"ပီလော… ရယ်တဲ့… မှိုနတို၊ ဟင်းချိုအောင် ပုစွန်ခတ်တယ် ကိုသာဇံ သူ့လယ်တောမှာ" ဆိုတဲ့ စာသားလေးကို အားလုံးပဲ ကြားဖူးကြမှာပါ။ အငြိမ့်ခွေထဲမှာ လူရွှင်တော် တွေဆိုတဲ့ ခွန်းထောက် စာသားလေးပါ။ ခွန်းထောက်ကို စပ်ခဲ့သူက တောသဘာဝကို သဘောကျတဲ့ သူဖြစ်မယ်ထင်တယ်ဗျ။ စာသားထဲက ပီလော၊ မှိုနတို ဆိုတာလေးတွေက အညာက လယ်တော ယာတောမှာ ပေါမှပေါလေ။ သူတို့က အညာရဲ့ ဟင်းစားအရွက် လေးများလည်း ဖြစ်ကြပါတယ်။ ဟင်းချိုအောင် ပုစွန်ခတ် တယ်ဆိုတာ ကတော့ သူ ခွန်းထောက် ရေးစဉ်က အာဂျီနိုမိုတို မြန်မာပြည် မရောက်သေးလို့ ဖြစ်မယ်နော်။ ခွန်းထောက်ရဲ့ သက်တမ်းကို သိချင်ရင် အာဂျီနိုမိုတို မြန်မာပြည် ရောက်တဲ့အချိန်နဲ့ နှိုင်းယှဉ်ပြီးတော့ တွက်လို့ရတန်ရဲ့။ ကိုသာဇံ သူ့လယ်တော ဆိုတာကတော့ လယ်သမား ကိုသာဇံကို ပြောတာ ဖြစ်ပါမယ်။ လယ်တောမှာ ဆိုတော့ လရာသီအားဖြင့် ၀သန်ကာလ မိုးလရာသီပေါ့။ အငြိမ့်ခွေ တော်တော်များများမှာ ကြားနေမိတာ ကြာပါပြီ။ တွေးနေမိတာလည်း ကြာပြီဆိုပါတော့။ သေချာ တွေးကြည့်တော့ ခွန်းထောက်လေးက အဓိပ္ပာယ် ရှိတယ်။ အညာက အနံ့အသက်လေးတွေ လည်းပါနေလို့ ဒီပို့စ်လေး ရေးလိုက်ပါတယ်။
ပီလောရွက်(photo from google)
ပီလောရွက်က မိုးရာသီမှာ ပေါပါတယ်။ ကျွန်တော် တွေ့ဖူးတာကတော့ အရွက်ဝိုင်းနဲ့ အရွက်ချွန် နှစ်မျိုးရှိတယ်။ နှစ်မျိုးလုံး ဟင်းချိုချက်စားလို့ ကောင်းပါတယ်။ အညာသူ အညာသား အတော်များများ စားဖူးကြမယ် ထင်ပါတယ်ဗျာ။ ပီလောက ဟင်းချိုချက်လိုက်ရင် ချွဲချွဲလေးနဲ့ သောက်ရတာ အတော် ကောင်းတယ်။ ဒန့်သလွန်ရွက်၊ ဖရုံရွက် စတာတွေနဲ့ ရောပြီးချက်ရင်တော့ သိပ်ပြီး မချွဲဘူး။ ပီလောဟင်းကို ရွာမှာတော့ မော်တော်ကား ဟင်းလို့ခေါ်တယ်။ ပီလော ဟင်းနဲ့ ထမင်းစားရင် မြန်မြန် ပြီးလွယ်လို့ မော်တော်ကားနဲ့ တင်စားပြီးတော့ ပြောတာပါ။ သူက ချွဲချွဲဆိုတော့ သောက်လိုက်ရင် ပါးစပ်ထဲမှာ ခဏပဲနေတယ်။ ဆန်ကြမ်း ထမင်းနဲ့များ တွဲစားရင် အတော့်ကို အဆင် ပြေတာဗျ။ မျိုချရတာ လွယ်သလား မမေးနဲ့။ ပီလော ဟင်းချက်တာကလည်း လွယ်ပါတယ်။ ဟင်းချိုဆိုတော့ အစဆုံး ဟင်းအိုးမှာ ရေ လိုသလောက်ထည့် ငါးပိလေးအနည်းငယ်၊ ဆား၊ ကြက်သွန်နီ စတာလေးတွေ ထည့်ပြီး ရေဆူအောင်တည်။ ထမင်းစားခါနီးတော့မှ ပီလောရွက်လေးထည့် ကြက်သွန်ဖြူလေး သုံးမွှာ လောက် ထောင်းပြီးအုပ်လိုက်ရင် ပီလောဟင်း