Pages

သူတို့တွေ အိပ်ယာထကြပြီ


နွေမှမိုး၊ မိုးမှဆောင်း၊ ဆောင်းမှနွေ ဆိုပြီး ရာသီတွေလည်း အလီလီပြောင်းလည်းလို့ ဒီနိုင်ငံမှာ နွေရာသီဆိုတာကို မကြာခင်ရောက်လာတော့မယ်။ အဆောင်ပြတင်းဆီက အပြင်ကိုငေးကြည့်လိုက်တော့ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နှင်းမှုန်တွေကြား ရိုးတံကျဲကျဲနဲ့ ရှိနေခဲ့တဲ့ အပင်တွေထက်မှာ အရွက်လေးတွေ ထွက်ပြူစ ပြုနေလေပြီ။

ဒါကတော့ အဆောင်နားက ပန်းခြံထဲက နှင်းတွေအရည်ပျော်ပြီးမှ ထွက်လာတဲ့မြက်ပင်လေး
ဒီပန်းလေးလည်း တော်လ်စတွိုင်း အိမ်က ခြံထဲမှာတွေ့လို့ရိုက်ထားတာ
ဆောင်းရာသီအတွင်း သုံးလေးပေလောက်ရှိတဲ့ နှင်းထုအောက်မှာ အိပ်စက်နေခဲ့တဲ့ မြက်ခင်းပြင်မှ မြက်ပင်တို့ကလည်း တဖန်နိုးထ အညောင်းဆန့်နေလေပြီ။ ဆောင်းတွင်းကာလ တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့တဲ့ ကျေးငှက်လေးတွေရဲ့ တီတီတာတာ တေးဆိုသံလေးတွေလည်း ပြန်လည်နိုးထ အသက်ဝင်လာနေပြီ။ ဆောင်းတွင်းကာလမှာ ဘယ်ဆီကိုသွားနေသည် မသိတဲ့ ငှက်လေးတွေ အဆောင်အနီးက သစ်ပင်ပေါ်မှာ ဟိုဒီပျံလွှား မြူးထူးပျော်ပါးနေကြပြီ။

ဒီပန်းလေးတွေကတော့ စာရေးဆရာ လီယိုတော်လ်စတွိုင်းရဲ့ အိမ်ကို လေ့လာရေးရောက်တုန်းက သူ့ခြံထဲမှာ ရိုက်လာတဲ့ ပန်းလေးတွေပါ...

ဆောင်းတွင်းကာလ နှင်းမှုန်တွေအောက်မှာ ဆေးရောင်မှုံဝါးနေခဲ့တဲ့ ပလက်ဖောင်းဘေးက ထိုင်ခုံတန်းလျားတွေလည်း ဆေးရောင်တွေခြယ်သလို့ ၀င်းလက်တောက်ပနေကြပြီ။ နှင်းထုတွေနဲ့ ပြည့်နေခဲ့တဲ့ ပန်းခြံထဲမှာလဲ လမ်းလျှောက်သူ၊ နေစာလှုံသူ၊ အပန်းဖြေသူတွေနဲ့ စည်ကားစပြုနေပြီ။ လေးလတာအတွင်း အရွက်၊ အဖူး၊ အပွင့်၊ အသီးတွေ ကင်းမဲ့နေခဲ့တဲ့ သစ်ပင်၊ ပန်းမန်တွေနဲ့ ကျေးငှက်သာရကာလေးတို့ ဖူးပွင့်ဝေဆာ မြူးထူးပျော်ပါးနေကြတာကို မြင်မိပြန်တော့ သူတို့တွေနဲ့အတူ ရောပြီး ပျော်ရွှင်ကြည်နူးမိသည်။
သူတို့ကလည်း အားမာန်အပြည့်နဲ့
ဒါလည်း အဆောင်ပေါ်ကနေ ရိုက်ထားတာပါ
ဒါလေးတွေကတော့ အခုလက်ရှိ ကျွန်တော်ရောက်နေတဲ့ နေရာက နွေဦးပေါက်ရာသီရဲ့ မြင်ကွင်းလေးတွေ ပေါ့။

