အညာသားနဲ့ဂျပန်ပြည်


 အခုကျနော်နေတဲ့အဆောင်ပါ
တိုကျိုမြိုကိုရောက်ပြီးလေးရက်တာကာလအတွင်းမြင်ရတွေ့ရတာတွေအားလုံးကအညာသားအတွက်အံ့သြ
စရာတွေချည်းပါပဲ။ဂျပန်လူမျိုးတွေအချိန်မှန်တာ၊စည်းကမ်းရှိတာတွေမြင်ရတော့အရမ်းကိုအားကျလေးစား
မိတယ်။သန့်ရှင်းသပ်ရပ်မှုကလည်းလက်ဖျားခါလောက်စရာပါပဲ။ဘယ်နေရာကြည့်ကြည့်စိတ်ချမ်းမြေ့စရာ
ကောင်းတယ်။သစ်ပင်စိုက်တာကိုဝါသနာထုံတဲ့ကျနော်အတွက်တော့အပင်တွေကြားထဲမှာသွားရလာရတာ
တကယ့်ကိုပျော်စရာအတိပါပဲ။

အထူးဆန်းဆုံးကတော့လူနေထူထပ်တဲ့မြို့ကြီးဖြစ်ပြီးကားတွေရထားတွေဒီလောက်များတာကိုလေထုက
သန့်ရှင်းနေတာပဲ။ပတ်ဝန်းကျင်ကိုအလေးထားထိန်းသိမ်းမှု့ကိုတော့တကယ့်ကိုလေးစားပါတယ်။
နောက်ပြီးမြို့ပေါ်ဆိုပေမဲ့နေရာတိုင်းအိမ်တိုင်းလမ်းတိုင်းမှာသစ်ပင်တွေရှိနေတာပါပဲ။မနီလာမြို့ပေါ်မှာ
မွန်းကြပ်တဲ့ပတ်ဝန်းကျင်နဲ့အနေကျခဲ့တော့ဂျပန်ပြည်ရဲ့အခင်းအကျင်းကိုစမြင်မြင်ချင်းကိုယ့်မျက်စိကို
မယုံနိုင်အောင်ပါပဲ။

စကော်လားရှစ်ပေးတဲ့အဖွဲ့အစည်းကလည်းဂရုစိုက်လိုက်တာအားနာဖို့ပင်ကောင်းပါတယ်။ကျောင်းကိုမသွား
ခင်သူတို့ရုံးစိုက်ရာဌာနကအင်တာနေရှင်နယ်စင်တာမှာနှစ်ညအနားယူခိုင်းပါတယ်။နေရတဲ့အခန်းကသန့်ရှင်း
တောက်ပြောင်လွန်းနေလို့ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြီးနေရတာတောင်မ၀ံ့ရဲသလိုခံစားရတယ်။ရေချိုးခန်းနဲ့
အိမ်သာကိုမြင်တော့လည်းသုံးရမှာကိုနှမြောနေမိတယ်။ဘ၀မှာဒီလိုနေရာမျိုးကိုရောက်မည်လို့ဘယ်တုန်းကမှ
ထင်မထားမိတာအမှန်ပါ။

အခုနေရတဲ့အခန်းလည်းဟိုတယ်တစ်မှခမ်းနားပါတယ်။တီဗွီ၊ရေခဲသေတ္တာ၊အင်တာနက်၊အဲယားကွန်း၊
ရေနွေအိုး၊မိုက်ခရိုဝေ့ဖ်၊ဖုန်းဂက်စ်မီးဖိုသုံးပွင့်ဆိုင်၊ဖုန်စုပ်စက်အိုးခွက်ပန်းကန်အပြည့်အစုံစီစဉ်ပေးထားတယ်။


 ဆရာကသူ့ lab ကကျောင်းသားတွေနဲ့ပေါင်းပြီး ညစာနဲ့ ကြိုဆိုပွဲပါတီလေးလုပ်ပေးတယ်။


ဘာပန်းလဲတော့မသိပါဘူးအဆောင်ရှေ့မှာရောကျောင်းဝန်းထဲမှာပါပွင့်နေတာ
အခန်းရှေ့ဝရန်တာကနေဒီတိုင်းမြင်နေရတယ်မွှေးနေတာပဲ။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ...နောက်မှကြုံတာလေးတွေဆက်ပြီးရေးတင်ပေးပါအုံးမယ်။
လေးစားလျက်
ရွှေညာသားလေး