ဖြစ်ပြီ။ အဖွား ပြောတာကတော့ ကြက်သွန်ဖြူ ထည့်တာက ဗိုက်မနာအောင်လို့တဲ့။ ပီလောဟင်း စားပြီး အစာမကြေ ဖြစ်မှာစိုးလို့ ထင်ပါတယ်။ ပီလောကို သူတစ်မျိုးထဲ ချက်စားနိုင်သလို တခြား ဟင်းချိုရွက်တွေနဲ့လည်း တွဲဖက်ပြီး ချက်စားလို့ ရပါတယ်။ သူများနဲ့ ရောချက်ရင်တော့ သူလည်း စိတ်ကြိုက် ချွဲလို့မရပါဘူး။
ရွာမှာ တုန်းကတော့ ပီလောဟင်းကို စားရသလား မမေးနဲ့။ ကြိုက်လည်း ကြိုက်ပါတယ်။ အဖေ့ညီမ ကျွန်တော့်အဒေါ် တစ်ယောက်ဆိုရင် တောထဲကပြန်လာတိုင်း ပီလောရွက်က အမြဲပါတယ်။ တခါတလေများ ပီလောရွက်ကို တမင်ထွက်ပြီး ခူးသေးတာ။ အရွက်ကလည်း ပေါတော့ သူ တစ်ခါခူးလာရင် လေးငါး ဆယ်အိမ်လောက် ဝေပြီး ချက်လို့ရတယ်။ သူကိုယ်တိုင်လည်း ပီလောဟင်း အလွန်ကြိုက်ပါတယ်။ အဖွားကလည်း ပီလော ဟင်းချက်သလား မမေးနဲ့။ တစ်မျိုးထဲချက်လို့ ရိုးသွားရင် တခြားအရွက်နဲ့ ရောပြီးချက်ကျွေးတယ်။ ချက်တိုင်းလည်း ကုန်တာပါပဲ။ မချက်ပြန်လို့လည်း မဖြစ်ဘူးလေ။ ထမင်းက ဆန်ကြမ်းဆိုတော့ သူနဲ့ အဆင်ပြေတဲ့ ဟင်းကိုချက်ရတာပေါ့။ စလေ ဦးပုည၏ ရေသည်ပြဇာတ် ရေသည်မိန်းမ အစားအသောက် ဆင်းရဲပုံကို ဖွဲ့ဆိုခန်းမှာ "ပဲ(စိ)တ၀က်၊ ပြောင်းတ၀က်နှင့် ဆန် ပြက်သိကာ ပါကောင်းလို့ ပါတော့တယ်၊ ဟင်းလျာမှာ ပီလော၊ လည်ချောင်းကို မြေလှန်၊ ဂလုံဆန်အောင်၊ ခြေကန်လို့မျှောရတယ် ကောလိုက်တဲ့ကံ" ဆိုပြီးရေးဖွဲ့ ထားပါတယ်။ ရေသည်မိန်းမ ကတော့ ပဲစေ့နဲ့ ပြောင်းဆန် ထမင်းမှာ ဆန်က အနည်းငယ်ပဲ ပါတာဆိုတော့ လည်ချောင်းကို နောက်လှန်ပြီး ခြေကန်လို့ ပင် မျှောချရပါတယ်တဲ့။ ပီလော ဟင်းလေးပါလို့ တော်သေးတာပေါ့နော်။ မဟုတ်ရင် မလွယ်လောက်ဘူး။ အဖွားအိမ်က ဆန်ကြမ်း ထမင်းက ပြောင်းဆန်နဲ့ ပဲစေ့ မပါလို့ ရေသည်မ လောက်တော့ အခြေအနေမဆိုးဘူး ပြောရမယ်။

မှိုနတိုရွက်(photo from google)
မှိုနတိုကတော့ အမြဲလိုလို ရှိပါတယ်။ နွေရာသီဆိုရင်တော့ ရေမပြတ်တဲ့ ရိုးတွေ၊ စိမ့်စမ်းတွေထဲမှာပဲ တွေ့ရတယ်။ နောက်ပြီး ချောင်းထဲက ရေအိုင်စပ် တွေမှာလည်း တွေ့နိုင်တယ်။ မိုးရာသီဆိုရင်တော့ လယ်ကွင်းတွေထဲမှာ ပေါမှပေါပဲ။ အရွက်တွေက သန်လည်း သန်တယ်။ အရွက်လေးတွေက တော့ လေးပွင့်ဆိုင်လေးနဲ့ ရေပေါ်မှာ ပေါ်ပြီးပေါက်တယ်။ ဟင်းချက်ဖို့ ခူးရင်တော့ ရေနဲ့လွတ်တာက ကောင်းတယ်။ ရေနဲ့ထိနေရင် ရေညှိတွေ ကပ်နေတော့ အဆင်မပြေဘူး။အရွက်လေးတွေက