ဘာပင်လဲတော့ မခေါ်တတ်ဘူး
အဆောင်ပြတင်းပေါက်ကနေ လှမ်းရိုက်ထားတာပါ...
ဒီမြင်ကွင်းတွေနဲ့ ယှဉ်ပြီး အညာက မြင်ကွင်းလေးတွေကို မြင်ယောင်ကြည့်တော့ အခုအချိန်ဆိုရင် အညာက တောင်သူလယ်သမားတွေ ယာလုပ်ငန်းဝင်ဖို့ ထွန်ပြင်သူကပြင်၊ ထယ်ပြင်သူကပြင်နဲ့ အလုပ်တွေ ရှုပ်နေကြ မှာ ကျိန်းသေပေါ့။ အိမ်အမိုးအတွက် သက်ကယ်ပျစ်သူတွေလည်း ပျစ်လို့နေကြမည်။ တလင်းထဲမှာပုံထားတဲ့ ကောက်ရိုးပုံတွေဆီမှ ကောက်ရိုးတွေကို မိုးမစိုစေရန်း အိမ်ကိုသယ်ပြီး နွားစာစဉ်းသူက စင်းလို့ နေကြပေရော့မည်။ ယာခင်းထဲမှာ အရင်နှစ်က စိုက်ပျိုးပြီး ကျန်ရစ်ခဲ့တဲ့ သီးနှံပင်တို့ရဲ့ အကြွင်းအကျန် တွေကို မိုးမကျခင် ရှင်းလင်းပြီးမီးရှို့သူက ရှို့လို မြေယာပြုပြင်နေပေရော့မည်။ ညအချိန်ဆိုရင်တော့ အိမ်တိုင်းအိမ်တိုင်းမှာ ပြောင်းဖူးစေ့ ခြွေသူကခြွေ၊ မျိုးစေ့ထွင်သူက ထွင်နဲ့ ယာလုပ်ငန်းအတွက် လိုအပ်တာတွေ ကိုကြိုတင်ပြင်ဆင်နေကြမည့်ပုံတွေကို မြင်ယောင်ကြည့်ရင်း အညာနဲ့ရွာကို လွမ်းတဲ့စိတ်က ဖြစ်လာမိသည်။ အနောက်တောင်ဆီက မိုးတိမ်ရိပ်တွေ တက်လာတာကို မြင်ရပြီဆိုရင်တော့ စိတ်ထဲမှာ ဘယ်လိုကြီမှန်းမသိ လွမ်းသလိုလို၊ ဆွေးသလိုလိုနဲ့ မိုးဦးမကျခင် ရာသီကလည်း လွမ်းဆွေးစရာ ကောင်းလှသည်။
ပျိုးထောင်ပြီးစ စပါးပျိုးခင်းနဲ့ အုံ့မှိုင်းနေတဲ့ ရာသီချိန်ရဲ့ လွမ်းမောဖွယ်ရာ မြင်ကွင်းလေး

ဘာရယ်မဟုတ်ပါဘူး... ပတ်ဝန်းကျင်မှာ မြင်နေရတာလေးတွေကို ကြည့်ပြီး စိတ်ထဲမှာ မြင်ယောင်မိတာလေးနဲ့ ပေါင်းစပ်ရေးထားတာပါ။

လာရောက်လည်ပတ်မှု့ကို အထူးကျေးဇူးတင်ပါတယ်ဗျာ... အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ....

4 comments:

  1. နှင်းထုအောက်က ကုန်းရုန်းထလာတဲ့ မြက်ပင်လေးတွေလိုပဲ မြန်မာပြည်ကြီးလည်း သမ္မတ အသစ် အစိုးရ အသစ်တွေနဲ့  အတူ လျှင်မြန်စောစွာ ရုန်းထ နိုင်ပါစေလို့  ဆုတောင်းပါတယ်။

    (ဒီပိုစ့်ကိုဖတ်ရတာ လူကိုတက်ကြွသွားစေသလိုပါ)

    ReplyDelete
  2. ရွှေညာသားလေးရေ မင်္ဂလာပါ။ နာမည်မသိတဲ့ အပင်လေးက လှလို့။ အပြာရောင်ပန်းပွင့်တွေလည်း နှစ်သက်မြတ်နိုးစရာ ဖြစ်နေပြန်တယ်။ အရေးအသားတွေကလည်း ရင်ကိုထိစေတယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

    ReplyDelete
  3. စိတ်ကူးနဲ့ ပုံလေးတွေ လှလိုက်တာဗျာ...

    ReplyDelete
  4. အင်း.... တစ်နေ့တော့ ရုန်းထလာမှာပေါ့လို့ပဲ ပြောရမယ်ထင်တာပဲ အလင်းစက်ရေ... မြက်ပင်လေးတွေတော့ ကျန်သေးထင်ပါ့ဗျာ:):):)

    ဘုန်းဘုန်းတောက်ပကြယ်စင်>>>> ခရီးသွားရင်းက လာရောက်အားပေးလို့ ကျေးဇူးအထူးပါဘုရား... အရေးအသားတွေ ရင်ကို ထိတယ်ဆိုလို့ ၀မ်းသာမိပါတယ်...

    ကိုဇော်>>> လားပြီးအားပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ... ရာသီဥတုက လွမ်းအောင်ဖန်လာလို့ မြင်မိတာလေးကို ရေးလိုက်မိတာ...:):):)
    ပျော်ရွှင်ကြပါစေ...

    ReplyDelete