယ်။
အမေက ဈေးရောင်းတာကိုဝါသနာပါတော့ အခုအချိန်ထိ ဈေးရောင်းပြီးအသက်မွေးဝမ်းကြောင်းပြုနေတုန်း သားသမီးတွေကိုယ်စီအလုပ်တွေနဲ့ဖြစ်ကုန်ကြသော်လည်းအမေကတော့ဈေးရောင်းမပျက်ပါဘူး သားသမီးတွေကတခါတရံပေးတဲ့ပိုက်ဆံထက် အဖေနဲ့အမေဈေးရောင်းလို့ရတဲ့ပိုက်ဆံထဲက သားသမီးကိုပို့ပေးနေတုန်းပါ။ အိမ်ထောင်ကျတဲ့အစ်ကိုကြီးနဲ့ညီအတွက်လည်း လူကြုံရင်ကြုံသလို
သူဈေးရောင်းတဲ့အထဲကမီးဖိုချောင်အသုံးအဆောင်လေးတွေကို ချွေးမနှစ်ယောက်အတွက် အမြဲပို့ပေးတယ် ကျနော်နဲ့အမေဖုန်းပြောလို့အမေကအဲ့ဒီအကြောင်းတွေပြောတဲ့အခါ သူတို့အမေတွေဆီကဘာများပို့တာကြားဖူးလဲ အမေလို့ မေးတဲ့အခါ ငါ့သားရယ် သူတို့ကချွေးမဆိုပေမဲ့
မင်းအစ်ကိုကြီးနဲ့မင်းညီနဲ့ယူထားတော့အမေ့သမီးတွေပဲပေါ့ သူတို့မိဘတွေပေးတာမပေးတာထက်
အမေကတတ်နိုင်သလောက်ပို့ပေးတော့ သူတို့မ၀ယ်တန်တာမ၀ယ်ရဘူးပေါ့။ ကျနော်မနာလိုလို့ မဟုတ်ပေမဲ့ အမေလို ယောက္ခမမျိုးရှိတော့ရှိမယ် ဒါပေမဲ့ရှားမယ်လို့ထင်ပါတယ်။

အမေကဒါတင်အားမရသေးဘူး တပိုတွဲလရောက်လို့ မိုးဗြဲဘုရားပွဲ စခါနီးပြီဆို အိမ်ထောင်ရှင် သားသမီးတွေဆီရော အိမ်ထောင်မကျသေးတဲ့သားတွေဆီကိုရော သတင်းစကားပါးတတ်တယ် အမေဘုရားပွဲဈေးမှာ ထမင်းရောင်းမယ် အဲ့ဒါ မင်းတို့လာနိုင်တဲ့သူ လာကူပေးကြအုံး။ လူငှားလို့ရပေမဲ့ ရချင်းရ ကိုယ့်လူကိုယ်ပဲရစေချင်လို့ အလုပ်အားရင် ဘုရားပွဲတွင်းလာကူကြအုံးလို့ မှာလေ့ရှိတယ်။ အဓိက ကတော့အိမ်ထောင်ကျတဲ့သားနှစ်ယောက်နဲ့ချွေးမတွေကိုလာစေချင်တာ ကျနော်သိတယ်။ လူငှားခပေးရမှာအတူတူ ကိုယ့်မိသားစု ၀ိုင်းဝန်းလုပ်တော့ လူငှားခရယ်လိုမဟုတ်ဘဲ ရတာထဲက ထိုက်သင့်သလောက်ခွဲဝေပေးသလို ပြန်တဲ့အခါလည်း ပိုတဲ့မီးဖိုချောင်သုံး နနွင်းမှုန့်ကအ ငါးပိရည်ကျိုအဆုံး
ချွေးမတွေကိုအညီအမျှခွဲဝေပြီးထည့်ပေးလိုက်တယ်။

ပွဲတော်မစခင်ကတည်းက ကိုယ့်ဆိုင်ခန်းနေရာမှာ ယာယီတဲဆောက်ပြီး ပုံမှန်ရောင်းနေကျ ဈေးထဲကနေ ဘုရားပွဲဈေးထဲကိုရွှေ့ပြီးဈေးရောင်းတာ တပိုတွဲ လဆန်းကနေ လပြည့်ကျော် (၂) ရက်လောက်မှ 
ဆိုင်သိမ်းတာ။ ပွဲတော်ဈေးကာလတစ်လျှောက်ကတော့ အားလုံးပင်ပမ်းကြတယ်။ အမေကတော့
အမေကတော့ အပင်ပမ်းဆုံးပါ။ နေ့ရောညရော မီးဖိုနားကနေမခွာရဘူး ထမင်းအိုးနဲ့ ဟင်းအိုးတလှည့်စီ
ချက်ပေးနေရတာ။ အဖေနဲ့ကျနော်တို့ညီအစ်ကိုတစ်တွေက ဆိုင်ထဲလူလာအောင်ခေါ်တဲ့သူကခေါ် 
အဲ့ဒီတာဝန်ကို ညီအငယ်ဆုံးက တာဝန်ယူတယ်။ ထမင်းခူးတာ ထိုင်ခုံနေရာချတာ၊ ဟင်းမှာတာကို
ညီငယ်နဲ့သူ့အမျိုးသမီးက တာဝန်ယူတယ်။ ကျနော်နဲ့အမေက ဟင်းထည့်တဲ့နားမှာ တလှည့်စီ 
အမေ မောတဲ့အခါ ကျနော်က ဟင်းထည့် အမေက မီးဖိုဘေးသွားချက်ပြုတ်နဲ့ လက်မလည်အောင်ကို
ရောင်းရတဲ့ပွဲဈေးပါ။ တကယ်ပျော်လည်းပျော်သလို ဗိုက်ဆာလို့ ဆာမှန်းပင်မသိ တနေကုန်မှ ထမင်းတနပ်
ပဲစားရတဲ့ရက်လည်းရှိပါတယ်။

မြန်မာထမင်းဟင်းရောင်းတဲ့တခြားဆိုင်တွေရှိပေမဲ့ ကျနော်တို့မိသားစုဆိုင်က ငါးပိရည်ကျိုကောင်းလို့
လူပြောများတယ်။ အမေ့စေတနာလည်းပါတာပေါ့လေ ငါးပိရည်ကျိုကိုအဖြစ်မဟုတ်ဘဲ စားလို့ကောင်း
အောင်သေချာဖျော်၊အချဉ်ဟင်းဆိုလည်းတကယ့်အိမ်စားသလိုမျိုးချက်၊ရောင်းသူရောစားသူရောအဆင်
ပြေအောင်အမြတ်ငွေထက်စေတနာကိုရှေ့ထားလို့ထင်ပါရဲ့တကယ်ကိုရောင်းလို့ကောင်းပါတယ်။
ကျန်တဲ့ရက်တွေထက် တပိုတွဲလပြည့်နေကတော့မနက် (၆) နာခွဲ လောက်ကစပြီး ရောင်းလိုက်ရတာ
ညနေမှောင်တဲ့အထိကို မထိုင်ရပါဘူး။ ချက်သမျှဟင်းအကုန်ပြောင်၊ ထမင်းအိုးဆိုလည်း ဘယ်နှ်စ်ခါမှန်း
မသိပါဘူး။ ဆိုင်ရှိသမျှလူနဲ့မရလို့ ပွဲဈေးလည်လာတဲ့အသိတွေပါ ၀ိုင်းကူပြီးရောင်းရတဲ့အထိပါပဲ။
အဲ့လိုမျိုးရောင်းရတော့လည်း မောရမှန်းမသိ ပူရမှန်းမသိနဲ့ ပျော်မိတယ်။

တိုင်းရင်းသားတို့ထုံးစံ ဒီဆိုင်ကစားလို့ကောင်းတယ်ဆို နောက်နေ့တွေမှာသူတို့နဲ့နီးစပ်ရာလူကိုပါ
ခေါ်လာကြတာမို့ ပထမလာစားတဲ့သူအဆင်ပြေရင်နောက်ရက်လူခေါ်စရာမလိုဘူး ပွဲတော်တလျှောက်
မပြန်မချင်းလာအားပေးကြတာ။ ပဒေါင်၊ ကယား၊ ပအို့ဝ် ရှမ်း အများစုလာကြတာမို့ မြန်မာထမင်းဟင်း
မစားဖူးတဲ့တချို့က ဆိုင်နာမည်ကြည့်ပြီး ၀င်စူးစမ်းကြတာလည်းရှိတယ်။ သူတို့သဘောကျရင် နောက်နေ့
လာခဲ့အုံးမယ်ဆိုတဲ့စကားကမေးစရာမလိုဘူး သူတို့ဆီကအလိုလိုထွက်လာတာပဲ။ 