သေးတော့ ခူးရာမှာ စိတ်တော့ရှည်ရတယ်။ လက်တဆုပ် ကောင်းကောင်းဆိုရင် တစ်ခါ ချက်လို့ရပါတယ်။ မိုးရာသီမှာ ထွက်တဲ့ မှိုနတိုကတော့ ပိုပြီး အရွက်သန်တာပေါ့။ ကျွန်တော်တို့ ရွာမှာတော့ မှိုနတိုကို ပဲကြီးဟင်းချိုမှာ ထည့်ပြီးချက်ကြတယ်။ ပီလောနဲ့ ရောပြီးတော့ ပဲကြီးဟင်း မှာထည့်ချက်တယ်။ ပီလောမှိုနတိုပါတဲ့ ပဲကြီးဟင်းချိုကတော့ စားလို့ အတော်ကောင်းပေါ့ဗျာ။ တောရွာ တောဓလေ့မှာ ကြီးပြင်းလာခဲ့ ရတော့လည်း တောဓလေ့လေးတွေနဲ့ ဝေးနေတော့မှ ပိုပြီး သတိရ လွမ်းဆွတ်မိတယ်။ ကျွန်တော်လည်း ခွန်းထောက် က နေ အတွေးနယ်ချဲ့လိုက်တာ အညာက စားဖိုချောင် ကိုတောင် ရောက်သွားတယ်ဗျာ။
ကျွန်တော် တွေးမိတာလေးကို ရေးထားတာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ အကြောင်း တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါ လိမ့်မယ်။ သိပြီးသားလည်း ဖြစ်ချင်ဖြစ်နေ ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ရေးတဲ့ အထဲက အနည်းငယ်မျှ စာဖတ်သူရင်မှာ ဗဟုသုတ အဖြစ်ကျန်ရစ်တယ် ဆိုရင် ကျွန်တော် ကပ်သီးကပ်သပ် တွေးရကျိုး နပ်ပါတယ်။ နောက်ထပ်လည်း စိတ်ဝင်စားစရာ အညာက ဟင်းစားပင် အကြောင်းလေးတွေ ရေပေးပါအုံးမယ်။ လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ။ လိုအပ်တာလေးတွေကို အကြံပေးခဲ့နိုင်ပါတယ်။ စာဖတ်သူရဲ့ ရင်ထဲက လာတဲ့ စကားသံလေးတွေက ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ အားအင်တွေပါပဲ…။
မျိုးခန့်(စကားဝါမြေ)
5 comments:
မှိုနတိုကို ကြားသာကြားဖူးတာ မစားဖူးဘူးဗျ။ မြင်လည်း မြင်ဖူးတယ် အဲဒါကို
မှိုနတိုလို့မသိဘူး။ ဗဟုသုတတွေများ ကြွယ်ပါ့နော်...:PPP
ရာဇာ(ကျေးတောသားလေး)
မှိုနတိုရော ပီလောရော ခုမှပဲ မြင်ဖူးတော့တယ်။ ပီလောတော့ ကြားဖူးတယ်။ မှိုနတိုကိုတော့ ခုမှပဲ ကြားဖူးတော့တယ်။ ကျေးဇူးနော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေဗျာ...
ကြားပဲကြားဖူးတာ မစားဖူးသလို မြင်လဲမမြင်ဘူးဖူး
အခုမှပဲ သိတော့ရတော့...ကျေးဇူးပါအကိုရေ။။
ကောင်းသောနေ့လေးဖြစ်ပါစေ။
ကြားတော့ ကြားဖူးပါရဲ့။ အညာသားဖြစ်ပြီး မစားဖူးဘူး လို့ပြောရမှာလည်း ခက်ရှက်ရှက်ရယ်။ တကယ် မစာဖူးဘူးဗျ။
စားဖူး
ကြားဖူး
မြင်ဖူး
သော်လည်း မှတ်တမ်းတင်သူကိုကျေးဇူးတင်ပါတယ်
Post a Comment