သီတင်းကျွတ်နှုတ်ဆက်


Photo from Google images
အားလုံးမင်္ဂလာပါဗျ...
ပျော်ရွှင်ဖွယ်ရာသီတင်းကျွတ်အခါသမယဖြစ်ပါစေ။ရွှေညာသားပျောက်နေတာတစ်လကျော်သွားတယ်။
အတားအဆီးတစ်ခုကိုတော့ရုန်းရင်းကန်ရင်းနဲ့ကျော်ဖြတ်ပြီးသွားပြီ။
နောက်ထပ်ကျော်ရမှာတွေအများကြီးကျန်သေးတယ်။ရထားတဲ့စကောလားရှစ်ပရိုဂရမ်ရဲ့သတ်မှတ်ချက်အရ
ဂျပန်နိုင်ငံကို(၈)လသွားရပါအုံးမယ်။အညာသားဒီနှစ်တော့ချယ်ရီတွေပွင့်တဲ့ဆီမှာဆောင်းခိုဖြစ်ပါမယ်။
ဖိလစ်ပိုင်မှာကြုံရတဲ့အခက်အခဲတွေကြောင့်ဂျပန်သွားဖို့ကိစ္စကိုခေါင်းထဲကထုတ်ထားပြီးတတ်စွမ်းသရွေ့လေး
နဲ့လျှောက်လှမ်းနေခဲ့တာနောက်ဆုံးတော့သွားရဖို့အခွင့်သာခဲ့တယ်ပြောရမှာပေါ့။
ဒီစကောလားရှစ်ကိုစပြီးလျှောက်ခဲ့စဉ်တုန်းကလည်းရမယ်လို့မမျှော်လင့်ထားခဲ့ပါဘူး။တကယ်တမ်းအရွေးခံရ
တယ်ဆိုတော့လည်းရခဲလှတဲ့အခွင့်အရေးအတွက်ရှေ့ဆက်တိုးခဲ့မိတယ်။အဓိကရင်ဆိုင်ရတာကတော့
ကိုယ့်မှာရှိတဲ့ဘာသာရပ်အခြေခံနဲ့ကိုယ်ယူရတဲ့ဘာသာရပ်တွေနဲ့မတူတာကလူကိုစိတ်ဓာတ်လုံးလုံးကျတဲ့အထိ
ပါပဲ။နောက်ဆုံးတော့ထွက်လာခဲ့ပြီပဲဘာပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအတတ်နိုင်ဆုံးတော့
အားတင်းပြီးလုပ်ကြည့်မယ်လို့ဆုံးဖြတ်ပြီးဆက်လျှောက်ခဲ့ရတာပါ။ကိုယ့်ကိုကိုယ်အားရသလားဆိုတော့အားမရ
ပါဘူး။ဒါပေမဲ့လည်းပေါက်တဲ့နဖူးမထူးတော့ပါဘူးလေဆိုပြီးဆက်လျှောက်နေတာ။လဲကျလိုက်ပြန်ထလိုက်၊
ယိုင်သွားလိုက်ပြန်မတ်လိုက်နဲ့အခက်အခဲဆိုတာကိုကောင်းကောင်းကြီးနားလည်သဘောပေါက်လာတာတော့
အမြတ်ပေါ့လေ။

ပြောရမယ်ဆိုရင်တော့အများကြီးပါပဲ။ကိုယ့်ပေါင်ကိုလှန်ပြီးပြန်မထောင်းချင်တော့လို့ဒီလောက်နဲ့ပဲရပ်တော့
မယ်ဗျာ။ရေးသမျှတင်သမျှအားမနာတမ်းလာအားပေးတဲ့ညီအစ်ကိုမောင်နှမတွေကိုကျေးဇူးအများကြီးတင်
ပါတယ်။ဒီနေရာလေးမှာရေးခဲ့မိတာတွေထဲကမှားတာတွေလည်းရှိကောင်းရှိခဲ့နိုင်ပါတယ်။အဲ့ဒါကြောင့်စာအား
ဖြင့်ညီအစ်ကိုမောင်နှမတွေအပေါ်မှာစော်ကားမိတာများရှိခဲ့ရင်နားလည်ခွင့်လွတ်ပေးပါလို့သီတင်းကျွတ်အခါ
သမယမှာဝန်ချတောင်းပန်ပါတယ်ခင်ဗျာ....။

ကျနော့်မိတ်ဆွေညီအစ်ကိုမောင်နှမအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

အားပေးမှုကိုအစဉ်လေးစားလျက်
ရွှေညာသားလေး