ငါးပိရည်ကျိုကြိုက်တဲ့သူများကတော့ ငရုတ်သီးစပ်စပ်ဖျော်ထားတာကို ထမင်းနဲ့ဖျော်စားတာလည်းတွေ့မိ
တယ်။ သူတို့အစပ်ကြိုက်တာကိုသိတော့ အမေက ငရုတ်သီးခြောက်အတောင့်လိုက်ကိုဆီနဲ့ကြော်ပြီး ပုလင်းဗူးနဲ့ထည့် ထမင်းဝိုင်းတိုင်းမှာထားပေးတယ်။ ငါးပိရည်ကျိုကိုလည်း ဖန်ပုလင်းနဲ့ထည့်ပြိး ဇွန်းတတ်
ပေးထားတယ်။ အတို့အမြှုပ်လည်းစုံအောင်ပြင်ထားတော့ ထမင်းမစားခင် ထမင်းစား စားပွဲမြင်တာနဲ့
စိတ်ဝင်စားပြီး ၀င်စားကြတာပါ။ ဆိုင်နာမည်ကလည်း မိသားစု မြန်မာထမင်းဆိုင် ဆိုပြီးပေးထားတော့
တကယ့်မိသားစု ဆန်ဆန်ထမင်းဝိုင်းလေးလိုပေါ့။ ချက်တဲ့ဟင်းလျာကတွေကလည်း ကျနော်တို့မိသားစုကို
အမြဲတမ်းချက်ပြုတ်ကျွေးလာတဲ့စားဖိုမှူးကြီးအမေကိုယ်တိုင်ဆိုတော့ အမေ့မေတ္တာစေတနာတွေက
မိသားစုအပေါ်ထားသလို ဆိုင်ကိုလာစားတဲ့ သူတိုင်းအပေါ်မှာ ထားတော့ စေတနာရောင်ပြန်ဟတ်တဲ့
အနေနဲ့ချက်သမျှကုန်တာပါပဲ။ ပွဲပြီးသွားတော့ အမေ့ခမြာလည်း တော်တော်ကိုမောသွားတာပါပဲ။ 
အမေတင်မဟုတ်ပါဘူး အကုန်လုံးမောကြတာပါပဲ။ အမေကတော့ မီးဖိုဘေးမှာနေရတာအများဆုံးမို့
မောတာအပြင် ပူတာပါ အပိုရတာပေါ့။ ဈေးရောင်းနေတုန်းတော့ မောတာပူတာကို ထည့်မတွက်အားဘူး
ဈေးရောင်းကောင်းတော့ အားလုံးကိုမေ့ပြီး ဈေးရောင်းနေရတာကိုပဲ ပျော်နေရှာတာပေါ့။

ကျနော်အတွက်တော့ ကျောင်းပိတ်ရက်နဲ့တိုက်လို့ သုံးရက်လောက်သွားကူတာဖြစ်ပေမဲ့ မပြန်ချင်အောင်
ကိုဆွဲဆောင်နေတော့ပါပဲ။ဒါပေမဲ့ အစိုးရ၀န်ထမ်းဖြစ်လေတော့ ကိုယ်ရေးကိုယ်တာကိစ္စထက် တာဝန်ကို
ဦးစားပေးရတော့ လပြည့်ကျော် (၁) ရက်နေ့ ဈေးရောင်းကောင်းတုန်း ဆိုင်မှာလူကျတုန်း မပြန်ချင်းသေးပေမဲ့ အမေ့ကိုနှုတ်ဆက်ပြီး ပြန်ခဲ့ရတယ်။ အမေကတော့ချက်ချင်းပြန်လို့ မျက်နှာမကောင်း
ပေမဲ့ သုံးရက်လောက်လာကူတာကိုပဲ ၀မ်းသာနေရှာတယ်။ ထီလာကိုပြန်ရောက်လို့ ဖုန်းနဲ့ပြောတဲ့အခါ
အမြတ်ငွေဘယ်လောက်ရတယ် အငယ်ကောင်စုံတွဲကို ပိုက်ဆံကဘယ်လောက် ဒီနှစ်အကြီးစုံတွဲက
မလာနိုင်လို့ သူတို့အတွက် မီးဖိုချောင်အသုံးအဆောင်နဲ့ချွေးမအတွက်ဘာဝယ်ပေးလိုက်တယ် သားကြီးအတွက် ဘာထည့်ပေးလိုက်တယ်နဲ့ ပြန်ပြောပြတယ်။

နောက်ပြီး ဈေးထဲက တခြားဆိုင်တွေက အမေ့ဆိုင်ကအရောင်းရဆုံး ဆန်ဘယ်နှစ်အိတ်ကုန်တာ
နဲ့ ကိုယ့်ထက်ဆိုင်ကြီးတွေကို ဘာမှမပြောကြဘူးသားရယ်တဲ့ အမေတို့ဆိုင်သေးသေးလေးရောင်းရတာ
ကို လူတိုင်းက၀ိုင်းပြောနေတယ်တဲ့။ ၀ယ်တဲ့သူအပေါ်ထားတဲ့အမေ့စေတနာကအကျိုးပေးတာပေါ့
အမေရယ်လို့ပဲပြန်ပြောရတယ်။ ကျနော်အတွက်ကတော့ နှစ်စဉ်နှစ်တိုင်း အဖေနဲ့အမေဦးစီးတဲ့
တနှစ်မှာတခါသာ ရောင်းဖို့အခွင့်အရေးရတဲ့ မိုးဗြဲပွဲက မိသားစု မြန်မာထမင်းဆိုင် ဆိုတဲ့ ဆိုင်းပုဒ်လေးကို
အဖေအမေအစ်ကိုညီငယ်တွေရဲ့မျက်နှာနဲ့အတူ တပိုတွဲလရောက်တိုင်း လွမ်းနေသတိရနေမှာပါ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။လာရောက်လည်ပတ်ကြတဲ့အတွက်လည်း
ကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား

Wednesday, November 1, 2017

ပင်စိမ်းရွက် ငရုတ်သီးစပ်

ထီလာကိုပြန်ရောက်လို့အဆောင်မှာနေကတည်းကကိုယ်တိုင်ချက်ပြုတ်စားသောက်ဖြစ်လို့။
ဈေးကိုလည်းမကြာခဏရောက်ဖြစ်တယ်။ရောက်တိုင်းလည်းအမြဲတမ်းဝယ်တာကပင်စိမ်းနဲ့
နံနံရွက်။ပင်စိမ်းရွက်ကဆေးဖက်ဝင်သလိုအနံ့ကိုလည်းသဘောကျလို့အမြဲတမ်းလိုလိုစားဖြစ်
တယ်။ကြက်သားဟင်းချက်ရင်ထည့်ချက်၊တခါတလေခေါင်းကိုက်နှာစေးဖြစ်ရင်ငရုတ်သီးနဲ့
ထောင်းစား၊ ရေနွေးဆူဆူမှာငရုတ်သီးစိမ်းဓားပြားရိုက်၊ကြက်သွန်ဖြူ၊ချင်းနည်းနည်းစီဓားပြားရိုက်
ပြီးသံပုရာသီးတခြမ်းလောက်ညှစ်ပင်စိမ်းရွက်လေးငါးရွက်ထည့်ပြီးပူပူလေးမှုတ်သောက်လိုက်ရင်
ချွေးတွေနှပ်တွေထွက်ပြီးသာမာန်ခေါင်းကိုက်နှာစေးတာကတော့ဆေးထိုးဆေးသောက်စရာ
မလိုပါဘူး။အမေပြောသလိုအစားအသောက်ဓာတ်ကျမ်းကုတာနဲ့ပျောက်တယ် :)


နောက်တမျိုးကတော့ပင်စိမ်းရွက်တွေပေါလာပြီဆိုရင်ခရမ်းချဉ်သီးနဲ့ငရုတ်သီးစပ်ချက်စားပါတယ်။
ပင်စိမ်းရွက်လက်တဆုပ်စာလောက်ဆိုဟင်းချက်လို့ဖြစ်တယ်။ခရမ်းချဉ်သီးအနေတော်သုံးလုံးခန့်
ကိုကြက်သွန်နီကြက်သွန်ဖြူဆားနနွင်းငါးပိထည့်ပြီးဆီနည်းနည်းနဲ့လှိမ့်ငါးပိစိမ်းနံ့ပျောက်လို့
ခရမ်းချဉ်သီးကျက်ရင်ငရုတ်သီးစိမ်းအလုံးကွဲထောင်းထားတာထည့်ပုစွန်ခြောက်ထည့်လိုကထည့်
နောက်ဆုံးမှာပင်စိမ်းရွက်ကိုရေဆေးပြီးရောမွှေခဏနေရင်အရသာအပေါ့အငန်မြည်းပြီးမီးဖိုကချ
ပဲနီပြုတ်လို၊အချဉ်သုပ်လိုတမျိုးမျိုးနဲ့တွဲပြီးစားလို့ကောင်းတယ်။အရည်သောက်အတွက်ကတော့
ကျနော်အကြိုက်ကောက်ညှင်းမွှေးလဘက်ခြောက်ရေနွေးကြမ်းပေါ့။ဗူးသီးဟင်းခါးလို၊ဒန့်သလွန်ရွက်
ဟင်းချိုလိုအရည်သောက်တွေနဲ့လည်းတွဲဖက်စားသုံးနိုင်ပါတယ်။
Photo credit Google images 

အခုထိုင်းမှာလည်းပင်စိမ်းရွက်နဲ့ချက်တဲ့ဟင်းတော်တော်များများစားရတယ်။ဒါပေမဲ့အနံ့က
ကျနော်တို့ဗမာပြည်မှာရှိတဲ့ပင်စိမ်းနံ့မဟုတ်ဘူး။ဒီကပင်စိမ်းတွေကအနံ့ပိုပြင်းတယ်။
ဒါပေမဲ့ထိုင်းတွေချက်တဲ့လက်ရာကလည်းစားလို့ကောင်းပါတယ်။ဟင်းတိုင်းနီးပါး
ငရုတ်သီးစပ်တာကလွဲလို့ မြန်မာလျှာနဲ့အဆင်ပြေပါတယ်။အခုချိန်ထိတော့
ထိုင်းဟင်းတွေကိုမမုန်းသေးလို့ ကိုယ်တိုင်ချက်ပြုတ်မစားဖြစ်သေးဘူးဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေဗျာ။ 
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Sunday, October 15, 2017

ကျနော်နဲ့ ချဉ်ပေါင်ရွက်ဟင်း

ဒီဟင်းကိုလည်း အဆောင်မှာတုန်းက အမေ့ချက်တဲ့ထမင်းဟင်းကို လွမ်းလို့ အိမ်ကိုအလွမ်းပြေချက်စားဖြစ်တဲ့
ဟင်းတခွက်ပါ။ ရွာမှာဆို အသားငါးဟင်းထက် ချဉ်ပေါင်ရွက်ဟင်းသည်သာ ပင်တိုင်ဟင်းအဖြစ်စားရတော့
ချဉ်ပေါင်ပင်မြင်ရင်ကို ပါးစောင်တွေကျိန်းလာသလိုခံစားရတယ်။အရွက်ချိန်ဆို အရွက် အသီးချိန်ဆို အသီး
ဒါတင်မက အသီးခြောက်ပါ ပါသေးတယ်။ အမေ့အိမ်မှာဒီလိုဟင်းတွေစားပြီးကြီးပြင်းလာရတော့
အိမ်နဲ့ဝေးတဲ့အချိန်အမေ့လက်ရာလေးတွေကိုသတိရတဲ့အခါ ချဉ်ပေါင်ရွက်ဟင်းကထိပ်ဆုံးကပါတယ်။
အများသောအားဖြင့်အမေကချဉ်ပေါင်ရွက်ကိုတခြားအသီးအရွက်လေးတွေရောပြီး အချဉ်ရည်သောက်လေးချက်
ငရုတ်သီးစိမ်းကိုကြက်သွန်ဖြူပါလေကာနဲ့ထောင်း၊ ငါးပိကောင်ငန်တူးတူးကိုမီးဖုတ်ပြီးဖဲ့ရွဲ့ဆီလေးပါယုံဆမ်း
အဲ့ဒီသုံးမယ်နဲ့ထမင်းဝိုင်းပြီးရတာ။ငါးပိကောင်မီးဖုတ်က ဆယ်ခါတခါ ပါခဲပါတယ်။ 
ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းကတော့ အမြဲတမ်းလိုလိုစားရတယ်။
 တခါတလေ ထမင်းက ပြောင်းဖူး သို့မဟုတ် ပြောင်းထမင်း ဆိုရင် ချဉ်ပေါင်ဟင်းနဲ့ ဘယ်လိုမှ တွဲစားလို့ 
မလိုက်ဖက်ပါဘူး။ ဒါပေမဲ့ အမေ့အခက်အခဲကို သိနေတော့ ကျနော်တို့ ညီအစ်ကိုတတွေ မညည်းညူရက်ပါဘူး။
အမေချက်ကျွေးသမျှ အားပါးတရ စားကြတာချည်းပါပဲ။ ဆန်ဖြူ ထမင်းချည်းဆို ချောချောမောမောမြိုချလို့ရပေမဲ့
ပြောင်းဖူး ပြောင်းဆန် ထမင်းနဲ့ဆို မြို ချလို့မချောမွေ့တာအမှန်ပါ။ 
ဒီလိုထမင်းဟင်းကြမ်းကြမ်းနဲ့ လေ့ကျင့်လာရတော့ အခုအရွယ်ရောက်လာချိန် နူးနူးညံ့ညံ့အစားအစာတွေဆို
သိပ်ပြီးခံတွင်းမတွေ့လှပါဘူး။အဲ့ဒီအချိန်ဆို အမေ့အိမ်ကပြောင်းဆန်ထမင်းနဲ့ ချဉ်ပေါင်ဟင်းကိုသာ
မျက်စိထဲ လာလာမြင်ယောင်မိတယ်။ ဒါပေမဲ့ အခြေအနေနဲ့ အချိန်အခါအရ ပြန်လုပ်ယူလို့ မရနိုင်တဲ့အခါ
ရှိတာနဲ့ပဲ ဖြစ်အောင်စားသောက်ဖြေရှင်းရတာပေါ့။
ဒါကြောင့် ပွဲတွေတက်တဲ့အခါ အများအားဖြင့် ထမင်းပါတဲ့ အမယ်ကိုသာ ဦးစားပေးရွေးတယ်။
ကိတ်တို့ ကော်ဖီတို့ ဘာဂါ တို့ ပေါင်မုန့်တို့ဆို ဖြစ်နိုင်ရင် မရွေးဘူး ထမင်းလုံးဝမပါတဲ့အခါမျိုးမှာသာ
တခြားဟာတွေကို ရွေးတယ်။
တချို့ကတော့ပြောကြတယ် မြို့ရောက်လို့ အစားအသောက်ကောင်းတွေစားနေရတော့ ချဉ်ပေါင်ဟင်းကို
စားချင်တော့မှာမဟုတ်ဘူးပေါ့။ အမြဲတမ်းစားနေရချိန်တုန်းကတော့ ချဉ်ပေါင်ဟင်းကို မုန်းမိတာမှန်ပေမဲ့
တကယ်တမ်းဝေးကွာရတဲ့အခါ အတမ်းတမိဆုံးက တချိန်ကအမုန်းဆုံးကို ဖြစ်နေတတ်တာလေ။
ဒါကြောင့်လည်း အခွင့်သာလို့ ဈေးထဲရောက်ရင်တောင် ဈေးရောင်းတဲ့သူကို အခြေအနေကြည့်ပြီး 
ချဉ်ပေါင်ရွက်သည်ချင်းတူရင် ရွာဘက်ကလာရောင်းဟန်တူတဲ့ အသည်ဆီကပဲရွေးဝယ်တယ်။
အသက်အရွယ်ကွာနေရင် အသက်ကြီးတဲ့သူဆီက ၀ယ်တတ်တယ်။ဘာလို့လဲဆိုတော့ အသက်ကြီးတဲ့
ဈေးသည်အမျိုးသမီးတွေမြင်ရင် အမေ့ကိုသတိရလို့ အမေကိုယ်တိုင်လည်းဈေးရောင်းနေတာဆိုတော့
ငါ့အမေလည်း သူတို့လိုပဲ ဈေးရောင်းနေတာပါလားဆိုတဲ့အသိကြောင့် ကိုယ်သုံးလို့ရမည့်ဟာ
တမျိုးမက ၀ယ်ပြီးအားပေးတယ်။
မှတ်မိသေးတယ် ထီလာမှာတုန်းက သွားနေကျမဟုတ်တဲ့ ဈေးကို လမ်းကြုံလို့ဝင်လည်တော့
ကိုယ့်ထုံးစံအတိုင်းအသီးအရွက်တမ်းဘက်ကိုခြေဦးလှည့်တယ်။ ရပ်ကွက်ဈေးဆိုပေမဲ့
ဈေးရောင်းသူအများစုက အနီးအနားရွာကနေလာရောင်းကြတာဆိုတော့ ကိုယ့်ယာထွက်
အသီးအနှံလေးတွေကို တပိုင်တနိုင်လာရောင်းကြတာများတယ်။ 
အဲ့ဒီထဲမှာ အမေနဲ့အသက်ရွယ်တူအန်တီကြီးတစ်ယောက်
ခေါင်းပေါင်းကြီးနဲ့ ဈေးရောင်းနေတာ သူ့ရှေ့မှာလည်းချဉ်ပေါင်ရွက်ပုံကြီးတမျိုးတည်း
တခြားဘာအသီးအရွက်မှမပါဘူး။ လာသမျှလူကိုခေါင်းမော့ပြီးဝယ်ဖို့ခေါ်ရင်း
လက်ကလည်း ချဉ်ပေါင်ရွက်တွေကို ကိုင်ကိုင်ပြီး လာပါ ပိုပိုသာသာ ပေးမှာပေါ့လို့ ပြော
ကျနော်လည်းသူ့ရှေ့ရောက်တော့ ၀ယ်မယ်လို့မရည်ရွယ်ထားပါပဲ ချဉ်ပေါင်ရွက် ဘယ်လိုရောင်းလဲ
မေးမိတယ်။ တစ်ရာဖိုး နှစ်ရာဖိုးရတယ်လူလေးတဲ့ ကျနော်ကစားတာတစ်ယောက်ထဲဆိုတော့
တစ်ရာဖိုးလောက်ပဲထည့်ပေးပါပေါ့။ ပါလာတဲ့လက်ဆွဲခြင်းကိုယူပြီး ချဉ်ပေါင်ရွက်တစ်ရာဖိုးထည့်ပေးတာ
ခြင်းအပြည့်ပါပဲ။အန်တီက ကိုယ့်အခင်းကကိုယ်ရတာပိုပိုသာသာပေးပါ့မယ်ဆိုတဲ့အတိုင်း
တစ်ရာဖိုး လှည်းကျိုးအောင်ရတယ် ဆိုတဲ့စကားလိုပါပဲ။
ကျနော်လည်းသူ့စေတနာကို အသိအမှတ်ပြုပြီးသူထည့်ပေးသလောက်ယူလာခဲ့တယ်။
အဆောင်ရောက်တော့ ချဉ်ပေါင်ရွက်တွေဒီလောက်အများကြီး ဘာလုပ်ရမှန်းမသိတော့
 နောက်ဆုံးမှာ ကြံရာမရ အရွက်တွေရေဆေးပြီး သင် အခန်းထဲမှာပဲ
လေနဲ့နွမ်းအောင်လုပ်ပြီး မျှစ်ဝယ်ထားတာနဲ့ရောကြော် ကိုယ်စားဖို့လည်းချန်
မန္တလေးမစိုးရိမ်မှာစာဝါလိုက်နေတဲ့ ညီ ဦးဇင်းဆီကို ချဉ်ပေါင်ကြော်တဗူး၊ ငါးခြောက်ကြော်တဗူး၊ 
ကြက်သားမွကြော်တဗူး ကြော်ပြီး လူကြုံနဲ့ထည့်ပေးလိုက်တယ်။
ကျန်တာကိုတော့ အခုပုံထဲကိုလို ခရမ်းချဉ်သီးပါလေကာနဲ့ လုံးချက်ငရုတ်သီးစပ်လေးချက်စားလိုက်ပါတယ်။
အမေ့လက်ရာကိုမမီပေမဲ့ အမေ့လက်ရာနီးပါးစားလို့ကောင်းတဲ့ ဟင်းတခွက်ပါ။
 

အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ လာရောက်လည်ပတ်ကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
ချဉ်ပေါင်ဟင်းခွက်မြင်ပြီး ဗိုက်တွေဆာလိုက်တာ ထမင်းပူပူလေးနဲ့စားလိုက်ရရင် ဘယ်လောက်များကောင်းလိုက်မလဲနော် :)
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား

Tuesday, October 10, 2017

အညာသားလက်ရာ ငါးပိရည်ကျို


မြန်မာပြည်ပြန်ရောက်တဲ့ တနှစ်ကျော်ကာလအတွင်း ပထမဆုံးကျိုစားဖြစ်တဲ့ ငါးပိရည်ကျိုပါ။အဝေးရောက်နေချိန်
ငါးပိရည်ကျိုးကို တမ်းတမ်းတတရှိပေမဲ့ မြန်မာပြည်ပြန်ရောက်တော့ဆိုင်မှာစားဖြစ်တဲ့အခါလောက်ပဲ 
ငါးပိရည်ကျိုကိုစားဖြစ်တယ်။ဒီငါးပိရည်ကျိုစားဖြစ်တဲ့နေ့ကလည်းမရည်ရွယ်ပါပဲ လုပ်ဖြစ်သွားတာပါ။ 
နံနက်ပိုင်းဈေးကနေ ပြန်ဝယ်ထားပြီး ညနေခင်းမှာပြန်ရောင်းတဲ့ ဈေးသည်လေးတွေရှိရာကိုခဏရောက်ခိုက်
ဘာဟင်းချက်ရမှန်းဝေခွဲလို့မရဖြစ်နေချိန် ခေါင်းထဲရောက်လာတဲ့အတွေးကြောင့် ငါးပိရည်ကျို ကျိုဖို့ဆုံးဖြတ်ပြီး
တို့စရာတတ်နိုင်သမျှစုံအောင်ဝယ်ခဲ့လိုက်တယ်။
အရင်ဆုံး ငါးပိရည်ကျို တထုပ်ကို နနွင်းမှုန့်နည်းနည်းထည့်ပြီးအရည်ကျို။ မျှစ်ကိုပြန်ပြုတ်ပြီးတော့ရေစစ်
ရုံးပတီသီးကိုလည်းရေနွေးနဲ့ခဏပြုတ်ပြီး ရေစစ်ထားပါတယ်။
ငါးပိရည်ကျိုထဲ ထည့်ဖို့အတွက် ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုဒယ်အိုးနဲ့လှော်ပြီးထောင်းပါတယ်။
ငရုတ်သီးအမှည့်ကိုလည်းလှော်ပြီး သပ်သပ်ထောင်းပါတယ်။ နောက်ထပ်ခရမ်းချဉ်သီးအနေတော် နှစ်လုံးကိုပြုတ်ပြီး
ကြက်သွန်ဖြူငရုတ်သီးစိမ်းလှော်ထောင်းနဲ့ရောပြီးထောင်းပါတယ်။ခရမ်းချဉ်သီးကိုမီးဖုတ်ရင်ပိုမွှေးပါတယ်။
အညာသားကတော့မီးဖိုမရှိလို့ အလွယ်ပြုတ်ပြီးထောင်းလိုက်တာ။


ကြက်သွန်ဖြူငရုတ်သီးစိမ်းလှော်ခရမ်းချဉ်သီးရောထောင်းတာကို ငါးပိရည်ဖျော်မည့်ပန်းကန်ထဲအရင်ဆုံးထည့်ပါတယ်
ပြီးမှအစောကအရည်ကျိုထားတဲ့ငါးပိရည်ကို အရိုးတွေမပါအောင်စစ်ပြီးလောင်းထည့်ပါတယ်။
အရသာမှုန့်အနည်းငယ်ထည့်ပြီးအရသာမြည်းပါတယ်။ အရသာအနေတော်ဖြစ်တော့ ငရုတ်သီးမှည့်လှော်ထောင်းထားတာကို အပေါ်ကဖြူးပါတယ်။ငရုတ်သီးစိမ်းကအောက်ထဲမှာနေတော့အပေါ်မှာငရုတ်သီးဖတ်မပေါ်ရင် 
ငါးပိရည်ကျိုနဲ့မတူဘူးလို့ ခံစားရလို့ ထပ်ထည့်တာပါ။ အစပ်ကြောက်ရင်တော့ ငရုတ်သီးလျှော့ထည့်ပါ။
ပြီးရင် သံပုရာသီး တခြမ်းလောက် အရည်ညှစ်ထည့်လိုက်ပါ။
အငံကိုအချဉ်လေးနည်းနည်းထည့်ပြီးထိန်းလိုက်တော့ စားရတာပိုကောင်းပါတယ်။
အားလုံးပြီးပြီဆိုရင်တော့ တို့စရာတွေကို ပန်းကန်ထဲမှာစီထည့်ပြီး ထမင်းနဲ့ ငါးပိရည်ကျိုတွဲဖက်ပြီး
သုံးဆောင်နိုင်ပါပြီ။
တို့စရာတွေကတော့ - ရုံးပတီသီးပြုတ်၊မျှစ်ပြုတ်၊ခရမ်းကျွတ်သီး၊ သဘောင်္ဂွေးသီး၊ မုံလာဥနီ၊ သခွားသီး၊ 
သံပုယိုရွက်နု နဲ့ ပင်စိမ်းရွက် ပါ။
ငရုတ်သီးစပ်စပ်နဲ့အတို့အမြှုပ်စုံစုံလင်လင်မို့ အဲ့ဒီနေ့က ထမင်းတော်တော်ကုန်ပါတယ်။ 
ဒီပုံလေးတွေဖေ့စ်ဘွတ်မှာတင်တော့ တော်တော်ပွဲဆူသွားတယ် ငါးပိရည်ကျိုနည်းပြောပါ နောက်တခါကျိုရင် 
ပေးစားပါနဲ့ အဲ့ဒီမှာတုန်းကတော့ ကျိုနည်းအသေးစိတ်မတင်ဖြစ်ဘူး။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။
အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသား
 

Saturday, October 7, 2017

ကြောင်လျှာသီးကြော် ဖရုံရွက်မျှစ်ဆတ်ဟင်းချို


မြန်မာပြည်မှာတုန်းကချက်စားဖြစ်တဲ့ဟင်းလေးတွေ အခုမှပဲဖြည်းဖြည်းချင်းပြန်တင်ရတော့တယ်
မျှစ်ရေစိမ်ကျခေါ် မျှစ်ဆတ် ပေါ်ချိန် ဖရုံရွက်နဲ့ ဟင်းချိုချက်စားလို့ကောင်းတဲ့ဟင်းချိုတမျိုးပါ
ရွာမှာဆိုရင်တော့ ရုံးပတီသီး၊ခ၀ဲသီးနုမျှစ်ဆတ်နဲ့ တခါတရံ ငှက်ဆွတ်မှိုပါ ထည့်ချက်တယ်။
မိုးရာသီ အသီးအရွက်ပေါချိန် မျှစ်ပေါ်ချိန်မှာ အမြဲတမ်းလိုလိုစားရတဲ့ဟင်းတခွက်ပေါ့။
မြို့ပေါ်ရောက်တော့မျှစ်ဆတ်ရဖို့မလွယ်လို့ ဈေးထဲတွေ့တုန်းမှာ ၀ယ်ပြီးချက်စားဖြစ်တယ်။
ကြောင်လျှာသီးကလည်း ရွာမှာအလကားရနိုင်ပေမဲ့ မြို့မှာတော့ တစ်တောင့်ကို လေးငါးရာ ပေးဝယ်ရတယ်။
အကြိုက်ဆုံးအသီးတွေထဲက တခုဖြစ်တော့ မြင်တာနဲ့ ဈေးမကြည့်ဘဲဝယ်မိပြန်တယ်။


ကြောင်လျှာသီးကိုတော့ ရွာမှာ မီးဖုတ်ပြီးမှချက်တယ်။ အတောင့်လိုက် မီးဖိုပေါ်မှာတင်ပြီးမီးဖုတ်ရင်
အပေါ်ကအခွံတွေပူပေါင်းလိုဖုလာအောင် တတောင့်လုံးကိုမီးဖုတ်ပြီး ရေစိမ်ထားလိုက်ရင် အခွံတွေကွာကုန်တယ်
အဲ့ဒီရေစိမ်ပြီးသားကို လက်သုံးလုံးခန့် အပိုင်းတွေပိုင်းပြီးတော့
ခရမ်းချဉ်သီး၊ကြက်သွန်နီ၊မန်ကျည်းသီးစိမ်းနည်းနည်းရောပြီးငရုတ်သီးစပ်ချက်စားတာ။
အဲ့ဒီလိုချက်တာက သိပ်ပြီးမခါးဘဲ ပိုပြီးစားလို့ကောင်းတယ်။
ကြောင်လျှာသီးကိုမန်ကျည်းသီးနဲ့ချက်ရင်ပိုစားကောင်းသလို ကြက်ဟင်းခါးသီးကို အချဉ်နဲ့ တွဲစားရင်တော့
ပိုပြီးခါးတာ သတိထားမိတယ်။ ကြက်ဟင်းခါးသီးကြော်နဲ့ အချဉ်ရည်သောက်ဟင်းတွဲစားဖြစ်တဲ့အခါ
သတိထားကြည့်ပါ။ ထူခြားတာကိုတွေ့ရလိမ့်မယ် :)


ကျနော်ချက်ထားတာကတော့ ကြောင်လျှာသီးကိုမီးဖုတ်ဖို့ မီးဖိုမရှိလို့ အစိမ်းလိုက်ပဲ ပါးပါးလှီးပြီး ဆားနည်းနည်းနဲ့နယ်
ကြက်သွန်ဖြူနီခရမ်းချဉ်သီး ဆီသတ်ပြီးတော့ ပုစွန်ခြောက်အနည်းငယ်နဲ့ လုံးချက်လေးချက်ထားတာပါ။
ပုစွန်ဆိတ်အစိုသေးသေးလေးတွေနဲ့ချက်စားလို့လည်းကောင်းတယ် ဒါပေမဲ့ များများစားရင်တော့
အကျေတော့တက်ပါတယ်။လူကြီးတွေအတွက်ဆို ပုစွန်ဆိတ်အစိုနဲ့ချက်တာ စားဖို့မသင့်ပါဘူး။


မှတ်မှတ်ရရ အခုတခေါက်လာဖို့ ရန်ကုန်ကို မဆင်းခင် တရက်က ဈေးထဲရောက်တော့ ကြောင်လျှာသီးတတောင့်
ဝယ်ပြီး အမေကိုချက်ကျွေးခိုင်းသေးတယ်။အထက်ကပြောသလိုပဲ မီးမဖုတ်ဘဲအစိမ်းလိုက်ပါးပါးလှီးပြီး
ဆားနဲ့နယ် ပုစွန်ခြောက်မရှိလို့ ငါးနီတူခြောက်လေးတွေ ခေါင်းဖြုတ်ပြီး အမေကငရုတ်သီးစပ်လေး
ချက်ကျွေးတာ စားလို့ကောင်းလိုက်တာဆိုတာမပြောပါနဲ့။ နိုင်ငံခြားမထွက်ခင်အမေ့လက်ရာလေးစားရတာ
အမှတ်တရပါပဲ။ ကျနော်နဲ့ထမင်းအတူစားတဲ့သူငယ်ချင်းက မင်းနဲ့မင်းအမေချက်တာ လက်ရာချင်းအတူတူပဲတဲ့
ငါကတော့ အမေချက်တာက ပိုစားကောင်းတယ်လို့ သူငယ်ချင်းကိုပြောလိုက်တယ်။
အခုထိုင်းမှာတော့ကျောင်းတွင်းဆောင်မှာနေရတာမို့ ချက်မစားဖြစ်ဘူး။ ကန်တင်းမှာရောင်းတဲ့ထိုင်းထမင်းဆိုင်တွေမှာပဲ
ဝယ်စားဖြစ်တယ်။ထိုင်းဟင်းတွေနဲ့ကိုယ့်အကြိုက်နဲ့ကိုက်ညီနေတာရယ် အခန်းဖော်ကိုလည်း အားနာတာရယ်
စာဘက်ကိုပဲအချိန်ပိုပေးချင်တာရယ်ကြောင့် ၀ါသနာအပါဆုံး ချက်ပြုတ်ခြင်းကို
လောလောဆယ် ဥပုသ်စောင့်ထားတယ်။ ဒါပေမဲ့ ဈေးကိုရောက်လို့ အသီးအရွက်တွေမြင်ရင်တော့
ပိုးက ထထ လာတာ မနည်းကိုထိန်းရတယ် :)
ဟင်းတွေလည်းကျန်သေးတယ် ဓာတ်ပုံတွေရော ဖြည်းဖြည်းချင်းပို့စ်လေးတွေတင်ပါမယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ
ချမ်းသာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ။
အားပေးမှုကိုအစဉ်လေးစားလျက်-
ရွှေညာသား

 

Monday, October 2, 2017

ဖက်ပွင့်ခြောက်ကြော်

 ဒီဟင်းကတော့ ဖက်သီးမပေါ်ခင် ဖက်ပွင့်တွေပေါတဲ့အချိန်တုန်းက ဖက်ပွင့်အစိုလည်းဝယ်ချက်
 ဈေးပေါလာတော့ များများဝယ်ပြီး အခြောက်လှန်းထားတာကို သူ့ရာသီကုန်သွားခါမှ ပြန်ချက်စားတဲ့ဟင်းတခွက်ပါ။
စားရတာအစိုတုန်းကလောက်လေးလေးပင်ပင်မရှိပေမဲ့ အတော်လေးစားလို့ကောင်းတဲ့ဟင်းပါ။
မချက်ခင်မှာ ဖက်ပွင့်ခြောက်တွေကိုပွလာအောင်ရေစိမ်ထားပြီး ခရမ်းချဉ်သီးတလုံးနဲ့  ကြက်သွန်ဖြူနီဆီသတ် ငါးပိ သို့မဟုတ် ငံပြာရည်အနည်းငယ်ထည့် ဆီသတ်တာမွှေးလာတော့ ရေစိမ်ထားတဲ့ဖက်ပွင့်ခြောက်ကိုရေတခါလောက်ဆေးပြီးထည့်
ပုစွန်ခြောက်အသေးလေးတွေနည်းနည်းထည့်ပြီးဆယ်မိနစ်လောက်ဟင်းအိုးအဖုံးအုပ်ပြီးထားလိုက်ပါ။
ခဏနေတော့ ငရုတ်သီးစိမ်းအလုံးကွဲထောင်းထားတာအုပ် အရသာအပေါ့အငန်မြည်းပြီး ဟင်းအိုးချခါနီးမှာ 
ပင်စိမ်းရွက် သို့မဟုတ် နံနံပင် အုပ်ပြီးချ။ ထမင်းပူပူလေးနဲ့ တွဲဖက်စားလို့ အတော်လိုက်ဖက်ပါတယ်။
ကျနော်ကတော့ ဒီလိုမျိုးဟင်းနဲ့ဆို ထမင်းပိုကုန်တယ် :)


အရောင်ကတော့ အမည်းရောင်ဖြစ်နေပေမယ့် စားလို့အရသာရှိတဲ့ အညာသား ကြိုက်နှစ်သက်ဆုံးသောဟင်းတွေထဲက
ဟင်းတခွက်ပါ။

လာရောက်လည်ပတ်ကြတဲ့ချစ်မိတ်ဆွေညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ရွှေညာသားက ဆုတောင်းမေတ္တာပို့သပါတယ်။
အစဉ်လေးစားမှုဖြင့်-
ရွှေညာသား

Friday, September 8, 2017

ဖက်သီး နဲ့ ငါးခြောက်ဟင်း

ဖက်ပွင့်ဖက်သီးတွေပေါ်ချိန်တုန်းက ချက်စားဖြစ်တဲ့ဟင်းတခွက်ပါ။ ဖက်ပွင့်ဖက်သီးလို့ကျနော်တို့ဆီမှာခေါ်တဲ့
နာမည်အတိုင်းပဲမှတ်ထားတာ။တခြားအခေါ်အဝေါ်လည်းရှိမှာပါ။ချက်ဖို့ပြင်ဆင်ရတာတော့နည်းနည်းလက်ဝင်
ပါတယ်။အမွှေးတွေပါတဲ့ဖက်သီးကိုလက်တဆစ်အရွယ်အပိုင်းလေးတွေပိုင်းပြီးအထဲကအူကိုစိတ်ရှည်လက်ရှည်
ထုတ်ပြီးချက်ထားတာ။အပေါ်ကအမွှေးတွေကိုခွာလို့ရပေမဲ့တော်တော်မလွယ်တဲ့အလုပ်မို့အူကိုပဲထုတ်ပြီး
ချက်ထားပါတယ်။

အရင်ဆုံးခရမ်းချဉ်သီးသုံးလုံးကြက်သွန်နီဖြူနဲ့အဆာပလာထည့်ပြီးအနှစ်ရတော့အူထုတ်ထားတဲ့ဖက်သီးကိုရေဆေး
ထည့်တယ်အဲ့ဒီနောက်ငါးရံ့ခြောက်အနေတော်တုံးရေဆေးပြီးထည့်ရေအနည်းငယ်ရောပြီးဟင်းအိုးဖုံးအုပ်ထားလိုက်
ပါတယ်။ဆယ်မိနစ်ခန့်ကြာတော့ငါးခြောက်နူးမနူးကြည့်ပြီးငရုတ်သီးအလုံးကွဲထောင်းထားတာရယ် နံနံပင်
သို့မဟုတ် ပင်စိမ်းရွက်လေးပါးပါးအုပ်ပြီးထမင်းပူပူနဲ့ရေနွေးလေးတွဲ၍သုံးဆောင်နိုင်ပါတယ်။ ဖက်သီးကအနည်းငယ်ခါးတဲ့အရသာလေးရှိလို့ ငါးခြောက်အငံဓာတ်လေး
နဲ့ထိမ်းပြီးစားလို့အင်မတန်ထမင်းမြိန်ပါတယ်။

ဖက်သီးကအမြဲတမ်းမရနိုင်ပါဘူး သူပေါ်တဲ့အချိန်မှသာရနိုင်တဲ့ဟင်းစားတမျိုးဖြစ်ပါတယ်။ဖက်ပွင့်ကိုလည်းဒီနည်းအတိုင်း
ငါးခြောက်သို့မဟုတ် ပုစွန်ခြောက်နဲ့ချက်စားနိုင်ပါတယ်။ဖက်ပွင့်ကိုတော့အခြောက်လှန်းပြီးသိမ်းထားလို့အဆင်ပြေတယ်။
နောက်တခါမှပဲဖက်ပွင့်ကြော်ထားတာလေးထပ်တင်ပေးအုံးမယ်ဗျာ။ထိုင်းကိုရောက်တော့ထမင်းအိုးဟင်းအိုးနဲ့ဝေးနေပြီ။
ချက်စားချင်သော်လည်းကျောင်းတွင်းဆောင်မှာနေရတာရယ်အခန်းဖော်ကိုအားနာတာရယ်ကြောင့်ကျောင်းကရောင်းတဲ့ ဆိုင်တွေမှာလည်း တနေ့တမျိုးမရိုးရအောင်ဝယ်စားလိုက်တော့တယ်။ချက်ပြုတ်ချိန်ကစာကြည့်ဖို့အတွက်ပိုလာတာပေါ့ဗျာ။

အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။လာရောက်လည်ပတ်တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။
အစဉ်လေးစားလျက်
ရွှေညာသား

Friday, September 1, 2017

ရွာအပြန် တောလည်တခေါက်

ကျောင်းပိတ်ရက်ရွာပြန်တုန်း မရောက်တာကြာတဲ့ တောင်ရိုးပေါ်ကို ရွှေကူသန် (လောက်သေရွက်)ခူးရင်း မှိုရှာရင်း
တောင်ရိုးပေါ်ရောက်ခဲ့တယ်။ ကိုယ်ရွာပြန်တဲ့အချိန်ကမှို တုန်းတဲ့အချိန်မို့ မျိုးစုံအောင်မရတော့ဘူး။ လောက်သေရွက်
ခူးရင်း မရမက မှိုရှာတာ အဖော်လိုက်ပေးတဲ့အစ်မက တောကျွမ်းတော့ မှိုတခါချက်လောက်ရသေးတယ်။
လောက်သေရွက်ကတော့အများကြီးပဲ တောထူလို့ ခြင်တွေကိုက်တာနဲ့ မြန်မြန်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့
ညနေစာအတွက် လေးလေးက မှို ကို ပင်စိမ်းအုပ်ပြီးငရုတ်သီးစပ်ကြော်ပေးတယ်။ မစားရတာကြာတော့စားလို့ကောင်း
တာထမင်းကိုထည့်လို့မနိုင်ဘူး။

 ရွာအနောက်ဘက်က ပြန်ဆည်ထားတဲ့ ကန် နဲ့ တိမ်ဖုံးနေတဲ့ ပုပ္ပားတောင်

 မှို ရှာရင်း ဓာတ်ပုံရိုက်
 အဲ့ဒီကျောက်တုံးတွေကြားထဲ တောင်ခြေကနေပြီး တက်လာတာ မှို လိုချင်တဲ့ ဇောနဲ့ မောလို့ မောမှန်းမသိဘူး
 အခုလို မှို လေးတွေ့တော့ အမောပြေရော :) အနီရောင်ကို မယ်သီလ မှို လို့ ခေါ်တယ်
 မှို အ၀ါကိုတော့ ကိုရင် မှို တဲ့ သူက စားလို့ ပိုပြီး ချို တယ် ည တုန်းကမှပေါက်တာဆိုတော့ လတ်ဆတ်နေတာပဲ
 ဟော့ဒီမှာ နောက်တပွင့် ကျနော်က မှို နီလေးတွေပဲတွေ့တယ်
 ရွှေကူသန်ရွက် ခေါ် လောက်သေရွက် လဘက်ခြောက်လုပ်သောက်တာ ဌာနရောက်တော့ 
ကျန်းမာရေးမကောင်းတဲ့ ဆရာဆရာမတွေကို ပေးသောက်လိုက်တယ် :)tr
မောင်နှမ နှစ်ယောက်ခူးတာ အရွက်တွေအများကြီးရခဲ့တယ် အိမ်ရောက်တော့ အဖွားက အရွက်ခြွေတာ ခွဲ တောင်း တလုံး
အပြည့် ဓာတုဗေဒသမားဆိုတော့ နေပူမလှန်းဘဲ အရိပ်ထဲမှာပဲအခြောက်ခံပြီး ကျောင်းကိုသယ်ခဲ့တယ်။

ကျနော်ဘလော့ခ် ပြန်ရေးလို့အဆင်ပြေပြီမို့ ပို့စ်အသစ်လေးတွေမကြာမကြာပြန်တင်နိုင်တော့မယ်ဗျ။ချစ်စွာသောညီအစ်ကို
မောင်နှမတွေကိုမျှဝေစရာတွေအများကြီးပဲ။ အားလုံးကိုယ်စိတ်နှ်စ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။
အားပေးမှုကိုလေးစားလျက်
ရွှေညာသား

Monday, August 21, 2017

တတိယ​အကြိမ် ပြည်ပခရီး

ပျော်ရမှာ မနေရ တော်ရာမှာနေရ ဆိုတဲ့စကားက ကျနော့်အတွက်အမှန်ပဲဖြစ်နေသလားမပြောတတ်ပါဘူး။
တကယ်ဆိုအမေ့အိမ်မှာအတူတူနေချင်တာ၊ဆယ်တန်းအောင်ပြီးကတည်းက ပညာရေးကြောင့်အိမ်နဲ့ခွဲပြီး
မြို့ပေါ်ရောက်လာတာ။အဲ့ဒီပညာရေးကြောင့်ပဲမြို့ကနေတဆင့်တိုင်းတပါးကိုထပ်ရောက်ခဲ့ပြန်တာအခုတကြိမ်ဆို
တတိယအကြိမ်ရောက်လာခဲ့ပြီ။တကယ်တော့ပညာတော်သင်ဆုရဖို့ဆိုတာဝန်ထမ်းလောကမှာတော်တော်မလွယ်
လှပါဘူး။အခုနောက်ပိုင်းကိုယ်တိုင်ချိတ်ဆက်လို့ရရင်သွားခွင့်ပြုလို့အရင်ကထက်အခွင့်အလမ်းပိုများလာပေမဲ့
သွားတဲ့သူသိပ်မရှိသလောက်ပါပဲ။

အစိုးရချင်းချိတ်ဆက်ပြီးခေါ်တဲ့ပညာသင်ဆုအများစုကလည်းကိုယ်တွေဆီရောက်တဲ့အချိန်ဆိုသတ်မှတ်ရက်ကပ်
နေမှဘာမှပြင်ဆင်ချိန်မရတော့မှရောက်လာတာများတယ်။တကယ်ရောက်လာတော့လည်းကိုယ်စိတ်ဝင်စားတဲ့
ဘာသာရပ်နယ်ပယ်ဖြစ်နေတော့ရလိုရငြားဝင်ဖြေမိတယ်။ကံကောင်းတယ်ပဲဆိုရမလားမသိဘူးအစမ်းဝင်ဖြေရင်း
ပါပါသွားတာ။အခုတစ်ခေါက်လည်းပညာသင်ခေါ်လို့ဝင်ဖြေလိုက်တယ်ရေးဖြေနှုတ်ဖြေကနေတဆင့်ပြီးတဆင့်
စစ်ထုတ်လိုက်တာအင်္ဂလိပ်စာစစ်တဲ့အချိန်မှာတချို့ပြုတ်၊အင်တာဗျူးမှာပြုတ်နဲ့ကိုယ်အလှည့်ဘယ်တော့များရောက်
လာမလဲစိတ်ပူရင်းမျှော်ရတာတော်တော်မောတာပဲ။လူနှစ်ဆယ်ကျော်လောက်ကနေစစ်ရင်းစစ်ရင်းနဲ့နောက်ဆုံး
ဆန်ကာတင် ၇ ယောက်စာရင်းမှာကိုယ့်နာမည်ပါလာတော့ဝမ်းသာရပြန်တယ်။

အိမ်ကအမေကတော့ဒုတိယတစ်ခေါက်ပြန်လာကတည်းကစိတ်ပူရလွန်းလို့နောက်ထပ်မသွားရတော့ဘူးဆိုပြီး
ပြောရှာတယ်။အင်းပါအမေရယ် အမေရိကန်တို့ အင်္ဂလန်တို့လိုနိုင်ငံမျိုးဆိုရင်တော့သွားချင်သေးလို့ရယ်စရာစရင်း
အခုရတဲ့အာဆီယံပညာသင်ဆုကိုတိတ်တိတ်ကလေးဝင်ဖြေတယ်။အဖေကတော့ပညာရေးကိုတီးမိခေါက်မိရှိတော့
ငယ်တုန်းသွားရတာသွားသာသွားပဲ။ဖြေတာကိုအဖေ့အသိပေးပြီးအမေ့ကိုစိတ်ဆင်းရဲမှာစိုးလို့မပြောခိုင်းဘူး။နောက်ဆုံး
တကယ်သွားရမယ်ဆိုတော့မှဖွင့်ပြောပြီးတော်တော်လေးကိုနှစ်သိမ့်ရတယ်။အမေရယ်မိန်းခလေးတွေတောင်သွားနေ
ကြတာကျနော့်ကိုဘာလို့စိတ်မချတာလဲမေးတော့စိတ်ပူရလွန်းလို့ကလွဲပြီးဘာမှမပြောဘူး။

ဒီလိုနဲ့အခက်အခဲပေါင်းများစွာကိုတဆင့်ချင်းသည်းခံကျော်ဖြတ်ပြီးတဲ့နောက်ထိုင်းနိုင်ငံ Prince of Songkla University
မှာသုံးနှစ်တာပညာသင်ယူခွင့်ရခဲ့တယ်။အများအမြင်တော့ဆရာတော်တော်ကံကောင်းတယ်ပေါ့။ကိုယ်တိုင်အမြင်မှာ
အတိတ်က၀ဋ်ကြွေးပြန်ဆပ်နေရတယ်ထင်တာပဲ။ဘယ်လိုများသူများမိသားစုကိုဝေးအောင်ခွဲခဲ့လည်းမသိဘူး အခုတော့
ကိုယ်တိုင်အိမ်နဲ့ခွဲလိုက်ခဏပြန်ဆုံလိုက်ခွဲလိုက်ဖြစ်နေတာ။ဆယ်တန်းအောင်ခါစကအရှေ့ဘက်ရွာကနတ်ကတော်
မကြည်ကြည်ပြောတဲ့ ငါ့မောင်ကပညာနဲ့ကမ္ဘာပတ်ရမယ်လက္ခဏာ ဆိုတဲ့စကားကိုသာပြန်ကြားယောင်ရင်း သူ့စကား
တွေမှန်များမှန်နေပြီလားပေါ့။

မတတ်နိုင်ဘူးလေ ကံတရားကရောက်လာအောင်ဖန်တီးပေးတော့လည်းရလာတဲ့အပေါ်မှာပျော်ရွှင်အောင်နေရင်း
သင်ယူရအုံးမှာပေါ့။

အားလုံးကိုလေးစားလျက်
အညာသား


Saturday, July 22, 2017

မရောက်တာကြာတဲ့ အိမ်သို့

အားလုံးမင်္ဂလာပါဗျာ
ရွှေညာသားလည်းအိမ်သော့ပိတ်ပြီး ပျောက်နေတာ တော်တော်ကြာသွားပြီ
မရောက်ဖြစ်ပေမဲ့ ညီအစ်ကိုမောင်နှမအားလုံးကို အမြဲသတိရလျက်ပါ
အဓိကမလာဖြစ်တာက ဆိုးရွားလှသော အင်တာနက် ကွန်နက်ရှင်ကြောင့်ပါ
မကြာခင်မှာ ကိုယ့်အိမ်ကိုပြန်လာနိုင်တော့မယ်ဗျ ပြန်လာဖို့နောက်ထပ် အခွင့်အရေးတခု
လက်ဝယ်ပိုင်ပိုင်ရတော့မယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့
ကျနော်ဆုတောင်းမေတ္တာပို့သပါတယ်။

အစဉ်လေးစားမှုဖြင့်
ရွှေညာသား

Sunday, January 8, 2017

၂၀၁၆ အဆုံးသတ် နဲ့ ကံကောင်းခြင်းအစ ၂၀၁၇


 အလောင်းတော်ကဿပ
၂၀၁၆ ခုနှစ်ကတော့ ကျနော်အတွက်အကောင်းထက် အဆိုးတွေပဲများခဲ့တယ်လို့ဆိုနိုင်ပါတယ်။
ဘ၀မှာအခက်အခဲဆိုတာကိုအငယ်လေးကတည်းကရင်ဆိုင်ခဲ့ရတာမို့သိပ်ပြီးမထူးဆန်းပေမဲ့
တကယ်တမ်းကြုံလာတော့လည်းနည်းနည်းတော့တုန်လှုပ်မိပါတယ်။
တကယ်ကိုစိတ်ဖိစီးမှုအများဆုံးဖြစ်ခဲ့ရတဲ့အချိန်တွေပါပဲ။ပညာရေးအတွက်ရော၊
မိသားစုအတွက်ရောလုပ်ငန်းခွင်အတွက်ပါဘက်ပေါင်းစုံကဖိစီးမှုတွေနဲ့များခဲ့ပါတယ်။
ကြုံတွေ့လာတဲ့အခက်အခဲမှန်သမျှကိုကြံ့ကြံ့ခံပြီးရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တဲ့အတွက်လည်း
ကိုယ့်ကိုကိုယ်အတိုင်းအတာတခုအထိကျေနပ်ခဲ့တယ်။

အလုပ်ထဲမှာတော့ကိုယ်ကသူများလမ်းကြောင်းကိုမလိုက်ချင်သူ၊ခေါင်းမာသူတစ်ယောက်အဖြစ်
အများကသတ်မှတ်နိုင်တဲ့အခြေအနေလေးတွေရှိခဲ့တယ်။ပညာရေးမှာလည်းရောက်တဲ့နေရာမှာပဲ
လုံးဝရပ်တန့်ဖြစ်ဖို့စိတ်ကူးမိတဲ့အထိအကြောင်းလေးတွေရှိခဲ့တယ်။
မိသားစုအတွက်ကတော့သိပ်ပြီးလေးလံတဲ့ဖိစီးမှုမျိုးမဟုတ်ပေမဲ့အိမ်နဲ့မိဘကိုသံယောဇဉ်ကြီးတတ်တဲ့
မိမိပင်ကိုယ်ဗီဇကြောင့်ပင်ပန်းတာမျိုးလောက်ပါပဲ။အဖေနဲ့အမေ့ရင်ခွင်ကိုပြန်ခိုလှုံရတော့အဲ့ဒီဖိစီးမှုတွေ
လျော့ပါးသွားတယ်။

လောကမှာ အမှောင်နဲ့အလင်းဟာအမြဲဒွန်တွဲနေတာမို့ အမှောင်ကထာဝရမရှိနိုင်သလိုအလင်းကလည်း
ထာဝရမလင်းနေနိုင်ပါဘူး။၂၀၁၆ မှာအမှောင်ကျခဲ့တဲ့ကျနော်ဘ၀၂၀၁၇ နှစ်ဆန်းဆန်းချင်းမှာပဲ အာရုဏ်ဦးအလင်းရောင်လေးနဲ့အစပြုခဲ့တယ်။ ၂၀၁၆ ဟာကျနော်အတွက်ညဖြစ်ခဲ့တယ်ဆိုရင် ၂၀၁၇ ကတော့ကျနော်အတွက်ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့သစ်တခုအဖြစ်
မျှော်လင့်မိပါတယ်။

၂၀၁၆ ဒီဇင်ဘာနောက်ဆုံးရက်မှာဌာနမှူးဦးဆောင်ပြီးမုံရွာဘက်ကိုဘုရားဖူးထွက်ဖြစ်တယ်။
ဌာနမိသားစုနဲ့ပြည်တွင်းမှာပထမဆုံးသွားဖူးတဲ့ခရီးပါ။ဘုရာဖူးမထွက်ခင်ကံစမ်းတဲ့အနေနဲ့ဆယ်စောင်တွဲ
ထီတစ်စောင်ထိုးခဲ့တယ်။ပေါက်ဖို့မပေါက်ဖို့ထက်မိမိရဲ့ကံအခြေအနေကိုသိချင်လို့ကံစမ်းခြင်းပါ။
မြတ်စွာဘုရားရဲ့တရားတော်တွေနာယူမှတ်သားပြီးနောက်မှာဘယ်ဟာပဲလုပ်လုပ်
လောဘစိတ်သိပ်ပြီးမထားတော့ပါဘူး။ဘယ်လောက်တော့ရပါရစေလို့လည်းဆုမတောင်းတော့ပါဘူး။
ဘုရားရှိခိုးပြီးရင်တောင်ဆုမတောင်းဖြစ်တာကြာပါပီ။ကိုယ်လုပ်တဲ့အလုပ်တခုအတွက်ထိုက်တန်တဲ့
အကျိုးတော့နည်းနည်းများများရမှာပဲလို့ယုံကြည်မိလို့ဆုမတောင်းဖြစ်တော့ဘူး။

ဘုရားဖူးပြန်ရောက်တာ ဇန်န၀ါရီ (၁)ရက်နေ့ညမှာပါ။ နောက်နေ့မနက်ရုံးတက်တော့ကျနော်ထိုးထားတဲ့
ထီလက်မှတ်ကနေတသိန်းဆုပေါက်တယ်လို့သတင်းကြားရပါတယ်။တသိန်းဆိုတာတကယ်တော့များတဲ့
ပမာဏမဟုတ်ပါဘူး။သို့သော်လည်းကိုယ့်ကံလေးအထိုက်အလျောက်နလံထူလာပြီဆိုတာသိလိုက်ရလို့
ဝမ်းသာမိတယ်။ထီဆိုင်က ၅၀၀၀ နှုတ်ယူထားလိုက်တယ်။ကျနော့်လက်ထဲ ၉၅၀၀၀ လာပေးတယ်။ထီရောင်းတဲ့
ဦးလေးကြီးကို ၅၀၀၀ ပြန်ကန်တော့လိုက်တယ်။ဌာနမှဆရာဆရာမအားလုံး ကိုကြက်သားပေါက်စီ တစ်လုံးစီကုသိုလ်ပြုလိုက်တယ်။ပိုက်ဆံကျနော်လက်ထဲကိုရောက်ပြီးပြီးချင်းကျနော်စိတ်မှာဖြစ်ပေါ်လာတဲ့
စေတနာကြောင့်ကုသိုလ်ပြုတာကိုချက်ချင်းလုပ်ဖြစ်သွားတယ်။

အဖေ့အတွက် မာဖလာ တစ်ထည်၊ အမေအတွက် ခြုံထည်အကြီး တစ်ထည်အမှတ်တရ၀ယ်ပေးဖြစ်တယ်။
အမေကဆောင်းတွင်းဆိုအအေးကြောက်တတ်လို့အနွေးထည်ဒါမှမဟုတ်ခြုံထည်နှစ်စဉ်ဝယ်ပေးနေကြမို့
ဒီနှစ်တော့ခြုံထည်ကောင်းတာလေးဝယ်ပေးရလို့စိတ်ထဲမှာကြည်နူးပီတိဖြစ်မိတယ်။အမေနဲ့ဖုန်းပြောတော့
ကိုယ်ပြုဖြစ်တဲ့ကုသိုလ်လေးတွေအကြောင်းပြန်ပြောရင်းနဲ့အမေရယ်ဒီထက်များတဲ့ဆုများဖြစ်ခဲ့ရင်
အဖေနဲ့အမေကိုဒီထက်ကောင်းတဲ့အမှတ်တရလေးလုပ်ပေးနိုင်မှာနော်လို့ပြောတော့ လူလေးနောက်
ထပ်ဆုကြီးကြီးပေါက်ပါစေလို့အမေဆုတောင်းပေးပါတယ်တဲ့။

ဌာနကအစ်ကိုအစ်မတွေအားလုံးကလည်းပေါက်စီကျွေးရတဲ့အတွက်ကြောင့်နောက်ထပ်ထီပေါက်တာတွေ
စီနေပါစေလို့ဝိုင်းပြီးဆုတောင်းပေးကြပါတယ်။အထက်မှာပြောခဲ့သလိုပဲကျနော်လောဘစိတ်နဲ့ဘယ်ဟာကိုမျှ
မမျှော်လင့်ပါဘူး။ပုထုစဉ်လူသားမို့ရှိသင့်တဲ့လောဘတော့ရှိသေးတာပေါ့။ ၂၀၁၆ မှာ ရပ်သွားခဲ့တဲ့ဘာသာရေး
လုပ်ချင်စိတ်တွေ ၂၀၁၇ ဆန်းဆန်းချင်းပြန်ပေါ်လာတယ်။ ပဌာန်းရွတ်တာ၊တရားနာတာ၊တနိုင်ဘုရားဝေယျာဝစ္စလုပ်တဲ့စိတ်တွေပြန်နိုးကြားလာတာလည်းကိုယ်တိုင်
သတိထားမိတယ်။ဘာပဲဖြစ်ဖြစ် ၂၀၁၇ နှစ်ဟာကျနော်အတွက် လုပ်ချင်တာတွေလုပ်ဆောင်နိုင်ဖို့ ကံကောင်းခြင်းတွေယူဆောင်လာတဲ့အချိန်အပိုင်းအခြားလေးတခုဖြစ်မယ်ဆိုတာကိုတော့ယုံကြည်နေမိတယ်။

လာလည်ကြတဲ့ အွန်လိုင်းမိတ်ဆွေညီအစ်ကိုမောင်နှမများလည်းကျနော်နဲ့အတူ ၂၀၁၇ ခုနှစ်တနှစ်လုံး
ကံကောင်းခြင်းတွေနဲ့ပိုင်ဆိုင်နိုင်ကြပြီး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
၂၀၁၇ ခုနှစ်ကို စိတ်သစ် လူသစ် ကံကောင်းခြင်းအသစ်တွေနဲ့ စတင်လိုက်ပါတယ်။ နေ့စဉ်ကျနော်ပြုသမျှ တနိုင်ကုသိုလ်လေးတွေကိုလည်း ချစ်ညီအစ်ကိုမောင်နှမများအားလုံး ကျနော်နဲ့ထပ်တူအမျှရကြပါစေလို့
အမျှ ပေးဝေးပါတယ်ဗျာ သာဓုခေါ်ဆိုနိုင်ကြပါစေ။

အားပေးမှုကိုအစဉ်လေးစားမှုဖြင့်
ရွှေညာသား